အခန်း (၃၃၁-၃၃၂)
Vol. 17 Ch. 331-332
အပိုင်း(၃၃၁)ခေါင်းဆောင်
ထို့နောက် သူသည် ဖန်းဖေ့ပင်အား အားအသုံးပြုပုံနည်းစနစ်များနှင့် အဓိကအချက်များကို စိတ်ရှည်စွာ ရှင်းပြပေးခဲ့သည်။ နောက်ဆုံးတွင် ညစဉ် တရားထိုင်ရန်လည်း မှာကြားခဲ့သည်။ စောစောက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရသော လော်ယွမ်၏ ကြောက်မက်ဖွယ်စွမ်းရည်ကို မြင်တွေ့ပြီးနောက် ဖန်းဖေ့ပင်သည် မည်သို့ အလေးမထားဘဲ နေရဲပါမည်နည်း။
လော်ယွမ်သည် ရှေးရိုးစွဲသိုင်းပညာရှင်များကဲ့သို့ ပညာဝှက်ထားခြင်း၊ မသင်ပေးဘဲ ထိန်ချန်ထားခြင်းမျိုး မရှိပေ။ သင်ယူလိုစိတ်ရှိလျှင် သူက စေတနာထား၍ သင်ကြားပေးလေ့ရှိသည်။
ဖန်းဖေ့ပင်ကို အဝေးတစ်နေရာတွင် လေ့ကျင့်ခိုင်းပြီးနောက် သူသည် နေရာတွင် ကျန်ရစ်ခဲ့ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ စိတ်ကူးတစ်ချက်ဖြင့်ပင် တရားမှတ်အခြေအနေသို့ ရောက်ရှိသွားပြီး စိတ်စွမ်းအားနှင့် ခန္ဓာကိုယ်သည် ရေနှင့်နို့ ပေါင်းစပ်သကဲ့သို့ တစ်သားတည်းဖြစ်သွားသည်။ သူကအနည်းငယ်သွေးထွက်ခြင်းနှင့် အသေးစားထိခိုက်ဒဏ်ရာများကို အသေးစိတ်ပြုပြင်ကုသလိုက်သည်။ ပြင်းထန်သောလေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် သွေးကြောပိတ်ဆို့ခြင်း၊ သွေးကြောလေးများ ပေါက်ပြဲ၍ သွေးထွက်ခြင်း၊ ကြွက်သားအမျှင်များ ပြတ်တောက်ခြင်းတို့က ရှောင်လွှဲ၍မရပေ။ ဤအရာများကို သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း အတွင်းစိတ်ဖြင့်ကြည့်ပါက ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
ဤဒဏ်ရာအသေးစားများသည် ပြဿနာမရှိဟု ထင်ရပြီး လျင်မြန်စွာ ပြန်လည်သက်သာလာနိုင်ကာ ကြွက်သားများကိုလည်း ပိုမိုကြီးထွားသန်မာလာစေသည်။ သို့သော် လက်တွေ့တွင် သွေးကြောပိတ်ဆို့ခြင်းနှင့် ကြွက်သားအဖုအကျိတ်များ ဖြစ်ပေါ်ခြင်းဟူသော တန်ဖိုးကို ပေးဆပ်ရသည်။ ပြဿနာက သေးငယ်သော်လည်း စုဆောင်းမိပါက နောက်ဆုံးတွင် ကြီးမားသော အန္တရာယ်ဖြစ်လာနိုင်သည်။ အားကစားသမားအများစု အသက်မရှည်ကြခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်သည်။
စိတ်စွမ်းအား၏အကူအညီဖြင့် ဒဏ်ရာအသေးစားများ လျင်မြန်စွာ သက်သာလာပြီး သွေးများလည်း ချောမွေ့စွာ စီးဆင်းလာသည်။ ပြင်းထန်သောလေ့ကျင့်ခန်းကြောင့် ဖောင်းပွနေသော ကြွက်သားများလည်း ပြန်လည်ပြေလျော့သွားကာ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသည်။
သူ မျက်လုံးဖွင့်လိုက်ရာ တစ်ကိုယ်လုံး တစ်သားတည်းဖြစ်သွားပြီး လွတ်လပ်စွာထိန်းချုပ်နိုင်သလို ခံစားလိုက်ရသည်။ ရုတ်တရက် စိတ်ကူးတစ်ချက်ပေါ်လာပြီး လက်ကို အသာဝှေ့ယမ်းလိုက်ရာ ဘေးနားတွင်ချထားသော ကျန်းမာတောက်ဓားသည် အလိုအလျောက် ဓားအိမ်မှ ကျွတ်ထွက်လာပြီး သူ့ထံသို့ ပျံသန်းရောက်ရှိလာသည်။
မလှမ်းမကမ်းတွင် လေ့ကျင့်ရင်း ဤဘက်ကို အခါအားလျော်စွာ လှမ်းကြည့်နေသော ဖန်းဖေ့ပင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လှုပ်ရှားမှုများ ပုံပျက်သွားသည်။ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်အံ့ဩသွားပြီး သတိပြန်ဝင်လာသောအခါ စိတ်လှုပ်ရှားမှုများ တိုးပွားလာသည် "ဒါ သိုင်းဝတ္ထုတွေထဲက ဓားပျံသိုင်းမလား... ငါဆရာတင် မှန်သွားပြီ... အရမ်းမိုက်တာပဲ"
ယခင်ကသာဆိုလျှင် ဤအရာကို ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်တစ်ခုဟုသာ သူ ထင်မှတ်မိပေမည်။ သို့သော် လော်ယွမ်၏ အံ့မခန်းစွမ်းရည်များကို မြင်တွေ့ပြီးနောက် သူ ထိုသို့မထင်တော့ပေ။
ဤသည်မှာ ထူးဆန်းသော စိတ်နေသဘောထားတစ်ခုဟု ဆိုရပေမည်။ သို့သော် ရိုးရာသိုင်းပညာရှင်တစ်ဦးအနေဖြင့် ဒဏ္ဍာရီလာစွမ်းရည်များကို မြင်တွေ့ရသောအခါ ဤသို့တုံ့ပြန်ခြင်းမှာ သဘာဝကျလှသည်။ သူ့အတွက်မူ သူကိုယ်တိုင်က ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်ပြီး နေ့စဉ် ဆင့်ကဲပြောင်းလဲသူများနှင့် ထိတွေ့နေရသဖြင့် ထူးဆန်းသောစွမ်းရည်များကို မမြင်ဖူးသည်မဟုတ်။ ဤကဲ့သို့သော ထိန်းချုပ်မှုစွမ်းရည်မျိုးမှာလည်း ရှားပါးလှသည်မဟုတ်ပေ။ သို့သော် ဤစွမ်းရည်မှာ ဒဏ္ဍာရီလာစွမ်းရည်ဖြစ်နိုင်သည်ဟု ယူဆလိုက်သောအခါ ဆင့်ကဲပြောင်းလဲသူမဟုတ်သူများ စိတ်ကူးမယဉ်နိုင်လောက်အောင် တုန်လှုပ်သွားရခြင်းဖြစ်သည်။
လော်ယွမ်သည် ဖန်းဖေ့ပင်၏ အံ့ဩမှုကို ဂရုမစိုက်ဘဲ လက်ကိုဆန့်ထုတ်လိုက်ရာ ကျန်းမာတောက်ဓားမှာ လက်ထဲသို့ ရောက်ရှိလာသည်။ ဓားသွားကို လက်မောင်းနားသို့ ကပ်လိုက်ပြီး ဖြည်းညင်းစွာ လှီးဖြတ်လိုက်သည်။ အစိမ်းရောင်အဆင့်ရှိသော ကျန်းမာတောက်ဓားမှာ အလွန်ထက်ရှလှသဖြင့် သူ၏အရေပြား မည်မျှပင်မာကျောစေကာမူ တို့ဟူးကို လှီးဖြတ်လိုက်သကဲ့သို့ အတားအဆီးမရှိ ဝင်ရောက်သွားသည်။ လက်မောင်းပေါ်တွင် ၂လက်မခန့်ရှည်သော ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး စေးပျစ်လေးလံသော သွေးများ ဖြည်းညင်းစွာ စီးကျလာသည်။
သူ ဒဏ်ရာမရသည်မှာ မည်မျှကြာပြီမှန်းပင် မသိတော့ပေ။ လဝက်ကျော်အတွင်း သူ၏သွေးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။
သွေးရောင်မှာ တောက်ပသော အနီရောင်ဖြစ်ပြီး မီးရောင်အောက်တွင် အလင်းရောင်များ ထွက်ပေါ်နေသကဲ့သို့ စိုပြေတောက်ပနေသည်။ ကော်ကဲ့သို့ စေးပျစ်နေပြီး သာမန်လူများ၏သွေးထက် စီးဆင်းမှု အဆများစွာ နှေးကွေးသည်။ ဆယ်စက္ကန့်ကျော်ကြာမှသာ သွေးစက်များ လက်မောင်းမှတဆင့် အောက်သို့ စီးကျလာသည်။
လော်ယွမ် စိတ်ကူးတစ်ချက် လှုပ်ရှားလိုက်ရာ အံ့ဖွယ်ရာကိစ္စတစ်ခု ဖြစ်ပေါ်လာသည်။ စီးကျလာသော သွေးစက်များမှာ လေထဲတွင် ဖြည်းညင်းစွာ ဝဲပျံနေကြသည်။
တစ်စက်၊ နှစ်စက်၊ သုံးစက်... မကြာမီမှာပင် သွေးစက်ပေါင်းများစွာ လေထဲတွင် ပြည့်နှက်သွားပြီး လော်ယွမ်၏ဘေးပတ်လည်တွင် လှည့်ပတ်ပျံသန်းနေကြသည်။
ခဏအကြာတွင် သူ ပြုံးလိုက်သည်။ အချိန်နောက်ပြန်လှည့်သွားသကဲ့သို့ သွေးစက်များမှာ ပြန်လည်ပျံသန်းဝင်ရောက်လာပြီး ဒဏ်ရာထဲသို့ ပြန်ဝင်သွားကြသည်။ သွေးများ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားပြီး ကွဲအက်နေသော ဒဏ်ရာမှာလည်း တဖြည်းဖြည်း ပြန်စေ့သွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် လက်မောင်းပေါ်၌ ဒဏ်ရာအစအနပင် မတွေ့ရတော့ဘဲ သွေးစက်တစ်စက်မျှပင် မကျန်ရစ်တော့ပေ။
မထင်မရှား အစင်းကြောင်းလေးတစ်ခုမှလွဲ၍ လက်မောင်းပေါ်တွင် ဒဏ်ရာရခဲ့သည့် လက္ခဏာ လုံးဝမရှိတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုအစင်းကြောင်းလေးမှာလည်း မှေးမှိန်သွားပြီး တစ်မိနစ်အကြာတွင် ဒဏ်ရာရခဲ့သည့် နေရာကိုပင် ရှာမတွေ့နိုင်တော့ပေ။
အနည်းငယ်မျှသော နာကျင်မှုသည်ပင်လျှင် မိနစ်အနည်းငယ်အကြာတွင် ပျောက်ကွယ်သွားခဲ့သည်။
လော်ယွမ် ဝမ်းသာသွားပြီး စိတ်ထဲတွင် တွေးလိုက်သည်။ "စိတ်စွမ်းအားနဲ့ ခန္ဓာကိုယ်ကိုအချိန်အကြာကြီး သန့်စင်နေခဲ့တာ... အခုတော့အကျိုးအမြတ်ရလိုက်ပြီ... အရင်က ငါထင်တာ တကယ်မှန်တာပဲ... ကျန်းမာတောက်ဓားကိုတောင် ခြေလက်လိုမျိုး လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်သေးတာပဲ... ကိုယ့်ခန္ဓာကိုယ်ဆို ပြောစရာတောင်မလိုဘူး"
"အခု အနေအထားနဲ့ဆိုရင် ငါ့လက်ဖြတ်ခံရရင်တောင် ချက်ချင်းပြန်ဆက်နိုင်လောက်တယ်... ခေါင်းဖြတ်ခံရရင်တောင် ကိုယ့်ဘာသာ ပြန်ဆက်လို့ရနိုင်လောက်တယ်"
"ဆက်ပြီးလေ့ကျင့်သွားရင် ဒဏ္ဍာရီထဲက ရှင်ထင်း လို ခေါင်းဖြတ်ခံရပြီးတာတောင် ရင်ဘတ်ကို မျက်လုံးလုပ်... ချက်ကို ပါးစပ်လုပ်ပြီး လက်နက်စွဲကိုင် တိုက်ခိုက်နိုင်မလားမသိဘူး... တွေးကြည့်တာနဲ့တင် စိတ်လှုပ်ရှားစရာပဲ"
ဤအထိတွေးမိသောအခါ ဖန်းဖေ့ပင်၏ အံ့ဩမှင်တက်နေသော အကြည့်ကို ဂရုမစိုက်နိုင်တော့ဘဲ စိတ်ကူးယဉ်နေမိသည်။ ထိုအဆင့်ရောက်သွားပါက သေချင်လျှင်တောင် သေဖို့ခက်ပေလိမ့်မည်။ သို့သော် စိတ်ညစ်စရာဖြစ်နေသော လေးဘက်မြင်အာရုံကို ပြန်တွေးမိသောအခါ သူ၏စိတ်မှာ ညှိုးငယ်သွားပြန်သည်။
ဉာဏ်ပညာသစ်သီးကို အမြန်ဆုံး ရှာဖွေရပေမည်။
.........................................................................................................
"ဆရာ... ထမင်းစားလို့ရပါပြီ" ဖန်းဖေ့ပင်က ရိုသေလေးစားစွာ ပြောလိုက်သည်။ သူ၏ ပထမဆုံး ဆရာရင်းကိုပင် ဤမျှ ရိုသေခဲ့မည်မထင်။ ယနေ့ ကြုံတွေ့ခဲ့ရသော အံ့ဖွယ်ရာများကြောင့် သူ၏စိတ်ထဲတွင် လော်ယွမ်၏ပုံရိပ်မှာ မိုးထိအောင်မြင့်မားနေပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့ပြီ။
"နေ့လည်တောင်ရောက်သွားပြီလား... လေ့ကျင့်ရတာရော ဘယ်လိုနေလဲ" လော်ယွမ် အချိန်ကို ကြည့်လိုက်ရာ ၁၂ နာရီထိုးနေပြီဖြစ်သည်။ ၁၅ ထပ်တွင် လူမရှိတော့ဘဲ သူတို့နှစ်ဦးသာ ကျန်ရှိတော့သည်။ လော်ယွမ် ကျန်းမာတောက်ဓားကို သိမ်းဆည်းလိုက်ပြီး အဝတ်အစားများ ဝတ်ဆင်ကာ လမ်းလျှောက်ရင်း မေးလိုက်သည်။
"သိပ်တော့ အသားမကျသေးဘူး... ဥပမာ ဒီအားထုတ်ပုံဆိုရင် ကျွန်တော် ပြန်မေ့သွားသလိုပဲ" ဖန်းဖေ့ပင်က လမ်းလျှောက်နေသည်ကို ဂရုမစိုက်ဘဲ ဟန်ပန်တစ်ခုလုပ်ပြကာ မေးမြန်းလိုက်သည်။
"ခြေထောက်ချဲတာ မလုံလောက်ဘူး... ပြီးတော့ ခြေဖျားက အရမ်းတင်းနေတယ်... နည်းနည်းလျှော့ထား... မှတ်ထား အားထုတ်တဲ့အခါ ပေါ့ပါးရမယ်... ပျော့ပျောင်းရမယ်... အားပါရမယ်... တစ်ကိုယ်လုံးက အားကို သုံးရမယ်... ကြွက်သားတွေ အများကြီးပါဝင်အောင် ကြိုးစား" လော်ယွမ်က ဓားအိမ်ဖြင့် သူ၏ခြေကျင်းဝတ်၊ ခြေသလုံးနှင့် ခါးတို့ကို လျှပ်စီးလက်သလို လိုက်လံထိုးပြလိုက်သည်။
နောက်တစ်ခဏတွင် ဖန်းဖေ့ပင်၏ခန္ဓာကိုယ်မှာ ရှေ့သို့ အလိုအလျောက် ရွေ့လျားသွားပြီး ခြေတစ်လှမ်းတည်းဖြင့် ၂၇ပေခန့် ရောက်ရှိသွားသည်။ ဖန်းဖေ့ပင်မှာ အံ့ဩခြင်းမရှိတော့ပေ။ ဓားပျံသိုင်းကိုပင် မြင်ဖူးပြီးပြီဖြစ်ရာ ဤလောက်ကတော့ အသေးအဖွဲ့သာပင်။
သူ နေရာတွင် ရပ်တန့်လိုက်ပြီး သေချာပြန်လည်ဆင်ခြင်သုံးသပ်နေသည်။ သတိပြန်ဝင်လာသောအခါ ဆရာမှာ အဝေးသို့ ရောက်ရှိနေပြီဖြစ်၍ အပြေးလိုက်သွားကာ "ဒီလှုပ်ရှားမှုကလည်း နည်းနည်း အဆင်မပြေသလိုပဲ" ဟု မေးလိုက်ပြန်သည်။
လော်ယွမ်သည် လမ်းလျှောက်ရင်း သင်ကြားပေးနေသည်။ ဖန်းဖေ့ပင်မှာ အမှန်တကယ်ပင် သိုင်းဝါသနာအိုး ဖြစ်သည်။ သူ့ကိုကြည့်ပြီး ယခင်က သူသင်ကြားပေးခဲ့ဖူးသူများနှင့် နှိုင်းယှဉ်လိုက်လျှင် ကွာခြားလှသည်။ ဟွမ်ကျားဟွေနှင့် ကျိုးယလီတို့ဆိုလျှင် ပြောဖွယ်ရာမရှိ။ တောထဲမှ ထွက်လာပြီးကတည်းက လေ့ကျင့်မှုကို လုံးဝပစ်ထားကြသည်။ တစ်ပတ်လျှင် တစ်ကြိမ်လေ့ကျင့်လျှင်ပင် ကံကောင်းသည်ဟုဆိုရမည်။ အမှန်တော့ လော်ယွမ်ကလည်း သူတို့ကို သိပ်ပြီးမတိုက်တွန်းတော့ပေ။ ဘေးကင်းကျန်းမာလျှင် တော်ပြီဟုသာမှတ်ထားလိုက်သည်။ တန့်ဝေနှင့် ကျုံးချူ့ချန်တို့ကတော့ နည်းနည်းတော်သေးသည်။ အနည်းဆုံးတော့ ကြိုးစားကြသည်။
..............................................................................
အထူးတပ်ဖွဲ့အတွက် သီးသန့်ဖွင့်လှစ်ထားသော စားသောက်ဆိုင်သို့ ရောက်သောအခါ ၁၂ နာရီခွဲနေပြီဖြစ်သည်။ ကံကောင်းသည်မှာ အထူးတပ်ဖွဲ့ဝင်များမှာ တာဝန်ထမ်းဆောင်ရလေ့ရှိပြီး စားသောက်ချိန် မမှန်သောကြောင့် စားသောက်ဆိုင်မှာ ၂၄ နာရီ ပတ်လုံး ဖွင့်လှစ်ထားပြီး အစားအသောက်များမှာ အမြဲပူနွေးနေလေ့ရှိသည်။
"ဆရာ... ဒီက စားဖိုမှူးတွေက အထက်တန်းစား စားဖိုမှူးတွေချည်းပဲ... စားဖိုမှူး လောင်ဟူ ဆိုရင် အရင်တုန်းက နိုင်ငံတော်အဆင့် ညစာစားပွဲတွေမှာတောင် ချက်ပြုတ်ဖူးတယ်လို့ ကြားတယ်... လက်ရာ အရမ်းကောင်းတယ်" ဖန်းဖေ့ပင်က တက်ကြွစွာ မိတ်ဆက်ပေးသည်။
"ဗိုလ်မှူးကြီးဖန်း... ဒီညီလေးက လူသစ်လား" ဟင်းပွဲမှာယူသော ကောင်တာမှ ဝတ်ရုံဖြူဝတ်ဆင်ထားသော ဝတုတ်တုတ်လူကြီးတစ်ဦးက ပြုံးရွှင်စွာ မေးလိုက်သည်။
အထူးတပ်ဖွဲ့မှာ ဗဟိုအစိုးရ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသော အထူးဌာနဖြစ်သော်လည်း စစ်ရာထူးများ ရှိကြသည်။ စစ်တပ်နှင့် မသက်ဆိုင်ခြင်းသာ ရှိသည်။ ရာထူးများမှာ အလွန်မြင့်မားကြပြီး သာမန်အဖွဲ့ဝင်များပင်လျှင် ဗိုလ်မှူးကြီးအဆင့်ရှိကြသည်။ ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့မှာ ဗိုလ်ချုပ်အဆင့်များ ဖြစ်ကြသည်။ ဟုတ်ပေသည်၊ ဤသည်မှာ စနစ်အတွင်းရှိ ဂုဏ်ထူးဆောင်ရာထူးများသာဖြစ်ပြီး တကယ်တမ်းတော့ အာဏာမရှိကြပေ။
"လောင်ဟူ... စကားမများနဲ့... ဒါက ငါ့ဆရာကွ" ဖန်းဖေ့ပင်က ရယ်မောရင်း ဆူငေါက်လိုက်သည်။ "ဘာစားစရာကောင်းတာရှိလဲ... မြန်မြန်ပြောစမ်း... အိမ်သယ်သွားဖို့ ချန်မထားနဲ့နော်"
"ခင်ဗျားကတော့ ကျွန်တော့်ကို စွပ်စွဲနေပြီ... သူများကြားသွားရင် အသက်အန္တရာယ်ရှိတယ်ဗျ" လောင်ဟူ၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ချဲ့ကားပြောလိုက်သည်။ ဤနေရာတွင် စားဖိုမှူးလုပ်ရခြင်းမှာ လူတိုင်းမက်မောသော အခွင့်အရေးဖြစ်သည်။ ဤနေရာရှိ ဟင်းချက်အမယ်များမှာ အလွန်တန်ဖိုးကြီးပြီး သာမန်လူများ မမြင်ဖူး၊ မစားဖူးကြပေ။ အနည်းငယ် ခိုးစားလိုက်ရုံဖြင့်ပင် ပြည့်ဝနေပြီဖြစ်သည်။ ထို့ပြင် ဤနေရာမှာ အလွန်လုံခြုံသည်။ စူပါမန်းများစုဝေးနေသော အထူးတပ်ဖွဲ့ထက် မည်သည့်နေရာက ပိုလုံခြုံနိုင်မည်နည်း။
"ဒီနေ့ ကံကောင်းတယ်... မြို့သစ်ကနေ အဆင့်ခြောက် သန္ဓေပြောင်းသတ္တဝါအသားမှုန့် တစ်သေတ္တာ ပို့လာတယ်လေ... ပြီးတော့ အရိုးဖြူငါးနဲ့ အဆင့်ငါး သန္ဓေပြောင်းသတ္တဝါ ကလီစာတွေလည်း ပါတယ်... အထူးသဖြင့် ဒီကလီစာတွေကို သန့်စင်ဖို့ နှစ်ရက်တောင် ကြာတယ်... ကျွန်တော်အသစ်ထွင်ထားတဲ့ နည်းလမ်းနဲ့ ချက်ထားတာ... ရေမှော်မှိုနဲ့ရောပြီး မီးပြင်းပြင်းနဲ့ကြော်ထားတော့ ကြွပ်ရွပြီး နူးညံ့နေရောပဲ... စားပြီးရင် ထပ်စားချင်နေမှာသေချာတယ်... ဟင်းသီးဟင်းရွက်တွေကတော့ ကျောက်စိမ်းဟင်းရွက်နဲ့ အရိုးပြုတ်ရည်... အချဉ်စပ်အသီးကြော်... ပြီးတော့ အသီးတချို့လည်း ရှိတယ်"
ကမ္ဘာပျက်ပြီးနောက်ပိုင်း စားဖိုမှူးဘဝမှာ မလွယ်ကူလှပေ။ ဟင်းချက်ပစ္စည်းများ ပြောင်းလဲကုန်ရုံသာမက အမွှေးအကြိုင်များလည်း ရှာရခက်ခဲသဖြင့် အရသာရှိသော အစားအစာများ ဖန်တီးရန် အသစ်တဖန် ကြိုးစားအားထုတ်ရသည်။
"ရပြီ ရပြီ... အကုန်လုံး နည်းနည်းချစီပေး... ပွဲကြီးပေးနော်... ဆရာ ဘာအရက်သောက်မလဲ" ဖန်းဖေ့ပင်က ဖြတ်ပြောလိုက်ပြီး လော်ယွမ်ကို မေးလိုက်သည်။
"အရက်မလိုဘူး" လော်ယွမ် လက်ကာပြလိုက်သည်။ ကမ္ဘာမပျက်မီကတည်းက သူ အရက်သိပ်မသောက်တတ်ပေ။ ပါတီပွဲများတွင်သာ အနည်းငယ်သောက်လေ့ရှိသည်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း နှစ်နှစ်နီးပါး အရက်မသောက်ဖြစ်တော့သဖြင့် လုံးဝငြင်းပယ်လိုက်သည်။
သူတို့နှစ်ဦး နေရာတွင် သွားထိုင်လိုက်ကြပြီး ဝန်ထမ်းများက အစားအစာများကို လာချပေးကြသည်။
စားချင်စဖွယ် ပြင်ဆင်ထားသော ဟင်းပွဲဆယ်ပွဲခန့်နှင့် နောက်ဆုံးတွင် ပါလာသော သစ်သီးပွဲကြီးကို ကြည့်ရင်း အဆင့်မြင့်အစားအစာများကို စားလေ့ရှိသော လော်ယွမ်ပင်လျှင် အနည်းငယ် ဇိမ်ကျလွန်းသည်ဟု ခံစားမိလိုက်သည်။ ကမ္ဘာပျက်ပြီးနောက်ပိုင်း အသီးအနှံများ ရှားပါးသွားခဲ့ပြီး တောထဲတွင် လှည့်လည်သွားလာခဲ့သော ခြောက်လအတွင်းပင်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့်သာ တွေ့ဖူးသည်။ ပြန်လည်ထူထောင်ရေးဇုန်တွင် စိုက်ပျိုးထားနိုင်သော်လည်း များပြားမည်မဟုတ်ပေ။
ဤရက်ပိုင်းအတွင်း မြင်တွေ့ကြားသိရသမျှကို ပြန်လည်ပေါင်းစပ်ကြည့်လိုက်လျှင် လှပသောပတ်ဝန်းကျင်၊ လွတ်လပ်သော အလုပ်ခွင်အငွေ့အသက်၊ အရေအတွက်များပြားပြီး ရုပ်ရည်ချောမောသော ဝန်ထမ်းများနှင့် ယခု ဇိမ်ကျသော အစားအသောက်များ ဤအရာအားလုံးက ပြန်လည်ထူထောင်ရေးဇုန်သည် ဤထိပ်တန်းဆင့်ကဲပြောင်းလဲသူများကို ဆွဲဆောင်ရန် အစွမ်းကုန် ကြိုးစားနေကြောင်း ပြသနေသည်။
ထိပ်တန်းဆင့်ကဲပြောင်းလဲသူများ၏ အင်အားမှာ ကြီးမားလွန်းသဖြင့် အထက်လူကြီးများအနေဖြင့် သတိထားနေရသလို အားကိုးနေရသည်လည်း ဖြစ်နိုင်သည်။ သာမန်ဆင့်ကဲပြောင်းလဲသူများမှာမူ စွမ်းရည်အကန့်အသတ်ရှိသဖြင့် ဆိုးသွမ်းလျှင်လည်း လွယ်ကူစွာ နှိမ်နင်းနိုင်ပြီး ဆုံးရှုံးမှုနည်းပါးသည်။ ထို့ကြောင့် သူတို့၏ဆန္ဒကို ဂရုစိုက်ရန်မလိုဘဲ ဝါဒဖြန့်ချိခြင်း၊ အုပ်ချုပ်ရေးအမိန့်များဖြင့် သာမန်ပြည်သူများကဲ့သို့ ထိန်းချုပ်နိုင်သည်။
သို့သော် ထိပ်တန်းဆင့်ကဲပြောင်းလဲသူများမှာမူ ကွာခြားသည်။ သူတို့ ပုန်ကန်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ ကပ်ဘေးတစ်ခုကဲ့သို့ပင်။
ဥပမာအားဖြင့် လော်ယွမ်ကို ကြည့်ပါ။ သာမန်စစ်တပ်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခြင်းမှာ သူ့အတွက် အရာမရောက်ပေ။ စဉ်းစားဉာဏ်ရှိသည့်မည်သူမဆို စစ်တပ်ကြီးတစ်ခုလုံးကို ထိပ်တိုက်ရင်ဆိုင်မည်မဟုတ်ပေ။ သူ၏ လျင်မြန်ဖျတ်လတ်မှုဖြင့် မြို့ထဲတွင် ရေထဲမှငါးကဲ့သို့ လွတ်လပ်စွာသွားလာနိုင်ပြီး မည်သူမျှ တားဆီးနိုင်မည်မဟုတ်ပေ။ အကယ်၍ သူက လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ပြီး နေရာအနှံ့ လှည့်လည်ဖျက်ဆီးပါက ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုမှာ တွေးရဲစရာပင်မရှိပေ။ လူသားများ၏ ကောင်းမွန်သော အခြေအနေများ ပျက်စီးသွားနိုင်သည်။
လော်ယွမ် အနည်းငယ်စားပြီးနောက် သစ်သီးပွဲကြီးကို ကြည့်လိုက်သည်။ ဝမ်ရှီရှီတို့အဖွဲ့ သစ်သီးမစားရသည်မှာ ကြာပြီဖြစ်၍ "ဒီသစ်သီးတွေ မစားနဲ့တော့... ငါ အိမ်သယ်သွားမယ်" ဟု ပြောလိုက်သည်။
"ဆရာကတော်အတွက်လား... ခဏနေရင် အကုန်သယ်သွားလိုက်ပါ... ပြီးရင် လောင်ဟူကို ပြောပြီး ထပ်ထည့်ပေးခိုင်းလိုက်မယ်" ဖန်းဖေ့ပင်က ဂရုမစိုက်သလို ပြောလိုက်သည်။
သိုင်းသမားများမှာ အစားကြီးကြသည်။ လော်ယွမ်အတွက်ဆိုလျှင် ဗိုက်က တွင်းနက်ကြီးကဲ့သို့ပင် ရှိသမျှအကုန် စားနိုင်သည်။ ဟင်းတစ်ပွဲလုံး ဆယ်မိနစ်မကြာခင် ကုန်သွားသည်။ လော်ယွမ် မပြောရသေးခင်မှာပင် ဖန်းဖေ့ပင်က သစ်သီးပန်းကန်ကိုယူပြီး ကောင်တာသို့သွားကာ လောင်ဟူကို အတင်းအကျပ် ထပ်ထည့်ခိုင်းလိုက်သည်။ နောက်ဆုံးတွင် အားလုံးကို ထုပ်ပိုးပြီး ညကျမှ ယူသွားရန် စီစဉ်လိုက်သည်။
သူတို့နှစ်ဦး စားသောက်ဆိုင်မှ ထွက်လာစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဟင်" လော်ယွမ် အာမေဋိတ်သံပြုလိုက်ပြီး မျက်နှာတွင် အံ့ဩမှုများ ပေါ်လာသည်။
အမျိုးသားမှာ လူလတ်ပိုင်းအရွယ်ဖြစ်ပြီး အိုမင်းရင့်ရော်နေပြီဖြစ်ကာ သာမန်အစိုးရဝန်ထမ်းတစ်ဦးမှန်း သိသာသည်။ လော်ယွမ် သတိထားမိသည်မှာ အမျိုးသမီးဖြစ်သည်။ သူမသည် သူ၏အာရုံခံနယ်ပယ်ထဲသို့ ဝင်ရောက်လာသည်နှင့် နေလုံးကြီးတစ်လုံးကဲ့သို့ တောက်ပသော အလင်းရောင်တစ်ခုကို "မြင်" လိုက်ရသည်။
"ဟာ... ခေါင်းဆောင် ပြန်ရောက်လာပြီပဲ" ဖန်းဖေ့ပင်က ဘေးမှနေ၍ တီးတိုးရေရွတ်လိုက်သည်။
ဆက်ရန်...
အပိုင်း (၃၃၂)ရာထူးခန့်အပ်ခြင်း
အာရုံခံစားမှုသည် စိတ်ဝိညာဉ်၏ အမြင်အာရုံတစ်ခုဖြစ်ပြီး မျက်လုံးကဲ့သို့ အလင်းရောင်ကို လက်ခံယူ၍ပုံဖော်ခြင်းမဟုတ်သည့်အတွက် မည်သည့်အရာဝတ္ထုတွင်မျှ တောက်ပစုံလင်သော အရောင်အသွေးမရှိဘဲ မီးခိုးရောင်နှင့် အဖြူရောင် နှစ်မျိုးသာ ပေါ်ထွက်လေ့ရှိသည်။ ယေဘုယျအားဖြင့် သက်ရှိများတွင် သေးငယ်သောစွမ်းအင်များ ပါဝင်နေသောကြောင့် အရောင်မှာ အဖြူရောင်ဘက်သို့ တိမ်းညွတ်ပြီး၊ သက်မဲ့အရာဝတ္ထုများ (ဓာတ်ရောင်ခြည်ထွက်နေသော ဓာတ်သတ္တုများမှလွဲ၍) မှာ မီးခိုးရောင်ဘက်သို့ တိမ်းညွတ်သည်။ သက်ရှိ၏စွမ်းအားကြီးမားလေလေ အရောင်မှာ အဖြူရောင်ပိုဆန်လေလေဖြစ်သည်။ သို့သော် လော်ယွမ် ယခင်ကကြုံတွေ့ခဲ့ဖူးသော အစွမ်းအထက်ဆုံးသတ္တဝါများပင်လျှင် ဤမျှတောက်ပသော အရောင်အသွေးမျိုး မရှိခဲ့ဖူးပေ။
"ဒီအမျိုးသမီးက မြို့သစ်မှာ အမြဲတမ်း အစည်းအဝေးသွားတက်နေတယ်ဆိုတဲ့ ခေါင်းဆောင်လား" လော်ယွမ်၏ နားနှင့်မျက်လုံးများမှာ ထက်မြက်လှသဖြင့် ဖန်းဖေ့ပင်၏ တိုးတိုးသဲ့သဲ့ရေရွတ်သံမှာ နားနားကပ်ပြောသကဲ့သို့ ကြည်လင်ပြတ်သားစွာ ကြားနေရ၏။ သူ အနည်းငယ် အံ့အားသင့်သွားမိသည်။ အခြားသူများက သတိပေးထားခြင်းမရှိသဖြင့် ခေါင်းဆောင်မှာ အမျိုးသားတစ်ဦးဖြစ်မည်ဟု သူ အမြဲတမ်း ထင်မှတ်ထားခဲ့သည်။ သို့သော် အမျိုးသမီးတစ်ဦးဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
လော်ယွမ်သည် ကျား/မ ခွဲခြားဆက်ဆံခြင်းမဟုတ်ဘဲ အမျိုးသမီးများသည် သဘာဝအရ တိုက်ပွဲနှင့် ဝေးကွာလေ့ရှိသောကြောင့်ဖြစ်သည်။ ဤအဖွဲ့တွင် ဝူချင်းယု ပါဝင်နေခြင်းသည်ပင် ရှားပါးလှသောကိစ္စဖြစ်နေပြီဖြစ်ရာ ခေါင်းဆောင်မှာ အမျိုးသမီးတစ်ဦးဖြစ်နေပြီး အစွမ်းအစမှာလည်း အံ့မခန်းဖြစ်နေသည်ကို တွေ့ရှိလိုက်ရသောကြောင့် အံ့ဩမိခြင်းဖြစ်သည်။
သူမသည် သေးသွယ်ပြီး ကျစ်လျစ်သော ကိုယ်လုံးကိုယ်ပေါက်ရှိကာ ချန်ကျားယီထက်ပင် အရပ်အနည်းငယ် ပုသေးသည်။ လော်ယွမ်၏ ရင်ဘတ်လောက်သာ ရှိပေမည်။ မျက်နှာအသားအရေမှာ ဖြူဝင်းနုနယ်ပြီး အသက်အရွယ်ကို ခန့်မှန်း၍မရနိုင်ပေ။ သူမ၏ကိုယ်ပေါ်တွင် အရွယ်အစားကြီးမားသော မြေဝါရောင်စစ်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်။ စစ်ဝတ်စုံမှာ သူမ၏ခန္ဓာကိုယ်နှင့် မလိုက်ဖက်လောက်အောင် ကြီးမားနေပြီး ပခုံးမှ အချိန်မရွေး လျှောကျတော့မည့်အလား ပွယောင်းနေသည်။ အထူးသဖြင့် ခြေသလုံးကျယ်ဝန်းသော ဘောင်းဘီရှည်ကြီးကို ဝတ်ဆင်ထားရာ အထည်သားကြမ်းတမ်းမှုကြောင့် လမ်းလျှောက်လိုက်တိုင်း ဘောင်းဘီအနားစများ ပွတ်တိုက်မိပြီး "ရှပ် ရှပ်" ဟူသော အသံများ ထွက်ပေါ်နေသဖြင့် ကြည့်ရသည်မှာ အနည်းငယ် ရယ်ချင်စရာကောင်းနေသည်။
သူတို့နှစ်ဦး နီးကပ်လာသည်နှင့်အမျှ လော်ယွမ်သည် အေးစက်သော အငွေ့အသက်တစ်မျိုးကို ခံစားလိုက်ရသည်။ လေထု၏အပူချိန်သည် ရုတ်ခြည်း ဒီဂရီအနည်းငယ် ကျဆင်းသွားသကဲ့သို့ ထင်မှတ်ရ၏။ သူမ ပိုမိုနီးကပ်လာလေလေ လော်ယွမ်၏ ခန္ဓာကိုယ်သည် အလိုအလျောက် တင်းမာလာလေလေဖြစ်သော်လည်း သူမက လက်ကမ်းပေးလိုက်သည်ကို တွေ့လိုက်ရသောအခါ လျင်မြန်စွာ ပြန်လည်ဖြေလျှော့လိုက်သည်။
"ရှင်က လော်ယွမ်မလား... ရှင့်နာမည်ကြားဖူးနေတာကြာပြီ... မင်္ဂလာပါ... ကျွန်မ နာမည်က လင်းဖေးယန်ပါ... မျှော်လင့်ချက်မြို့ ဓားတရားအဖွဲ့ ကိုယ်စား ရှင့်ကို ကြိုဆိုပါတယ်... နောက်ကျရင် အတူလက်တွဲ လုပ်ကြတာပေါ့" လင်းဖေးယန်က အနည်းငယ်ရှက်သွေးဖြန်းသော အပြုံးဖြင့် ပြောလိုက်ရာ လော်ယွမ်၏စိတ်ထဲတွင် ပထမဆုံးတွေ့ဆုံခြင်းအပေါ် အလွန်အမြင်ကောင်းသွားစေသည်။
"မင်္ဂလာပါ" လော်ယွမ်က သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူမ၏လက်အထိအတွေ့မှာ နူးညံ့ပျော့ပျောင်းသော်လည်း မီးခဲတစ်တုံးကဲ့သို့ အလွန်ပူလောင်နေသည်။ သူမ၏စွမ်းရည်က ပြသနေသော အေးစက်မှုနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီး အပူချိန်မှာ ၅၀၊ ၆၀ ဒီဂရီခန့် ရှိနေသည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဤအပူချိန်အောက်တွင် လောင်ကျွမ်းသေဆုံးသွားလောက်ပြီဖြစ်သော်လည်း သူမကမူ ဘာမှမဖြစ်သကဲ့သို့ လန်းဆန်းတက်ကြွနေသည်။
ဘေးမှ ဖန်းဖေ့ပင်သည် သူတို့နှစ်ဦးကို တလှည့်စီ အကဲခတ်ကြည့်ရှုနေသည်။ နှစ်ဦးစလုံး၏ သွားများမှာ ခရုခွံကဲ့သို့ သေးငယ်သိပ်သည်းပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးတောက်ပနေကာ ကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အသားအရေမှာလည်း ချောမွေ့နူးညံ့ပြီး ချွေးပေါက်များကိုပင် မမြင်ရသလောက်ဖြစ်ရာ သူတို့နှစ်ဦးသည် အမျိုးတူများဖြစ်သည်ဟု ဖန်းဖေ့ပင် ခံစားလိုက်ရသည်။
"မိတ်ဆက်ပေးရဦးမယ်... ဒီပုဂ္ဂိုလ်က ဓားတရားရုံးချုပ် နိုင်ငံရေးဌာနက ဌာနမှူးယွီ... မနေ့က တာဝန်အကြောင်း အသေးစိတ်သိရဖို့အတွက် ဒီကို သက်သက်ရောက်လာတာလေ... ရှင် ဘယ်အချိန်လောက်အားမလဲ မသိဘူး"
"ဪ... ဌာနမှူးယွီ မင်္ဂလာပါ... ကျွန်တော်ဒီနေ့ အားပါတယ်... ဘယ်အချိန်မဆို ရပါတယ်"
"ဟားဟား... ဆရာယွမ် မင်္ဂလာပါဗျာ... ခင်ဗျားကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်... အချိန်နည်းနည်းလောက်ပဲ ပေးရင် ရပါပြီ" ဌာနမှူးယွီက မိမိကိုယ်ကို နှိမ့်ချကာ ယဉ်ကျေးစွာ ပြောလိုက်သည်။
လင်းဖေးယန်က အချိန်ကို ကြည့်လိုက်ပြီး "ရှင်တို့နှစ်ယောက် ဆွေးနွေးကြဦး... ဌာနမှူးယွီ တစ်နာရီလောက်ဆိုရင် ဖြစ်တယ်မလား"
ဌာနမှူးယွီ ပြန်မဖြေမီမှာပင် သူမက ဖန်းဖေ့ပင်ဘက်သို့ လှည့်ကာ "ဖေ့ပင်... ဌာနမှာရှိနေတဲ့ တခြားအဖွဲ့ဝင်တွေနဲ့ နောက်တန်းဝန်ထမ်းတွေကို သွားအကြောင်းကြားလိုက်... ၁ နာရီခွဲကျရင် အစည်းအဝေးလုပ်မယ်... နောက်မကျနဲ့လို့ ပြောလိုက်ဦး"
"ဟုတ်ကဲ့... ခေါင်းဆောင်" ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါးနေတတ်ပြီး လူရည်လည်သော ဖန်းဖေ့ပင်သည် လင်းဖေးယန်၏ရှေ့မှောက်တွင်မူ အသံတစ်ချက်မျှ မထွက်ရဲဘဲ အလျင်အမြန် ထွက်ပြေးသွားတော့သည်။
"လော်ယွမ်... ဌာနမှူးယွီ... ရှင်တို့ စကားပြောကြနော်... ကျွန်မ အရင်သွားလိုက်ဦးမယ်... ခုတလော အလုပ်တွေပုံနေလို့ သွားရှင်းရဦးမယ်... အစည်းအဝေးခန်းမကျမှ တွေ့ကြတာပေါ့"
ပွယောင်းသော စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လမ်းလျှောက်တိုင်း "ရှပ် ရှပ်" အသံထွက်နေသော လင်းဖေးယန် တဖြည်းဖြည်းဝေးကွာသွားသည်ကို ကြည့်ရင်း လော်ယွမ်၏စိတ်ထဲတွင် ရယ်ချင်စိတ် လုံးဝမရှိတော့ချေ။
ရုံးခန်းအဆောက်အအုံတွင် လစ်လပ်နေသော အခန်းများစွာရှိပြီး လော်ယွမ်သည် အခန်းတစ်ခန်းကို ကျပန်းရွေးချယ်လိုက်သည်။ လစ်လပ်နေသော်လည်း အတွင်းပိုင်းမှာ အလွန်သန့်ရှင်းနေပြီး နေ့စဉ် သန့်ရှင်းရေးလုပ်ထားသည်မှာ ထင်ရှားသည်။ နောက်မှလိုက်ပါလာသော ဝန်ထမ်းကို လက်ဖက်ရည်ပို့ခိုင်းပြီးနောက် ဌာနမှူးယွီသည် လက်ဆွဲအိတ်ထဲမှ စာရွက်စာတမ်းများ၊ ဘောပင်နှင့် အသံဖမ်းစက်ကို ထုတ်ယူကာ တရားဝင်စကားပြောဆိုမှု စတင်လိုက်သည်။
တစ်ဖက်လူမေးမြန်းသည်မှာ အလွန်အသေးစိတ်ကျလှသည်။ အသေးအဖွဲကိစ္စရပ်များကိုပင် မငြီးမငြူ ထပ်ခါတလဲလဲ မေးမြန်းနေသည်။ လော်ယွမ် လျစ်လျူရှုထားခဲ့သော အသေးစိတ်အချက်အလက်အချို့ကိုပင် ထပ်ခါထပ်ခါ မေးမြန်းနေ၏။ ကံကောင်းသည်မှာ လော်ယွမ်၏ မှတ်ဉာဏ်ကောင်းမွန်သောကြောင့်သာဖြစ်ပြီး သို့မဟုတ်ပါက မေးခွန်းတစ်ဝက်ကျော်ကို သူဖြေဆိုနိုင်မည်မဟုတ်ပေ။
နာရီဝက်ကျော် ကြာမြင့်ပြီးနောက် စကားပြောဆိုမှု ပြီးဆုံးသွားမှသာ သူ အနည်းငယ် သက်ပြင်းချနိုင်တော့သည်။
"ဆရာယွမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အရမ်းကျေးဇူးတင်ပါတယ်... ဒီတစ်ခေါက် စကားပြောရတာ ကျွန်တော့်အတွက် အသက်သာဆုံးပါပဲ" ဌာနမှူးယွီသည် မတ်တပ်ထရပ်ကာ လော်ယွမ်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဤကဲ့သို့သော တွေ့ဆုံမေးမြန်းမှုမျိုးကို သူ ဆယ်ကြိမ်မက ပြုလုပ်ခဲ့ဖူးသော်လည်း ဤတစ်ကြိမ်က အသက်သာဆုံးဖြစ်သည်မှာ သေချာသည်။
"ဌာနမှူးယွီရဲ့ အလုပ်ကြိုးစားမှုကိုလည်း ကျွန်တော် လေးစားပါတယ်" လော်ယွမ်က ယဉ်ကျေးမှုအရ ပြန်ပြောလိုက်သည်။
"ဆင့်ကဲပြောင်းလဲသူတိုင်း ဆရာယွမ်လို သဘောထားကြီးရင် ဘယ်လောက်ကောင်းမလဲ" ဌာနမှူးယွီက ညည်းညူရင်း ဆက်ပြောသည်။ "ဒီသတ္တုစပ်အသစ် တွေ့ရှိချက်က ပြန်လည်တည်ဆောက်ရေးဇုန်အတွက် အရေးပါပြီး တန်ဖိုးဖြတ်မရနိုင်ဘူး... ဒီတစ်ခေါက်လာတာက အသေးစိတ်အချက်အလက်တချို့ကို သိချင်တာအပြင် ပြန်လည်တည်ဆောက်ရေးဇုန်အတွက် ထူးထူးချွန်ချွန် စွမ်းဆောင်ခဲ့တဲ့ ခင်ဗျားကို ရာထူးခန့်အပ်ဖို့နဲ့ ဂုဏ်ပြုဖို့အတွက်လည်း ပါတယ်... ကြိုပြီး ဂုဏ်ပြုပါတယ် ဗိုလ်မှုးချုပ်ယွမ်"
လော်ယွမ်က ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
.............................................................................................
မွန်းလွဲ ၁ နာရီခွဲတွင် အစည်းအဝေးခန်းမ၌ တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားသော ရှဲ့ကျွင်းဟွေမှလွဲ၍ ဝန်ထမ်းများအပါအဝင် လူအားလုံး စုံညီစွာ ရောက်ရှိနေကြပြီး လော်ယွမ်ကို ဗိုလ်မှူးချုပ်ရာထူး တရားဝင်ခန့်အပ်ခြင်း၊ ဒုတိယခေါင်းဆောင်အဖြစ် တိုက်ရိုက်ခန့်အပ်ခြင်းနှင့် ပထမအဆင့် ဂုဏ်ထူးဆောင်မှတ်တမ်း နှစ်ကြိမ် တင်သွင်းခြင်းတို့ကို ပြုလုပ်ကြသည်။
ရာထူးခန့်အပ်ပွဲအခမ်းအနားမှာ အလွန်ရိုးရှင်းပြီး ခန့်ညားထည်ဝါမှု လုံးဝမရှိချေ။ ဗိုလ်မှူးချုပ်ဝတ်စုံ နှစ်စုံနှင့် သေသပ်လှပသော အရာရှိကတ်ပြားတစ်ခုမှလွဲ၍ ကျန်အရာအားလုံးမှာ ကလေးကစားသကဲ့သို့ ဖြစ်နေသည်။ အမှန်တကယ်တွင် ဤစစ်ဘက်ဆိုင်ရာ.ရာထူးမှာ တန်ဖိုးမရှိလှဘဲ ကမ္ဘာမပျက်မီက စစ်အနုပညာတပ်ဖွဲ့ဝင်များထက် အနည်းငယ်သာ ပိုကောင်းသည်။ ဓားတရားအဖွဲ့ဝင်များဖြစ်စေ၊ လော်ယွမ်ဖြစ်စေ ဤရာထူးကို အလေးအနက်မထားကြသလို အလေးအနက်ထား၍လည်း မရနိုင်ပေ။ ဒုတိယခေါင်းဆောင်ရာထူးသာလျှင် အမည်နှင့်လိုက်ဖက်သော ရာထူးဖြစ်သည်။
ပထမအဆင့် ဂုဏ်ထူးဆောင်မှတ်တမ်း နှစ်ကြိမ်မှာမူ မည်သည့်အသုံးဝင်မှုရှိသည်ကို မသိရသော်လည်း အခြားအဖွဲ့ဝင်များနှင့် ခေါင်းဆောင်လင်းဖေးယန်ပင်လျှင် အားကျသောမျက်နှာထားဖြင့် ကြည့်နေကြသဖြင့် အထူးအသုံးဝင်မှုတစ်ခုခု ရှိပုံရသည်။
ရာထူးခန့်အပ်မှုသည် အလွန်ချောမွေ့ပြီး ကန့်ကွက်သူ မရှိချေ။ ဓားတရားဌာန၏ ထူးခြားမှုအရ ဤဌာနတွင် အစွမ်းအထက်ဆုံးသူသာ အကြီးကဲဖြစ်သည်။ လုပ်သက်၊ နောက်ခံ၊ စွမ်းဆောင်ရည်မှတ်တမ်းတို့က ဘာမျှအသုံးမဝင်ပဲ အပြတ်အသတ်သာလွန်သော စွမ်းရည်မရှိပါက ဤခေါင်းမာသော အဖွဲ့ဝင်များကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
ထို့နောက် ဒုတိယခေါင်းဆောင်ဟောင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲကျမှသာ အနည်းငယ် ခမ်းနားသွားခဲ့သည်။ အစည်းအဝေးခန်းမထဲသို့ လူအုပ်ကြီး ဝင်ရောက်လာသည်။
ပန်းများဖြင့် အလှဆင်ထားသော စင်မြင့်ပေါ်တွင် အနက်ရောင်အရိုးပြာအိုးတစ်လုံးကို တင်ထားသော်လည်း ဒုတိယခေါင်းဆောင်ဟောင်းမှာ အရိုးပင်မကျန်အောင် သေဆုံးသွားခဲ့သဖြင့် အတွင်းထဲတွင် ဘာမှမရှိဘဲ အထိမ်းအမှတ်သက်သက်သာ ဖြစ်သည်။
အဖွဲ့ဝင်များသည် တည်ကြည်လေးနက်နေကြပြီး ထိုအချိန်ကျမှသာ အနည်းငယ် ဝမ်းနည်းပူဆွေးလာကြသည်။ အလွန်အစွမ်းထက်သော ဒုတိယခေါင်းဆောင်ပင်လျှင် အလောင်းမကျန်အောင် သေဆုံးသွားခဲ့ရသည်။ ဝူချင်းယုတစ်ဦးသာ မျက်ရည်ဝဲနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြသောကြောင့်ဖြစ်သည်။
ဝမ်းနည်းခြင်းအထိမ်းအမှတ်စာတမ်းကို မဖတ်ရသေးမီမှာပင် အောက်မှ ဆွေမျိုးသားချင်းများ ဆူညံပွက်လောရိုက်နေကြပြီဖြစ်သည်။ အဆိုးရွားဆုံးမှာ ရုပ်ရည်သန့်ပြန့်သော အမျိုးသမီးခုနစ်ဦးဖြစ်ပြီး ငိုရင်း ရန်ဖြစ်နေကြသည်။ နောက်မှ ဆွေမျိုးသားချင်းများကလည်း မိမိတို့ထောက်ခံသူအလိုက် အပြန်အလှန် ငြင်းခုံဆဲဆိုနေကြသည်။
ဖန်းဖေ့ပင်ရှင်းပြမှသာ လော်ယွမ် အကြောင်းစုံကို သိလိုက်ရသည်။ ဒုတိယခေါင်းဆောင်ဟောင်းတွင် အမျိုးသမီးကိစ္စ ရှုပ်ထွေးခဲ့ပြီး ဤအမျိုးသမီးများမှာ သူ၏မိန်းမများ ဖြစ်ကြသည်။ ဓားတရားအဖွဲ့ဝင်များ ကျဆုံးသွားပါက အစိုးရမှ သာမန်လူများအတွက် အလွန်များပြားသော လျော်ကြေးငွေတစ်ရပ်ကို ထုတ်ပေးလေ့ရှိရာ ဤလူများက ထိုငွေအတွက် ငြင်းခုံနေကြခြင်းဖြစ်သည်။
သို့သော် လော်ယွမ်သည် သူတို့ကို အထင်မသေးနိုင်ကြောင်း တွေ့ရှိလိုက်ရသည်၊ သူကိုယ်တိုင်လည်း ထိုထက်မပိုလှပေ။
ဤအဖြစ်ကြောင့် မူလကရှိနေသော ဝမ်းနည်းမှုအနည်းငယ်မှာလည်း ပျောက်ကွယ်သွားခဲ့ရသည်။ ခေါင်းဆောင်လင်းဖေးယန်က ဤအခြေအနေကို ရင်ဆိုင်ရသောအခါ ခေါင်းကိုက်သွားပြီး နောက်ဆုံးတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်စာကို တိုက်ရိုက်ဖတ်ကြားလိုက်ကာ အခမ်းအနားကို အမြန်ဆုံးပြီးဆုံးစေလိုက်သည်။ ခြောက်ကပ်ကပ်ဖြင့် မိနစ်အနည်းငယ် ဖတ်ကြားပြီးနောက် အခွင့်ကောင်းယူ၍ ထွက်ပြေးရန် ပြင်လိုက်စဉ် အမျိုးသမီးအချို့က သူမကို ဆွဲထားလိုက်ကြပြန်သည်။
လင်းဖေးယန်၏ ပုံပန်းသဏ္ဌာန်မှာ အလွန်လှည့်စားနိုင်စွမ်းရှိသည်ဟု ဆိုရမည်။ သေးသွယ်သောခန္ဓာကိုယ်နှင့် ကလေးဆန်သောမျက်နှာထားကြောင့် အန္တရာယ်ကင်းမဲ့ပုံပေါက်နေပြီး သူမက ခေါင်းဆောင်ဖြစ်နေသောကြောင့် တရားမျှတမှု ရယူပေးရန် အတင်းအကျပ် တောင်းဆိုနေကြသည်။
မူလက လော်ယွမ်သည် ရာထူးခန့်အပ်ပွဲနှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲကို ဆက်တိုက်ပြုလုပ်ရသဖြင့် အနည်းငယ် ငြီးငွေ့နေသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်လက်ပေါ့ပါးသွားသည်။
လူအချို့သည် နားလည်မှုရှိစွာဖြင့် မျက်ရိပ်ပြလိုက်ကြပြီး အခွင့်ကောင်းယူကာ အခန်းပြင်သို့ ထွက်ခွာလာကြသည်။ အပြင်မှ လေအေးအေးလေး တိုက်ခတ်လာသောအခါ နောက်ဆုံးကျန်ရှိနေသော ဝမ်းနည်းမှုအရိပ်အယောင်များလည်း လွင့်ပြယ်သွားတော့သည်။ ကမ္ဘာပျက်ကပ်တွင် သေဆုံးမှုများကို မြင်တွေ့ရလွန်းသဖြင့် ဝမ်းနည်းပူဆွေးမှုများ များစွာမကျန်ရှိတော့ပေ။ ရင်းနှီးသော ဆွေမျိုးသားချင်း သို့မဟုတ် သူငယ်ချင်းမဟုတ်ပါက မည်သူက သင့်အတွက် ဝမ်းနည်းပေးနေမည်နည်း။
လော်ယွမ်သည် ဖန်းဖေ့ပင်ကို လှမ်းခေါ်ပြီး ပထမအဆင့် ဂုဏ်ထူးဆောင်မှတ်တမ်း၏ အသုံးဝင်ပုံကို မေးရန် ပြင်လိုက်စဉ် ကိုယ်လုံးကိုယ်ပေါက်လှပသော အမျိုးသမီးတစ်ဦးသည် ဖိုင်တွဲတစ်တွဲကို ကိုင်ဆောင်လျက် သူ့ထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာသည်။ ကိစ္စရှိသည်မှာ ထင်ရှားသဖြင့် လော်ယွမ်က နောက်မှမေးရန် ဆုံးဖြတ်လိုက်သည်။
"ဒုခေါင်းဆောင် မင်္ဂလာပါ... ကျွန်မက ဒီရုံးခန်းရဲ့ ဒါရိုက်တာ ချန်ရှင်းကျယ်ပါ... ရှင့်ကို ရုံးခန်းရွေးဖို့ လိုက်ပို့ပေးမလို့... ရုံးခန်းအတွက် ဘယ်လိုလိုအပ်ချက်မျိုး ရှိသလဲမသိဘူး" အမျိုးသမီးက မပြောခင်ကတည်းက ပြုံးပြလိုက်ပြီး ဖော်ရွေစွာ ဆို၏။
"မရှိပါဘူး... ဒုခေါင်းဆောင်ဟောင်းရဲ့ ရုံးခန်းက ဘယ်အခန်းလဲ... အဲ့ဒီအခန်းပဲ ယူလိုက်မယ်လေ... ကျွန်တော် မရွေးတော့ဘူး" လော်ယွမ်က ပြောလိုက်သည်။
"ဒါဆို ပိုကောင်းတာပေါ့... ကျွန်မတို့အလုပ်မရှုပ်တော့ဘူး... အဲ့ရုံးခန်းက ဒီနေရာမှာ အကောင်းဆုံးအခန်းပဲ... ရှင်များ စိတ်ထဲတမျိုးဖြစ်မလားလို့ စိုးရိမ်နေတာ" ချန်ရှင်းကျယ်က ပါးစပ်ကိုအုပ်၍ တိုးတိုးလေး ရယ်မောလိုက်သည်။ သူမ၏ ရွှန်းလဲ့နေသော မျက်ဝန်းများက လခြမ်းကွေးလေးသဖွယ် ဖြစ်သွားရာ လော်ယွမ်သည် အမှတ်မထင် ပို၍ ကြည့်မိသွားသည်။
သူတို့နှစ်ဦးသည် စင်္ကြံလမ်းအဆုံးရှိ ဒုတိယခေါင်းဆောင်ရုံးခန်းသို့ ဝင်ရောက်သွားကြသည်။ တံခါးဖွင့်လိုက်သောအခါ လော်ယွမ်၏မျက်လုံးများ အရောင်တောက်သွားသည်။ အတွင်းရှိပစ္စည်းများကို သိမ်းဆည်းထားပြီးဖြစ်ကာ ရုံးခန်းကိုလည်း ပြောင်လက်နေအောင် သန့်ရှင်းရေးလုပ်ထားသည်။ ရုံးခန်းတစ်ခုလုံးသည် ၆၀၊ ၇၀ စတုရန်းမီတာခန့် ကျယ်ဝန်းပြီး တည်းခိုခန်းတစ်ခုနှင့်ပင် တူနေသည်။
အမှန်တကယ်တွင်လည်း တည်းခိုခန်းအလားဖြစ်သည်။ မျက်စိနောက်စရာကောင်းသော ရုံးလုပ်ငန်းသုံးစားပွဲကြီးတစ်ခုမှလွဲ၍ ကျန်အရာအားလုံးသည် တည်းခိုခန်းနှင့် ဘာမှမကွာခြားပေ။ ရေခဲသေတ္တာ၊ ကာလာတီဗီ၊ လေအေးပေးစက် စသည်တို့ အစုံအလင်ပါရှိပြီး အားလုံးမှာ ကမ္ဘာမပျက်မီက ဇိန်ခံပစ္စည်းများ ဖြစ်ကြသည်။
ဒုတိယခေါင်းဆောင်ဟောင်း၏ ဝါသနာက မဆိုးလှပေ။ အနည်းဆုံးတော့ လော်ယွမ်အတွက် နေရထိုင်ရခက်စေသောနေရာမျိုး မရှိပေ။ ဘယ်ဘက်နံရံရှိ တံခါးကို ဖွင့်လိုက်သောအခါ အိပ်ခန်းနှင့် ရေချိုးခန်းရှိနေပြီး ဤမှာပဲ အမြဲနေလျှင်လည်း အဆင်ပြေမည့်ပုံပင်။ ဧည့်ခန်းအပြင်ဘက်မှ လသာဆောင်ကျယ်ကြီးကိုပါ ထည့်တွက်လိုက်လျှင် ဤနေရာကို ရုံးခန်းဟုခေါ်ရန် အနည်းငယ်ခက်ခဲနေသည်။
"ဒီအပြင်အဆင်နဲ့ မွမ်းမံမှုတွေကို ရှင် သဘောကျရဲ့လားမသိဘူး... တကယ်လို့ လိုအပ်တာရှိရင်လည်း ကျွန်မတို့ ချက်ချင်း ပြင်ဆင်ပေးပါ့မယ်"
လော်ယွမ်သည် ဗိုလ်မှူးချုပ်စစ်ဝတ်စုံနှင့် ကတ်ပြားကို ရုံးလုပ်ငန်းသုံးစားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး အနှိပ်ကုလားထိုင်ပေါ်တွင်ထိုင်ကာ တစ်ပတ်လည်လိုက်သည်။ ကမ္ဘာမပျက်မီကဆိုလျှင်ပင် ဇိမ်ခံပစ္စည်းဟု သတ်မှတ်နိုင်သော ဤအပြင်အဆင်ကို သူ မကျေနပ်စရာအကြောင်းမရှိပေ။ "ရတယ်... ဒီအတိုင်းပဲကောင်းပါတယ်"
"ဒါဆိုရင် အတွင်းရေးမှူးနဲ့ပတ်သက်ပြီး ရှင် ဘယ်လိုလိုအပ်ချက်မျိုး ရှိပါသလဲ" ချန်ရှင်းကျယ်က ဆက်မေးလိုက်သည်။
"အတွင်းရေးမှူးဟုတ်လား" လော်ယွမ် အံ့ဩသွားသည်။ ဓားတရားကဲ့သို့သော ဌာနငယ်လေးတစ်ခု၊ အဖွဲ့ဝင်အနည်းငယ်သာရှိသောနေရာတွင် အတွင်းရေးမှူး လိုအပ်ပါဦးမည်လော။
ဆက်ရန်...