အဆင့်တက်ခြင်း
Vol. 1 Ch. 4
~စုယွီ သည် ကိုယ်ခန္ဓာ ကျင့်ကြံခြင်းနှင့် ပတ်သက်ပြီး မည်သူ့ကိုမျှ နှုတ်ဟမပြောခဲ့ပေ။ သူ၏ မိသားစု ခေါင်းဆောင်များကိုပင် လျှို့ဝှက်ထားလေ၏။
တစ်ချက်တွေးကြည့်လျှင် သူ၏ ကျင့်ကြံမှု အဆင့်ကို ထုတ်ပြောလိုက်ပါက မိသားစုထံမှ ပိုမို ကောင်းမွန်သော အရင်းအမြစ်များကို ရယူနိုင်မည် ဖြစ်၏။ သို့သော် အရင်းအမြစ်များ ရရှိလာသည်နှင့်အမျှ တာဝန်ဝတ္တရားများနှင့် အန္တရာယ်များပါ ဒွန်တွဲ ပါလာမည်သာ ဖြစ်လေသည်။ အင်မော်တယ် လမ်းစဉ်သို့ စတင် လျှောက်လှမ်းခါစ ဖြစ်သော လူငယ် တစ်ယောက် အတွက် ဤအခြေအနေသည် များစွာ အကျိုးယုတ်နိုင်ပေသည်။
မမေ့လိုက်ပါနှင့်...၊
မြစ်ရေစီး မြို့တော်တွင် စုမိသားစု တစ်ခုတည်း ရှိသည် မဟုတ်၊ လင်းမိသားစု ဆိုသော ပြိုင်ဘက်ကြီးလည်း ရှိနေသေးသည် မဟုတ်ပါလော။ သူတို့ နှစ်ဖက်ကြားမှ ပဋိပက္ခသည် မီးနှင့်ရေလို ပြင်းထန်လှသည်။
အတိတ်ကာလက ကျင့်ကြံခြင်း ဂိမ်းများ၏ စာရင်းဇယားများအရ... "ပါရမီရှင် အဖြစ် လူသိရှင်ကြား ကျင့်ကြံသူ" နှင့် "အနိမ့်ခံ ဘဝဖြင့် တိတ်တဆိတ် ကျင့်ကြံသူ" တို့၏ အင်မော်တယ် ဖြစ်နိုင်ခြေကို နှိုင်းယှဉ် တွက်ချက်ကြည့်သောအခါ...
ပထမ လူစားမျိုးက ဒုတိယ လူစားမျိုး၏ (၁၀) ပုံ (၁) ပုံခန့်သာ အောင်မြင်ကြကြောင်း တွေ့ရှိရသည်။
ဆိုလိုသည်မှာ လူသိရှင်ကြား ထင်ပေါ်သူ (၉) ယောက် သေဆုံးမှ တိတ်တဆိတ် နေသူ (၁) ယောက် အောင်မြင်သည် ဟူသတည်း။
ထို့ကြောင့် မိသားစုထံမှ အရင်းအမြစ် အနည်းငယ် ပိုရဖို့အတွက်နှင့် ကိုယ့်အသက်ကို စတေးရမည့် အဖြစ်မျိုး အရောက်မခံနိုင်ပါ။ စုယွီ သည် အနိမ့်ခံ ဘဝဖြင့်သာ နေထိုင်ပြီး ကျွမ်းကျင်မှုကို တဖြည်းဖြည်း မြှင့်တင်သွားရန် ဆုံးဖြတ်လိုက်သည်။
သူ၏ စွမ်းအား အထိုက်အလျောက် ပြည့်ဝလာသည့် အချိန် မရောက်မချင်း မိသားစု အရိပ်အာဝါသ အောက်မှ သူ ထွက်ခွာမည် မဟုတ်ပေ။
ယွင်ကျန်းဂိုဏ်းမှ ပြန်ရောက်ပြီး (၃) လ ကြာသောအခါ...
အိမ်နီးချင်း ဖြစ်သော စုချင်းယီ တစ်ယောက် ချီစွမ်းအင် စုစည်းခြင်း ဒုတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့လေပြီ။
ထမင်းစားပွဲဝိုင်းတွင် စုယွီအား ဝါကြွား ဂုဏ်ယူစွာ ပြောဆိုပြီးနောက်၊ စုချင်းယီ သည် စုမိသားစု၏ ဆေးဥယျာဉ်သို့ သွားရောက်ကာ အလုပ်သင် အဖြစ် ဝင်ရောက် လုပ်ကိုင်တော့၏။ ထိုနေရာတွင် ဝိညာဉ် ဆေးပင်များကို စိုက်ပျိုးနည်းနှင့် ၎င်းတို့၏ ဂုဏ်သတ္တိများကို ခွဲခြားနည်းတို့ကို သင်ယူနေလေ၏။
ဤသည်မှာ ဆေး ပညာရှင် (Alchemy Apprentice) တစ်ယောက် ဖြစ်လာရန် ပထမဆုံး ခြေလှမ်းပင်။
ချီစွမ်းအင် စုစည်းခြင်း ဒုတိယအဆင့် ရောက်သွားသူ တစ်ယောက်သည် မိသားစုထံမှ လစဉ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂) တုံးနှင့် ဝိညာဉ်ဆန် ပေါင် (၅၀) ရရှိနိုင်သည်။
ထို့အပြင် ဆေးဥယျာဉ်တွင် အလုပ်သင် ဝင်လုပ်သည့်အတွက် လစဉ် နောက်ထပ် ဝိညာဉ်ကျောက်တုံး (၂) တုံး ထပ်ရလေသည်။
စုစုပေါင်း ရရှိသော အရင်းအမြစ် ပမာဏမှာ မနည်းလှပေ။
အနည်းဆုံးတော့... စုယွီ နှင့် ယှဉ်လိုက်လျှင် မိုးနှင့် မြေလို ကွာခြားနေလေသည်။
'အလယ်အလတ် ဝိညာဉ်အမြစ် ရှိသူတွေရဲ့ ကျင့်ကြံမှုနှုန်းက တကယ်ပဲ မြန်ဆန်တာကိုး...'
စုယွီ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ စုချင်းယီ သည် (၃) လ အတွင်း ချီစွမ်းအင် စုစည်းခြင်း နယ်ပယ် ဒုတိယအလွှာသို့ ရောက်သွားခဲ့သည် မဟုတ်ပါလော။ ဤနှုန်းထားသည် အဆင့်မြင့် ဝိညာဉ်အမြစ် ရှိသူများနှင့်ပင် ယှဉ်နိုင်လောက်သော တိုးတက်မှု ဖြစ်၏။
စုချင်းယီ ချန်ထားခဲ့သော ဝိုင်ကောင်းကောင်း တစ်ခွက်ကို မော့သောက်လိုက်ပြီးနောက်၊ စုယွီ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး ကိုယ့်ကျင့်ကြံခြင်း အလုပ်ကိုသာ ဆက်လုပ်ရန် ပြင်ဆင်လိုက်သည်။
နေ့စဉ်နေ့တိုင်း အရေးကြီးဆုံး အလုပ်မှာ "ဝူထုံ သင်ကြားမှု" ကျင့်စဉ်ကို လေ့ကျင့်ရန်ပင် ဖြစ်၏။
ဤသစ်သားဓာတ် ကျင့်စဉ်သည် ဝိဉာဉ် စွမ်းအင် ပြင်းထန်မှု မရှိသလို ကျင့်ကြံမှုနှုန်းလည်း နှေးကွေးသော်လည်း၊ ၎င်း၏ အားသာချက်မှာ နူးညံ့သိမ်မွေ့ခြင်းနှင့် ကြံ့ခိုင်ခြင်းတို့ ဖြစ်၏။ ဒဏ်ရာများကို ကုသပေးနိုင်ရုံသာမက အသက်ရှည်စေနိုင်သည့် အစွမ်းသတ္တိလည်း ရှိသည်။
ကျင့်စဉ်ကို ကိုးဆင့်မြောက် အထိ အောင်မြင်အောင် လေ့ကျင့်နိုင်ပါက ချီစွမ်းအင် စုစည်းခြင်း အဆင့်မှာတင် အသက်ကို အနည်းဆုံး အနှစ် (၂၀) ခန့် ဆွဲဆန့်ပေးနိုင်လေသည်။
အသက် အနှစ် (၂၀) ပိုရှည်မည် ဆိုသော အချက်က လူအများအတွက် ဆွဲဆောင်မှု ရှိလှသည်။ ထို့ကြောင့် စုမိသားစု အတွင်း၌ ဤကျင့်စဉ်ကို လေ့ကျင့်သူ မနည်းလှပေ။
ထို့အပြင် စုမိသားစု ကြီးပွားလာရခြင်း၏ အဓိက အကြောင်းရင်းမှာလည်း ဤကျင့်စဉ်နှင့် ဆက်စပ်နေ၏။
လက်ရှိတွင် စုမိသားစုသည် ဝိညာဉ်ဆေးပင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက အားကိုးနေရပြီး၊ "ဝူထုံ သင်ကြားမှု" ကျင့်စဉ်မှ ရရှိသော ဝိဉာဉ် စွမ်းအင်သည် ဆေးပင်များ ကြီးထွားမှုကို များစွာ အထောက်အကူ ပြုလေသည်။
စုယွီသည် နေ့စဉ် (၄) နာရီတိတိ အချိန်ပေးပြီး ဤကျင့်စဉ်ကို ခန္ဓာကိုယ် ကန့်သတ်ချက် ရောက်သည်အထိ လေ့ကျင့်လေ့ ရှိသည်။
ထို့နောက် "နွယ်ပင် ထိန်းချုပ်ခြင်း" နှင့် "ဝိညာဉ် မွေးမြူခြင်း" ဆိုသော အခြေခံ မန္တန်နှစ်ပုဒ်ကို ဆက်လက် လေ့ကျင့်သည်။
နွယ်ပင် ထိန်းချုပ်ခြင်းက ရန်သူကို ဖမ်းချုပ်ရန် ဖြစ်ပြီး၊ ဝိညာဉ် မွေးမြူခြင်းက ဆေးပင်များကို ပြုစုပျိုးထောင်ရန် ဖြစ်၏။
ဤမန္တန်များ၏ ကျွမ်းကျင်မှုကို မြှင့်တင်ရသည်မှာ သိပ်မခက်ခဲလှ။ လအနည်းငယ် အတွင်းမှာပင် ထိုမန္တန်နှစ်ပုဒ်၏ ကျွမ်းကျင်မှုသည် (၁၀၀%) ပြည့်လုနီးပါး ဖြစ်လာလေ၏။
"နောက်ထပ် မန္တန်သစ် တစ်ပုဒ်လောက် ရှာမှ ဖြစ်တော့မယ်"
စုယွီ တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။ သို့သော် အလောတကြီးတော့ မလုပ်လိုပေ။
မိသားစု၏ ကုန်သွယ်မှု ပွဲတော် တစ်ခုတွင်... စုယွီသည် အိမ်ဖော်မလေး လင်းတုန်နှင့်အတူ အေးဆေး လမ်းလျှောက်နေရင်း ဆိုင်ခန်းများကို ကြည့်ရှုနေလေ၏။
ထိုပွဲတွင် သူ့စိတ်ကြိုက်နှင့် ကိုက်ညီသော သစ်သားဓာတ် မန္တန်တစ်ပုဒ်ကို ရှာတွေ့လေ၏။ ၎င်းမှာ "ဝိညာဉ် လှံတံ မန္တန်" ပင် ဖြစ်၏။
ဈေးနှုန်းကလည်း မဆိုးလှ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ပေးရသည်။
ဤမန္တန်သည် ဝိဉာဉ် စွမ်းအင်ကို အသုံးပြုပြီး လှံတံ တစ်ချောင်း ဖန်တီးကာ ဝေဟင်မှ နေ၍ ရန်သူကို တိုက်ခိုက်နိုင်သော နည်းပညာ ဖြစ်၏။ နွယ်ပင် ထိန်းချုပ်ခြင်း မန္တန်နှင့် ပေါင်းစပ်လိုက်လျှင် အလွန် ထိရောက်သော တိုက်ကွက် တစ်ခု ဖြစ်လာနိုင်ပေသည်။
စုယွီ သည် ဝိညာဉ်ကျောက်တုံး ပေါများသူ မဟုတ်သော်လည်း ဤမန္တန်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
"ကဲ... ပြန်ကြစို့"
ဒီလ အတွက် ရထားသော ဝိညာဉ်ကျောက်တုံး ကုန်သွားပြီ ဖြစ်သဖြင့် ကျန်သော ဆိုင်ခန်းများကို ဆက်ကြည့်ရန် စိတ်မပါတော့။ စုယွီသည် သူ့ခြံဝန်းသို့ ပြန်လာပြီး ဝိညာဉ် လှံတံ မန္တန်ကိုသာ အာရုံစိုက် လေ့ကျင့်နေတော့၏။
ဝိညာဉ် လှံတံ မန္တန်၏ စွမ်းအားသည် ကိုယ်ပိုင် ဝိဉာဉ် စွမ်းအင် ပမာဏနှင့် တိုက်ရိုက် သက်ဆိုင်သည်။ ဝိဉာဉ် စွမ်းအင် များများ ထည့်သွင်းနိုင်လေ၊ ဖန်တီးလိုက်သော စစ်လှံတံသည် ပိုမို စွမ်းအားကြီးလေ ဖြစ်၏။
သို့သော် ယင်းနှင့်အမျှ ဝိဉာဉ် စွမ်းအင် ကုန်ဆုံးမှုလည်း များပြားလေပင်။
"လောလောဆယ်တော့ ချီစွမ်းအင် ပထမအဆင့်မှာ ဒီလောက် တိုက်ခိုက်ရေး မန္တန် တစ်ပုဒ် ရှိရင် လုံလောက်ပါပြီ"
စုယွီ ကျေနပ်စွာ တွေးလိုက်သည်။ ကိုယ့်စွမ်းအား မလောက်ငသေးဘဲ လောဘကြီးလွန်းလျှင် အန္တရာယ် ရှိနိုင်သည် မဟုတ်ပါလော။
အချိန်ကာလများ တရွေ့ရွေ့ ကုန်ဆုံးသွားလေ၏။
ကောင်းကင်ယံတွင် ကြယ်တာရာများ နေရာရွှေ့လျားကာ...
နွေဦး ဝင်လာလိုက်၊ ဆောင်းဦး ရောက်လာလိုက်နှင့် ရာသီစက်ဝန်း လည်ပတ်နေ၏။
မျက်တောင် တစ်ခတ် အတွင်းမှာပင်...
ယွင်ကျန်းဂိုဏ်းမှ ပြန်ရောက်လာပြီးနောက် တစ်နှစ်တိတိ ကုန်ဆုံးသွားခဲ့လေပြီ။ ဒီတစ်နှစ်အတွင်း စုယွီသည် နေ့စဉ် ကျင့်ကြံခြင်း အလုပ်ကို လုပ်ဆောင်သည့် အပြင်၊ မြစ်ရေစီး မြို့တော် အတွင်းရှိ "ရတနာ ပြခန်း" နှင့် ဈေးများကို လှည့်လည် သွားလာလေ့ ရှိသည်။
တစ်ခါတစ်ရံတွင် အဘိုး (၅) ဖြစ်သူ စုပင်း ထံ သွားရောက် စကားစမြည် ပြောဆိုကာ ကျင့်ကြံခြင်း ကမ္ဘာမှ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို နားထောင် မှတ်သားလေ့ ရှိသည်။
ဒီအဖိုးကြီးက စုမိသားစုထဲမှာ အနည်းငယ် ထူးခြားသော လူတစ်ယောက် ဖြစ်၏။ ရတနာ ပြခန်းတွင် နေထိုင်သည်မှ လွဲ၍၊ မကြာခဏ ဆိုသလို ဘယ်ရောက်သွားမှန်း မသိအောင် ပျောက်သွားတတ်သည်။ သူ ဘယ်သွားသည်ကို ဘယ်သူမှ မသိကြ။
မိသားစု ခေါင်းဆောင် အပါအဝင် အခြား အကြီးအကဲများကလည်း သူ့အသွားအလာကို သိပ်ဂရုမစိုက်သလို၊ သူ့ဘာသာ အလုပ်မလုပ်ဘဲ နေနေသည်ကိုလည်း အပြစ်မမြင်ကြပေ။
စုယွီက ထိုအကြောင်းကို မေးဖူးသော်လည်း၊ စုပင်း က တဟားဟား ရယ်မောရုံသာ ပြုပြီး "မင်းလို ကလေးပေါက်စလေးက သိပ် စပ်စုမနေစမ်းနဲ့ကွ" ဟုသာ ပြန်ပြောလေ့ ရှိသည်။
တစ်နေ့သောအခါ...
စုယွီ ကျင့်ကြံနေစဉ် သူ့ခန္ဓာကိုယ်မှ စိမ်းပြာရောင် အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားပြီး ဝိဉာဉ် စွမ်းအင်များ အရှိန်အဟုန်ဖြင့် တိုးပွားလာလေ၏။
နောက်ဆုံးတော့... သူ၏ ကျင့်ကြံမှု အဆင့်သည် ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့်မှ ဒုတိယအဆင့်သို့ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့လေပြီ။
အဆင့်တက်ပြီးနောက် စုယွီသည် သူ့အခြေအနေကို ဖုံးကွယ်မထားတော့ပေ။ ဒုတိယ အကြီးအကဲထံ သွားရောက် သတင်းပို့ပြီး အဆင့်တက်ခြင်း အတွက် ဆုလာဘ်ကို ထုတ်ယူလိုက်သည်။
ဆုလာဘ် အနေဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ဝိညာဉ်ဆန် ပေါင် (၃၀) ကို ရရှိလေ၏။
ထို့အပြင် ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် လစဉ် ရိက္ခာသည်လည်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂) တုံးနှင့် ဝိညာဉ်ဆန် ပေါင် (၅၀) သို့ တိုးမြှင့် သတ်မှတ်ခံလိုက်ရလေသည်။
ပထမအဆင့်မှ ဒုတိယအဆင့်သို့ ရောက်ရန် တစ်နှစ်တိတိ အချိန်ယူခဲ့ရသော စုယွီသည် ပါရမီရှင်များ စာရင်းတွင် အောက်ဆုံးအဆင့်၌သာ ရှိနေ၏။
ထို့ကြောင့် သူ့ကို ဘယ်သူမှ အထူးတလည် အာရုံစိုက်ခြင်း မရှိကြပေ။
တချို့လူတွေ သိသွားလျှင်တောင်မှ ခေါင်းခါရုံသာ ရှိကြပေမည်။ 'ဒီကောင်လေး အဆင့် တစ်ဆင့် တက်ဖို့ တစ်နှစ်တောင် အချိန်ယူရတယ်တဲ့လား... တကယ်ကို အသုံးမကျတဲ့ ကောင်ပဲ' ဟု တွေးကာ ချက်ချင်းပင် မေ့ပစ်လိုက်ကြမည်သာ။
သို့သော် အိမ်ဖော်မလေး လင်းတုန် ကတော့ သခင်လေး အဆင့်တက်သွားသည့် အတွက် အလွန် ဝမ်းသာနေရှာသည်။ သူမသည် စုယွီ အတွက် အထူးဟင်းလျာများ ချက်ပြုတ်ပေးပြီး သူတို့နှစ်ဦးသား ခြံဝန်းလေးထဲတွင် အောင်ပွဲခံခဲ့
ကြလေ၏။
နောက်ထပ် ကုန်သွယ်မှု ပွဲတော် တစ်ခုတွင်...၊
ဆိုင်ခန်းများတွင် သားရဲသွေး ပုလင်းများစွာ ရောင်းချနေသည်ကို စုယွီ သတိထားမိလိုက်သည်။ အများစုမှာ ပထမအဆင့် (အစောပိုင်း) သားရဲသွေးများ ဖြစ်ကြပြီး၊ ပထမအဆင့် (အလယ်အလတ်) သားရဲသွေး အနည်းငယ်လည်း ပါဝင်လေသည်။
"သားရဲသွေးတွေ ဒီလောက် အများကြီး ဘယ်က ရောက်လာတာပါလိမ့်... ဆေးဥယျာဉ်မှာ သားရဲကောင်တွေ သောင်းကျန်းကြပြန်ပြီလား"
စုယွီ အံ့အားသင့်စွာ တွေးလိုက်မိသည်။
သူ စုဆောင်းထားသော ဝိညာဉ်ကျောက်တုံး တစ်တုံးကို အသုံးပြုပြီး ပထမအဆင့် (အလယ်အလတ်) သားရဲသွေး နှစ်စက်ကို ဝယ်ယူလိုက်သည်။ ထို့နောက် ပွဲဈေးတန်း တစ်လျှောက် လျှောက်ကြည့်ရင်း အဘိုး (၅) ကို ရှာဖွေကာ အကျိုးအကြောင်း မေးမြန်းရန် ကြိုးစားသော်လည်း အရိပ်အယောင်မျှ မတွေ့ရသဖြင့် လက်လျှော့ကာ ပြန်လာခဲ့တော့၏။
လွန်ခဲ့သော နှစ်ဝက်ခန့်က စုယွီ သည် ကိုယ်ခန္ဓာ ကျင့်စဉ် ဒုတိယ အလွှာသို့ ရောက်ရှိလေ၏။
ထို့နောက် နောက်ထပ် နှစ်ဝက်ခန့် ဆက်လက် ကျင့်ကြံခဲ့ရာ၊ လွန်ခဲ့သော တစ်လခန့်က တတိယ အလွှာသို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီ ဖြစ်၏။
ခြံဝန်းထဲသို့ ပြန်ရောက်သောအခါ...
စုယွီ အာရုံစိုက်လိုက်သည်နှင့် စာတန်းများ ပေါ်လာလေသည်။
[ အမည် - စုယွီ ]
[ ကျင့်ကြံမှု အဆင့် - ချီစွမ်းအင် စုစည်းခြင်း (ဒုတိယအဆင့်) ]
[ သက်တမ်း - ၁၇ / ၉၉ ]
[ ကျင့်စဉ် - ဝူထုံ နှလုံးသားသိုင်းကျမ်း (ဒုတိယအဆင့်၊ ကျွမ်းကျင်မှု ၁.၄၂%)၊ မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ် (တတိယအလွှာ၊ ကျွမ်းကျင်မှု ၁၀.၆၇%) ]
[ မန္တန်များ - နွယ်ပင် ထိန်းချုပ်ခြင်း (ပြီးပြည့်စုံ)၊ ဝိညာဉ် မွေးမြူခြင်း (ပြီးပြည့်စုံ)၊ ဝိညာဉ် လှံတံ မန္တန် (ပြီးပြည့်စုံ) ]
"ဒီသားရဲသွေး နှစ်စက်သာ ရှိရင်... နောက်ထပ် (၂) လ၊ (၃) လ အတွင်းမှာ ကိုယ်ခန္ဓာ ကျင့်စဉ်.. စတုတ္ထ အလွှာကို ရောက်နိုင်မလား..ကြည့်ရသေးတာပေါ့"
စုယွီ သည် ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်ရင်း စဉ်းစားခန်း ဝင်လိုက်သည်။
‘မန္တန်တွေ ဘက်မှာတော့... ဝိညာဉ်ကျောက်တုံး လုံလောက်အောင် စုမိတဲ့ အချိန်ကျမှ ပိုပြီး စွမ်းအားကြီးတဲ့ မန္တန် တစ်ပုဒ်လောက် ရှာဝယ်ရမယ်။
ဒါမှမဟုတ်ရင်... ဆေးပညာတို့၊ မန္တန်စက္ကူ ရေးဆွဲတာတို့လို.. ဘေးပန်း စီးပွားရေး တစ်ခုခုကို စဉ်းစားသင့်သလား။
ဒီလို ကျွမ်းကျင်မှု မျက်နှာပြင်မျိုး ရှိနေပါလျက်နဲ့... အားလပ်ချိန်မှာ မုန့်ဖိုးပဲဖိုး ရှာလို့ ရမယ့် ဘေးပန်း အလုပ်တစ်ခု မလုပ်ဘူး ဆိုရင် နှမြောစရာကြီး ဖြစ်နေမှာပေါ့။’
"ဆေး ပညာ၊ လက်နက် သွန်းလုပ်ခြင်း၊ မန္တန်စက္ကူ ရေးဆွဲခြင်း၊ ပြီးတော့ အခင်းအကျင်း ခင်းကျင်းခြင်း... ဒီလို ဘေးပန်း အလုပ်တွေ အကုန်လုံးက ဝင်ငွေကောင်းတဲ့ အလုပ်တွေချည်းပဲ"
စုယွီ တွေးလိုက်မိပြီး သူ၏ မျက်လုံးများ အနည်းငယ် အရောင်တောက်သွားလေ၏။
ပိုက်ဆံသာ ရှိရင်... သူ့ရဲ့ ကျင့်ကြံမှု အရှိန်အဟုန်ကို အခုထက် အများကြီး ပိုမြှင့်တင်နိုင်မှာ သေချာတယ်။