← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 17 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 17 Ch. 333-334

အပိုင်း(၃၃၃)အဆင့်ရှစ်သက်ရှိ

"ဆရာ့ရဲ့ ရာထူးအဆင့်အရ အတွင်းရေးမှူးနှစ်ယောက် ထားခွင့်ရှိပါတယ်... တစ်ယောက်က စီမံခန့်ခွဲရေး အတွင်းရေးမှူးနဲ့... နောက်တစ်ယောက်ကတော့ ကိုယ်ရေးအရာရှိပါ" ဟု ချန်ရှင်းကျယ်က လေးနက်သောမျက်နှာထားဖြင့် ဆိုသည်။

"ဒီလောက်တော့ မလိုပါဘူး" ဟု လော်ယွမ်က ရယ်ရခက်ငိုရခက် ပြောလိုက်သည်။

" ဆရာ့ကို အပြစ်တင်တာမဟုတ်ပါဘူး... ဆရာက ဓားတရားဌာနကို အခုမှ ရောက်ဖူးတာဆိုတော့ နားမလည်တာ ဖြစ်လိမ့်မယ်... ကျွန်မတို့ ဓားတရားအဖွဲ့က ကြည့်ရတာ အားနေသလို ထင်ရပေမဲ့ တိုလီမိုလီကိစ္စတွေက အရမ်းများတယ်... ဥပမာလက်နက်တွေ မှာယူတာတို့ ပစ်မှတ်ပုံစံငယ်တွေ ပြုလုပ်တာမျိုးတို့ကျရင် သက်ဆိုင်ရာဌာနတွေနဲ့ တိုက်ရိုက် ဆက်သွယ်ရတယ်... ဒါ့အပြင် စာရွက်စာတမ်း အဝင်အထွက်တွေ... အချက်အလက် စုဆောင်းတာတွေ... ဆရာ့ရဲ့ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်တွေဖြစ်တဲ့ အဝတ်လျှော်တာ... ထမင်းချက်တာ စတာတွေကို အတွင်းရေးမှူးတွေက လုပ်ဆောင်ပေးရတယ်လေ"

ချန်ရှင်းကျယ်က သွယ်ဝိုက်ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ ဦးနှောက်ထဲတွင် တိုက်ခိုက်ဖို့သာသိသော ဆင့်ကဲပြောင်းလဲသူများ၏ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းအပေါ် အယုံအကြည်မရှိခြင်းကို ပြသနေခြင်း ဖြစ်သည်။ သို့သော်လည်း ဟုတ်ပေသည်။ ဆင့်ကဲပြောင်းလဲသူ အများစုမှာ အဆင့်အတန်းနိမ့်ကျသော နောက်ခံမှ လာသူများဖြစ်ပြီး အတွေ့အကြုံ မရှိသလောက်ပင်။ ရာထူးကြီးကြီး ရုတ်တရက် ရသွားသောအခါ ဤရုံးလုပ်ငန်းများကို နားမလည်ဘဲ ကစဉ်ကလျား ဖြစ်သွားနိုင်သည်။ ထို့အပြင် ဤအစီအစဉ်ထဲတွင် စောင့်ကြည့်လိုသော ရည်ရွယ်ချက်လည်း ပါဝင်ကောင်း ပါဝင်နိုင်သည်။ လော်ယွမ် မတတ်သာဘဲ လိုက်လျောလိုက်ရသည်။ "ဟုတ်ပြီလေ... ဒါပေမဲ့ ကိုယ်ရေးအရာရှိတော့ မလိုဘူး"

အကယ်၍ အိမ်ကို ခေါ်သွားလျှင် ဟွမ်ကျားဟွေနှင့် အခြားသူများက မည်သို့သော မျက်နှာထားမျိုး ပြသမည်ကို မသိနိုင်ချေ။

ဤတစ်ကြိမ်တွင် ချန်ရှင်းကျယ်က ဆက်လက် မတိုက်တွန်းတော့ဘဲ လက်ထဲမှ ဖိုင်တွဲတစ်ခုကို စားပွဲပေါ်တွင် တင်လိုက်ကာ ပြုံးလျက် ဆိုသည်။ "ဒါဆိုရင်လည်း ဆရာ့သဘောပါပဲ... ဒါတွေက အတွင်းရေးမှူး လျှောက်ထားသူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေပါ... ဆရာ စိတ်ကြိုက်ရွေးလို့ရတယ်... သူတို့အချိန်မရွေး အလုပ်ဆင်းနိုင်တယ်"

ဤဖိုင်တွဲထဲတွင် အနည်းဆုံး ဆယ်ရွက်၊ ဆယ့်ငါးရွက်ခန့် ရှိပေလိမ့်မည်။ လော်ယွမ် လှန်လှောကြည့်လိုက်ရာ ဓာတ်ပုံများမှာ အဆင့်မီပြီး ပညာအရည်အချင်းမှာလည်း ဘွဲ့ရများသာ ဖြစ်သည်။ ကမ္ဘာမပျက်မီကဆိုလျှင် ကျောင်းအလှမယ်၊ မေဂျာကွင်း အဆင့်ရှိသူများ ဖြစ်သည်။

လော်ယွမ် တစ်ရွက်ပြီးတစ်ရွက် လျင်မြန်စွာ လှန်လှောကြည့်လိုက်သည်။ သူ၏ မှတ်ဉာဏ်စွမ်းအားမှာ အလွန်ကောင်းမွန်ပြီး စာကြောင်းဆယ်ကြောင်းကို တစ်ပြိုင်နက် ဖတ်ရှုနိုင်စွမ်းရှိသည်။ တစ်မိနစ်မပြည့်မီမှာပင် ကိုယ်ရေးရာဇဝင် ၁၅ စောင်ကို ကြည့်ရှုပြီးသွားသည်။ သူ တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး ချန်ရှင်းကျယ်အား "ဒီတစ်ယောက်ပဲ ရွေးလိုက်မယ်" ဟု ဆိုသည်။

"ဟင်" ချန်ရှင်းကျယ် အံ့ဩစွာဖြင့် လော်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူက ဤမျှမြန်ဆန်စွာ လှန်လှောကြည့်နေသည်ကို မြင်သောအခါ အလှမယ် ရွေးနေသည်ဟု ထင်မှတ်ကာ စိတ်ထဲတွင် အထင်သေးမိသည်။ မထင်မှတ်ဘဲ ရုပ်ရည် သိပ်မထူးခြားလှသော မိန်းကလေးတစ်ဦးကို ရွေးချယ်လိုက်သည်ကို တွေ့လိုက်ရသည်။ သို့သော် ဤတယောက်က လျှောက်ထားသူအားလုံးထဲတွင် အလယ်အလတ်အဆင့်တော့ ရှိပေသည်။

"ဒီတစ်ယောက်က ပြဿနာရှိလို့လား"

"ဪ... မရှိဘူး မရှိပါဘူး... အခုပဲ ခေါ်လိုက်ရမလား" ဟု ချန်ရှင်းကျယ်က အလျင်အမြန် သတိပြန်ကပ်ကာ ပြောလိုက်သည်။

"ခေါ်လိုက်လေ"

လော်ယွမ်က ကုလားထိုင်ပေါ်တွင် မှီကာ မျက်လုံးမှိတ်ပြီး အနားယူနေလိုက်သည်။ ခဏအကြာတွင် ချန်ရှင်းကျယ်က လူခေါ်လာသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ဓာတ်ပုံထဲကထက် အနည်းငယ် ပိုလှပြီး ရိုးရိုးယဉ်ယဉ်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဆိပ်ကမ်းဒေသဘက်မှ မိန်းကလေးများကဲ့သို့ ရှက်ရွံ့နေပုံရသည်။

သူမသည် စိတ်လှုပ်ရှားနေသလို၊ ဝမ်းသာနေသလို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပြီး ခေါင်းပင် မမော့ရဲသည်ကို မြင်သောအခါ လော်ယွမ်က ပြုံး၍ ပြောလိုက်သည်။ "ပေါ့ပေါ့ပါးပါးနေပါ... ထိုင်ပါဦး... စိတ်မလှုပ်ရှားနဲ့... ဒါရိုက်တာချန်... ကျွန်တော့်ကို ကော်ဖီတစ်ခွက်လောက် ဖျော်ပေးလို့ရမလား"

"မ... မဟုတ်တာ... မလိုပါဘူး မလိုပါဘူး... ဒါရိုက်တာချန်ကို ဘယ်လိုလုပ် ဒုက္ခပေးရမှာလဲ... ကျွန်မဘာသာ လုပ်ပါ့မယ်" ဟု သူမ စိုးရိမ်တကြီး ပြောလိုက်သည်။

"အယ်... ကော်ဖီလေးတစ်ခွက်တည်းကို ငါနဲ့ လုလုပ်နေတာလား... ထိုင်နေပါ... ဒုတိယဌာနမှူးက နင့်ကိုမေးစရာရှိသေးတယ်" ဟု ချန်ရှင်းကျယ်က ပြုံးရွှင်စွာ ပြောရင်း သူမကို ထိုင်ခုံပေါ်သို့ ပြန်ထိုင်ခိုင်းလိုက်သည်။ ထို့နောက် အခန်းထဲမှ ထွက်သွားပြီး တံခါးကို ပိတ်ပေးလိုက်သည်။ အခန်းထဲတွင် မွှေးပျံ့သော ရနံ့တစ်ခု ကျန်ရစ်ခဲ့သည်။

တံခါးပိတ်သွားသည်ကို မြင်သောအခါ စွန်းယွီထင်း ပို၍ စိတ်လှုပ်ရှားလာသည်။ လက်နှစ်ဖက်က အင်္ကျီစကို မသိစိတ်ဖြင့် ဆုပ်နယ်နေပြီး လက်ကို ဘယ်နေရာထားရမှန်း မသိဖြစ်နေသည်။ မကောင်းသော ကောလာဟလအချို့ကို ကြားဖူးသော်လည်း ဤသည်မှာ ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သူမ သိသည်။ ယခု ဤအခွင့်အရေး ရလာပြီဖြစ်ရာ လက်လွှတ်မခံနိုင်ပေ။

သူမတို့ကဲ့သို့သော ထောက်ပံ့ရေးဝန်ထမ်းများသည် ဓားတရား အဖွဲ့လက်အောက်တွင် ရှိသော်လည်း အမှန်တကယ်တော့ အပေါ်ယံသာ ဖြစ်ပြီး ခံစားခွင့်အမျိုးမျိုးမှာ သာမန်အစိုးရဝန်ထမ်းများလောက်ပင် မရရှိပေ။ အကယ်၍ ဒုတိယဌာနမှူး၏ အတွင်းရေးမှူးဖြစ်လာပါက သူမ၏ဘဝ ပြောင်းလဲသွားမည်ဖြစ်သည်။ သူမ၏မိခင်သည်လည်း စက်ရုံတွင် ပင်ပန်းဆင်းရဲခံစရာ မလိုတော့ဘဲ ပိုမိုသက်သာသော နေရာသို့ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။

စဉ်းစားလေ စိတ်လှုပ်ရှားလေဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ပင် တုန်ယင်လာသည်။

"မင်းက တုံဟူမြို့ကလား" လော်ယွမ်က ပြုံး၍ မေးလိုက်သည်။

"ဟုတ်ကဲ့" ဟု စွန်းယွီထင်းက အလျင်အမြန် ဖြေလိုက်သည်။ ထို့နောက် သိပ်ပြီး ပေါ့တန်ရာကျသွားသည်ဟု ထင်သောကြောင့် "ကျွန်မက ကျန်းနန်ပြည်နယ်... တုံဟူမြို့ကပါ" ဟု ထပ်ဖြည့်ပြောလိုက်သည်။

"တုံဟူတက္ကသိုလ် ၂၀၁၀ ခုနှစ် ကျောင်းဆင်းလား" လော်ယွမ်က ထပ်မေးလိုက်သည်။

"ဟို... ဟုတ်ကဲ့ပါ" ဟု စွန်းယွီထင်းက တုံ့ဆိုင်းစွာ ဖြေလိုက်သည်။ အင်တာဗျူးက ဘာလို့ ဒါတွေချည်း မေးနေရတာလဲ... ကိုယ်ရေးရာဇဝင်ထဲမှာ ရေးထားတာပဲကို ဟု တွေးနေမိသည်။

"နောက်ဆို မင်းက ငါ့ရဲ့ အတွင်းရေးမှူး ဖြစ်သွားပြီ... ဒါနဲ့ အတွင်းရေးမှူးတစ်ယောက် ဘာလုပ်ရမလဲဆိုတာ သိတယ်မလား"

"သင်... သင်ဖူးပါတယ်... ကျွန်မ အကုန် သင်ဖူးပါတယ်" စွန်းယွီထင်းက ပြောလိုက်သည်။ ထို့နောက်မှ သတိဝင်လာပြီး "ဟင်... ကျွန်မ အရွေးခံလိုက်ရပြီလား" ဟု တုန်ရီသောအသံဖြင့် မေးလိုက်သည်။

လော်ယွမ်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ရာ ပြောမပြနိုင်လောက်အောင် ဝမ်းသာပီတိဖြစ်မှုက သူမ၏ ရင်ထဲတွင် ပျံ့နှံ့သွားပြီး မျက်ရည်များပင် ဝဲလာကာ ငိုချင်စိတ် ပေါက်သွားသည်။

"ဒီနေ့တော့ မင်း အရင်ပြန်လိုက်ဦး... ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး မနက်ဖြန်မှ အလုပ်စဆင်း... အဲ့လိုဖြစ်တယ်မလား" လော်ယွမ်က မေးလိုက်သည်။

"ဖြစ်... ဖြစ်ပါတယ်" ဟု စွန်းယွီထင်းက အလျင်အမြန် ပြောလိုက်ပြီး မယုံနိုင်သေးသောအမူအရာဖြင့် ထွက်ခွာသွားတော့သည်။

လော်ယွမ် ပြုံးရင်း အကြည့်လွှဲလိုက်သည်။ စွန်းယွီထင်းကို အတွင်းရေးမှူးအဖြစ် ရွေးချယ်ရခြင်းမှာ သူမသည် တမြို့ထဲရုံသာမက တကျောင်းထဲလည်း ဖြစ်သောကြောင့်ပင်။ ကျန်းနန်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ယခုအခါ ပင်လယ်ပြင်ကြီး ဖြစ်နေပြီဖြစ်ပြီး ကျွန်းအချို့သာ ကျန်ရစ်တော့သည်။ မြေနိမ့်ပိုင်းဖြစ်သော တုံဟူမြို့ဆိုလျှင် ပင်လယ်ကြမ်းပြင်၌သာ ရှာဖွေနိုင်တော့ပေတော့မည်။

ကျန်းနန်ပြည်နယ်တစ်ခုလုံးမှ ပြန်လည်တည်ဆောက်ရေးဇုန်သို့ ပြောင်းရွှေ့လာနိုင်ပြီး ယခုထိ အသက်ရှင်ကျန်ရစ်သူမှာ တစ်သန်းပင်ကျော်မည်မထင်ပေ။ တုံဟူမြို့သားဆိုလျှင် တစ်သိန်းပင် ပြည့်မည်မဟုတ်ပေ။ ဤအကြောင်းများကို တွေးမိသောအခါ လော်ယွမ် သက်ပြင်းချလိုက်မိသည်။

စွန်းယွီထင်း ထွက်သွားပြီး မကြာမီမှာပင် ချန်ရှင်းကျယ်က ကော်ဖီခွက်ကိုင်ကာ ဝင်လာသည်။ "ဟယ်... ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန် ပြန်သွားရတာလဲ"

သူမက ကော်ဖီခွက်ကို လော်ယွမ်၏ ရှေ့တွင် ညင်သာစွာ ချပေးရင်း မေးလိုက်သည်။ "ဒီတယောက်ကို သဘောကျရဲ့လား"

လော်ယွမ် သူမ၏ ဟန်ဆောင်မှုအပေါ် ရယ်ချင်စိတ် ပေါက်သွားသည်။ စွန်းယွီထင်း ထွက်သွားသည်ကို သူမ မမြင်လိုက်ဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ သို့သော် ဤအစိုးရဝန်ထမ်းများသည် ပါးနပ်သူများဖြစ်ရာ အတည်ယူလိုက်လျှင် မိမိသာ ရှုံးပေမည်။ "မဆိုးပါဘူး"

"ဆရာ သဘောကျရင် ပြီးတာပါပဲ... ခုနက စွန်းယွီထင်းရဲ့ စကားပြောတဲ့ပုံစံက ယုံကြည်ချက်မရှိသလို ထင်ရပေမဲ့ သူကစိတ်ထား နူးညံ့ပြီး စေ့စပ်သေချာတယ်... အလုပ်ကြိုးစားပြီး တည်ငြိမ်တဲ့နေရာမှာ ဘယ်သူမှ သူ့ကို မမီဘူး... ဒါနဲ့ ဒါက ဆရာ့အတွက် ချထားပေးတဲ့ သတင်းအချက်အလက် စက်ကိရိယာနဲ့ သံလိုက်ကာကွယ်မှုပါတဲ့ ဂြိုဟ်တုဖုန်းပါ"

လော်ယွမ် စာအိတ်ကို ဖွင့်လိုက်ပြီး အတွင်းမှ ပစ္စည်းများကို ထုတ်လိုက်သည်။ သတင်းအချက်အလက် စက်ကိရိယာကို လော်ယွမ် မြင်ဖူးပြီးဖြစ်သည်။ ကမ္ဘာမပျက်မီက လက်ပတ်နာရီနှင့် သိပ်မကွာခြားလှပေ။

သူ သံလိုက်ကာကွယ်မှုပါသော ဂြိုဟ်တုဖုန်းကို ကိုင်ကြည့်လိုက်ရာ သာမန်ဖုန်းထက် အနည်းငယ် ပိုကြီးပြီး ပိုလေးလံသည်ကို ခံစားလိုက်ရသည်။ မျက်နှာပြင်တွင် သတ္တုကွန်ရက်ဖြင့် ပြုလုပ်ထားသော ဖာရာဒေးအစွတ်ပါရှိသည်။ စကြာဝဠာမုန်တိုင်းများ၏ သက်ရောက်မှုကြောင့် သံလိုက်မုန်တိုင်းများ မကြာခဏ တိုက်ခတ်လေ့ရှိရာ ဤဖာရာဒေးအစွတ် မရှိပါက လျှပ်စစ်ပစ္စည်းများကို အသုံးပြု၍ မရနိုင်ပေ။

"နောက်ပြီးတော့ ဒါက ချထားပေးတဲ့ အခန်းသော့ပါ... ဆရာ ဘယ်အချိန်အားလဲ... ကျွန်မ လိုက်ပြပေးမယ်"

"ဒါကအရေးမကြီးဘူး" ဟု လော်ယွမ်က ပြောလိုက်သည်။ "ဒီနေ့ ကျွန်တော် ပထမအဆင့် ဂုဏ်ထူးဆောင်ဆု နှစ်ခုရထားတယ်... အဲ့တာက ဘာအသုံးဝင်လဲ ပြောပါဦး"

ညနေက အစည်းအဝေးခန်းမမှ လူအများ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဤ ပထမအဆင့် ဂုဏ်ထူးဆောင်ဆု သည် သာမန်ဆုများနှင့် မတူဘဲ ထူးခြားမှုရှိကြောင်း သိသာနေသည်။

"ဟယ်... ဆရာ မသိဘူးလား" ဟု ချန်ရှင်းကျယ်က အံ့ဩစွာ ပြောလိုက်သည်။

"ကျွန်တော် ဓားတရားဌာနကို ရောက်တာ နှစ်ရက်ပဲ ရှိသေးတယ်လေ... ဘယ်သူမှလည်း မပြောပြကြဘူး"

"အို..ဒါကျွန်မရဲ့ ပေါ့လျော့မှုပဲ... ဓားတရား ဌာနမှာ သီးသန့်ကွန်ရက်တစ်ခု ရှိတယ်... ဆရာ ကွန်ပျူတာ အရင်ဖွင့်လိုက်ပါလား... ကျွန်မ ဝက်ဘ်ဆိုက်လိပ်စာ ရိုက်ထည့်ပေးမယ်" ဟု ချန်ရှင်းကျယ်က အားနာစွာ ပြောလိုက်သည်။

လော်ယွမ် ခေါင်းညိတ်လိုက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ ဤကွန်ပျူတာသည်လည်း သံလိုက်ကာကွယ်မှု ပြုလုပ်ထားသော်လည်း ဂြိုဟ်တုဖုန်းလောက် မသေသပ်ပေ။ မျက်နှာပြင်ကိုပင် သတ္တုနန်းကြိုးမျှင်များဖြင့် ကွက်လပ်များ ပိုင်းခြားထားရာ ကြည့်ရဆိုးလှသည်။

ချန်ရှင်းကျယ်က ကိုယ်ကိုကိုင်းကာ လော်ယွမ်၏ ကျောပြင်ကို ညင်သာစွာ မှီလျက် ဝက်ဘ်ဆိုက်လိပ်စာကို ရိုက်ထည့်ပေးသည်။ မတော်တဆလား တမင်သက်သက်လား မသိ၊ သူမ၏ နူးညံ့သော ရင်သားများက လော်ယွမ်၏ ကျောပြင်ကို အခါအားလျော်စွာ ပွတ်တိုက်မိနေရာ လော်ယွမ်မှာ ထရမလို၊ ထိုင်နေရမလို ဖြစ်ကာ တောင့်တောင့်ကြီး ဖြစ်နေရသည်။ ကံကောင်းထောက်မစွာပင် သူမ လျင်မြန်စွာ ပြန်မတ်လိုက်သဖြင့် သက်ပြင်းချနိုင်သွားသည်။

"ပြီးရင် အကောင့်ဝင်တဲ့နေရာမှာ အရာရှိကတ်နံပါတ်နဲ့ ပေးထားတဲ့စကားဝှက်ကို ရိုက်ထည့်လိုက်ရင် ရပြီ... ဒါပေမဲ့ စကားဝှက် ပြောင်းဖို့ မမေ့နဲ့နော်... မပြောင်းရင်လည်း ဘာမှတော့မဖြစ်ပါဘူး... ဘယ်သူမှလည်းခိုးသုံးရဲမှာ မဟုတ်ဘူးလေ" ဟု ချန်ရှင်းကျယ်က ပြုံးလျက် ပြောလိုက်သည်။ သူမ၏ မျက်နှာတွင် မူမမှန်မှု တစ်စိုးတစ်စိမျှ မတွေ့ရပေ။

လော်ယွမ်က ဘာမျှပြန်မပြောဘဲ အရာရှိကတ်ကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်သည်။ ဂဏန်းဆယ်လုံးကျော်ကို ချက်ချင်း မှတ်မိသွားပြီး လျင်မြန်စွာ ရိုက်ထည့်ကာ အကောင့်ဝင်လိုက်သည်။ ဝက်ဘ်ဆိုက်မှာ အလွန်ရိုးရှင်းလှသည်။ ကမ္ဘာမပျက်မီကဆိုလျှင် ဤကဲ့သို့သော ဝက်ဘ်ဆိုက်မျိုးကို ယွမ်ငါးရာလောက်ပေးလျှင် ရနိုင်ပေသည်။

ဤသည်မှာ အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ အတွင်း၌ ရောင်းချသော ပစ္စည်းများမှာ မများပြားလှပေ။ လော်ယွမ် အကြမ်းဖျင်း ကြည့်လိုက်ရာ စာမျက်နှာ အနည်းငယ်သာ ရှိသည်။ ရောင်းချသူ အများစုမှာ S17173 ဂိုဒေါင် ဟူသော အကောင့်တစ်ခုတည်းမှ ဖြစ်သည်။ ချန်ရှင်းကျယ်ကို မေးကြည့်မှ ၎င်းသည် ပြန်လည်တည်ဆောက်ရေးဇုန်၏ တရားဝင်အကောင့်ဖြစ်ကြောင်း သိရသည်။ တရားဝင်အကောင့်အပြင် ကိုယ်ပိုင်သီးသန့်အကောင့်များလည်း ရှိသော်လည်း အရေအတွက် နည်းပါးလှသည်။ စဉ်းစားကြည့်လျှင်လည်း အနုမြူလက်နက်များ ပိုင်ဆိုင်ထားသော ပြန်လည်တည်ဆောက်ရေးဇုန်နှင့် ယှဉ်လျှင် အစွမ်းထက် ဆင့်ကဲပြောင်းလဲသူများ၏ အင်အားမှာ ပြောပလောက်စရာ မရှိပေ။

ဝက်ဘ်ဆိုက်မှာ ရိုးရှင်းသော်လည်း အတွင်းမှ ပစ္စည်းများမှာမူ လုံးဝ မရိုးရှင်းပေ။ ပစ္စည်းအများအပြားမှာ တစ်ခါမျှ မကြားဖူးသော အရာများ ဖြစ်သည်။

လော်ယွမ်က တန်ဖိုးအမြင့်ဆုံးမှ အနိမ့်ဆုံးသို့ စီလိုက်ရာ စိတ်တည်ငြိမ်သူဖြစ်သည့်တိုင် ရင်ခုန်မြန်လာပြီး အသက်ရှူပင် ကြပ်လာသည်။

ရောင်းချသူများမှာ အစွမ်းထက် ဆင့်ကဲပြောင်းလဲသူများ ဖြစ်သောကြောင့် ပစ္စည်းအများစုမှာ လက်နက်များ ဖြစ်ကြသည်။ ဥပမာ ပထမဆုံးနေရာတွင် ရှိနေသည်မှာ ဧရာမဓားကြီးတစ်လက်ဖြစ်ပြီး အဆင့်ရှစ် သန္ဓေပြောင်းသားရဲတစ်ကောင်၏ လက်ချောင်းရိုးကို သေသပ်စွာ သွေးယူပြုလုပ်ထားခြင်း ဖြစ်သည်။ ဓာတ်ပုံထဲတွင် ဤဧရာမဓားကြီးသည် တစ်ကိုယ်လုံးမှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး သာမန်ပစ္စည်းမဟုတ်မှန်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှသည်။

အဆင့်ရှစ် သက်ရှိဆိုသည်မှာ အစိမ်းရောင်အဆင့်ထက် ကျော်လွန်နေပြီဖြစ်ပြီး စိတ်ကူး၍မရနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤသတ္တဝါကို မည်သို့ သတ်ဖြတ်ခဲ့သည်ကို မသိရသော်လည်း အနုမြူလက်နက်မှလွဲ၍ အခြားမည်သည့်အရာကမျှ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

ဒုတိယနေရာတွင်မူ အနီရောင် လှံရှည်တစ်လက်ဖြစ်ပြီး အဆင့်ရှစ် သက်ရှိတစ်ကောင်၏ နံရိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

............................................................................................................

လော်ယွမ် တစ်ခုပြီးတစ်ခု ကြည့်ရှုလိုက်ရာ နံပါတ်တစ်မှ နံပါတ်ငါးအထိမှာ အဆင့်ရှစ် သက်ရှိများဖြင့် ပြုလုပ်ထားသော လက်နက်များ ဖြစ်ကြသည်။ နံပါတ်ခြောက်ရောက်မှသာ အဆင့်ခုနစ် သက်ရှိဖြင့် ပြုလုပ်ထားသော လက်နက်များ ပါလာပြီး ဈေးနှုန်းမှာလည်း ထိုးကျသွားကာ နံပါတ်ငါးပစ္စည်းတန်ဖိုး၏ ဆယ်ပုံတစ်ပုံပင် မရှိတော့ချေ။

နံပါတ်ကိုးနေရာတွင်မူ အဆင့်ရှစ် သက်ရှိ၏ ခြေရာလက်ရာကို ထပ်မံတွေ့ရှိရပြန်သည်။ ၎င်းသည် သလင်းရောင် တောက်ပနေသော ကျောက်တုံးတစ်တုံးဖြစ်ပြီး အဆင့်ရှစ် သက်ရှိတစ်ကောင်၏ နှလုံးမှ ထုတ်ယူထားခြင်းဖြစ်သည်။ အညွှန်းတွင် အာနိသင်ကို မသိရှိရသေးကြောင်း ရေးသားထားသည်။

သူ ခဏတာ စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် မျက်လုံးများ စူးရှသွားကာ စိတ်ထဲတွင် အဖြေတစ်ခု ရရှိလိုက်သကဲ့သို့ ဖြစ်သွားသည်။

ဆက်ရန်...

အပိုင်း(၃၃၄)မျိုးရိုးဗီဇကျူးကျော်ခြင်း

"ဒါက တက်ကြွစွမ်းအင်အစိုင်အခဲများလား"

နှလုံးမှ ထုတ်ယူရရှိသည်ဟူသော အညွှန်းစာကို ဖတ်လိုက်ရသောအခါ လော်ယွမ်၏ စိတ်ထဲတွင် ရေရာသေချာလုနီးပါး ခန့်မှန်းမိလိုက်သည်။

အမှန်အတိုင်း ဆိုရလျှင် ဤသလင်းကျောက်တုံးသည် ယခင်က လော်ယွမ် ရရှိခဲ့ဖူးသော ကျောက်တုံးနှင့် တူညီသည့်အချက် လုံးဝ မရှိပေ။ အရောင်အဆင်းရော ကြည်လင်မှုပါ လွန်စွာ ကွာခြားနေသည်။ အဆင့်(၆) အစိမ်းရောင်အဆင့် မြွေနဂါးထံမှ ရရှိခဲ့သော ကျောက်တုံးမှာ ဝါညစ်ညစ် အနီရောင်သန်းကာ အကြည်ဓာတ် လုံးဝမရှိဘဲ လမ်းဘေးတွင် တွေ့ရတတ်သော ကျောက်ခဲများနှင့် ဘာမျှမခြားပေ။ သို့သော် ယခုကျောက်တုံးမှာမူ အဝါနုရောင်ရှိပြီး တစ်ပိုင်းတစ်စ ကြည်လင်နေသည်။ အကယ်၍ ယှဉ်တွဲထားလိုက်လျှင် ပစ္စည်းအမျိုးအစားတူ ဖြစ်သည်ဟုပင် ထင်မှတ်စရာ အကြောင်းမရှိပေ။

သို့သော် တစ်ခုမှာ အဆင့်(၆) အစိမ်းရောင်အဆင့်သတ္တဝါမှ ရရှိခြင်းဖြစ်ပြီး အခြားတစ်ခုမှာမူ အဆင့်(၈) ဖြစ်နေသည်။ ဤသည်မှာ အဆင့်နှစ်ခု ကွာခြားခြင်းမျှသာ မဟုတ်ဘဲ ကြီးမားသော ကွာဟချက်ကြီးတစ်ခုကို ကျော်ဖြတ်ထားခြင်း ဖြစ်သည်။ သက်ရှိအဆင့်အတန်း တစ်ခုလုံး ပြောင်းလဲသွားပြီး လျှို့ဝှက်ဆန်းကြယ်သော နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အကယ်၍ တူညီနေဦးမည် ဆိုပါက ထိုအချက်ကသာ ပုံမှန်မဟုတ်သော ကိစ္စဖြစ်ပေလိမ့်မည်။

သူက သလင်းကျောက်နှင့် ပတ်သက်သော စာမျက်နှာကို ဖွင့်လိုက်ရာ ပိုမိုအသေးစိတ်သော အချက်အလက်များနှင့် စမ်းသပ်စစ်ဆေးချက် အစီရင်ခံစာများ ပါရှိနေသည်။ လော်ယွမ်က ချန်ရှင်းကျယ်ကို ရှောင်ဖယ်လိုစိတ် မရှိပေ။ ရောင်းချသူမှာ ပြန်လည်ထူထောင်ရေးဇုန်၏ တရားဝင်အဖွဲ့အစည်းဖြစ်ပြီး ဝယ်ယူသူမှာလည်း တိကျသော နာမည်ဖြင့် ဖြစ်သည်။ အကယ်၍ ပြန်လည်ထူထောင်ရေးဇုန်ဘက်က စစ်ဆေးလိုပါက မည်မျှပင် လျှို့ဝှက်ထားပါစေ အလကားပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဖုံးဖိနေမည့်အစား ပွင့်ပွင့်လင်းလင်း ပြသထားလိုက်ခြင်းက ပိုကောင်းပေသည်။

သို့ရာတွင် လော်ယွမ် တစ်ချက်ကြည့်လိုက်ရုံဖြင့် မျက်မှောင်ကြုတ်သွားမိသည်။ ဤအရာသည် အဆင့်(၆) စွမ်းအင်ကျောက်တုံးကဲ့သို့ ဘေးကင်းလုံခြုံခြင်း လုံးဝမရှိဘဲ အလွန်အမင်း အန္တရာယ်များပုံ ရသည်။ ရောင်းချခြင်း မပြုမီက ပြန်လည်ထူထောင်ရေးဇုန်ဘက်မှ စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့ပုံရသည်။ ဥပမာအားဖြင့် ၎င်းသည် ပြင်းထန်သော သတ္တုပျော်ရည်ဖြစ်ပြီး ရေတွင် ပျော်ဝင်လွယ်ကာ အလွယ်တကူ အငွေ့ပျံနိုင်သည်။ ပြင်းထန်သော ဓာတ်တိုးဂုဏ်သတ္တိလည်း ရှိသည်။ သက်ရှိများနှင့် စမ်းသပ်မှုအချို့ ပြုလုပ်ခဲ့သော်လည်း ရလဒ်များမှာ ခြွင်းချက်မရှိ မျိုးရိုးဗီဇ ပြိုလဲပျက်စီးကာ ကျရှုံးခဲ့ရသည်။

သံသယဖြစ်ဖွယ် ကောင်းသည်မှာ စမ်းသပ်မှုကို ဆက်လက်၍ နက်နက်ရှိုင်းရှိုင်း မလုပ်ဆောင်တော့ဘဲ ဤအဆင့်သို့ ရောက်သည်နှင့် ရုတ်တရက် ရပ်တန့်သွားခဲ့ခြင်းပင်။ အထက်လူကြီးများက ဤကိစ္စအပေါ် သုတေသနပြုလုပ်ရန် လက်လျှော့လိုက်ပြီး ဤဝက်ဘ်ဆိုက်မှတစ်ဆင့် ရောင်းချရန် ဆုံးဖြတ်လိုက်ပုံ ရသည်။

လော်ယွမ်က အကြိမ်ကြိမ် စဉ်းစားသော်လည်း အဖြေမထွက်ပေ။ သတင်းအချက်အလက် မပြည့်စုံသဖြင့် ခန့်မှန်းရခက်နေသည်။

အမှန်စင်စစ် သုတေသန ဆက်မလုပ်တော့ခြင်းမှာ အဆင့်(၈) သတ္တဝါများ၏ ထူးခြားသော သဘာဝကြောင့်သာ ဖြစ်သည်။ ဤသတ္တဝါများသည် လူသားတို့၏ စိတ်ကူးဉာဏ်ထက် ကျော်လွန်နေပြီဖြစ်ပြီး တစ်ကောင်ချင်းစီတိုင်းက လူသားတို့အတွက် ကပ်ဘေးဆိုးကြီးများ ဖြစ်သည်။ သာမန်လက်နက်များဖြင့် ၎င်းတို့၏ ဖြစ်တည်မှုကို မည်သို့မျှ မယှဉ်နိုင်တော့ပေ။ ပြန်လည်ထူထောင်ရေးဇုန်ရှိ အနုမြူလက်နက် သိုလှောင်ပမာဏ လေးပုံတစ်ပုံခန့်ကို ဤမယုံကြည်နိုင်ဖွယ် သတ္တဝါများအပေါ်တွင် သုံးစွဲခဲ့ရသည်။ ထိုအနုမြူလက်နက်များ၏ ခြိမ်းခြောက်မှုကြောင့်သာလျှင် ပတ်ဝန်းကျင်ရှိ ထိပ်တန်းသတ္တဝါကြီးများ အနားမကပ်ရဲကြဘဲ ပြန်လည်ထူထောင်ရေးဇုန်၏ လုံခြုံရေးကို အတော်အသင့် ထိန်းထားနိုင်ခြင်း ဖြစ်သည်။

ဤအဆင့် သတ္တဝါများ၏ အသက်ဇီဝအဆင့်အတန်းသည် အသွင်ပြောင်းလဲသွားပြီ ဖြစ်ရာ သေဆုံးပြီးနောက်တွင်ပင် ၎င်းတို့၏ ခန္ဓာကိုယ်က လျှို့ဝှက်ဆန်းကြယ်သော ဂုဏ်သတ္တိများကို ပြသနေဆဲဖြစ်သည်။ ရုပ်အလောင်းမှာ မပုပ်မသိုးဘဲ ရှိနေတတ်ပြီး သေဆုံးပြီးသည်တိုင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ထုတ်လွှတ်နေတတ်သည်။ သာမန်လူများအနေဖြင့် အကာအကွယ်ဝတ်စုံ မပါဘဲ အနားသို့ လုံးဝ ကပ်၍မရနိုင်ပေ။

၎င်း၏ သွေးစီးဆင်းရာ လမ်းတစ်လျှောက်တွင် သက်ရှိဟူသမျှ မျိုးသုဉ်းပျောက်ကွယ်ပြီး မြက်တစ်ပင်မျှပင် မပေါက်ရောက်နိုင်တော့ပေ။ ဤကဲ့သို့သော သတ္တဝါများ၏ အသားနှင့် သွေးများသည် ပြင်းထန်လှသော မျိုးရိုးဗီဇ ကျူးကျော်ဝင်ရောက်နိုင်စွမ်း ရှိကြသည်။ သွေးစက်ထိမှန်လိုက်သည်နှင့် အရေပြားပေါ်သို့ ကျရောက်ခြင်း မျှသာဖြစ်စေကာမူ မျိုးရိုးဗီဇ ပြိုလဲပျက်စီးခြင်း လမ်းဆုံးသို့သာ ရောက်ရှိသွားမည် ဖြစ်ပြီး အဆိုးရွားဆုံး အဆိပ်အတောက်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထို့ကြောင့်လည်း ၎င်း၏ အလောင်းသည် မပုပ်မသိုး ရှိနေခြင်းဖြစ်သည်။ မည်မျှပင် သေးငယ်သော အဏုဇီဝပိုးမွှား ဖြစ်ပါစေ ၎င်း၏ မျိုးရိုးဗီဇ ကျူးကျော်မှုကို ခုခံနိုင်စွမ်း မရှိကြပေ။

ဤမျိုးရိုးဗီဇ ကျူးကျော်နိုင်စွမ်းသည် အပူချိန်မြင့်မားစွာ ပေးလိုက်လျှင်လည်း လျော့ပါးသွားခြင်း မရှိသဖြင့် စားသုံးရန် လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် သုတေသနအတွက် အနည်းငယ် ဖယ်ချန်ထားသည်မှလွဲ၍ ကျန်သည်များကို အပူချိန်မြင့်မီးဖိုဖြင့် မီးရှို့ဖျက်ဆီးပစ်ရသည်။

ဤတက်ကြွစွမ်းအင်အစိုင်အခဲနှင့် ပတ်သက်၍မူ မတော်တဆ တွေ့ရှိခဲ့ခြင်းသာ ဖြစ်သည်။ ထူးခြားသော ဂုဏ်သတ္တိများ ရှိနေသော်လည်း မျိုးရိုးဗီဇ ကျူးကျော်ဝင်ရောက်မှု ပြဿနာကို မဖြေရှင်းနိုင်သမျှ ကာလပတ်လုံး ၎င်းသည် "စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်လိုက်ရင်လည်း အဆီနဲ့ တဝင်းဝင်း" ဆိုသကဲ့သို့ အရာမရောက်သော ပစ္စည်းတစ်ခုသာ ဖြစ်နေသည်။ ဓာတ်ခွဲခန်းရှိ အခြားသော အောင်မြင်နိုင်ချေရှိသည့် ရှုပ်ထွေးသော သုတေသန ပရောဂျက်များနှင့် ယှဉ်လျှင် ၎င်း၏ ဦးစားပေးအဆင့်မှာ နိမ့်လွန်းလှသည်။

ထို့အပြင် ဤသလင်းကျောက်ကို ရောင်းချခြင်းမှာလည်း ထိပ်တန်း ဆင့်ကဲပြောင်းလဲသူများကို အသုံးပြုပြီး သွယ်ဝိုက်သောနည်းဖြင့် လူသားစမ်းသပ်မှု လုပ်လိုသော ရည်ရွယ်ချက်လည်း ပါဝင်နေသည်။ ဈေးနှုန်းအတိအကျ သတ်မှတ်ထားပြီး အလိုရှိသူများ ကိုယ်တိုင် ဆန္ဒအလျောက် လာရောက်ငြိတွယ်မိစေရန် မျှားခေါ်ထားခြင်းသာ ဖြစ်သည်။

………………………………………………………………………………………………………………………

လော်ယွမ်သည် မျက်မှောင်ကို တင်းတင်းကြုတ်ထားလျက် စိတ်ထဲတွင် ချိန်ဆနေမိသည်။

သို့သော် မကြာမီမှာပင် သူ ဆုံးဖြတ်ချက် ချလိုက်သည်။ ဤကဲ့သို့သော ပစ္စည်းမျိုးသည် ရှာဖွေတိုင်း တွေ့ရှိနိုင်သည် မဟုတ်။ နောင်တွင် သုံးဖြစ်သည်၊ မသုံးဖြစ်သည်ကို ခဏထားပြီး ဦးစွာ ဝယ်ယူထားလိုက်ခြင်းက ပိုကောင်းသည်။

မျိုးရိုးဗီဇ ကျူးကျော်ဝင်ရောက်မှု၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ ကောင်းစွာ သိရှိထားသည်။ ဗီဇပြောင်းလူသားများသည် ဆင့်ကဲပြောင်းလဲမှု မအောင်မြင်ဘဲ မျိုးရိုးဗီဇ ကျူးကျော်ခံလိုက်ရသော ရလဒ်များသာ ဖြစ်သည်။ သူတို့၏ အဖြစ်က တော်သေးသည်ဟု ဆိုရမည်။ အနည်းဆုံးတော့ အသက်ရှင်နေကြသေးသည်။ အဆိုးရွားဆုံး အခြေအနေမှာ မျိုးရိုးဗီဇ တိုက်ရိုက်ပြိုလဲပျက်စီးသွားပြီး အသွေး၊ အသားများ ပျက်စီးသွားခြင်းပင် ဖြစ်သည်။

သို့သော် မျိုးရိုးဗီဇဟူသည် အဆင့်မြင့်ရာမှ နိမ့်ရာသို့သာ ကျူးကျော်လေ့ရှိသည်။ အကယ်၍ အဆင့်အတန်း တူညီနေလျှင်သော်လည်းကောင်း၊ သိပ်မကွာခြားလျှင်သော်လည်းကောင်း ကျူးကျော်နိုင်စွမ်းမှာ မရှိသလောက် နည်းသွားမည်ဖြစ်သည်။ ယခုလက်ရှိတွင် အသုံးမပြုနိုင်သေးသော်လည်း နောင်တစ်ချိန် ပိုမိုစွမ်းအားကြီးလာသည့်အခါ အသုံးပြုနိုင်မည့် အခွင့်အလမ်း ရှိလာကောင်း ရှိလာနိုင်သည်။

"ဒါနဲ့... ကျွန်တော့်အကောင့်ထဲမှာ အမှတ်ဘယ်လောက်ရှိလဲ" လော်ယွမ်က ချန်ရှင်းကျယ်ကို မေးလိုက်သည်။ ဝယ်ယူရန် ပြင်လိုက်မှ မိမိတွင် ပိုက်ဆံဘယ်လောက်ရှိမှန်း မသိသည်ကို သတိရသွား၍ ဖြစ်သည်။

"ပထမအဆင့် ဂုဏ်ထူးဆောင်မှတ်တမ်း တစ်ခုကို အမှတ်တစ်သောင်းနဲ့ လဲလို့ရတယ်... ရှင့်မှာက ဂုဏ်ထူးဆောင်မှတ်တမ်း နှစ်ခုဆိုတော့ နှစ်သောင်းပေါ့... ရှင့်အကောင့်ထဲမှာ ဝင်စစ်ကြည့်လို့ ရတယ်" ချန်ရှင်းကျယ်က ပြောရင်း လက်ကျန်ပမာဏ စစ်ဆေးနည်းကို ပြသပေးလိုက်သည်။

လော်ယွမ် စာရင်းကို တစ်ချက်ဝေ့ကြည့်လိုက်ရာ ၎င်းပမာဏသည် ငွေအမြောက်အမြား ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိပ်ဆုံး (၅) မျိုးမှလွဲ၍ စာရင်းထဲရှိ မည်သည့်အရာကိုမဆို သူ ဝယ်ယူနိုင်စွမ်း ရှိနေသည်။ အဆင့်ငါးနေရာတွင် ရှိသော နှင်းကဲ့သို့ ဖြူဖွေးသည့် လှံတိုတစ်စည်း (၅ ချောင်း) ပင်လျှင် နှစ်သောင်းရှစ်ထောင်သာ ကျသင့်ရာ သူနှင့် ရှစ်ထောင်သာ ကွာသည်။

ဟို တက်ကြွစွမ်းအင်အစိုင်အခဲမှာမူ အမှတ် (၁၅၀၀) သာ ရှိသဖြင့် ဝယ်ယူရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

လော်ယွမ်က လျင်မြန်စွာပင် ဝယ်ယူမှု ပြုလုပ်လိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ "ပစ္စည်းက ရောက်ဖို့ ဘယ်လောက်ကြာလဲ"

"မြန်ရင် တစ်ရက်... ကြာရင် နှစ်ရက်ပဲ... ဒါပေမဲ့ ဒီမှာတော့ ပုံမှန်ဆို တစ်ရက်အတွင်း ရောက်တယ်"

"ဒါဆို တော်သေးတာပေါ့... ကျွန်တော် ဆက်ကြည့်လိုက်ဦးမယ်... လုပ်နည်းလည်း သိသွားပြီဆိုတော့ ခင်ဗျားလုပ်စရာရှိတာ သွားလုပ်ပါ... အိမ်သွားကြည့်ခါနီးကျမှ ပြန်ခေါ်လိုက်မယ်"

လော်ယွမ်က ချန်ရှင်းကျယ်ဘက် လှည့်ကာ ပြောလိုက်သည်။ သူဘာဝယ်သည်ကို တစ်ဖက်လူ မြင်သွားခြင်းအပေါ် ဂရုမစိုက်သော်လည်း လူတစ်ယောက်က နောက်ကျောဘက်တွင် တစ်ချိန်လုံး စိုက်ကြည့်နေသည်မှာ နေရထိုင်ရ ခက်စေသည်။

"ကောင်းပါပြီရှင်... တကယ်လည်း လုပ်စရာလေးတွေ ရှိနေတာ... ကျွန်မရုံးခန်းက ဘေးကပ်လျက်မှာပဲ... အဲဒီကျမှ ပြန်တွေ့ကြတာပေါ့... လှမ်းခေါ်ဖို့မမေ့နဲ့နော်"

ချန်ရှင်းကျယ်က ပြုံးရွှင်စွာ ပြောသည်။ သူမ၏ အမူအရာမှာ တည်ကြည်၍ ကျက်သရေရှိလှသည်။ ထို့နောက် ခါးလေးနွဲ့ကာ ပြတ်ပြတ်သားသားပင် လှည့်ထွက်သွားရာ သင်းပျံ့သော ရနံ့လေးတစ်ခု ကျန်ရစ်ခဲ့သည်။

လော်ယွမ် တစ်ချက်ပြုံးလိုက်ပြီး အကြည့်ကို ပြန်ရုတ်သိမ်းကာ မိမိအတွက် အသုံးဝင်မည့် ပစ္စည်းများကို ဆက်လက် ရှာဖွေလိုက်သည်။ ပါဝင်သော ပစ္စည်းများမှာ စုံလင်လှသည်။ ဥပမာ - ကယောင်ကတမ်း ဖြစ်စေနိုင်သော မျက်လုံးများ၊ အရေပြားကို မာကျောစေသော သစ်ပင်အစေးများနှင့် ကိုယ်ပျောက်နိုင်သော ခေါင်းစွပ်အင်္ကျီများ စသည်ဖြင့်။

သို့သော် သူသည် အထူးအဆန်းအနေဖြင့်သာ ကြည့်ရှုခြင်း ဖြစ်သည်။ ယခုလက်ရှိ သူ့အနေအထားအတွက် ထိုပစ္စည်းများသည် သိပ်အသုံးမဝင်လှပေ။ အများဆုံး တွေ့ရသော လက်နက်ပစ္စည်းများကိုမူ သူ လုံးဝ စိတ်မဝင်စားပေ။ ထိုသို့ပြောလျှင်လည်း မမှန်သေး အနည်းဆုံးတော့ လက်နက်လုပ်သည့် ကုန်ကြမ်းပစ္စည်းများကိုမူ စိတ်ဝင်စားသေးသည်။ သို့သော် လော်ယွမ့်အမြင်အရဆိုလျှင် ထိုလက်နက်များ၏ တန်ဖိုးအများစုသည် ပြုလုပ်ခအတွက်သာ ဖြစ်ပြီး ကုန်ကြမ်းတန်ဖိုးမှာမူ ပြောပလောက်အောင် မရှိလှပေ။

စိတ်မကောင်းစရာမှာ သူ အလိုချင်ဆုံးဖြစ်သည့် အဆင့်(၈) ကုန်ကြမ်းပစ္စည်းများ သီးသန့်ရောင်းချခြင်း မရှိခြင်းပင်။ လက်နက်အချောထည်များမှာမူ ဈေးနှုန်း အလွန်အမင်း ကြီးမြင့်လွန်းလှသည်။ သူကဲ့သို့ ငွေဖြုန်းချင်သူပင် ထိုမျှလောက် မတတ်နိုင်ပေ။ ထို့ကြောင့် အဆင့်(၇) အစိမ်းရင့်ရောင်ပစ္စည်းများထဲမှ တစ်ခုကိုသာ ရွေးချယ်ရတော့မည်။ သူ တစ်မျက်နှာပြီး တစ်မျက်နှာ လှန်ကြည့်နေရင်း ရုတ်တရက် မျက်လုံးများ အရောင်တောက်သွားပြီး မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။

၎င်းသည် ခရုပတ်ပုံသဏ္ဌာန်ရှိသော ဦးချိုတစ်ခု ဖြစ်သည်။ အရှည် လေးပေခွဲခန့် ရှိပြီး အတုတ်ဆုံးနေရာမှာ ပန်းကန်လုံး အရွယ်အစားခန့် ရှိသည်။ ထိပ်ဖျားမှာ ဆူးသွားကဲ့သို့ ချွန်ထက်နေပြီး အလေးချိန် (၆၅) ကီလိုဂရမ် ရှိသည်။ အဆင့်(၇) ဖြစ်ပြီး ဦးချိုတစ်ခုလုံး အဖြူရောင်တွင် ရွှေရောင်သန်းနေကာ စူးရှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ဓာတ်ပုံထဲမှ ကြည့်ရုံမျှဖြင့်ပင် ၎င်းမှ ထွက်ပေါ်နေသော စူးရှပြင်းထန်သည့် အငွေ့အသက်ကို ခံစားမိနေသည်။ ဖော်ပြချက်အရ ၎င်းတွင် ဖျက်ဆီးပစ်နိုင်သော လျှို့ဝှက်စွမ်းအားတစ်ခု ပါရှိရာ အနားသို့ ပင် ကပ်၍ မရနိုင်ပေ။ ထိတွေ့မိသည်နှင့် လက်ကို အပ်ဖြင့် ထိုးသကဲ့သို့ ခံစားရမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ အသားစများ ပုပ်သိုးပျက်စီးသွားမည် ဖြစ်သည်။

ထို့ကြောင့်လည်း သဘာဝလက်နက်တစ်ခုအဖြစ် သတ်မှတ်နိုင်သော ဤဦးချိုသည် အခြား အဆင့်(၇) လက်နက်များထက် ဈေးနှုန်းများစွာ သက်သာနေခြင်း ဖြစ်သည်။ ပုံမှန် အဆင့်(၇) လက်နက်ဈေးနှုန်း၏ သုံးပုံတစ်ပုံအောက်ပင် လျော့နည်းနေသေးသည်။

သို့သော် အခြား ဆင့်ကဲပြောင်းလဲသူများ အသုံးမပြုနိုင်သော ဤလက်နက်က လော်ယွမ့်အတွက်မူ မည်သည့်ပြဿနာမျှ မရှိပေ။ ယခုအခါ ကျန်းမာတောက်ဓားသည် သူ၏ သွေးကြောတစ်ခု ပမာ ပေါင်းစပ်နေပြီဖြစ်ရာ စိတ်တိုင်းကျ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ ကျန်းမာတောက်ဓားတွင် ပါဝင်လာမည့် စွမ်းရည်များကိုလည်း ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်မည်ဖြစ်၍ လက်နက်က မိမိကိုယ်ကို ပြန်လည်ထိခိုက်စေမည့် ဖြစ်နိုင်ချေ လုံးဝမရှိပေ။

သူက လျင်မြန်စွာပင် ဝယ်ယူလိုက်သည်။ ထို့နောက် ခေတ္တမျှ ထပ်မံရှာဖွေလိုက်ရာ မကြာမီ နောက်ဆုံးသို့ ရောက်သွားသဖြင့် ကွန်ပျူတာကို ပိတ်လိုက်သည်။ အတွင်းရှိ ပစ္စည်းများစွာကို အပေါ်ယံမျှသာ ဝေ့ကြည့်ခဲ့သဖြင့် ကောင်းမွန်သော ပစ္စည်းများစွာ ကျန်ရစ်ကောင်း ကျန်ရစ်ခဲ့နိုင်သည်။ သို့သော် လောလောဆယ်တွင် အလောတကြီး မလိုသေးပေ။

ဆက်ရန်...

All Chapters