← Chapters

ဆေးဥယျာဉ်

Vol. 1 Ch. 5

ဆေးဥယျာဉ်

Vol. 1 Ch. 5

~"လက်နက် သန့်စင်ခြင်း"၊ "အဆောင် ရေးဆွဲခြင်း" နှင့် "အခင်းအကျင်း နည်းပညာ" စသော ဘေးပန်း ပညာရပ်

တွေက သူ့အတွက် လေ့လာဖို့ ရှုပ်ထွေးလွန်းလှသည်။

သို့သော်၊ "ဆေးလုံးဖော်စပ်ခြင်း ပညာ" သင်ယူဖို့ကတော့ တော်တော်လေး လွယ်ကူပါသည်။

ဘာကြောင့်လဲ ဆိုတော့... စုမိသားစုက "ဝိညာဉ် ဆေးပင်" စိုက်ပျိုးသည့် နေရာမှာ အကျွမ်းကျင်ဆုံး ဖြစ်နေ၍ပင်။ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တာကြောင့် ဆေးလုံးဖော်စပ်ခြင်းရော၊ ဆေးပင်စိုက်ပျိုးခြင်း ပညာ မှာပါ တိုးတက်မှုတွေ ရရှိခဲ့သည်။

ယွင်ကျန်းဂိုဏ်း လက်အောက်ခံ မြို့ငယ်လေး တစ်မြို့မှာ "ဆေးလုံးမျှော်စင်" ဆိုသည့် လုပ်ငန်းကြီး တစ်ခုတောင် ဖွင့်လှစ်ထားသေး၏။ ထိုနေရာမှာ ဝိညာဉ် ဆေးပင်တွေ၊ ဆေးလုံးတွေ ရောင်းချကြသည်ပေါ့။

"ဒါပေမဲ့... ဆေးလုံးဖော်စပ်ခြင်း ပညာ မသင်ယူခင်၊ ဆေးဥယျာဉ်မှာ 'ဆေးပညာ အလုပ်သင်' အနေနဲ့ အရင် စတင်တာ အကောင်းဆုံးပဲ... ဆေးပင်တွေကို ခွဲခြား သိမြင်နိုင်မှ ဖြစ်မှာ... သင်ယူပြီးရင်တော့ မိသားစု ဆေးလုံးဖော်စပ် အကြီးအကဲ တစ်ယောက်ဆီမှာ တပည့်ခံလို့ ရပြီ"

စုယွီ ခဏ တွန့်ဆုတ်နေမိသည်။

ဆေးဥယျာဉ်ကို မိသားစု အကြီးအကဲတွေ စောင့်ရှောက်ထားကြသော်လည်း... အိမ်ကနေ ထွက်သွားရသည်က လုံခြုံရေး အရ စိုးရိမ်စရာတော့ ရှိသည်။

တခါတလေ သားရဲကောင်တွေက စိုက်ခင်းအား လာတိုက်ခိုက်တတ်၏။

ထို့အပြင်၊ "လင်းမိသားစု" ၏ လျှို့ဝှက် လုပ်ကြံမှုတွေကိုလည်း သတိထားရဦးမည်။

ခဏ စဉ်းစားပြီးနောက်... စုယွီ အံကိုခဲပြီး ဆေးပညာ အလုပ်သင် အဖြစ် သွားရောက်ဖို့ ဆုံးဖြတ်လိုက်၏။ ယခုအချိန်က အကောင်းဆုံး အချိန်ပင်။ သူ့မှာ အားလပ်ချိန်တွေ အများကြီး ရှိနေတော့ အလဟဿ မဖြစ်စေချင်ပေ။

ပြီးမြောက်သွားလျှင် ဆေးလုံးဖော်စပ်ခြင်း ပညာ သင်ယူ၍ ရလေပြီ။ ဒါက သူ၏ နောင်ရေး ကျင့်ကြံမှု အတွက် အများကြီး အထောက်အကူ ဖြစ်စေမည်ပင်။

အန္တရာယ် နည်းနည်း ရှိသော်လည်း... ရလာမည့် အကျိုးကျေးဇူးနှင့် ယှဉ်လျှင် တန်ပါသည်။

ဒါ့အပြင် အလုပ်သင် လုပ်လျှင် လစဉ် ရိက္ခာ ပိုရဦးမည်လေ။

ဆုံးဖြတ်ချက် ချပြီးနောက်... စုယွီ သည် ပထမ အကြီးအကဲ ထံမှ တာဝန် သွားယူလိုက်သည်။

ပထမ အကြီးအကဲ "စုမန်ရှန်" က ရယ်မောပြီး ပြော၏။

"ကွက်တိပဲကွ... စိုက်ခင်းမှာ လူလိုနေတာနဲ့ အတော်ပဲ... ရော့... ဒီတိုကင်ပြားကို ယူသွား... မင်းကို စိုက်ခင်းဆီ လိုက်ပို့ခိုင်းလိုက်မယ်... အဲဒီမှာ မင်းဦးလေး 'စုချန်ယွီ' ကို သွားရှာလိုက်... သူက ဝါရင့် ဆေးပညာရှင်ကြီးပဲ... သူ့ဆီမှာ သင်ယူတာ အမှန်ကန်ဆုံးပဲ"

စိုက်ခင်း အခင်းအကျင်းအတွင်း ဝင်ထွက်ခွင့် ပြုသော "မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ တိုကင်ပြား" ကို ယူဆောင်ပြီး... စုယွီ သည် "ချီစွမ်းအင် စုစည်းခြင်း ဆဋ္ဌမအဆင့်" ရှိသော မိသားစု အကြီးအကဲ တစ်ဦး၏ နောက်သို့ လိုက်ပါသွားလေသည်။

ဆေးဥယျာဉ်သည် မြစ်ရေစီး မြို့တော် နှင့် သိပ်မဝေးလှသော်လည်း မိုင်ရာချီ ကွာဝေးသည်။ လူသူကင်းမဲ့သော တောင်တန်းကြီး တစ်ခု အတွင်း တည်ရှိပြီး ဧက သောင်းချီ ကျယ်ဝန်းသည်။

သို့သော် ဝိညာဉ်စွမ်းအင် နည်းပါးမှုကြောင့်... ဤစိုက်ခင်းသည် တန်ဖိုးကြီး ဆေးပင်များကို မစိုက်ပျိုးနိုင်ပေ။ "ပထမအဆင့်" ဆေးပင် ရိုးရိုးများကိုသာ စိုက်ပျိုးနိုင်သည်။ ဤမျှလောက်နှင့်ပင် စုမိသားစု အနေဖြင့် ဝင်ငွေ အနည်းငယ် ရရှိပြီး ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမြတ်အစွန်း ကြီးကြီးမားမား ရဖို့တော့ မဖြစ်နိုင်ပါ။

ဤစိုက်ခင်းသည် စုမိသားစု၏ အသက်သွေးကြော ဖြစ်သဖြင့်... အခင်းအကျင်း အမျိုးမျိုးဖြင့် အထပ်ထပ် ကာကွယ်ထားလေသည်။ တိုကင်ပြားကို အသုံးပြု၍ ဝင်ရောက်လိုက်သည်နှင့်... တိမ်တောင်သဖွယ် မြင်ကွင်းများနှင့် တောင်ကြားချိုင့်ဝှမ်းများက မျက်စိရှေ့တွင် ပေါ်ထွက်လာ၏။

စုယွီ အနည်းငယ် အံ့သြသွားသည်။ စိုက်ခင်း အတွင်းရှိ ဝိညာဉ်စွမ်းအင် ပမာဏသည် စုမိသားစု အိမ်တော်ထက်ပင် ပိုမို သိပ်သည်းနေသည်ကို တွေ့လိုက်ရသည်။

စိုက်ခင်းက အလွန် ကျယ်ဝန်းပြီး စုမိသားစုဝင် အများအပြား ရှိနေကြ၏။ ကျင့်ကြံသူ (၁၀၀) ကျော် အပြင်... သာမန် မိသားစုဝင်များနှင့် အစေခံ ရာပေါင်းများစွာလည်း ရှိကြသည်။

တောင်ကုန်း တစ်ခုပေါ်တွင် လယ်တောအိမ် အကြီးကြီး တစ်လုံးနှင့် အိမ်ငယ်လေးများ ရာပေါင်းများစွာ တည်ဆောက်ထားသည်။

စုချန်ယွီ သည် စိုက်ခင်းတွင် နှစ်ပေါင်း (၃၀) နီးပါး နေထိုင်ခဲ့သူ ဖြစ်သည်။ ဝိညာဉ်အမြစ် ပါရမီ နိမ့်ပါးသဖြင့် ကျင့်ကြံမှု နှေးကွေးကာ... ဆယ်စုနှစ်များစွာ ကြာမြင့်သော်လည်း "ချီစွမ်းအင် စုစည်းခြင်း တတိယအဆင့်" တွင်သာ ရှိနေသေးသည်။

ထို့ကြောင့် သူသည် စိုက်ခင်းတွင်သာ နေထိုင်ပြီး ဆေးပင်များ စိုက်ပျိုးခြင်းနှင့် မျိုးဆက်သစ် ဆေးပညာရှင်များ၊ အလုပ်သင်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဘဝကို မြှုပ်နှံထားလေသည်။

စုယွီ ရောက်သွားချိန်တွင်... စုချန်ယွီ သည် အလုပ်သင် (၃) ဦးနှင့် အတူ စိုက်ခင်းထဲတွင် အလုပ်ရှုပ်နေ၏။

"ချန်ယွီရေ... လူသစ် တစ်ယောက် ခေါ်လာတယ်... သူ့နာမည်က စုယွီ တဲ့... ဒီနေ့ကစပြီး ဒီမှာ အလုပ်သင် အဖြစ် လုပ်လိမ့်မယ်"

စုယွီ ကို အပ်နှံပြီးနောက်... လိုက်ပို့သော အကြီးအကဲသည် အချိန်မဆွဲဘဲ ပြန်လည် ထွက်ခွာသွားလေသည်။

စုချန်ယွီ ၏ ပုံစံက လယ်သမားကြီး တစ်ယောက်လိုပါပင်။ အရပ်က (၇) ပေလောက်သာ ရှိမည်။ ရိုးရိုး အင်္ကျီ အတို ဝတ်ထား၏။ အသားညိုညို၊ ဗလတောင့်တောင့်နှင့် ရိုးသားသော ရုပ်ရည်မျိုး ဖြစ်ပါ၏။

စုယွီ ၏ သန့်ရှင်းသပ်ရပ်သော ဝတ်ရုံကို ကြည့်ပြီး စုချန်ယွီ ရယ်မောလိုက်၏။

"ရောက်လာတာ ကောင်းပါတယ်ကွာ... လူငယ်တွေ ဆိုတာ ပညာ တစ်ခုခု သင်ထားသင့်တယ်... မိသားစုကိုပဲ တစ်သက်လုံး အားကိုးနေလို့ မရဘူးလေ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ကြိုးစားရမှာပေါ့"

ဘေးရှိ အလုပ်သင် (၃) ဦးသည် စုယွီထက် အသက်ကြီးကြသည်။ အငယ်ဆုံးတစ်ဦးပင်လျှင် အသက် (၂၀) ကျော်နေပြီဖြစ်ပြီး စိုက်ခင်းထဲသို့ ရောက်နေသည်မှာ (၅) နှစ်၊ (၆) နှစ်ခန့် ရှိနေပြီဖြစ်သည်။

အကြီးဆုံးလူမှာမူ အသက် (၃၀) ကျော်နေပြီ ဖြစ်သည်။ ဤအရွယ်ဆိုလျှင် ဆေးပညာရှင် ဖြစ်သင့်နေပြီ ဖြစ်သည်။

စိုက်ခင်းအလုပ်သင်များအတွက် လမ်းနှစ်သွယ်သာ ရှိသည်။ တစ်လမ်းမှာ စိုက်ခင်းထဲတွင်ပင် ဆက်လက်နေထိုင်ပြီး ဆေးပညာရှင်အဖြစ် ဦးဆောင်နိုင်မည့် နေ့ကို စောင့်မျှော်ခြင်း ဖြစ်သည်။

နောက်တစ်လမ်းမှာမူ ထွက်ခွာသွားပြီး ဆေးပညာရှင် တစ်ဦးထံတွင် တပည့်ခံကာ တစ်နေ့တွင် တရားဝင် ဆေးပညာရှင် ဖြစ်လာစေရန် ကြိုးပမ်းခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော အခွင့်အရေးမျိုးမှာ ရှားပါးလှပေသည်။

အလုပ်ရှုပ်နေကြသော အလုပ်သင် (၃) ဦးသည် စုယွီ ကို တစ်ချက်သာ လှမ်းကြည့်ပြီး၊ အပြုံးဖြင့် ခေါင်းညိတ် နှုတ်ဆက်ကာ အလုပ်ဆက်လုပ်နေကြသည်။

စုယွီ ခါးကိုင်း ဦးညွှတ်ပြီး လေးစားစွာ ပြောလိုက်သည်။

"ဆရာ"

စုချန်ယွီ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ စာအုပ်ငယ် တစ်အုပ်ကို ကမ်းပေးလိုက်၏။

"ဒီစာအုပ်ထဲမှာ စိုက်ခင်းထဲက ဆေးပင်တွေ အကြောင်း၊ ဆေးအာနိသင်တွေ၊ စိုက်ပျိုးနည်းတွေနဲ့ လိုအပ်တဲ့ မန္တန်တွေ မှတ်တမ်းတင်ထားတယ်"

"ဒါနဲ့... မင်း ဘာကျင့်စဉ် လေ့ကျင့်နေတာလဲ"

"ဝူထုံ အစိမ်းရောင် သစ်သား ကျမ်းစာ ပါ... ဒုတိယအဆင့် ရောက်ပါပြီခင်ဗျာ"

စုချန်ယွီ မျက်လုံးများ အရောင်တောက်သွားသည်။

"အဲဒီ ကျင့်စဉ်က ကောင်းတယ်... 'ပြန်လည်နုပျိုခြင်း နည်းစနစ်' ကို သင်ပြီးပြီလား"

"ဟုတ်ကဲ့... သင်ပြီးပါပြီ"

စုချန်ယွီ ဝမ်းသာအားရ ပြောလိုက်၏။

"ကောင်းပြီ... ဒီစာအုပ်ကို ဖတ်ဖို့ လဝက် အချိန်ပေးမယ်... ပြီးရင် ဆေးပင် ဘယ်လို စိုက်ရမလဲ ဆိုတာ ငါ သင်ပေးမယ်"

စာအုပ်က အရင်းအမြစ် ကောင်းပါပင်။

စုယွီက စုချန်ယွီကို ကျေးဇူးတင်စကား ပြောပြီးနောက်... စီစဉ်ပေးထားသော အိမ်လွတ် တစ်လုံးသို့ ပြောင်းရွှေ့ နေထိုင်လိုက်သည်။

နေ့စဉ်နေ့တိုင်း... ကျင့်ကြံခြင်း ကျင့်စဉ် နှင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် များကို လေ့ကျင့်သည့် အပြင်... စာအုပ်ထဲမှ ဆေးပင် ဗဟုသုတများကိုပါ လေ့လာမှတ်သားသည်။

ဤသည်မှာ ဆေးပညာရှင်တစ်ဦး၏ အခြေခံဖြစ်သကဲ့သို့ ဆေးပညာရှင် ဖြစ်လာရန်အတွက်လည်း မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်သည်။

ဆေးပင်ဗဟုသုတများအပြင် စာအုပ်ထဲတွင် မန္တန်အချို့လည်း ပါဝင်သေးသည်။

ရေဓာတ် "မိုးရွာသွန်းခြင်းမန္တန်"၊ မြေဓာတ် "မြေကြီးမန္တန်"၊ သစ်သားဓာတ် "ပြုစုပျိုးထောင်ခြင်းနည်းစနစ်" စသည်တို့ ဖြစ်သည်။

ထို့ပြင် "ဝိညာဉ်မွေးမြူခြင်း နည်းစနစ်" ဟူသော သစ်သားဓာတ် မန္တန်တစ်ပုဒ်လည်း ပါဝင်သည်။

ဤမန္တန်၏ ရည်ရွယ်ချက်မှာ "နတ်ဘုရားအာရုံ" နှင့် သစ်သားဝိညာဉ်များကို မွေးမြူပြီး အာရုံခံနိုင်စွမ်းနှင့် နယ်ပယ်ကို ချဲ့ထွင်ရန်ပင် ဖြစ်သည်။

အဆင့်မြင့်လာပါက အနီးအနားရှိ ဆေးပင်များ၏ ကြီးထွားမှု အခြေအနေကို ချက်ချင်း သိမြင်နိုင်သည်။

ဤမန္တန်ဖြင့် မွေးမြူထားသော သစ်သားဝိညာဉ်များကို ဆေးပင်စိုက်ပျိုးရာတွင် အသုံးပြုနိုင်သကဲ့သို့ တောရိုင်းထဲ၌ ဆေးပင်ရှာဖွေခြင်း၊ သတိပေးချက် အနေဖြင့် အသုံးပြုခြင်းများလည်း ပြုလုပ်နိုင်သည်။ တကယ့်ကို အသုံးဝင်သော မန္တန်ပင် ဖြစ်သည်။

အထူးသဖြင့် ဆေးပညာလေ့လာရာတွင် များစွာ အထောက်အကူ ပြုသည်။

တစ်ခုသာရှိသည်၊ လေ့ကျင့်ရသည်မှာ လွန်စွာ ခက်ခဲသည်။

သို့သော် အခြားလူများအတွက်သာ ခက်ခဲခြင်း ဖြစ်သည်။ စုယွီအတွက်မူ ကျွမ်းကျင်မှု စုဆောင်းရန် အချိန်မည်မျှ ပေးရမည် ဆိုသည်သာ ရှိ၏။

ဤမန္တန်ကို တွေ့လိုက်သည်နှင့် စုယွီသည် နောက်ထပ်လေ့ကျင့်မည့် မန္တန်အဖြစ် ချက်ချင်း ရွေးချယ်လိုက်၏။

ဝမ်းသာစရာကောင်းသည်မှာ စိုက်ခင်းထဲရှိ ဝိညာဉ်စွမ်းအင်က အိမ်တော်ထက် ပိုများနေသဖြင့် စုယွီ၏ ကျင့်ကြံမှုနှုန်း အနည်းငယ် ပိုမြန်လာခြင်း ဖြစ်သည်။

စုယွီ…စိုက်ခင်းသို့ ရောက်ပြီး (၃) ရက်မြောက် ညတွင် ….၊

အပြင်ဘက်မှ အော်ဟစ်သံများ ရုတ်တရက် ကြားလိုက်ရ၏။

"သားရဲကောင်တွေ... မြန်မြန်... တားကြ... ဆေးပင်တွေ လာခိုးပြန်ပြီ..."

ဆူညံပွက်လောရိုက်သွားပြီးနောက် ပြန်လည် တိတ်ဆိတ်သွားသည်။ သားရဲကောင် (၂) ကောင်ကို သတ်လိုက်နိုင်ပုံ ရသော်လည်း အချို့မှာမူ လွတ်မြောက်သွားကြသည်။

မူလက အပြင်မှ သားရဲများ လမ်းမှားပြီး ဝင်ရောက်လာသည်ဟု စုယွီ ထင်မှတ်ခဲ့၏။

သို့သော် ရက်အနည်းငယ် ကြာသောအခါ သားရဲကောင်များ ထပ်မံ ရောက်ရှိ

လာပြန်သည်။

ဤတစ်ကြိမ်တွင်မူ အပြင်ရှိ အကြီးအကဲများ ပြောဆိုနေသည်ကို သူ ကြားလိုက်ရ၏။

"ထပ်လာပြန်ပြီ... ဒီရက်ပိုင်း ဘာလို့ သားရဲတွေ ခဏခဏ လာနေရတာလဲ"

"ကြားတာတော့... ဒီကောင်တွေက မြေကျောက် ကြွက်သားရဲ တွေတဲ့... မြေအောက်မှာ နေတဲ့ အုပ်စုဖွဲ့ သားရဲတွေလေ... ပြီးတော့..."

"မြေကျောက် ကြွက်သားရဲ အုပ်စု အများစုက 'ဝိညာဉ် သွေးကြော' အပေါ်မှာ အသိုက်ဆောက်လေ့ ရှိတယ် ဆိုပဲ"

"ဟာ... မဖြစ်နိုင်တာ... ကောလာဟလက တကယ်လား"

"ဖြစ်နိုင်ချေ များတယ်... ဆရာကြီးက ဒီကိစ္စကို မဆွေးနွေးဖို့ တားထားတယ် မဟုတ်လား"

"ကောင်းတာပေါ့... မဆွေးနွေးတာ အမှန်ပဲ... တကယ်သာ ဟုတ်ရင်... ငါတို့ စုမိသားစုက လင်းမိသားစုကို ကျော်တက်ပြီး တစ်ဟုန်ထိုး ကြီးပွားတော့မှာ"

အဲဒီ စကားတွေ ကြားလိုက်တော့... အခန်းထဲက စုယွီ ရင်ထဲ လှိုင်းထသွားသည်။

မြေကျောက် ကြွက်သားရဲ...။

ဒီကောင်လေးတွေကို သူ ရင်းနှီးတာပေါ့။ ကြွက်လို ပုံစံမျိုး၊ ကြောင်လောက်၊ ခွေးလောက် အရွယ်အစား ရှိသည်လေ။

ဒီအကောင်တွေက မြေတူးတာ အလွန် ကျွမ်းကျင်၏။ မြေကြီးရော၊ ကျောက်တုံးပါ တူးနိုင်လေ၏။

အတိတ်ဘဝ ဂိမ်းကစားတုန်းက... သူ မကြာခဏ ရှင်းထုတ်ပေးခဲ့ရသည့် အုပ်စုဖွဲ့ သားရဲတွေ ဖြစ်ပါသည်။ သူတို့ အကျင့်က ဝိညာဉ် သွေးကြောတွေမှာ အသိုက်ဆောက်ပြီး၊ ဝိညာဉ်ကျောက်တုံးတွေ၊ ကျောက်တုံးတွေကို စားသောက်ကြ၏။

ထို့ကြောင့် ဝိညာဉ် သွေးကြော ဘေးကင်းဖို့ အတွက်... သူတို့ကို မကြာခဏ ရှင်းထုတ်ပေးလေသည်။

ယခု စိုက်ခင်း အခြေအနေ အရ ဆိုလျှင်... မြေကျောက် ကြွက်သားရဲတွေက အခုမှ စရောက်လာတာ ဖြစ်မည်။ ဆိုလိုတာက...

စိုက်ခင်း အောက်ခြေမှာ... ဒါမှမဟုတ် အနီးအနား တစ်နေရာရာမှာ... ပထမအဆင့် ဝိညာဉ် သွေးကြော တစ်ခု ပုန်းအောင်းနေဖို့ ရာခိုင်နှုန်း များ၏။

အညံ့စား ဝိညာဉ် သွေးကြော ဖြစ်လျှင်တောင်မှ... ဝိညာဉ် သွေးကြော ဆိုတာ တန်ဖိုးကြီးလေသည်။

လက်ရှိမှာ စုမိသားစု ရော၊ လင်းမိသားစု ပါ... မည်သူ့မှာမှ ကိုယ်ပိုင် ဝိညာဉ် သွေးကြော မရှိကြသေးပါ။

‘တကယ်လို့ ဒီသတင်းသာ ပေါက်ကြားသွားလျှင်... လင်းမိသားစုက စုမိသားစုကို ဒီအတိုင်း လက်ပိုက် ကြည့်နေပါ့မလား။

ပြီးတော့ အနီးအနားက တခြား အင်အားစုတွေ၊ မိသားစုတွေကရော...

ဒါဆိုရင်... ဆေးဥယျာဉ်ကြီး အန္တရာယ် ရှိလာနိုင်တယ်။’

ဒီအတွေး ဝင်လာသည်နှင့်တပြိုင်နက်.. စုယွီ ချက်ချင်း ဂဏှာမငြိမ် ဖြစ်သွားတော့သည်။

All Chapters