← Chapters

ကိုယ်ခန္ဓာ ကျင့်စဉ် စတုတ္ထအဆင့်

Vol. 1 Ch. 7

ကိုယ်ခန္ဓာ ကျင့်စဉ် စတုတ္ထအဆင့်

Vol. 1 Ch. 7

~သားရဲကောင်များ၏ အစိတ်အပိုင်းများကို ကုန်သွယ်ပွဲတော်တွင် ရောင်းချ၍ ရသလို၊ မိသားစုထံတွင်လည်း တိုက်ရိုက် ရောင်းချနိုင်လေသည်။ မိသားစုက ပေးသော ဈေးနှုန်းမှာ အပြင်ပေါက်ဈေးထက် အနည်းငယ် နိမ့်သော်လည်း၊ အားသာချက်မှာ အဆင်ပြေ လွယ်ကူခြင်းနှင့် ပစ္စည်းအားလုံးကို တစ်ကြိမ်တည်းဖြင့် လက်ခံ ဝယ်ယူပေးခြင်းပင်။ ထို့အပြင် ငွေကြေးအစား ဝိညာဉ်ကျောက်တုံးများ (သို့မဟုတ်) အခြား လိုအပ်သော အရင်းအမြစ်များနှင့် လဲလှယ်၍လည်း ရနိုင်ပေသည်။

စုယွီ သည် ပထမအဆင့် (အလယ်အလတ်) မြေကျောက် ကြွက်သားရဲ၏ အသားနှင့် သွေးများကို ကိုယ်ခန္ဓာ ကျင့်စဉ် လေ့ကျင့်ရန်အတွက် ဖယ်ချန်ထားလိုက်၏။

ကျန်ရှိသော ပထမအဆင့် (အစောပိုင်း) ကြွက်သားရဲ၏ သားရေနှင့် သားရဲ သွေးအဆီအနှစ်များကို မိသားစုထံ ရောင်းချလိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆) တုံး ရရှိလေသည်။

အချိန်ကာလများ ဖြည်းညှင်းစွာ ကုန်ဆုံးသွားလေ၏။

ဆေးဥယျာဉ်သို့ ရောက်ရှိပြီးနောက်၊ စုယွီ၏ ကျင့်ကြံခြင်း အရင်းအမြစ် ပိုင်ဆိုင်မှုသည် အရင်ကထက် အဆပေါင်းများစွာ တိုးပွားလာလေ၏။

ယခုအခါ သူ့လက်ထဲတွင် ပထမအဆင့် (အလယ်အလတ်) ကြွက်သားရဲ၏ သွေးအဆီအနှစ် (၄၁) စက် အထိ ပိုင်ဆိုင်ထားလေပြီ။

ဤအခြေအနေကို "ကြွယ်ဝ ချမ်းသာကာ ကြွားဝါ၍ ရလောက်သည်" ဟုပင် ဆိုရပေမည်။

ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်ဆန်များ၏ အကူအညီဖြင့်၊ သူ၏ "ဝူထုံ သင်ကြားမှု" ကျင့်စဉ် လေ့ကျင့်ချိန်သည် တစ်နေ့လျှင် (၆) နာရီအောက်သာ ကြာမြင့်ပြီး ခန္ဓာကိုယ် ကန့်သတ်ချက်သို့ ရောက်ရှိနိုင်ပြီ ဖြစ်၏။

ကိုယ်ခန္ဓာ ကျင့်စဉ် အတွက်မူ တစ်နေ့လျှင် သားရဲ သွေးအဆီအနှစ် (၂) စက်ကို စားသုံးကာ သန့်စင် လေ့ကျင့်နိုင်ပြီ ဖြစ်ရာ၊ သူ၏ ကျင့်ကြံမှု အရှိန်အဟုန်သည် ဒုံးပျံစီးသကဲ့သို့ ခုန်တက်သွားတော့၏။

ကောင်းကင်ယံမှ ကြယ်တာရာများ နေရာရွှေ့လျားကာ တစ်ရက်တာ ကုန်ဆုံးသွားလေ၏။

နောက်တစ်နေ့တွင်... စုယွီ သည် ကျင့်ကြံရာမှ နိုးထလာပြီး မျက်စိရှေ့မှ ကျွမ်းကျင်မှု မျက်နှာပြင်ကို စူးစိုက်ကြည့်လိုက်သည်။

[ ကျင့်စဉ် - ဝူထုံ နှလုံးသားသိုင်းကျမ်း (ဒုတိယအဆင့်၊ ကျွမ်းကျင်မှု ၄.၅%)၊ မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ် (တတိယအလွှာ၊ ကျွမ်းကျင်မှု ၂၁.၄%) ]

"တစ်ရက်တည်းနဲ့ ဝူထုံ ကျင့်စဉ် ကျွမ်းကျင်မှုက (၀.၁၈%) တိုးလာတယ်... ကိုယ်ခန္ဓာ ကျင့်စဉ်ကတော့ (၀.၈၂%) တောင် တိုးလာပါလား"

စုယွီ တွက်ချက်ကြည့်လိုက်သည်။

…ဒီနှုန်းထားအတိုင်း ဆိုရင်... "ဝူထုံ နှလုံးသားသိုင်းကျမ်း" တတိယအဆင့် ရောက်ဖို့ နောက်ထပ် တစ်နှစ်ခွဲလောက် ကြာလိမ့်မယ်။

"ကိုယ်ခန္ဓာ ကျင့်စဉ်" ကတော့... စတုတ္ထ အလွှာကို ရောက်ဖို့ နှစ်လကျော်ကျော်လောက်ပဲ လိုတော့မယ်။…

နေ့စဉ် သားရဲ သွေးအဆီအနှစ် (၂) စက် သုံးစွဲနေခြင်းကြောင့် ကိုယ်ခန္ဓာ ကျင့်စဉ် တိုးတက်နှုန်းသည် ယခင်ကထက် နှစ်ဆကျော် ပိုမို လျင်မြန်လာခြင်း ဖြစ်၏။

ထိုသို့ မဟုတ်လျှင်... ဤမျှ မြန်ဆန်သော တိုးတက်မှုမျိုး ရရှိနိုင်မည် မဟုတ်ချေ။

ထို့နောက် စုယွီ သည် "ဝူထုံ နှလုံးသားသိုင်းကျမ်း" လေ့ကျင့်ရာတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးကို စမ်းသပ် သုံးစွဲကြည့်ရာ၊ ကျင့်ကြံမှုနှုန်း သိသိသာသာ တက်လာပြီး တစ်ရက်လျှင် ကျွမ်းကျင်မှု (၀.၂၈%) အထိ တိုးတက်လာကြောင်း တွေ့ရသည်။

ဝိညာဉ်ကျောက်တုံးများကိုသာ နေ့စဉ် ဆက်တိုက် သုံးစွဲနိုင်မည် ဆိုလျှင်၊ "ချီစွမ်းအင် စုစည်းခြင်း တတိယအဆင့်" သို့ ရောက်ရန် တစ်နှစ်ခန့်သာ ကြာမြင့်တော့မည် ဖြစ်၏။

ချီစွမ်းအင် ဆေးလုံးသာ ရှိလျှင်မူ ပိုမို မြန်ဆန်မည်မှာ သေချာသည်။ သို့သော် ဆေး (၁၀) လုံး ပါဝင်သော ပုလင်းတစ်လုံးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးရသည်။ တစ်လုံးလျှင် တစ်တုံးနှုန်း ကျသင့်နေခြင်း ဖြစ်သည်။

ချီစွမ်းအင် အစောပိုင်း အဆင့်တွင် ရှိသောသူ တစ်ဦးအတွက် ဆေးတစ်လုံးသည် (၂) နာရီ၊ (၃) နာရီခန့်သာ အာနိသင် ခံသည်။

တွက်ခြေကိုက်မှုချင်း ယှဉ်ကြည့်ပါက ဝိညာဉ်ကျောက်တုံး အသုံးပြု၍ ကျင့်ကြံခြင်းက ပိုမိုသက်သာပေသည်။

နှမြောဖွယ် ကောင်းလှသည်။

စုယွီ ခေါင်းခါလိုက်မိသည်။ ဆေးလုံး ဝယ်ယူသောက်သုံးရန်မှာ ထားဦး၊ ဝိညာဉ်ကျောက်တုံးကိုပင် နေ့စဉ် မသုံးစွဲနိုင်သေးပေ။ ရံဖန်ရံခါမျှသာ သုံးစွဲနိုင်ခြင်း ဖြစ်သည်။

အလွန်အကျွံ သုံးစွဲမိလျှင် မွဲသွားပေလိမ့်မည်။

လက်ရှိ ပိုင်ဆိုင်သော အရင်းအမြစ်များကို တွက်ချက်ပြီးနောက်၊ စုယွီသည် နေ့စဉ် ဆေးဥယျာဉ်မှ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရင်း၊ ကျန်အချိန်များတွင် စနစ်တကျ ကျင့်ကြံခြင်းဖြင့်သာ နေ့ရက်များကို ကုန်ဆုံးစေလေ၏။

လဝက်ခန့် ကြာသောအခါ... စုယွီ သည် အပြင်ထွက်၍ သားရဲမျှားဆေးမှုန့် (၅) နေရာ ထပ်ချလိုက်ရာ၊ ကြွက်သားရဲ (၃) ကောင် ထပ်မိလေသည်။ အားလုံးက ပထမအဆင့် (အစောပိုင်း) အကောင်များ ဖြစ်ကြသည်။

အသားစားချင်စိတ်ကို ဖြေဖျောက်ရန် အသားနှင့် သွေး အနည်းငယ် ဖယ်ချန်ထားသည်မှ လွဲ၍၊ ကျန်ပစ္စည်း အားလုံးကို စုမိသားစုထံ ရောင်းချလိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၉) တုံး အမြတ်ရလိုက်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြန်သည်။

ယခုဆိုလျှင် စုယွီ ဆေးဥယျာဉ်သို့ ရောက်ရှိနေသည်မှာ (၂) လ ပြည့်မြောက်ခဲ့ပြီ ဖြစ်၏။

ဤ (၂) လ အတွင်း... ဆေးဥယျာဉ်၌ ကြွက်သားရဲများ၏ ရန်ပြုမှုသည် ပိုမို ဆိုးရွားလာလေ၏။ စုမိသားစု၏ အဖိုးတန် ဝိညာဉ် ဆေးပင် အများအပြားကို ကြွက်သားရဲများက ကိုက်ဖြတ် ဖျက်ဆီးပစ်ကြသဖြင့် ဆုံးရှုံးမှု များပြားလှသည်။

ပို၍ ဆိုးရွားသည်မှာ... သာမန် မိသားစုဝင် (၁၀) ဦးကျော်ခန့်သည် ကြွက်သားရဲများ၏ လက်သည်းနှင့် သွားများ အောက်တွင် အသက်ဆုံးရှုံးခဲ့ရခြင်းပင်။

ဤအဖြစ်အပျက်က စုမိသားစု၏ အကြီးအကဲများကို ဒေါသထွက်စေလေ၏။

သူတို့သည် မြေကျောက် ကြွက်သားရဲ အုပ်စုကို အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ်လိုက်ကြတော့၏။

မကြာမီမှာပင်... မိသားစု ခေါင်းဆောင် စုဖုန် ကိုယ်တိုင် ဆေးဥယျာဉ်သို့ ရောက်ရှိလာပြီး ဆုကြေးငွေ ထုတ်ပြန် ကြေညာလိုက်သည်။

"ပထမအဆင့် (အစောပိုင်း) ကြွက်သားရဲ တစ်ကောင် သတ်နိုင်ရင်၊ ရရှိတဲ့ ပစ္စည်းတန်ဖိုး အပြင်... နောက်ထပ် ဆုကြေးငွေ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅) တုံး ထပ်ဆောင်း ပေးမယ်"

"ပထမအဆင့် (အလယ်အလတ်) ကြွက်သားရဲ ဆိုရင်... ဆုကြေး ဝိညာဉ်ကျောက်တုံး (၂၀) တုံး ချီးမြှင့်မယ်..."

"ပထမအဆင့် (နှောင်းပိုင်း) ကြွက်သားရဲ ဆိုရင်တော့... ဆုကြေး ဝိညာဉ်ကျောက်တုံး (၁၀၀) တိတိ ချီးမြှင့်မယ်..."

အကြောင်းမူကား... ကြွက်သားရဲ ပြဿနာသည် လျစ်လျူရှုထား၍ မရတော့သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။ အချိန်မီ မဖြေရှင်းနိုင်ပါက ဆုံးရှုံးမှု ကြီးမားသွားနိုင်လေသည်။

ကြွက်သားရဲ ဦးရေကို ထိန်းချုပ်မထားနိုင်ပါက၊ ပထမအဆင့် ဝိညာဉ် သွေးကြော ကိစ္စကို ခဏထားဦး၊ စုမိသားစု၏ အဓိက စီးပွားရေး ဖြစ်သော ဆေးပင် စိုက်ပျိုးရေး လုပ်ငန်းပါ ပျက်စီးသွားနိုင်ခြေ ရှိသည်။

ဆေးခင်း အတွက်ပဲ ဖြစ်ဖြစ်၊ ဝိညာဉ် သွေးကြော အတွက်ပဲ ဖြစ်ဖြစ်... ဒီကြွက်သားရဲ အုပ်စုကို မဖြစ်မနေ ရှင်းထုတ်ပစ်ရမည်။

စုယွီ ကတော့ မိသားစု အကြီးအကဲတွေ ဘက်က "ဝိညာဉ် သွေးကြော" ကိစ္စကို ဘယ်လို မြင်နေသလဲ၊ နောက်ကွယ်မှာ ဘာတွေ ပြင်ဆင်နေသလဲ ဆိုတာကို မသိရှာပေ။

သို့သော် မိသားစု ခေါင်းဆောင် စုဖုန် ၏ ဆုကြေးငွေ ကြေညာချက်ကို ကြားလိုက်ရသောအခါ၊ စုယွီ တစ်ယောက် ဝမ်းသာလွန်း၍ ကခုန်ချင်စိတ်ပင် ပေါက်သွားလေသည်။

လွန်ခဲ့သော တစ်လ အတွင်း သူ (၂) ကြိမ်သာ လှုပ်ရှားခဲ့သော်လည်း၊ ပထမအဆင့် (အစောပိုင်း) ကြွက်သားရဲ (၅) ကောင် ရရှိခဲ့သည် မဟုတ်ပါလော။

လက်ရှိ ဆုကြေး နှုန်းထားအရ ဆိုလျှင်... ပစ္စည်း ရောင်းရငွေ မပါဘဲ၊ ဆုကြေး သက်သက်ဖြင့်ပင် ဝိညာဉ်ကျောက်တုံး (၂၅) တုံး အိတ်ကပ်ထဲ ရောက်လာမည် ဖြစ်၏။

ဒါဆိုရင်... "အဆင့်နိမ့် မှော်လက်နက်" တစ်ခု ဝယ်ဖို့ ငွေတစ်ဝက်လောက် စုမိသွားပြီပေါ့။

"နောက်ရက်တွေကျရင် ပိုပြီး ဖမ်းမှ ဖြစ်မယ်"

စုယွီ ဆုံးဖြတ်လိုက်သည်။ မိသားစုက သူ့ကို ကြွက်သားရဲ ဖမ်းသည့် နေရာမှာ ကျွမ်းကျင်သည်ဟု သတိထားမိသွားလျှင်လည်း ဂရုမစိုက်တော့ပေ။

ဒီလောက် များပြားသည့် ဆုကြေးငွေက စွန့်စားရကျိုး နပ်ပါသည်လေ။

သူ စုဆောင်းထားသော ငွေများကို စစ်ဆေးကြည့်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ရှိနေ၏။

စုယွီက ထိုငွေ အားလုံးကို ထုတ်ယူပြီး "သားရဲမျှားဆေးမှုန့်" အစုံ (၅၀) စာ အတွက် ကုန်ကြမ်းများ ဝယ်ယူလိုက်သည်။

ညရောက်သောအခါ...

စုယွီ သည် သားရဲမျှားဆေးမှုန့်များ ဖော်စပ်ပြီး အမဲလိုက် ထွက်ရန် ပြင်ဆင်နေစဉ်၊ သူ့စီနီယာ အစ်ကိုများ ရောက်ရှိလာပြီး လှမ်းခေါ်ကြလေသည်။

"ဂျူနီယာ ညီလေး... ငါတို့နဲ့ လိုက်ခဲ့ပါလား... ညစာ စားပြီးရင် ဆေးခင်းထဲမှာ ကင်းပုန်းဝပ်ပြီး ကြွက်သားရဲ ဖမ်းကြမလို့... တချို့ဆို ညအိပ်ပြီး စောင့်ကြမလို့တဲ့"

အကြီးဆုံး စီနီယာ စုမင်ဟွိုင် က တက်ကြွစွာ ဖိတ်ခေါ်လိုက်သည်။ ကျန်နှစ်ယောက်ကလည်း ဝိုင်းဝန်း တိုက်တွန်းကြသည်။

မိသားစု၏ ဆုကြေးငွေ ကြေညာချက်ကြောင့် ဆေးဥယျာဉ် အတွင်းရှိ ကျင့်ကြံသူ အားလုံး မျက်လုံးများ အရောင်တောက်နေကြသည်။ စုယွီ တစ်ယောက်တည်း မဟုတ်ပေ။

စီနီယာ အစ်ကိုများ၏ စကားကို ကြားသောအခါ စုယွီ အနည်းငယ် အံ့သြသွားမိသည်။

‘လူတွေ အများကြီး ကင်းပုန်းဝပ်နေကြမယ် ဆိုရင်... ငါ့အတွက် အောင်မြင်နိုင်ခြေ နည်းသွားပြီပေါ့။

ပြီးတော့ ငါ့ရဲ့ "သားရဲမျှားဆေးမှုန့်" လျှို့ဝှက်ချက်လည်း ပေါက်ကြားသွားနိုင်တယ်။

လောလောဆယ်တော့ ဆေးခင်းထဲ သွားပြီး အမဲလိုက်လို့ မဖြစ်သေးဘူး။’

"နေပါစေဗျာ... ကျွန်တော့် စွမ်းအားက နည်းပါသေးတယ်... အခန်းထဲမှာပဲ အေးဆေး ကျင့်ကြံနေလိုက်ပါ့မယ်"

စဉ်းစား ချင့်ချိန်ပြီးနောက် စုယွီ သည် ဒီရေလှိုင်းလုံးကို ခဏ ရှောင်တိမ်းပြီး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မြေကျောက် ကြွက်သားရဲ အုပ်စု ဆိုတာကလည်း လွယ်လွယ်နှင့် ရှင်း၍ ရမည့် အရာမှ မဟုတ်ပါလေ။

ထို့ကြောင့် စီနီယာ အစ်ကိုများ၏ ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

သူ့အခန်းထဲသို့ ပြန်ဝင်ပြီး ကိုယ့်ကျင့်ကြံခြင်း အလုပ်ကိုသာ ဆက်လုပ်နေလိုက်၏။

နောက်ပိုင်း ရက်များ၏ ညတိုင်းတွင်... ဆေးဥယျာဉ်သည် ကျင့်ကြံသူများ၏ လှုပ်ရှားမှုများဖြင့် စည်ကားနေလေသည်။ ကြွက်သားရဲ တစ်ကောင် ခေါင်းပြူလိုက်သည်နှင့် ကျင့်ကြံသူ အများအပြား ဝိုင်းဝန်း တိုက်ခိုက်ကြတော့၏။

ဤအခြေအနေသည် တစ်လခန့် ကြာမြင့်လေ၏။ ကြွက်သားရဲ (၁၀၀) နီးပါး အသတ်ခံလိုက်ရပြီးနောက်၊ ၎င်းတို့ အပြင်ထွက်လာခြင်း နည်းပါးသွားတော့၏။ ထိုအခါမှသာ ကျင့်ကြံသူများ၏ လှုပ်ရှားမှု အနည်းငယ် ငြိမ်သက်သွားခဲ့လေသည်။

—-------

ထိုနေ့ညတွင်...၊

စုယွီ၏ အခန်းတွင်း၌...၊

"ဟူး... ဟူး... ဟူး..."

စုယွီ၏ ခန္ဓာကိုယ်မှ ပူပြင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။ သူ ရှူထုတ်လိုက်သော လေငွေ့တိုင်းသည် မီးတောက်များကဲ့သို့ ပူလောင်ပြီး နီရဲနေလေသည်။

ခန္ဓာကိုယ် အတွင်းရှိ သွေးနှင့် ချီစွမ်းအင်များသည် မြစ်ကျယ်ကြီး တစ်စင်း စီးဆင်းနေသကဲ့သို့ ဆူပွက် လှုပ်ရှားနေပြီး၊ မိုးခြိမ်းသံကဲ့သို့သော အသံကြီးများ နားထဲတွင် ပဲ့တင်ထပ်နေ၏။

တစ်ခဏချင်း ဆီ၌... စုယွီ၏ သွေးနှင့် ချီစွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။

"ဝုန်း..."

"ဂရား..."

တစ်ခဏချင်း အတွင်းမှာပင် အခန်းတစ်ခုလုံး တောက်ပသော သွေးရောင် အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။ စုယွီ တစ်ကိုယ်လုံး သွေးရောင် အခိုးအငွေ့များ လွှမ်းခြုံထားပြီး၊ သွေးပင်လယ်ကြီး တစ်ခု အလား ဖြစ်ပေါ်နေ၏။ သူ၏ ခေါင်းထက်တွင် သွေးရောင် အခိုးအငွေ့များဖြင့် ဖွဲ့စည်းထားသော ဧရာမ မိကျောင်းသားရဲကြီး တစ်ကောင် ပေါ်ထွက်လာသည်။ ကြောက်မက်ဖွယ်ရာ သွားများနှင့် လက်သည်းများသည် သွေးရောင် တောက်နေပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်မည့်ဟန် ပေါ်နေလေ၏။

၎င်း၏ ဟိန်းဟောက်သံသည် စုယွီ၏ ဝိညာဉ်ပင်လယ်ကို တုန်လှုပ်သွားစေသည်။ သို့သော် ဝိညာဉ်ပင်လယ် ထက်တွင်မူ ဝေဝါးသော လူပုံရိပ်တစ်ခု တင်ပျဉ်ခွေ ထိုင်နေပြီး၊ ထိုမာန်တက်နေသော သတ္တဝါကြီးကို တည်ငြိမ်စွာ စောင့်ကြည့်နေလေသည်။

စုယွီ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် မိကျောင်း အကြေးခွံများကဲ့သို့ သွေးရောင် အကွက်များ ပေါ်ထွက်လာသည်။ ချက်ချင်း ဆိုသလိုပင် သူ၏ ခန္ဓာကိုယ်သည် သိသိသာသာ ကြီးထွားလာလေသည်။

လူသား တစ်ပိုင်း၊ မိကျောင်း တစ်ပိုင်း သဏ္ဍာန် ဖြစ်ပေါ်နေပြီး၊ သူ၏ အရှိန်အဝါသည် ကြောက်ခမန်းလိလိ ရက်စက် ကြမ်းကြုတ်နေ၏။

ယခုတစ်ကြိမ် အသွင်ပြောင်းလဲမှုသည် နာရီဝက်ခန့် ကြာမြင့်လေ၏။ ခန္ဓာကိုယ် ပေါ်မှ သွေးရောင် အကွက်များနှင့် အတွင်းမှ ဆူပွက်နေသော သွေးစွမ်းအင်များ တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားပြီး၊ ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားလေသည်။

စုယွီ မျက်လုံးဖွင့်ပြီး ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်သောအခါ၊ စာတန်းများ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

[ ကျင့်စဉ် - မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ် (စတုတ္ထအလွှာ၊ ကျွမ်းကျင်မှု ၀.၀၁%) ]

ကိုယ်ခန္ဓာ ကျင့်စဉ် စတုတ္ထ အလွှာသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့်... ယခုအခါ စုယွီ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် စွမ်းအားသည် "ပထမအဆင့် (အလယ်အလတ်) သားရဲကောင်" တစ်ကောင်ထက် မနိမ့်ကျတော့ပေ။

All Chapters