လမ်းညွှန်
Vol. 1 Ch. 6
~မျက်တောင် တစ်ခတ် အတွင်းမှာပင်... စုယွီ သည် ဆေးဥယျာဉ်သို့ ရောက်ရှိသည်မှာ လဝက်ခန့် ကြာမြင့်ခဲ့လေပြီ။
ထိုအချိန် အတွင်း သူသည် ဆရာဖြစ်သူ စုချန်ယွီ ပေးသော လက်စွဲစာအုပ်ငယ်ကို အလွတ်ရသည်အထိ မှတ်သားခဲ့ပြီး၊ "ဝိညာဉ် မွေးမြူခြင်း နည်းစနစ်" ကိုလည်း အောင်မြင်စွာ စတင် လေ့ကျင့်နိုင်လေ၏။ သူ၏ တိုးတက်မှုနှုန်းမှာ နှေးကွေးသော်လည်း၊ ဤနှစ်ပတ် အတွင်းတွင် မန္တန်၏ ကျွမ်းကျင်မှုသည် (၄.၁%) အထိ ရောက်ရှိခဲ့လေသည်။
"ကိုယ်ခန္ဓာ ကျင့်စဉ်" နှင့် "အစိမ်းရောင် သစ်သားသိုင်းကျမ်း" တို့၏ တိုးတက်မှုသည်လည်း စုအိမ်တော်ကြီး၌ ရှိစဉ်ကထက် ပိုမို လျင်မြန်လာလေ၏။
သို့သော် ကိုယ်ခန္ဓာ ကျင့်စဉ် တတိယ အလွှာသို့ ရောက်ရှိပြီးသည့်နောက်၊ ဆက်လက် တက်လှမ်းရန် ခက်ခဲမှုသည် စုယွီ မျှော်လင့်ထားသည်ထက် ပိုမို ကြီးမားနေလေ၏။
စတုတ္ထ အလွှာသို့ ရောက်ရှိရန် မူလက (၂) လ၊ (၃) လ လောက်သာ ကြာမည်ဟု တွက်ချက်ထားသော်လည်း၊ ယခု အခြေအနေအရ အနည်းဆုံး (၆) လ ခန့် ကြာမြင့်နိုင်ပေသည်။
သို့သော် သူ့တွင်သာ အထောက်အကူပြုနိုင်မည့် သားရဲသွေး လုံလောက်စွာ ရှိခဲ့ပါက ဤအချိန်ကာလကို သိသိသာသာ လျှော့ချနိုင်မည်မှာ သေချာသည်။
ကံကောင်းသည်မှာ ဆေးဥယျာဉ်တွင် အလုပ်သင် ဝင်လုပ်ခြင်းကြောင့် စုယွီ၏ လစဉ် ဝင်ငွေသည် သိသိသာသာ တိုးပွားလာလေ၏။ ထို့အပြင် "မြေကျောက် ကြွက်သားရဲ" များ မကြာခဏ လာရောက် တိုက်ခိုက်လေ့ ရှိသဖြင့်၊ ၎င်းတို့ကို သတ်ဖြတ်ပြီး ရရှိသော သားရဲသွေးများကို သူ ကုန်သွယ် ရယူနိုင်လေ၏။
လဝက်ခန့် အနားယူ လေ့လာပြီးနောက်၊ စုယွီ သည် စုချန်ယွီ ထံတွင် ဝိညာဉ် ဆေးပင် စိုက်ပျိုးနည်းများကို လက်တွေ့ စတင် သင်ယူလေ၏။ စုချန်ယွီ ကလည်း စုယွီ၏ နားလည်နိုင်စွမ်းနှင့် ဆေးပင်များ၏ ဂုဏ်သတ္တိအပေါ် သဘောပေါက်မှုကို စမ်းသပ် စစ်ဆေးလေ၏။
ရက်အနည်းငယ် ကြာသောအခါ... ဆေးဥယျာဉ်၏ ကုန်သွယ်မှု ပွဲတော် ကျင်းပလေသည်။
ထိုပွဲတော်တွင် စုယွီ သည် လွန်ခဲ့သော နှစ်ဝက်ခန့်ကတည်းက မတွေ့ဖြစ်ခဲ့သော စုချင်းယီ ကို ပြန်လည် တွေ့ရှိလိုက်ရသည်။ အံ့သြစရာ ကောင်းသည်မှာ စုချင်းယီ ၏ ကျင့်ကြံမှု အဆင့်သည် "ချီစွမ်းအင် စုစည်းခြင်း တတိယအဆင့်" သို့ ရောက်ရှိနေပြီ ဖြစ်၏။
တစ်နှစ်ကျော် ကာလအတွင်း ပထမအဆင့်မှ တတိယအဆင့်သို့ ခုန်တက်သွားခြင်းမှာ စုယွီ အတွက် အတော်လေး အံ့အားသင့်စရာ ဖြစ်နေ၏။
စုချင်းယီ မှာ အလယ်အလတ် ဝိညာဉ်အမြစ် ပါရမီ ရှိသည် ဆိုသော်ငြားလည်း၊ ဒီတိုးတက်မှုနှုန်းက နည်းနည်းတော့ မြန်လွန်းမနေဘူးလား။
ပုံမှန်ဆိုရင် "အစိမ်းရောင် သစ်သားသိုင်းကျမ်း" တတိယအဆင့် ရောက်ဖို့ဆိုတာ အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ယူရမည်လေ။
စုချင်းယီ သည် ဆိုင်ခန်းတစ်ခု ဖွင့်ထားပြီး၊ လွန်ခဲ့သော နှစ်ဝက်က မြင်တွေ့ခဲ့ရသည့် ကလေးဆန်သော အမူအရာများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ မိသားစု၏ အလိုလိုက်ခံထားရသော သခင်လေး ပုံစံမျိုး မဟုတ်တော့။ သူ၏ ဆိုင်ခန်းတွင်လည်း စုယွီ လိုအပ်နေသော သားရဲသွေးများကို ရောင်းချနေလေသည်။
စုချင်းယီ သည် စုယွီ ကို မြင်လိုက်သော်လည်း အံ့သြဟန် မပြပေ။ စုယွီ ဘာလိုအပ်သလဲ မေးမြန်းပြီးနောက် တဟားဟား ရယ်မောကာ ပြောလိုက်သည်။
"ကျွန်တော့်ဆီမှာ ဒုတိယအဆင့် (အလယ်အလတ်) သားရဲသွေးတွေ ရှိတယ်... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်တုံး ပေးရင် ငါးစက် ရောင်းပေးမယ်"
"သဘောတူတယ်"
စုယွီ ငြင်းစရာ အကြောင်း မရှိ။ ဒီဈေးနှုန်းက တကယ့်ကို တန်လွန်းသည်။
စုချင်းယီ က နွေးထွေးစွာ ပြောလိုက်သည်။
"ဒီရက်ပိုင်း စိုက်ခင်းထဲမှာ သားရဲကောင်တွေ ခဏခဏ ပေါ်လာတတ်တယ်... အစ်ကို.. ဖြေရှင်းလို့ မရတဲ့ ပြဿနာမျိုး ကြုံလာရင် ကျွန်တော့်ကို လာရှာလို့ ရတယ်နော်"
"ဒါမှမဟုတ်... သားရဲကောင် ခြေရာလက်ရာ တွေ့ရင်လည်း ကျွန်တော့်ကို လာပြော... အမြတ်ငွေကို မျှဝေကြတာပေါ့"
စုချင်းယီ ၏ ပုံစံကို ကြည့်ရသည်မှာ ကျင့်ကြံခြင်း လောက၏ ပတ်ဝန်းကျင်နှင့် ကောင်းကောင်းကြီး အသားကျနေပြီ ဖြစ်၏။
သူ့ကို ကြည့်ရင်း စုယွီ သည် အတိတ်ဘဝက ကစားခဲ့ဖူးသော ကျင့်ကြံခြင်း ဂိမ်းထဲမှ "အဆင့်နိမ့် ကျင့်ကြံသူ ခေါင်းဆောင်" ၏ ပုံစံခွက် ကို ရိပ်ခနဲ မြင်ယောင်သွားမိသည်။
ခဏမျှ စကားစမြည် ပြောပြီးနောက်၊ စုယွီ သည် ကုန်သွယ်ပွဲမှ ထွက်ခွာကာ သူ့အခန်းသို့ ပြန်လာလေ၏။
လက်ရှိ ကိုယ်ခန္ဓာ ကျင့်စဉ် တတိယ အလွှာ၏ စွမ်းအားဖြင့်၊ သူသည် ဒုတိယအဆင့် (အလယ်အလတ်) သားရဲသွေး တစ်စက်ကို တစ်ကြိမ်တည်းဖြင့် သန့်စင် လေ့ကျင့်နိုင်ပြီ ဖြစ်၏။
ကိုယ်ခန္ဓာ ကျင့်စဉ်ကို လေ့ကျင့်နေရင်း... စုယွီ ခေါင်းထဲသို့ စုချင်းယီ ပြောခဲ့သော စကားတစ်ခွန်း ဝင်ရောက်လာသည်။ "မြေကျောက် ကြွက်သားရဲ..."
"ငါ့ဘာသာငါ အမဲလိုက်ရင် ပိုမကောင်းဘူးလား... ပိုက်ဆံလည်း ရမယ်... ကိုယ်ခန္ဓာ ကျင့်စဉ် အတွက် လိုအပ်တဲ့ သွေးလည်း ရမယ်"
"မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" တတိယ အလွှာ၏ စွမ်းအားဖြင့် ဆိုလျှင်၊ ချီစွမ်းအင် စုစည်းခြင်း စတုတ္ထအဆင့် ရှိသော ကြွက်သားရဲ တစ်ကောင်နှင့် ရင်ဆိုင်ရလျှင်ပင် စုယွိီက ကြောက်စရာ မလိုပေ။
ထို့အပြင်... သူ့မှာ လက်ဖျားလေး တစ်ချက်တောင် မလှုပ်ဘဲ ကြွက်သားရဲတွေကို သတ်နိုင်သည့် နည်းလမ်း တစ်ခု ရှိနေသေးသည်။
အတိတ်ဘဝက ကစားခဲ့သော ကျင့်ကြံခြင်း ဂိမ်း၏ အစောပိုင်း တာဝန်တွေထဲမှာ... အထူးပြုလုပ်ထားသော မြှုံးစာကို သုံးပြီး ကြွက်သားရဲတွေကို ထောင်ဖမ်း သတ်ဖြတ်ရသော တာဝန်တစ်ခု ပါဝင်ခဲ့ဖူးသည်။
မြေကျောက် ကြွက်သားရဲများ အတွက် သီးသန့် ဖော်စပ်ထားသော ထိုမြှုံးစာသည် ၎င်းတို့ကို တွင်းထဲမှ ထွက်လာအောင် ဆွဲဆောင်နိုင်ပြီး၊ စားလိုက်သည်နှင့် တစ်ပြိုင်နက် မေ့လဲသွားစေသည်။ ထိုအခါမှ အလွယ်တကူ သတ်ဖြတ်လိုက်ရုံပင်။
တခြား ကျင့်ကြံသူတွေ ဒီနည်းလမ်းကို သိမသိ၊ စုယွီ မသေချာသော်ငြား၊ ဝိညာဉ် သွေးကြောနှင့် ကြွက်သားရဲတွေ အကြောင်း သိပ်မရင်းနှီးသော စုမိသားစုဝင်တွေကတော့ သိကြမှာ မဟုတ်ပါ။
"အပြာရောင် မြေပန်း၊ နှင်းဆီရိုင်း၊ အရိပ်တိမ်တိုက် မြက်ပင်... ပြီးတော့ စိမ်းလန်း သစ်သားဆီ... ဒါတွေ အကုန်လုံးက ဒီဆေးဥယျာဉ်ထဲမှာ အလွယ်တကူ ရှာလို့ ရတဲ့ ပစ္စည်းတွေချည်းပဲ"
စုယွီ စိတ်ထဲတွင် တွက်ချက်လိုက်သည်။
ဆုံးဖြတ်ပြီးသည်နှင့် သူ ချက်ချင်းပင် အကောင်အထည် ဖော်လေတော့၏။
ကိုယ်ခန္ဓာ ကျင့်စဉ် လေ့ကျင့်ခန်း ပြီးဆုံးသည်နှင့်၊ စုယွီ သည် မြှုံးစာ လုပ်ရန် လိုအပ်သော ကုန်ကြမ်းများကို လိုက်လံ စုဆောင်းလေသည်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ကုန်ကျပြီး၊ မြှုံးစာ (၅) လုံးစာ အတွက် လိုအပ်သော ကုန်ကြမ်းများ ရရှိလေ၏။
ပါဝင်ပစ္စည်း (၅) မျိုးကို အမှုန့်ကြိတ်ပြီး ရောစပ်ကာ ကျောက်စိမ်း ပုလင်းထဲ ထည့်လိုက်သည်။
"ဒီည စမ်းကြည့်ရမယ်"
အချိန်တွေ အများကြီး လိုပါသေးသည်။
ထို့ကြောင့် သူက စုချန်ယွီ နောက်သို့ လိုက်ပြီး ဒီနေ့ လုပ်စရာရှိတာတွေ အရင် ပြီးအောင် လုပ်ရမည်။ ဝိညာဉ် ဆေးပင် စိုက်ပျိုးနည်းများကို လက်တွေ့ သင်ယူရင်း၊ ဆေးပင်များ၏ ကြီးထွားမှု အခြေအနေကို သတိထား စောင့်ကြည့်တတ်လာသည်။ လက်တွေ့ လုပ်ဆောင်မှုနှင့် အရင်က ကျက်မှတ်ထားသော စာတွေ့ ဗဟုသုတများကို ပေါင်းစပ်လိုက်သောအခါ၊ သူ၏ နားလည်မှုသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိလာလေသည်။
တိုတောင်းလှသော အချိန်ကာလ အတွင်းမှာပင် စုယွီ တစ်ယောက် ဆေးပင် ပြုစုပျိုးထောင်ခြင်း အတတ်ပညာကို ပိုင်နိုင်စွာ နားလည်သွားသည်ကို မြင်လိုက်ရသောအခါ၊ စုချန်ယွီ တစ်ယောက် သက်ပြင်းချကာ ချီးကျူးလိုက်မိသည်။
"ယွီလေး... ဒီနှစ်တွေ အတွင်း ငါတွေ့ဖူးသမျှ လူတွေထဲမှာ မင်းက ပါရမီ အရှိဆုံးပဲကွ... မင်းရဲ့ စီနီယာ အစ်ကို (၃) ယောက်တောင်မှ ဒီအတတ်ပညာကို မင်းလောက် သဘောမပေါက်ကြဘူး"
ထိုအခါ၊ စုယွီ က ချက်ချင်းပင် နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
"ကံကောင်းသွားလို့ပါ ဆရာရယ်... မနှစ်တုန်းက မိသားစု ခေါင်းဆောင်နဲ့အတူ ယွင်ကျန်းဂိုဏ်းကို သွားပြီး အလုပ်သင် စာမေးပွဲ ဖြေတုန်းကလေ... ဒုတိယအဆင့် ဉာဏ်ရည် စစ်ဆေးချက်မှာ ကျွန်တော့် ရမှတ်က ပျမ်းမျှအောက်တောင် ရောက်နေသေးတာ"
"ပြီးတော့ ကျွန်တော့်မှာ ရှိတာက အဆင့်နိမ့် ဝိညာဉ်အမြစ်ပါ... ချီစွမ်းအင် ပထမအဆင့်ကနေ ဒုတိယအဆင့် ရောက်ဖို့တောင် တစ်နှစ်ကျော်ကျော် ကြာခဲ့တာလေ"
"ဆရာ့အနေနဲ့ ကျွန်တော့်ကို သိပ်မချီးကျူးပါနဲ့ခင်ဗျာ... တော်ကြာ ကျွန်တော် ဘဝင်မြင့်ပြီး ကျင့်ကြံဖို့ ပျင်းသွားပါဦးမယ်"
"အို... ကောင်းပါပြီကွာ"
စုချန်ယွီ ခဏမျှ ကြောင်သွားပြီးနောက် တဟားဟား ရယ်မောလိုက်တော့၏။ စုယွီ၏ ပါရမီ အကြောင်းကို ထပ်မပြောတော့သော်လည်း၊ သူ့စိတ်ထဲတွင်မူ ဤလူငယ်လေး၏ အလားအလာကို ပိုမို အလေးထားလာပြီး၊ နေ့စဉ်နေ့တိုင်း သူ့ဘေးနားတွင် ခေါ်ထားကာ သင်ကြားပေးလေတော့၏။
ညရောက်သောအခါ...
စုယွီ သည် လူ ပြတ်လပ်သော ဆေးခင်း တစ်နေရာသို့ ရောက်ရှိလာပြီး၊ နေရာ (၅) ခု ရွေးချယ်ကာ "သားရဲမျှားဆေးမှုန့်" ရောစပ်ထားသော ဝိညာဉ်ဆန်များကို ချထားလိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်း တစ်နေရာသို့ ရွှေ့ပြောင်းကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။
(၆) နာရီကျော် ကြာမြင့်ပြီးနောက်... ညဉ့်နက် သန်းခေါင်ယံ အချိန်တွင်...
စုယွီ သွားရောက် စစ်ဆေးကြည့်ရာ သားရဲမျှားဆေးမှုန့်၏ အစွမ်းကြောင့် "မြေကျောက် ကြွက်သားရဲ" နှစ်ကောင် ဖမ်းမိထားသည်ကို တွေ့လိုက်ရသည်။
တစ်ကောင်မှာ တစ်ပေခန့်သာ ရှိပြီး ချီစွမ်းအင် (၁) ဆင့်၊ (၂) ဆင့် ခန့်သာ ရှိသော အကောင်ငယ်လေး ဖြစ်၏။
ကျန်တစ်ကောင်မှာမူ နှစ်ပေနီးပါး အရွယ်အစား ရှိပြီး ပထမအဆင့် (အလယ်အလတ်) မှော်သားရဲ ဖြစ်လေသည်။
‘ရှယ်ပဲဟေ့…’’
ထိုအကောင်ကြီးကို မြင်လိုက်ရသောအခါ စုယွီ ဝမ်းသာအားရ ဖြစ်သွားသည်။
သူ အနားသို့ ကပ်သွားပြီး ကြွက်သားရဲ၏ ခေါင်းကို ဖမ်းဆုပ်လိုက်၏။ "မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" တတိယ အလွှာမှ ရရှိထားသော ကြောက်မက်ဖွယ် စွမ်းအားကို အသုံးပြုပြီး ခေါင်းကို တစ်ပတ်တိတိ လည်သွားအောင် လိမ်ချိုးပစ်လိုက်သည်။ ကြွက်သားရဲ အသက်ထွက်သွားမှသာ စုယွီက လွှတ်ပေးလိုက်၏။
အကောင်ကြီးကို ရှင်းပြီးနောက်၊ အကောင်ငယ်လေးကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ "ဘုန်း" ခနဲ အသံအုပ်အုပ် ထွက်ပေါ်လာပြီး ခေါင်းကြေမွ သေဆုံးသွားလေသည်။
ကျန်ရှိနေသေးသော သားရဲမျှားဆေးမှုန့် ရောစပ်ထားသည့် ဝိညာဉ်ဆန် (၃) ပုံကို ဖျက်ဆီးပစ်လိုက်ပြီးနောက်၊ စုယွီ သည် ကြွက်သားရဲ နှစ်ကောင်ကို သယ်ဆောင်ကာ တိတ်ဆိတ်စွာ ပြန်လာခဲ့တော့၏။
သားရဲမျှားဆေးမှုန့်၏ အာနိသင်သည် (၆) နာရီသာ ခံသဖြင့်၊ ကျန်နေသော ဆေးစာများသည် အသုံးမဝင်တော့ပေ။ ၎င်းတို့ကို ဖျက်ဆီးပစ်လိုက်ခြင်းဖြင့် သဲလွန်စ ဖျောက်ဖျက်လိုက်ခြင်း ဖြစ်၏။
အခန်းထဲသို့ ပြန်ရောက်သောအခါ... စုယွီ သည် ကြွက်သားရဲ နှစ်ကောင်ကို အရေခွံခွာပြီး သွေးထုတ်ယူလိုက်သည်။
"မှော်သားရဲ သွေးအဆီအနှစ်ဆိုသည်မှာ နှလုံးသားမှ ထုတ်ယူရသော သွေးဖြစ်ပြီး၊ သားရဲကောင်၏ စွမ်းအားနှင့် အဆီအနှစ်များ စုစည်းရာ ဖြစ်၏။ ပမာဏ အလွန် နည်းပါးသည်။
အကောင်ငယ်လေး ထံမှ "ပထမ အဆင့် (အစောပိုင်း) သားရဲ သွေးအဆီအနှစ်" (၂၃) စက်သာ ရရှိသည်။
အကောင်ကြီး ထံမှမူ "ပထမအဆင့် (အလယ်အလတ်) သားရဲ သွေးအဆီအနှစ်" (၄၁) စက် အထိ ရရှိလိုက်၏။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ရင်းနှီးလိုက်ရသော်လည်း၊ ပြန်ရလိုက်သော ပစ္စည်းများ၏ တန်ဖိုးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀) ခန့် ရှိလေသည်။
"ဒီလောက် များပြားတဲ့ သားရဲ သွေးအဆီအနှစ်တွေသာ ရှိရင်... ကိုယ်ခန္ဓာ ကျင့်စဉ် စတုတ္ထ အလွှာကို ရောက်ဖို့ (၂) လ၊ (၃) လ လောက်ပဲ ကြာတော့မှာ သေချာတယ်"
စုယွီ ကျေနပ်စွာ တွေးလိုက်မိသည်။
ပိုပြီး ကျေနပ်စရာ ကောင်းတာက... အတိတ်ဘဝ ဂိမ်းထဲက တာဝန်တွေ၊ နည်းလမ်းတွေက လက်တွေ့ ဘဝမှာလည်း တကယ် အသုံးဝင်နေခြင်းပါပဲ။
ကျွမ်းကျင်မှု မျက်နှာပြင်အပြင်၊ ဒီကျင့်ကြံခြင်း ကမ္ဘာကြီးထဲမှာ အသက်ရှင် ရပ်တည်နိုင်ဖို့ နောက်ထပ် လက်နက်ကောင်း တစ်ခု ပိုင်ဆိုင်လိုက်ပါပြီ။
သားရဲမျှားဆေးမှုန့် အောင်မြင်ရခြင်းမှာ ၎င်း၏ ပါဝင်ပစ္စည်းများ ရိုးရှင်းသောကြောင့် ဖြစ်၏။
ဂိမ်းထဲမှ အခြား ရှုပ်ထွေးသော ဆေးနည်းများ၊ လက်နက်သွန်းလုပ်နည်းများ ဆိုလျှင်မူ ပြန်လည်စမ်းသပ်ပြီး မွမ်းမံရန် လိုကောင်း လိုအပ်ပေလိမ့်မည်။
သို့သော် စုယွီသည် ဤမျှဖြင့်ပင် ကျေနပ်နေပြီ ဖြစ်သည်။
အခြားသူများနှင့် နှိုင်းယှဉ်ပါက သူသည် အနည်းဆုံး ဟင်းချက်နည်း တစ်ခု၏ ပါဝင်ပစ္စည်းများနှင့် အချိုးအစားများကို ကြိုတင်သိရှိထားခြင်း ဖြစ်သည်။ ကျန်ရှိသည်မှာ အချိန်ကိုက်ရန်နှင့် မီးအပူချိန် ချိန်ညှိရန်မျှသာ လိုအပ်တော့သည်။
ထို့ပြင် ဤဆေးနည်းများသာ မကပေ။ သူ့ခေါင်းထဲရှိ အခြား ဗဟုသုတများနှင့် ဂိမ်းတာဝန် ဖြေရှင်းနည်းများသည်လည်း တန်ဖိုးမဖြတ်နိုင်သော ရတနာသိုက်ကြီး တစ်ခုပင် ဖြစ်သည်။
"ပိုက်ဆံ နည်းနည်းလောက် စုပြီးရင်... ကိုယ့်အတွက် သင့်တော်မယ့် 'မှော်လက်နက်' တစ်ခုလောက် ဝယ်ထားမှ ဖြစ်မယ်"
ကြွက်သားရဲတွေ ပေါ်လာသည့် နေရာအောက်မှာ "ပထမအဆင့် ဝိညာဉ် သွေးကြော" တစ်ခု ရှိနေနိုင်သည် ဟူသော အချက်ကို တွေးမိလိုက်တိုင်း၊ စုယွီ စိတ်ထဲမှာ အရေးတကြီး လိုအပ်ချက် တစ်ခု ဖြစ်ပေါ်လာ၏။
အဆင့်နိမ့် မှော်လက်နက် တစ်ခု ဆိုလျှင်ပင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဒါဇင်ချီ ပေးရမည်။
လောလောဆယ် သူ့မှာ သည်လောက် ပိုက်ဆံ မရှိသေးပါ။
ဖြည်းဖြည်းချင်း စုမှ ရပါမည်။