← Chapters

ရှေးဟောင်း ကိုယ်ခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်

Vol. 1 Ch. 2

ရှေးဟောင်း ကိုယ်ခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်

Vol. 1 Ch. 2

~နားမလည်နိုင်မှုများနှင့် သံသယတို့က စုယွီ၏ စိတ်အစဉ်ကို လှုပ်ခါနေသော်လည်း သူသည် ထိုအတွေးများကို အတင်း ဖိနှိပ်လိုက်ပြီး ကျင့်ကြံခြင်း၌သာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။

နေ့လယ်စာအတွက် ဝိညာဉ်ဆန် တစ်ပေါင်၏ ထက်ဝက်ခန့်ကို လင်းတုန်အား ချက်ပြုတ်ခိုင်းလိုက်သည်။

ထမင်းစားပြီးနောက် ခြံဝန်းအတွင်းရှိ သစ်ပင်ရိပ်အောက်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး၊ ထမင်းမှ ရသော သိမ်မွေ့သည့် ဝိညာဉ်စွမ်းအင်များကို စုစည်းကာ 'အစိမ်းရောင် ပေါပလာကျမ်း' ကို တိတ်ဆိတ်စွာ ကျင့်ကြံနေလိုက်သည်။

'ဝိညာဉ်စွမ်းအင်က နည်းနည်းတော့ ပါးလွှာနေသေးတယ်... အိမ်တော်ထဲမှာ ဝိညာဉ်စွမ်းအင် စုစည်းတဲ့ အခင်းအကျင်း ရှိနေလို့သာ တော်သေးတယ်... ဒီနေရာက ပတ်ဝန်းကျင်မှာ ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံး နေရာဆိုပေမယ့် ဂိုဏ်းကြီးတွေရဲ့ မြေနေရာနဲ့ ယှဉ်ရင်တော့ ကွာခြားလွန်းလှပါတယ်'

မိမိ၏ ကျင့်ကြံမှု အရှိန်အဟုန်ကို အကဲခတ်ရင်း စုယွီ ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်မိသည်။

စုမိသားစု၏ အင်အားသည် အလွန်ပင် နည်းပါးလွန်းလှသည်။ သူတို့တွင် မိသားစု ပိုင်ဆိုင်မှုအဖြစ် အဆင့်နိမ့် ဝိညာဉ်သွေးကြော တစ်ခုပင် မရှိကြပေ။

အကယ်၍သာ သူ့တွင် အဆင့်နိမ့် ဝိညာဉ်သွေးကြော တစ်ခု ရှိခဲ့မည်ဆိုလျှင် သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် နှစ်ဆ သို့မဟုတ် သုံးဆခန့် မြန်ဆန်လာနိုင်ပေမည်။

သို့သော် ယခုမူကား ရှားပါးလှသော ဝိညာဉ်စွမ်းအင် ပတ်ဝန်းကျင်အောက်တွင် ဝိညာဉ်ဆန်မှ ရရှိသော စွမ်းအင်လေးကိုသာ အားကိုးနေရလေသည်။

ကံကောင်းသည်မှာ ဝိညာဉ်ဆန်၏ အထောက်အပံ့ကြောင့် စုယွီ၏ ကျင့်ကြံမှု အရှိန်သည် အနည်းငယ် တိုးတက်လာလေ၏။

မူလက တစ်နေ့လျှင် လေးနာရီကျော် ကျင့်ကြံမှသာ သူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်သို့ ရောက်ရှိနိုင်သော်လည်း၊ ယခု ဝိညာဉ်ဆန်ကို စားသုံးပြီးနောက်တွင် လေးနာရီအောက်သာ အချိန်ပေးရန် လိုအပ်တော့၏။

နောက်တစ်နေ့တွင် 'အစိမ်းရောင် ပေါပလာကျမ်း' ပထမအဆင့်၏ ကျွမ်းကျင်မှုသည် (၁.၈၈%) သို့ တိုးတက်လာလေ၏။

ယမန်နေ့နှင့် နှိုင်းယှဉ်လျှင် (၀.၂၈%) ခန့် တိုးလာခြင်း ဖြစ်၏။

ဤနှုန်းထားအတိုင်း ဆက်သွားမည် ဆိုလျှင် ချီစွမ်းအင် စုစည်းခြင်း ဒုတိယအဆင့်သို့ ရောက်ရှိရန် တစ်နှစ်ခန့် ကြာမြင့်ပေလိမ့်မည်။

ကျင့်ကြံခြင်း လမ်းစဉ်သို့ စတင် လျှောက်လှမ်းခါစ ဖြစ်သောကြောင့် စုယွီတွင် မိသားစု တာဝန်ဟူ၍ မရှိသေးပေ။ သူလုပ်ရန် လိုအပ်သည်မှာ နေ့စဉ် ပုံမှန် ကျင့်ကြံနေရန်နှင့် လစဉ် ဝိညာဉ်ကျောက်တုံးနှင့် ဝိညာဉ်ဆန် ရိက္ခာများကို ထုတ်ယူရန်သာ ဖြစ်၏။

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးကို တစ်ချက် စမ်းသုံးကြည့်ရအောင်"

စုယွီသည် သူ့လက်ထဲတွင် ရှိသော တစ်ခုတည်းသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးကို အသုံးမပြုဘဲ မနေနိုင်တော့ချေ။

(၅) ရက် ကြာပြီးနောက်... စုယွီ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် နှစ်ဆခန့် မြန်ဆန်လာသည်။

ပို၍ တိတိကျကျ ပြောရလျှင် 'အစိမ်းရောင် ပေါပလာကျမ်း' ၏ ကျွမ်းကျင်မှု တိုးတက်နှုန်း နှစ်ဆ တက်လာခြင်း ဖြစ်၏။

(၅) ရက်အတွင်း ကျွမ်းကျင်မှုသည် မူလ (၁.၈၈%) မှ (၄.၇%) သို့ ခုန်တက်သွားလေ၏။ သူ့ခန္ဓာကိုယ် အတွင်းရှိ မာနာ စွမ်းအင် ပမာဏသည်လည်း သိသိသာသာ တိုးပွားလာခဲ့လေ၏။

နှမြောစရာ ကောင်းသည်မှာ (၅) ရက် ပြည့်သောအခါ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အတွင်းမှ စွမ်းအင်များ ကုန်ခမ်းသွားခြင်းပင်။ ဝိညာဉ်ကျောက်တုံး မရှိတော့သည့်နောက် သူသည် ဝိညာဉ်ဆန်ကိုသာ ပြန်လည် အားကိုးရလေတော့၏။

ကျင့်ကြံမှု အရှိန်သည် ရုတ်ချည်း ထိုးကျသွားပြန်သည်။

"ဝိညာဉ်ကျောက်တုံးနဲ့ ကျင့်ကြံရတာက ပိုပြီး ဇိမ်ရှိတာကိုး..."

စုယွီ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားသော်လည်း ချက်ချင်းပင် သူ့စိတ်ကို ပြန်လည် ပြုပြင်လိုက်သည်။

နှေးရင်လည်း နှေးပါစေတော့... ကျွမ်းကျင်မှု တိုးတက်နေသရွေ့ အလောတကြီး ဖြစ်စရာ မလိုပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူက အသက် (၁၆) နှစ်ပဲ ရှိသေးသည်လေ။ သက်တမ်းက နှစ်ပေါင်း (၈၀) ကျော်လောက် ကျန်နေသေးတာပဲ။ ပုံမှန်လေး ဆက်ပြီး ကြိုးစားသွားမယ်ဆိုရင် အခြေခံ တည်ဆောက်ခြင်း အဆင့် ကို အောင်မြင်ဖို့ အခွင့်အရေး ရှိနေတာပဲ။

ထိုအချိန် ရောက်လာလျှင် သူ့သက်တမ်းက နှစ်ပေါင်း (၂၀၀) လောက် ဖြစ်သွားလိမ့်မည်။ ထိုအခါကျမှ ရွှေအမြုတေ အဆင့်ကို တက်လှမ်းဖို့ အခွင့်အရေး ထပ်ရှာရမှာပေါ့။

တကယ်လို့သာ အဲ့ဒီအဆင့်ထိ ရောက်သွားရင်တော့... ရွှေအမြုတေ အဆင့် ဆရာသခင် တစ်ပါး ဖြစ်လာဖို့ မျှော်လင့်ချက် ရှိလာပြီလေ။

ရက်များစွာ ငြိမ်းချမ်းစွာ ကုန်ဆုံးသွားလေ၏။ ကျင့်ကြံခြင်းအပြင် စုယွီသည် သူ့လက်ထဲရှိ မန္တန်နှစ်ပုဒ်ကိုလည်း လေ့ကျင့်ရင်း ရင်းနှီးအောင် လုပ်နေလေ၏။

ထိုမန္တန်နှစ်ပုဒ်၏ ကျွမ်းကျင်မှု တိုးတက်နှုန်းမှာ ကျင့်စဉ်ထက် ပို၍ လွယ်ကူမြန်ဆန်သည်။ နေ့စဉ် ပုံမှန် လေ့ကျင့်ရုံဖြင့် ကျွမ်းကျင်မှု (၁၀%) ကျော် အထိ အလွယ်တကူ ရောက်ရှိသွားလေ၏။

မိသားစု ကိစ္စရပ်များကို စိတ်ပူစရာ မလိုသဖြင့် စုယွီ၏ နေ့ရက်များသည် ပြည့်စုံလုံလောက်စွာ ကုန်ဆုံးနေလေ၏။

တစ်နေ့တွင်... အားလပ်ချိန်၌ စုယွီသည် မိသားစု၏ သိုင်းကျမ်းတိုက်သို့ ရောက်ရှိလာပြီး ကျင့်ကြံခြင်း ကမ္ဘာနှင့် ပတ်သက်သော စာအုပ်စာတမ်းများကို လိုက်လံ ဖတ်ရှုနေမိသည်။

'ယွင်ကျန်းဂိုဏ်း၏ နှစ်တစ်ထောင် ရာဇဝင်မှတ်တမ်း'

'တာ့မင် နယ်မြေနှင့် တာ့မင် နန်းတော်၏ လျှို့ဝှက်ချက်များ'

'ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ စွန့်စားခန်းများ'

'တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ ထူးခြားသော ပုဂ္ဂိုလ်များနှင့် ဖြစ်ရပ်များ'

...

*'ယွင်ကျန်းဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ရှေ့ဆောင်လမ်းပြ ယွင်ကျန်း နတ်မိမယ် ဆိုတာ အလွန် ချောမောလှပတဲ့ ဓားသိုင်း အင်မော်တယ် တစ်ပါး ဖြစ်တယ်... သူမက ဓားချက်တစ်ချက်တည်းနဲ့ တောင်တစ်လုံးကို ပြိုကျသွားအောင် ခုတ်ပိုင်းနိုင်ပြီး ယွင်ကျန်းဂိုဏ်းကို တည်ထောင်ခဲ့တာတဲ့...'*

*'လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာတုန်းက ယွင်ကျန်းဂိုဏ်းမှာ ပါရမီရှင် တာအို သားတော် တစ်ပါး ပေါ်ထွက်ခဲ့ဖူးတယ်... အသက် (၆၀) အရွယ်နဲ့တင် ရွှေအမြုတေ အဆင့်ကို ရောက်ရှိခဲ့ပြီး ယွင်ကျန်းဂိုဏ်းကို အထွတ်အထိပ် ရောက်အောင် ဦးဆောင်ခဲ့တယ်... ဒါပေမဲ့ နှစ်ပေါင်းတစ်ရာ အကြာမှာ အဲဒီ တာအို သားတော်က ဒဏ်ရာအပြင်းအထန် ရပြီး လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားခဲ့တယ်... ကောလာဟလတွေအရတော့ သူက တာ့ယွဲ့ နန်းတော်က အခြေတည်ဝိညာဉ် အဆင့် ပညာရှင် တစ်ယောက်ကို သွားပြီး စိန်ခေါ်ခဲ့လို့တဲ့...'*

*'တာ့ယွဲ့ နန်းတော်ရဲ့ အမွေအနှစ်က လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... နန်းတော်ရဲ့ အဓိက လေ့ကျင့်ရေးကွင်းမှာ တာ့ယွဲ့ ရေကန် ဆိုတဲ့ ကောင်းချီးပေးခံထားရတဲ့ နယ်မြေတစ်ခု ရှိတယ်လို့ ဆိုကြတယ်... အဲဒီမှာ တစ်ရက်လောက် ကျင့်ကြံတာက သာမန်နေရာမှာ မိုင်တစ်ထောင် ခရီးနှင်သလောက် ခရီးရောက်တယ်တဲ့...'*

*'ဆရာသခင် ပိုင်ယွဲ့ တစ်သက်လုံး လိုက်ရှာခဲ့တာက တာ့ယွဲ့ နန်းတော်က ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တွေ အကြောင်းပဲ...'*

ဤစာအုပ် အများစုမှာ ကျင့်ကြံခြင်း ကမ္ဘာမှ သာမန် အသိပညာများနှင့် အသေးအဖွဲ ကိစ္စရပ်များကိုသာ မှတ်တမ်းတင်ထားခြင်း ဖြစ်၏။

နာမည်ကြီး ပုဂ္ဂိုလ်များနှင့် ပတ်သက်သော ကောလာဟလများလည်း အများအပြား ပါဝင်သည်။ အထူးသဖြင့် ဆရာသခင် ပိုင်ယွဲ့ ၏ အတိတ်အကြောင်းများနှင့် ပတ်သက်သော အရာများကို စုယွီ အလွန် စိတ်ဝင်စားမိသည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ နောက်ဆက်တွဲ ဇာတ်လမ်းများ မပါရှိခြင်းပင်။

လဝက်ခန့် အချိန်အတွင်း စုယွီသည် သူ့အားလပ်ချိန်များကို သိုင်းကျမ်းတိုက်ထဲတွင်သာ ကုန်ဆုံးစေလေ၏။

တစ်နေ့သောအခါ... ဟောင်းနွမ်း စုတ်ပြတ်နေသော ရှေးဟောင်းသိုင်းကျမ်းအုပ် တစ်အုပ်ကို သူ တွေ့ရှိလိုက်သည်။

"ဟေ... မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်... ဟုတ်လား"

ဟောင်းနွမ်းနေသောသိုင်းကျမ်းအုပ်ပေါ်မှ စာတန်းကို မြင်လိုက်ရသောအခါ စုယွီ၏ ရင်ထဲတွင် လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်သွားသည်။

ဂိမ်းထဲတွင်မူ ကျင့်စဉ် များသည် ကျင့်ကြံသူ တစ်ယောက်အတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ် ဖြစ်၏။

သို့သော် ကျင့်စဉ်များအပြင် ကိုယ်ခန္ဓာ လေ့ကျင့်ခြင်း ကိုလည်း လျှော့တွက်၍ မရချေ။

အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ လေ့ကျင့်ခြင်း၏ အဆုံးသတ် ပန်းတိုင်သည် ရှေးဟောင်း နတ်ဘုရားများ အဆင့်ထိ ရောက်ရှိနိုင်သောကြောင့် ဖြစ်၏။ ဥပမာအားဖြင့် ရှေးဟောင်း စုန်းကဝေ ခေတ်ကာလက လူများသည် သူတို့၏ ကိုယ်ခန္ဓာ စွမ်းအားဖြင့်သာ လောကကို လွှမ်းမိုးခဲ့ကြပြီး မည်သူကမျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ကြပေ။

ကိုယ်ခန္ဓာ လေ့ကျင့်ခြင်း နည်းလမ်းများသည် ချီစွမ်းအင် ကျင့်ကြံခြင်းလောက် အဆင့်မမြင့်ဟု ဆိုနိုင်သော်လည်း၊ တကယ်တမ်း ဘယ်အရာက ပိုစွမ်းသလဲ ဆိုတာကို ပြောပြဖို့ ခက်ခဲလှသည်။

ထို့အပြင် ကျင့်ကြံသူ အများစုသည် ကိုယ်ခန္ဓာ ကျင့်စဉ်များကို အထင်သေးကြသော်လည်း၊ လက်တွေ့တွင်မူ များစွာသော ကျင့်ကြံသူများသည် ကိုယ်ခန္ဓာ ကျင့်စဉ်များကို တိတ်တဆိတ် လေ့ကျင့်နေကြသည်သာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများ၏ အားပြင်းသော ဝိဉာဉ် စွမ်းအင်များနှင့် ယှဉ်လျှင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အားနည်းချက် တစ်ခု ဖြစ်နေသောကြောင့်ပင်။

ကိုယ်ခန္ဓာ ကျင့်စဉ်များကို လေ့ကျင့်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။

စုယွီ ယခင်က ကစားခဲ့ဖူးသော ဂိမ်းဇာတ်ကောင်သည်လည်း ကိုယ်ခန္ဓာ ကျင့်စဉ် တစ်ခုကို လေ့ကျင့်ခဲ့ဖူးသည်။

စုယွီသည် လက်ထဲရှိ "မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" ကို သေချာစွာ ကြည့်ရှုလိုက်သည်။ ဖတ်ပြီးမှသာ ဤကျင့်စဉ် ဘာကြောင့် သိုင်းကျမ်းတိုက်ထဲတွင် ဖုန်တက်နေရသလဲ ဆိုတာကို သူ နားလည်သွားတော့၏။

ဤကျင့်စဉ်သည် သာမန် ကျင့်စဉ်တစ်ခု မဟုတ်ဘဲ ရှေးဟောင်း ဧရာမ မိကျောင်းသားရဲကြီး တစ်ကောင်ထံမှ ဆင်းသက်လာခြင်း ဖြစ်၏။

ထိုမိကျောင်းကြီး ဖန်တီးခဲ့သော ကျင့်စဉ်ဖြစ်သည့်အတွက် ၎င်း၏ သားရဲသွေးမျိုးဆက် ပါဝင်သူများမှသာ လေ့ကျင့်နိုင်မည် ဖြစ်၏။

ယခုခေတ် မြစ်ရေစီး မြို့တော်၏ ကျင့်ကြံခြင်း လောကတွင်မူ ထိုကဲ့သို့သော မိကျောင်းသားရဲ သွေးမျိုးဆက်ဟူ၍ မရှိတော့ချေ။

ထို့ကြောင့် သဘာဝကျစွာပင် ဤကျင့်စဉ်သည် ခေတ်ကုန်သွားသော အရာတစ်ခု ဖြစ်လာခဲ့ရသည်။

စုယွီ၏ လက်ထဲတွင် ရှိသော ကျင့်စဉ်စာအုပ်၌ ပထမအဆင့် (၁၈) ကွက်သာ ပါဝင်လေသည်။

"ဟဲဟဲ... ယွီလေး... ဒီ ကိုယ်ခန္ဓာ ကျင့်စဉ်စာအုပ်ကို ရှာတွေ့သွားတာလား... စိတ်ဝင်စားသွားပြီလား"

အသံရှတတ တစ်ခုက သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။

"နှမြောစရာတော့ ကောင်းသားကွာ... ငါတို့လည်း လွန်ခဲ့တဲ့ နှစ်တွေတုန်းက အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်... မိကျောင်းသားရဲရဲ့ သွေးအဆီအနှစ်ကို ရဖို့တောင် အများကြီး ကြိုးပမ်းခဲ့ဖူးတာ... ဒါပေမဲ့ နောက်ဆုံးတော့ မအောင်မြင်ခဲ့ပါဘူး"

"ငါတို့ စုမိသားစုမှာတင် ဒီကျင့်စဉ် ရှိတာ မဟုတ်ဘူး... တခြား အင်အားကြီး ဂိုဏ်းတွေမှာလည်း ရှိကြတာပါပဲ"

"ဒါပေမဲ့ ဒီလောက် နှစ်တွေ ကြာခဲ့တာတောင်မှ ဒီကျင့်စဉ်ကို အောင်မြင်အောင် လေ့ကျင့်နိုင်တဲ့သူ ဆိုတာ တစ်ယောက်မှ မကြားဖူးသေးဘူး"

"အဲဒီ မိကျောင်းသားရဲ မျိုးနွယ်စုရဲ့ သွေးမျိုးဆက် ဆိုတာကလည်း မျိုးသုဉ်းသွားပြီ ထင်ပါရဲ့ကွာ"

စုယွီ လှည့်ကြည့်လိုက်ရာ စကားပြောသူမှာ ပဉ္စမမြောက် အကြီးအကဲ စုပင်း ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဆံပင်များ ဖြူစပြုနေပြီ ဖြစ်သော အဘိုးအို တစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံမှု အဆင့်မှာ ချီစွမ်းအင် စုစည်းခြင်း (၇) ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ပြောစမှတ်များအရ ဤသိုင်းကျမ်းတိုက်ကို ပဉ္စမ အကြီးအကဲ စုပင်း ကိုယ်တိုင် ဦးစီးတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး၊ အတွင်းရှိသိုင်းကျမ်းအုပ် အများစုကိုလည်း မျိုးဆက်သစ် လူငယ်များ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ သူကိုယ်တိုင် အပင်ပန်းခံ စုဆောင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

"အဘိုး (၅)..."

စုယွီသည် အဘိုးအိုကို လေးစားစွာဖြင့် ဦးညွှတ် ဂါရဝပြုလိုက်သည်။

ထို့နောက် အနည်းငယ် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

"ကျွန်တော် ဒီကျင့်စဉ်စာအုပ်ကို ခဏလောက် ငှားသွားလို့ ရမလားခင်ဗျာ"

စုပင်း က ပြုံးလိုက်ပြီး ပြန်ဖြေသည်။

"ရတာပေါ့ကွ... ဒါပေမဲ့ မင်း လေ့ကျင့်ကြည့်လို့မှ မအောင်မြင်ရင် အချိန်ဖြုန်း မနေနဲ့တော့နော်... အရေးကြီးဆုံးက ကိုယ့်ရဲ့ မူလ ကျင့်စဉ်ကို ပိုကောင်းအောင် လေ့ကျင့်ဖို့ပဲ"

"ကျေးဇူးတင်ပါတယ် အဘိုး (၅)"

စုယွီ ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

ဤကိုယ်ခန္ဓာ ကျင့်စဉ်ကို တွေ့ပြီးသည့်နောက်တွင် အခြား စာအုပ်များကို စိတ်မဝင်စားတော့ဘဲ "မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" ကို ယူဆောင်ကာ ချက်ချင်းပင် ပြန်လာခဲ့တော့၏။

ကိုယ့်ခြံဝန်းလေးထဲသို့ ပြန်ရောက်သောအခါ စုယွီသည် ကျင့်စဉ်စာအုပ်ကို သေချာစွာ လေ့လာလိုက်သည်။

သူ့တွင် အခြေခံအုတ်မြစ် ဖြစ်သော မိကျောင်းသားရဲ သွေးမျိုးဆက် မရှိသော်လည်း၊သိုင်းကျမ်းအုပ်ထဲတွင် ဖော်ပြထားသော ပထမအဆင့် (၁၈) ကွက်ကို တိတ်တဆိတ် စတင် လေ့ကျင့်ကြည့်လိုက်သည်။

(၁၀) ရက် ကုန်ဆုံးသွားလေ၏။

နေ့စဉ်နေ့တိုင်း 'ဝူထုံ သင်ကြားမှု' နှင့် မန္တန်များကို စနစ်တကျ လေ့ကျင့်ပြီးသည်နှင့်၊ စုယွီသည် ကျန်ရှိသော အချိန်များတွင် မိကျောင်းသားရဲ ကိုယ်ခန္ဓာ ကျင့်စဉ်ကိုသာ ဖိ၍ လေ့ကျင့်နေလေ၏။

တစ်နေ့သောအခါ...

သူ့ခန္ဓာကိုယ် အတွင်းမှ မိုးခြိမ်းသံသဲ့သဲ့ ထွက်ပေါ်လာပြီးနောက်၊ စုယွီသည် သူ့သွေးများက အရည်ကျိုထားသော မီးတောင်ချော်ရည်များပမာ ဆူပွက်လာပြီး အလွန်အမင်း ပူပြင်းလာသည်ကို ခံစားလိုက်ရသည်။

စုယွီ၏ အရေပြား၊ အသားနှင့် အရိုးများ အားလုံးသည် အပြောင်းအလဲ တစ်ခုကို ကြုံတွေ့နေရ၏။ ဝေဝါးသော အမြင်အာရုံထဲတွင် သူ့ခန္ဓာကိုယ်ထဲမှ ဆူပွက်နေသော သွေးများက သွေးရောင်လွှမ်းသော စွမ်းအင်များ ဝန်းရံထားသည့် ဧရာမ မိကျောင်းသားရဲ အရိပ်ကြီး တစ်ခုအဖြစ် ပေါင်းစည်းသွားသည်ကို တွေ့လိုက်ရသည်။ ဧရာမ မိကျောင်းကြီး ဖွဲ့တည်လာသည့် ခဏမှာပင် ၎င်းသည် ကောင်းကင်ယံသို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်လေသည်။

"ဂရား..."

စုယွီ လန့်ဖျပ်သွားသည်။

သူ့အရေပြားပေါ်တွင် သွေးကြောများ ဖောင်းကြွလာပြီး၊ ကြံ့ခိုင်သော စွမ်းအားတစ်ခုက ခန္ဓာကိုယ်ထဲမှ ပန်းထွက်လာကာ တောင်တစ်လုံးကို လက်သီးဖြင့် ထိုးခွဲနိုင်သည်၊ ကျောက်တုံးများကို ချေမွနိုင်သည် ဟူသော ထင်ယောင်ထင်မှား ဖြစ်မှုမျိုးကိုပင် ခံစားလိုက်ရလေသည်။

[ ကျင့်စဉ် - မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ် (အဆင့် ၁၊ ကျွမ်းကျင်မှု ၀.၁%) ]

All Chapters