ကျွမ်းကျင်မှု မျက်နှာပြင် (ဝါ) ကျွမ်းကျင်မှု ပြသဘောင်
Vol. 1 Ch. 1
~ယွင်ကျန်းဂိုဏ်း...
အပြင်စည်း ဂိုဏ်း ၊ စမ်းသပ်စစ်ဆေးရေး တောင်ထွတ်ရှိ နတ်ဘုရား သွန်းလောင်းစင်မြင့်ထက်ဝယ် လေပြင်းတို့က တဟူးဟူး တိုက်ခိုက်နေလေ၏။
စုယွီ တစ်ယောက် အိပ်ရာမှ လန့်နိုးလာသကဲ့သို့ ဗြုန်းခနဲ မျက်လုံးပွင့်လာသည်။ သူ့တစ်ကိုယ်လုံးတွင် ချွေးစေးများဖြင့် ရွှဲနစ်နေပြီး အသက်ရှူသံများကလည်း မြန်ဆန်နေချေသည်။ သူ့ခေါင်းထဲတွင် အုံခဲနေသော ဝေဒနာကို ခံစားနေရဆဲဖြစ်ပြီး ပတ်ဝန်းကျင် အခြေအနေကို သတိမကပ်နိုင်သေးခင်မှာပင် အသံ တစ်ခုက သူ့နားစည်ထဲသို့ တိုးဝင်လာတော့၏။
"စုယွီ... တတိယအဆင့် ဝိညာဉ်စမ်းသပ်မှု... အဆင့် (၁၀) ချိတ်ပါသည်"
စင်မြင့်ထက်တွင် ရှိနေကြသော ယွင်ကျန်းဂိုဏ်းမှ တာဝန်ရှိသူ အကြီးအကဲအချို့သည် စုယွီ၏ အချက်အလက်များကို ဖတ်ရှုရင်း ခေါင်းခါယမ်းလိုက်ကြလေသည်။ သူတို့၏ မျက်နှာထားများမှာ တည်ကြည်လေးနက်လွန်းလှပြီး စာနာစိတ်ဟူ၍ ရှားစောင်းလက်တစ်သစ်ခန့်ပင် ရှာမတွေ့နိုင်ချေ။
"ဒီကောင်လေးရဲ့ စွမ်းဆောင်ရည်က မဆိုးဘူး... ပျမ်းမျှ အဆင့်ထက်တော့ ကျော်လွန်တယ်"
"သို့သော်ငြားလည်း... သူ့ရဲ့ ဝိညာဉ်အမြစ်က အနိမ့်စား အဆင့်ပဲ ရှိတယ်... ဉာဏ်ရည်ဉာဏ်သွေးကလည်း နိမ့်ကျလွန်းတယ်... ပြီးတော့ အသက်ကလည်း (၁၆) နှစ် ပြည့်ခါနီးနေပြီ"
"ဖယ်ထုတ်လိုက်"
"ထောက်ခံပါတယ်... ဖယ်ထုတ်လိုက်ပါ"
ယခုနှစ် ယွင်ကျန်းဂိုဏ်း၏ ဝင်ခွင့် စာမေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူ သုံးရာကျော် ရှိသော်လည်း နေရာလွတ်က (၃၀) သာ ရှိပေသည်။ စုယွီ၏ တတိယအဆင့် ရမှတ်မှာ မဆိုးလှသော်လည်း အနိမ့်စား ဝိညာဉ်အမြစ်နှင့် ထိုင်းမှိုင်းသော ဉာဏ်ရည်တို့က ပြုပြင်၍ မရနိုင်သော အားနည်းချက်ကြီး ဖြစ်နေရှာ၏။ ထို့ကြောင့် ဂိုဏ်းဝင်ခွင့် ရရှိရန် လုံလောက်သော အကြောင်းပြချက် မရှိတော့ပေ။
နတ်ဘုရား သွန်းလောင်းစင်မြင့်ပေါ်မှ လူငယ်များသည် တစ်ယောက်ပြီး တစ်ယောက် သတိပြန်ဝင်လာကြပြီး တတိယအဆင့် ရလဒ်များကို ကြေညာနေကြသည်။ ဤအဆင့်သည် ဝိညာဉ်ယဇ်ပလ္လင်၏ အခြေခံအုတ်မြစ်နှင့် စိတ်ဆန္ဒ ခိုင်မာမှုကို စမ်းသပ်ခြင်း ဖြစ်သောကြောင့် 'ဝိညာဉ်စမ်းသပ်မှု' ဟု ခေါ်ဆိုကြခြင်း ဖြစ်လေသည်။
"အစ်ကိုယွီ... တတိယအဆင့်မှာ ဒီလောက် ရမှတ်ကောင်းတာဆိုတော့ အစ်ကို့အနေနဲ့ ယွင်ကျန်းဂိုဏ်းကို ဝင်ခွင့်ရဖို့ အခွင့်အရေး ရှိတာပေါ့နော်"
ဘေးနားမှ ဆွေမျိုးသားချင်း တော်စပ်သူ စုချင်းယီ က မရေရာသော လေသံဖြင့် လှမ်းပြောလိုက်သည်။ သူ့အသံထဲတွင် မနာလိုဝန်တိုမှုတို့က အထင်းသား ပေါ်လွင်နေလျက်။
စုချင်းယီ၏ ပထမအဆင့် နှစ်ခုမှ ရမှတ်များမှာ မဆိုးလှသော်လည်း၊ ဝိညာဉ်အမြစ်မှာ အလယ်အလတ်သာ ရှိပြီး ဉာဏ်ရည်မှာလည်း သာမန်မျှသာ ဖြစ်၏။ သို့သော် တတိယအဆင့် ဝိညာဉ်စမ်းသပ်မှုတွင်မူ သူ့အဆင့်သည် (၆၀) ကျော်အထိ ထိုးကျသွားခဲ့လေ၏။ ဤရမှတ်မျိုးဖြင့် ယွင်ကျန်းဂိုဏ်းသို့ ဝင်ခွင့်ရရန်မှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
စုယွီ ဘာမှ ပြန်မပြောမိ။
'ဒီကောင်က တော်တော် စကားများတဲ့ကောင်ပဲ... ပါးစပ်ကသာ အခွင့်အရေး ရှိတယ် ပြောနေတာ... စိတ်ထဲမှာတော့ ငါ့ကို ပြုတ်စေချင်နေတာ သေချာတယ်'
သူ့စိတ်ထဲတွင် ကျိတ်ပြီး တွေးလိုက်မိသည်။ တကယ်တမ်းသာ သူသည် တတိယအဆင့်တွင် ထိပ်ဆုံး (၃) ယောက် စာရင်းဝင်ခဲ့လျှင် ဂိုဏ်းက ခြွင်းချက်အနေဖြင့် လက်ခံကောင်း လက်ခံနိုင်ပေမည်။ သို့သော် အဆင့် (၁၀) ဆိုသည့် နေရာ၊ အဆင့်နိမ့် ဝိညာဉ်အမြစ်နှင့် ထုံထိုင်းသော ဉာဏ်ရည်တို့ ပေါင်းစပ်လိုက်သောအခါ... မျှော်လင့်ချက် ရောင်ခြည်သည် မှိန်ဖျော့သွားခဲ့ရပြီ ဖြစ်ချေ၏။
ထိုစဉ် ဘေးနားတွင် ရပ်နေသော မိန်းကလေးတစ်ဦးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တိုးညှင်းသော လေသံဖြင့် ဝင်ပြောလိုက်သည်။
"ချင်းယီ... တော်တော့... စကားကို ဆင်ခြင်စမ်း"
"အစ်မကြီးရာ... ကျွန်တော်က တကယ်ပြောတာပါ... ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုယွီရဲ့ ရမှတ်က အစ်မကြီးထက်တောင် ပိုကောင်းနေသေးတာကိုး"
စုချင်းယီက အသံကို နှိမ့်လိုက်ပြီး စုယွီကို မျက်လုံးထောင့်ကပ်၍ ခိုးကြည့်လိုက်သည်။ မိန်းကလေးကတော့ ဘာမှ ဆက်မပြောဘဲ နှုတ်ဆိတ်နေလိုက်တော့၏။
သူတို့သုံးဦးလုံးသည် မြစ်ရေစီးမြို့တော်ရှိ ကျင့်ကြံသူ မိသားစုကြီး တစ်ခုဖြစ်သော 'စု' အိမ်တော်မှ ဆင်းသက်လာကြသူများ ဖြစ်၏။ မိန်းကလေး၏ အမည်မှာ စုဇီ ဖြစ်ပြီး စုအိမ်တော်၏ အကြီးဆုံး သမီးပျိုလည်း ဖြစ်သလို၊ သူတို့သုံးဦးအနက် ပါရမီ အရှိဆုံး သူလည်း ဖြစ်ပေသည်။ သူမ၏ ဝိညာဉ်အမြစ်၊ ဉာဏ်ရည်နှင့် ဝိညာဉ်စမ်းသပ်မှု ရမှတ်များ အားလုံးသည် ပျမ်းမျှအဆင့်ထက် ကျော်လွန်နေသဖြင့် ယွင်ကျန်းဂိုဏ်းသို့ ဝင်ခွင့်ရရန်မှာ မြေကြီးလက်ခတ်မလွဲ သေချာသလောက် ရှိနေလေသည်။
ထင်ထားသည့်အတိုင်းပင်...
မကြာမီမှာပင် စင်မြင့်ထက်မှ အာဏာစက် ပြင်းထန်သော အသံ တစ်ခု ထွက်ပေါ်လာတော့၏။
"အားလုံး တိတ်ကြ... ယွင်ကျန်းဂိုဏ်းရဲ့ ဂိုဏ်းသားအဖြစ် ရွေးချယ်ခံရသူတွေရဲ့ နာမည်စာရင်းကို ကြေညာတော့မယ်"
"ကုန်းစွန်းယီ... ချန်ပိုင်လိုင်... ဟဲရှို့... စုဇီ... လင်းသန်းလန်..."
"နာမည်ပါတဲ့သူတွေ ကျန်ခဲ့... ကျန်တဲ့လူတွေ အားလုံး ယွင်ကျန်းဂိုဏ်းကနေ ထွက်သွားကြတော့"
စုချင်းယီ တစ်ယောက် သူ့နာမည် ပါမလာသည့်အတွက် မျက်နှာပျက်ယွင်းသွားကာ မကျေမနပ် ဖြစ်သွားတော့၏။ သို့သော် သူ ဘာတတ်နိုင်မည်နည်း။
အခြား ပြုတ်ကျန်ခဲ့သူများနှင့်အတူ ခေါင်းငိုက်စိုက်ချကာ ထွက်ခွာသွားရုံမှတပါး အခြားမရှိ။
စိတ်ဓာတ်ကျလွန်းနေသဖြင့် သူ့ဘေးနားမှ စုယွီ၏ ပုံစံမှာ ပြိုင်ပွဲကျရှုံးသူနှင့် မတူဘဲ၊ တစ်စုံတစ်ခုကို ကြောင်ငေး တွေးတောနေသည့် ပုံစံပေါက်နေသည်ကိုပင် သတိမထားမိလိုက်ချေ။
ဂိုဏ်းတံခါးဝ အပြင်ဘက်တွင်တော့ စုအိမ်တော်၏ ခေါင်းဆောင်၊ စုဇီ၏ ဖခင်ဖြစ်သူ စုဖုန် နှင့် အကြီးအကဲ အချို့က စောင့်ဆိုင်းနေကြသည်။ စုဇီ ဂိုဏ်းဝင်ခွင့် ရသွားကြောင်း သိလိုက်ရသောအခါ သူတို့အားလုံး ဝမ်းသာအားရ ဖြစ်သွားကြလေ၏။
အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျန်းမာကြံ့ခိုင်သော လူလတ်ပိုင်းအရွယ် စုဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
"ကောင်းတယ်... တော်တော်ကောင်းတယ်... သမီးလေး ဇီအာက ယွင်ကျန်းဂိုဏ်းကို ဝင်ခွင့်ရသွားပြီ... ငါတို့ စုမိသားစုအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီဟေ့"
ဝမ်းသာ၍ အားရသွားသောအခါမှ ဘေးနားတွင် ငူငူငိုင်ငိုင် ဖြစ်နေသော စုချင်းယီ နှင့် မျက်လုံးအပြူးသား ဖြစ်နေသော စုယွီ ကို လှမ်းကြည့်မိလေသည်။ သူက နှစ်သိမ့်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်လည်း စိတ်ဓာတ်မကျကြပါနဲ့ကွာ... ယွင်ကျန်းဂိုဏ်းကို မဝင်ရတာ နစ်နာတယ် ဆိုပေမယ့်၊ အိမ်မှာပဲ နေပြီး သေသေချာချာ ကျင့်ကြံမယ်ဆိုရင် မင်းတို့ရဲ့ အနာဂတ်က နိမ့်ကျမှာ မဟုတ်ပါဘူး"
"မင်းတို့ သိထားရမှာက... ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က 'ဆရာသခင် ပိုင်ယွဲ့' ဆိုရင် ငယ်ငယ်တုန်းက အဆင့်နိမ့် ဝိညာဉ်အမြစ်မို့လို့ လမင်း ဂိုဏ်းတော်ကြီးက ပယ်ချတာ ခံခဲ့ရဖူးတယ်... သူက လေလွင့် ကျင့်ကြံသူ တစ်ယောက် ဘဝနဲ့ပဲ ရပ်တည်ခဲ့ရတာ"
"ဒါပေမဲ့ အခုကြည့်စမ်း... သူ တည်ထောင်ခဲ့တဲ့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်က လမင်းနယ်မြေ တစ်ခုလုံးမှာ ထိပ်တန်း အဆင့်ပါပဲကွ... မင်းတို့နှစ်ယောက် အိမ်မှာနေပြီး ကြိုးကြိုးစားစား ကျင့်ကြံမယ်ဆိုရင် မင်းတို့ရဲ့ စမှတ်က ဆရာသခင် ပိုင်ယွဲ့ ထက်တောင် သာလွန်နေပါသေးတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ စုချင်းယီ ၏ မျက်လုံးများ အရောင်တောက်လာသည်။ အိမ်တော်သခင်၏ စကားလုံးများက သူ့ကို ခွန်အားသစ်များ ပေးစွမ်းလိုက်သည့်နှယ်။
ဆရာသခင် ပိုင်ယွဲ့ တောင် အဆင့်နိမ့် ဝိညာဉ်အမြစ်နဲ့ အောင်မြင်ခဲ့သေးတာ... သူက အလယ်အလတ် ဝိညာဉ်အမြစ်ပဲ... ဘာလို့ မအောင်မြင်ရမှာလဲ ဟူသော အတွေးဖြင့် မာန်တက်လာတော့၏။
သို့သော် စုယွီ ကတော့ ဘာမှ သိပ်မခံစားရ။ သူ့ရှေ့တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးက အိပ်မက်တစ်ခုလိုလို၊ တကယ်လိုလို ဝေဝါးနေဆဲ။
'နေပါဦး... ငါ မနေ့ညက ဂိမ်းတစ်ညလုံး ထိုင်ဆော့ပြီး အိပ်ပျော်သွားတာ မဟုတ်လား... ဘယ်လိုလုပ်ပြီး ဒီကမ္ဘာကို ရောက်လာရတာလဲ... ပြီးတော့ ဆရာသခင် ပိုင်ယွဲ့ ဆိုတဲ့ နာမည်ကလည်း ရင်းနှီးနေသလိုပဲ... ငါဆော့နေတဲ့ ဂိမ်းထဲက အစောပိုင်း boss အသေးစားလေးရဲ့ နာမည်နဲ့ တူနေပါလား'
အူကြောင်ကြောင် မျက်နှာပေးဖြင့်ပင် စုယွီ တစ်ယောက် စုဖုန် နှင့် အကြီးအကဲများ၏ နောက်သို့ လိုက်ပါကာ မြစ်ရေစီးမြို့တော်သို့ ပြန်ခဲ့ရလေတော့၏။
လမ်းခုလတ်တွင်...၊
သူတို့နှင့် ပြိုင်ဘက် ဖြစ်သော လင်းမိသားစုနှင့် ဆုံစည်းမိကြသည်။ လင်းမိသားစုဘက်မှလည်း လူတစ်ယောက် ဂိုဏ်းဝင်ခွင့် ရခဲ့သော်လည်း အဆင့်က နောက်ဆုံးနားတွင်သာ ရှိသဖြင့် စုဇီ ကို ယှဉ်နိုင်စွမ်း မရှိချေ။ ထို့ကြောင့် လင်းမိသားစုဝင်များ၏ မျက်နှာထားမှာ မိုးခြိမ်းတော့မည့် တိမ်တိုက်မည်းကြီးများနှယ် အုံ့မှိုင်းနေကြသည်။
"ဟွန်း... သွားကြစို့"
လင်းမိသားစု၏ ခေါင်းဆောင် အကြီးအကဲ လင်းခွေ က မထီမဲ့မြင် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဝိညာဉ်မြင်းကို နှင်ကာ ရှေ့သို့ ဒရောသောပါး ထွက်ခွာသွားတော့၏။ စုမိသားစုဝင်များကို ကြည့်ရသည်မှာ သူ့မျက်စိထဲတွင် ဆူးတစ်ချောင်းလို စူးနေပုံရ၏။
မြစ်ရေစီးမြို့တော်သည် ယွင်ကျန်းဂိုဏ်းနှင့် မနီးမဝေးတွင် တည်ရှိသော မြို့ငယ်လေး တစ်မြို့ ဖြစ်ပြီး လူဦးရေ တစ်သိန်းကျော်ခန့်သာ ရှိသည်။ မြို့၏ တစ်ဝက်ကို စုမိသားစုက ထိန်းချုပ်ထားပြီး ကျန်တစ်ဝက်ကို လင်းမိသားစုက ပိုင်စိုးထားရာ သူတို့နှစ်ဖက်သည် ကျားနှင့် ဆင် လည်ပြန်ကြည့် သကဲ့သို့ အမြဲတစေ ပြိုင်ဆိုင်နေကြခြင်း ဖြစ်ပေသည်။
(၃) ရက် ကြာပြီးနောက်...
စုယွီ သည် စုအိမ်တော်သို့ ပြန်လည် ရောက်ရှိလာလေ၏။ မူလက သူသည် ဘေးနားဆွေမျိုး အဆက်အနွယ် တစ်ယောက်သာ ဖြစ်ပြီး အိမ်တော်၏ အစွန်အဖျားရှိ တဲအိမ်စုတ်လေးတွင်သာ နေထိုင်ခဲ့ရသူ ဖြစ်၏။ မိဘနှစ်ပါးက ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့ပြီး မိသားစုက ကျွေးမွေး စောင့်ရှောက်ထားရသည့် 'မိဘမဲ့ ဇာတ်လိုက်' ဘဝမျိုးပင်။
သို့သော် ယခု ပြန်ရောက်လာသောအခါ အခြေအနေများက ပြောင်းလဲသွားခဲ့ချေပြီ။ မိသားစုက သူ့အတွက် အိမ်တော်ဝင်း အတွင်းရှိ ခြံဝန်းတစ်ခုကို သန့်ရှင်းရေး လုပ်ပေးထားပြီး၊ ချောမောလှပသော အိမ်ဖော်မလေး တစ်ယောက်ကိုပါ ပြုစုစောင့်ရှောက်ရန် ထည့်ပေးထားလေသည်။ အကြောင်းမှာ သူသည် ဝိညာဉ်အမြစ် ရှိသူ တစ်ယောက် ဖြစ်နေပြီး ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းနိုင်သည့် 'ကျင့်ကြံသူ' တစ်ယောက် ဖြစ်လာသောကြောင့်ပင်။
ကျင့်ကြံသူ ဟူသမျှသည် မိသားစု၏ အဓိက ထောက်တိုင်များ ဖြစ်ကြပြီး မိသားစု ကြီးပွားတိုးတက်ရေးအတွက် သော့ချက်များ ဖြစ်ကြသည် မဟုတ်ပါလော။ ထို့ကြောင့် စုယွီ ကို စုမိသားစုက လျစ်လျူရှုထားမည် မဟုတ်ပေ။
ပထမ အကြီးအကဲထံမှ ယခုလအတွက် ရိက္ခာများ ဖြစ်သော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အဆင့်နိမ့် ဝိညာဉ်ဆန် ပေါင် (၃၀) ကို ထုတ်ယူပြီးနောက်၊ စုယွီ သည် သူ့အတွက် သတ်မှတ်ပေးထားသော ခြံဝန်းလေးထဲသို့ ပြန်ရောက်လာလေ၏။
"အဆင့်နိမ့် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်... ဟုတ်လား"
စုယွီ က တင်ပျဉ်ခွေ ထိုင်လိုက်ရင်း တွေးတောလိုက်သည်။ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံက ဓာတ်ကြီးငါးပါးလုံး မျှတစွာ ပါဝင်နေသည့် ဝိညာဉ်အမြစ် ဖြစ်၏။ ဤကဲ့သို့ မျှတသော ဖွဲ့စည်းပုံမျိုးက ရှားပါးလှသော်လည်း၊ 'အဆင့်နိမ့်' ဖြစ်နေခြင်းကတော့ သိပ်ပြီး အသုံးမဝင်လှချေ။
သူ့ခန္ဓာကိုယ် ပိုင်ရှင်ဟောင်း လေ့ကျင့်ခဲ့သော ကျင့်စဉ်မှာ 'အစိမ်းရောင် ပေါပလာကျမ်း' (အ့လိုပဲ ရေးထားပါတယ်) ဖြစ်ပြီး သစ်သားဓာတ် အခြေခံ ကျင့်စဉ်တစ်ခု ဖြစ်၏။ ဤကျင့်စဉ်ဖြင့် ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့် အထိ လေ့ကျင့်နိုင်သည် ဆိုသော်လည်း၊ လောလောဆယ်တွင် သူက ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့်မှာသာ
ရှိနေသေးသော သာမန် လူသား တစ်ယောက်သာ ဖြစ်၏။
ရိုးရိုးသားသား ပြောရလျှင် ဒီကျင့်စဉ်က မဆိုးပါ။ လေလွင့် ကျင့်ကြံသူ တစ်ယောက် အနေနှင့် (၃) ဆင့် (၆) ဆင့် လောက်ထိ လေ့ကျင့်နိုင်သော ကျင့်စဉ်မျိုး ရဖို့တောင် မလွယ်ကူလှပေ။
ပြဿနာက သူ ဘယ်ကျင့်စဉ်ကို ရွေးချယ်မလဲ ဆိုတာ မဟုတ်။ သူ့မှာ ရွေးချယ်စရာ အခြား ကျင့်စဉ်လည်း မရှိ။ ပြဿနာက... သူ အာရုံစိုက်လိုက်သည့် အချိန်၌ သူ့မျက်လုံးရှေ့တွင် ပေါ်လာသော စာတန်းများပင် ဖြစ်တော့၏။
[ အမည် - စုယွီ ]
[ ကျင့်ကြံမှု အဆင့် - ချီစွမ်းအင် စုစည်းခြင်း (ပထမအဆင့်) ]
[ သက်တမ်း - ၁၆ / ၉၈ ]
[ ကျင့်စဉ် - အစိမ်းရောင် ပေါပလာကျမ်း (အဆင့် ၁၊ ကျွမ်းကျင်မှု ၁.၆%) ]
[ မန္တန်များ - နွယ်ပင် ထိန်းချုပ်ခြင်း (ကျွမ်းကျင်မှု ၃.၄%)၊ ဝိညာဉ် မွေးမြူခြင်း (ကျွမ်းကျင်မှု ၆.၅%) ]
ဒါက အလွန် ရိုးရှင်းသော အချက်အလက်ပြ မျက်နှာပြင် တစ်ခုပင်။
သို့သော် ထိုအရာကို မြင်လိုက်ရသောအခါ စုယွီ တစ်ယောက် စိတ်နှင့် လူနှင့် မကပ်တော့သလို ခံစားလိုက်ရသည်။ သူ မျက်ခုံးပင့်လိုက်မိ၏။
'ငါ တကယ်ပဲ တခြား ကမ္ဘာကို ရောက်လာတာလား... ဒါမှမဟုတ် ဂိမ်းထဲကို ရောက်နေတာလား'
ခဏမျှ စဉ်းစားပြီးနောက် ခြံဝန်းထဲတွင် သန့်ရှင်းရေး လုပ်ရင်း သူ့ကို ခိုးခိုးကြည့်နေသော အိမ်ဖော်မလေးကို လှမ်းခေါ်လိုက်သည်။
"လင်းတုန်... ဒီကို ခဏလာပါဦး"
ပေလင်းတုန်၏ ချောမောသော မျက်နှာလေးသည် ချက်ချင်းပင် ပန်းရောင်သန်းသွားပြီး ခေါင်းလေး ငုံ့ကာ အပြေးကလေး ရောက်လာလေသည်။
"သခင်လေးယွီ..."
"အား... နာတယ်..."
နောက်တစ်စက္ကန့်တွင် ပေလင်းတုန် ထံမှ နာကျင်စွာ အော်ဟစ်သံလေး ထွက်ပေါ်လာသည်။ သူမသည် ပါးပြင်နှစ်ဖက်ကို လက်ဝါးလေးများဖြင့် အုပ်ရင်း မျက်ရည်ဝဲသော မျက်လုံးများဖြင့် စုယွီ ကို မော့ကြည့်လိုက်သည်။ သူမ၏ အကြည့်များတွင် 'ကျွန်မ ဘာအပြစ် လုပ်မိလို့လဲ' ဟူသော သံသယများနှင့် ပြည့်နှက်နေလေ၏။ သခင်လေးက ဘာကြောင့်များ သူမ၏ ပါးပြင်ကို လက်နှစ်ဖက်လုံးဖြင့် အားရပါးရ ဆွဲညှစ်လိုက်ရသနည်း။
စုယွီ ကတော့ မျက်နှာထား တစ်ချက် မပျက်။ အိမ်ဖော်မလေး၏ ပါးကို ဆွဲညှစ်ထားသော လက်များကို ပြန်ရုပ်လိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်း ကြည့်ချင်ရင် တည့်တည့်သာ ကြည့်ပါ... ခိုးကြည့်နေစရာ မလိုပါဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ ပေလင်းတုန် ၏ မျက်နှာလေးသည် ခရမ်းချဉ်သီးမှည့် တစ်လုံးလို ရဲခနဲ ဖြစ်သွားပြီး ခေါင်းကို ငုံ့ထားလိုက်တော့၏။ သူမ၏ ရင်ထဲတွင် အရှက်သည်းမှုတို့ လှိုင်းထကာ စုယွီ ကို မကြည့်ရဲတော့ပေ။ သို့သော် သူမ ရှက်သွေးဖြာနေချိန်တွင် စုယွီ ၏ မျက်နှာပေါ်တွင် ပေါ်လာသော လေးနက်သည့် တွေးတောမှု အရိပ်အယောင်ကိုတော့ သတိမထားမိလိုက်ချေ။
'နာကျင်မှု...'
'NPC တွေက နာကျင်မှုကို ခံစားတတ်သလား... ငါ စမ်းသပ်ကြည့်လိုက်တာ သူတို့ တကယ် ခံစားတတ်တယ်ပဲ'
စုယွီ ကိုယ့်ဘာသာကိုယ် တွေးလိုက်မိသည်။
'ဆရာသခင် ပိုင်ယွဲ့ ဆိုတာ ဂိမ်းထဲက အသေးစား boss တစ်ကောင် ဆိုတာ သေချာတယ်... ဒါပေမဲ့ ဒီ ယွင်ကျန်းဂိုဏ်း ဆိုတာက ဘာကြီးလဲ... ဂိမ်းထဲမှာ ယွင်ကျန်းဂိုဏ်း ဆိုတာ မပါသလို၊ ဆရာသခင် ပိုင်ယွဲ့ နေတဲ့ နေရာကလည်း လမင်းမြို့တော် မဟုတ်ဘူးလေ'
'ဒါဆိုရင်... ဒါက တိုက်ဆိုင်မှု သက်သက်ပဲလား'
'ဒါက ဂိမ်းကမ္ဘာ မဟုတ်ဘူးလား’