အဆင့်နိမ့် မှော်လက်နက်
Vol. 1 Ch. 8
~စုယွီ သည် ကျွမ်းကျင်မှု မျက်နှာပြင်မှ အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး၊ လက်ထဲရှိ ဗလာ ဖြစ်နေသော ကျောက်စိမ်း ပုလင်းငယ်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"သားရဲ သွေးအဆီအနှစ် မရှိတော့ရင်... ကျင့်ကြံမှုနှုန်း နှေးကွေးသွားတာက တော်တော်လေး နေရခက်တာပဲ"
သို့ရာတွင်၊ တော်သေးသည်က... နောက်ဆုံးတော့ သူ အဆင့်တက်သွားပြီလေ။
ကိုယ်ခန္ဓာ ကျင့်စဉ် စတုတ္ထ အလွှာသို့ အဆင့်တက်ရန် အတွက်၊ စုယွီ သည် လွန်ခဲ့သော နှစ်လ အတွင်း သူ စုဆောင်းထားသမျှ အရင်းအမြစ် အားလုံးကို ပုံအော သုံးစွဲခဲ့ရသည်။ အရင်က ရရှိခဲ့သော သားရဲ သွေးအဆီအနှစ်များလည်း ကုန်စင်သွားခဲ့၏။
လစဉ် ရိက္ခာ ထုတ်ယူပြီးနောက် သူ ဝယ်ယူခဲ့သော ပထမအဆင့် (အလယ်အလတ်) သားရဲသွေး အနည်းငယ်နှင့် သူ့မှာ ရှိသမျှ ဝိညာဉ်ကျောက်တုံး အားလုံးကို အကုန် သုံးလိုက်မှသာ... "မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" စတုတ္ထ အလွှာသို့ ကပ်သီလေး ရောက်ရှိခဲ့ခြင်း ဖြစ်၏။
သို့သော်ငြားလည်း...
စုယွီ သည် သူ့ခန္ဓာကိုယ် အတွင်းမှ ပြောင်းလဲမှုများနှင့် ပေါက်ကွဲထွက်မတတ် ကြီးမားသော စွမ်းအားသစ်ကို ခံစားလိုက်ရသောအခါ...
"တန်ပါတယ်... ဒီလောက် ရင်းနှီးလိုက်ရတာ တန်ပါတယ်"
ခန္ဓာကိုယ် အတွင်းမှ သွေးနှင့် ချီစွမ်းအင်များ ပြန်လည် ငြိမ်သက်သွားပြီးနောက်၊ စုယွီ သည် အခန်းအပြင်သို့ ထွက်လာလေ၏။ ပိုးကောင်ငယ်လေးများ၏ အော်မြည်သံမှလွဲ၍ တိတ်ဆိတ်နေသော ဆေးဥယျာဉ်နှင့် မှောင်မိုက်နေသော ညဉ့်ကောင်းကင်ယံကို ငေးကြည့်လိုက်သည်။
‘မြေကျောက် ကြွက်သားရဲတွေကို ထပ်ပြီး အမဲလိုက်ကြည့်ရင် ကောင်းမလား’
စုယွီ တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။
ဟိုလူအုပ်ကြီး ငြိမ်သွားမယ့် အချိန်ကို စောင့်နေရသည်က မလွယ်ကူလှပါ။
တကယ်လို့သာ ပိုက်ဆံ ထပ်မရှာနိုင်လျှင်... ရှေ့ဆက်ပြီး ကျင့်ကြံဖို့ လိုအပ်မည့် စရိတ်စကတွေကို သူ တတ်နိုင်တော့မှာ မဟုတ်ပါ။
အခန်းထဲသို့ ပြန်ရောက်သောအခါ... စုယွီ သည် သားရဲမျှားဆေးမှုန့်များကို စတင် ကြိတ်နယ်လေတော့၏။ အရင်က ဝယ်ထားသော ကုန်ကြမ်းများကို ကောင်းမွန်စွာ သိမ်းဆည်းထားသဖြင့် ယခု ထုတ်သုံးရာတွင် မည်သည့် ပြဿနာမျှ မရှိပေ။
ဆေးမှုန့် (၅) ပုံစာ ပြင်ဆင်ပြီးနောက်၊ စုယွီ သည် လူသူကင်းမဲ့သော ဆေးခင်း တစ်နေရာသို့ တိတ်ဆိတ်စွာ ရောက်ရှိလာပြီး၊ ဝိညာဉ်ဆန်နှင့် ရောစပ်ကာ ထောင်ချောက် (၅) ခု ဆင်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ထွက်ခွာလေ၏။
(၂) နာရီကျော် ကြာသောအခါ... စုယွီ ပြန်ရောက်လာပြီး စစ်ဆေးကြည့်လိုက်သည်။
ဝမ်းသာစရာ ကောင်းသည်မှာ... မြေကျောက် ကြွက်သားရဲ (၃) ကောင် မိနေသည်ကို တွေ့လိုက်ရသည်။ ထိုအထဲတွင် "ပထမအဆင့် (အလယ်အလတ်) အကောင်ကြီး" တစ်ကောင် ပါဝင်နေလေသည်။
"ဆုကြေးငွေနဲ့ ပစ္စည်းတန်ဖိုး ပေါင်းလိုက်ရင်... အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆၀) လောက်တော့ ရပြီဟေ့"
စုယွီ ဝမ်းသာအားရဖြင့် အကောင်ကြီး အနားသို့ ကပ်သွားပြီး၊ ၎င်း၏ ခေါင်းကို ဖမ်းဆုပ်ကာ အားကုန် လိမ်ချိုးပစ်လိုက်သည်။
"ဂျွတ်..."
ကြွက်သားရဲ၏ ခေါင်းသည် (၃၆၀) ဒီဂရီ ပြည့်အောင် လည်ထွက်သွားပြီး၊ မျက်လုံးများ ပြူးထွက်လာကာ လည်ပင်းရိုး ကျိုးသွားတော့၏။ ခေါင်း ပြတ်ထွက်လုနီးပါး ဖြစ်သွားခြင်းပင်။
ကိုယ်ခန္ဓာ ကျင့်စဉ် တတိယ အလွှာမှာ ရှိတုန်းက ဒီအကောင်ကြီးမျိုးကို ခေါင်းလိမ်ချိုးရတာနှင့် ယှဉ်လိုက်လျှင်၊ အခု စတုတ္ထ အလွှာ ရောက်သွားသော အချိန်မှာ အများကြီး ပိုလွယ်ကူသွားတာကို စုယွီ ခံစားလိုက်ရသည်။
‘အဟား၊ အရင်တုန်းက ဆိုရင် ခန္ဓာကိုယ် အားအကုန် ထုတ်သုံးမှ ရတာ။ အခုတော့ သိပ်အားစိုက်စရာ မလိုဘဲနဲ့တင် ဒီအကောင်ကြီးရဲ့ ခေါင်းကို မုန့်ကြွပ် ချိုးသလို ချိုးပစ်နိုင်ပြီ။’
"ပြန်ကြစို့"
ကျန်နေသေးသော ဆေးရောထားသည့် ဝိညာဉ်ဆန် (၂) ပုံကို ဖျက်ဆီးပစ်လိုက်ပြီးနောက်၊ စုယွီ သည် ကြွက်သားရဲ (၃) ကောင်ကို သယ်ဆောင်ကာ အိမ်သို့ တိတ်ဆိတ်စွာ ပြန်လာခဲ့တော့၏။
နောက်တစ်နေ့ မနက်ခင်းတွင်...
တခြားလူတွေ အိပ်ရာထကာစ အချိန်မှာပင်၊ စုယွီ သည် ဂုန်နီအိတ် တစ်လုံးကို ကိုင်ဆောင်လျက် စိုက်ခင်း အတွင်းရှိ "ဆေးမျှော်စင်" သို့ ရောက်ရှိနေပြီ ဖြစ်၏။
မျှော်စင် အတွင်းတွင် ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ဦးသည် မျက်မှောင်ကြုတ်လျက် စာရင်းစာအုပ်ကို ဖတ်ရှုနေ၏။ စုယွီ ဝင်လာသည်ကို မြင်သောအခါ အဘိုးအို ပြုံးလိုက်သည်။
"ဘာကိစ္စ ရှိလို့လဲကွ" အဘိုးအိုက ကြင်နာစွာ မေးလိုက်သည်။
အဘိုးအိုကို မြင်လိုက်သည်နှင့် စုယွီ ချက်ချင်းပင် ဂါရဝပြုလိုက်သည်။
"တတိယ အကြီးအကဲ... ကျွန်တော် ဆုကြေးငွေ လာထုတ်တာပါ"
ပြောရင်းဆိုရင်း ဂုန်နီအိတ်ကို ကမ်းပေးလိုက်သည်။
ဤအဘိုးအိုမှာ တတိယ အကြီးအကဲ စုချန် ဖြစ်ပြီး၊ ဆေးဥယျာဉ် ထိန်းသိမ်းရေးနှင့် ဝိညာဉ် ဆေးပင် စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းများကို တာဝန်ယူထားသူ ဖြစ်၏။
ဒီဆေးမျှော်စင်က ဆေးဥယျာဉ် တစ်ခုလုံး၏ အချက်အချာ နေရာ ဖြစ်ပါ၏။
အိတ်ထဲမှ ပထမအဆင့် (အလယ်အလတ်) ကြွက်သားရဲ တစ်ကောင်နှင့် (အစောပိုင်း) ကြွက်သားရဲ နှစ်ကောင်ကို မြင်လိုက်ရသောအခါ၊ စုချန် အံ့အားသင့်သွားပြီး စုယွီ ကို မော့ကြည့်လိုက်သည်။
"ဒါတွေ မင်း ဖမ်းလာတာလား"
စုယွီ က ချက်ချင်းပင် ပြန်ဖြေလိုက်၏။
"စီနီယာ အစ်ကိုတွေနဲ့ ပေါင်းပြီး ဖမ်းလိုက်တာပါ... ကျွန်တော်က ကိုယ်စား လာထုတ်ပေးတာပါခင်ဗျာ"
ဒါတောင်မှ စုချန် က ချီးကျူးလိုက်ပါသေးသည်။
"တော်လိုက်တာကွာ... ပထမအဆင့် (အလယ်အလတ်) ကြွက်သားရဲ တစ်ကောင်ကို ဖမ်းနိုင်တယ် ဆိုတော့... မင်းတို့အဖွဲ့က ဆေးခင်းအတွက် ပြဿနာကြီး တစ်ခုကို ရှင်းပေးလိုက်တာပဲ"
ကြွက်သားရဲတွေ အများကြီး ရှိသော်လည်း၊ အများစုက (အစောပိုင်း) အဆင့်တွေ ဖြစ်၏။ (အလယ်အလတ်) အဆင့်က ရှားသည်။
(နှောင်းပိုင်း) အဆင့် ဆိုလျှင်တော့... အရိပ်အယောင်တောင် မမြင်ရသေးပါ။
ချီးကျူးစကား ပြောပြီးနောက်၊ စုချန် သည် ဆုကြေးငွေနှင့် သားရဲ အစိတ်အပိုင်းများ၏ တန်ဖိုးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများဖြင့် ထုတ်ပေးလိုက်သည်။ (အလယ်အလတ်) အကောင်တွင် သွေးအဆီအနှစ် မပါလာသဖြင့်၊ ဆုကြေးငွေ အပါအဝင် စုစုပေါင်း ဝိညာဉ်ကျောက်တုံး (၄၂) တုံးသာ ရရှိလေသည်။
ဆုကြေးငွေ သက်သက်ကတင် (၃၀) တုံး ရှိနေ၏။
(အစောပိုင်း) အကောင်တွေရ
၏ ပစ္စည်းတန်ဖိုးကတော့ သိပ်မရလှပါ။
ဝိညာဉ်ကျောက်တုံးများ ရရှိပြီးနောက်၊ စုယွီ သည် လေးစားစွာ နှုတ်ဆက်ပြီး ဆေးမျှော်စင်မှ ထွက်ခွာလာလေ၏။
တစ်ပတ် ကြာပြီးနောက်...,၊
ညရောက်သောအခါ စုယွီ သည် သားရဲမျှားဆေးမှုန့် (၅) ပုံ ထပ်လုပ်ပြီး၊ သည်တစ်ခါတော့ ပထမအဆင့် (အစောပိုင်း) ကြွက်သားရဲ (၂) ကောင် ဖမ်းမိလေ၏။
နောက်တစ်နေ့တွင်... တတိယ အကြီးအကဲ မရှိသော အချိန်ကို ရွေးပြီး ဆေးမျှော်စင်သို့ သွားကာ ဆုကြေးငွေ ထုတ်ယူရင်း ကုန်ကြမ်းပစ္စည်း အချို့ကိုပါ ဝယ်ယူလေ၏။
ဒီတစ်ခေါက်တော့ ဝိညာဉ်ကျောက်တုံး (၁၄) တုံး ရလိုက်သည်။
လဝက် ကြာပြီးနောက်... တတိယ အကြိမ်မြောက် အမဲလိုက် ထွက်လေ၏။
ဤတစ်ခါတော့... စုစုပေါင်း ပထမအဆင့် (အစောပိုင်း) ကြွက်သားရဲ (၄) ကောင် ဖမ်းမိလေ၏။
နောက်တစ်နေ့တွင် ဝိညာဉ်ကျောက်တုံး (၂၈) တုံး ရရှိလေ၏။
သည်လိုနှင့် စုဆောင်းထားသော ဝိညာဉ်ကျောက်တုံးများကို ပေါင်းစည်းပြီး၊ စုယွီက ဆေးမျှော်စင်တွင် ရောင်းချနေသော သူ့အတွက် အသင့်တော်ဆုံး အဆင့်နိမ့် မှော်လက်နက် တစ်ခုကို ဝယ်ယူ လဲလှယ်လိုက်သည်။
၎င်းမှာ "သွေးနီရောင် လော့ ဓား " ပင် ဖြစ်၏။
အထူး သွေးနီရောင် လော့ သတ္တုရိုင်း ဖြင့် သွန်းလုပ်ထားသော အဆင့်နိမ့် မှော်လက်နက် ဖြစ်၏။ အရှည် (၂) ပေ၊ (၂) လက်မ ခန့် ရှိပြီး၊ ဓားသွား အနည်းငယ် ကွေးညွတ်ကာ တစ်ဖက်တည်းသာ အသွားပါသော ဓားတို ပုံစံမျိုး ဖြစ်၏။
၎င်း၏ ထူးခြားချက် (၂) မျိုးမှာ... "ထက်မြက်ခြင်း" နှင့် "သံချပ်ဝတ် ဖောက်ထွင်းနိုင်ခြင်း" တို့ ဖြစ်၏။
ဈေးနှုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆၀) တည်း။ ဈေးမကြီးပါချေ။
မှော်လက်နက် ရရှိပြီးနောက်၊ စုယွီ့ လက်ထဲတွင် ဝိညာဉ်ကျောက်တုံး (၂၄) တုံး ကျန်ရှိနေသေး၏။
နောက်ပိုင်း ရက်များတွင်တော့... စုယွီ သည် ကြွက်သားရဲများကို မကြာခဏ အမဲလိုက်တော့မည် မဟုတ်ပေ။ အများဆုံး လဝက် တစ်ကြိမ် (သို့မဟုတ်) တစ်လ တစ်ကြိမ်လောက်သာ ဖမ်းတော့မည်။
—-------
ဆေးမျှော်စင် အတွင်း၌... တတိယ အကြီးအကဲ စုချန် သည် ဆုကြေးငွေ မှတ်တမ်းကို ကြည့်ရင်း အနည်းငယ် အံ့သြနေမိသည်။
"လဝက် အတွင်းမှာ... စုယွီ ဆိုတဲ့ ကောင်လေးက ကြွက်သားရဲ စုစုပေါင်း (၉) ကောင်တောင် ဖမ်းလာတယ်လား"
ဒီအရေအတွက်က နည်းနည်းတော့ ထူးခြားနေ၏။
နောက်တစ်ခေါက် ထပ်ကြည့်လိုက်တော့... မကြာသေးခင်ကမှ စုယွီ က ဝိညာဉ်ကျောက်တုံး (၆၀) သုံးပြီး အဆင့်နိမ့် မှော်လက်နက် "သွေးနီရောင် လော့ ဓား" ကို ဝယ်သွာသည်ကို သူ.. တွေ့လိုက်ရသည်။
"အလိုလေး... ဒီကောင်လေး... အရင်တုန်းကတော့ စီနီယာ အစ်ကိုတွေနဲ့ ပေါင်းဖမ်းတာပါ ဆိုပြီး ပြောနေပြီးတော့... အခုကျတော့ တစ်ယောက်တည်း မှော်လက်နက် ဝယ်သွားပါလား"
စုချန် တစ်ယောက်တည်း ရယ်မောလိုက်သည်။
"ဒီကောင်လေးမှာ ကြွက်သားရဲ ဖမ်းတဲ့ လျှို့ဝှက် နည်းလမ်း တစ်ခုခုများ ရှိနေသလား"
စာရင်းစာအုပ်ကို ပြန်မစစ်ကြည့်မိလျှင် သိလိုက်မှာတောင် မဟုတ်ပါ။
စုချန် စိတ်ဝင်စားသွားပြီး စုယွီ ကို အနည်းငယ် အာရုံစိုက်လိုက်သည်။
သိထားရမှာက... စုယွီ ဆိုသည့် ကောင်လေးက အသက် (၁၇) နှစ်သာ ရှိသေး၏။ ထို့အပြင်၊ သူ့မှတ်တမ်းအရ ချီစွမ်းအင် စုစည်းခြင်း ဒုတိယအဆင့် သာ ရှိသေးသည်လေ။
သို့တိုင်၊ ပထမအဆင့် (အလယ်အလတ်) ကြွက်သားရဲကို ဖမ်းနိုင်ခြင်း ဆိုတာက... တော်တော်လေး ပုံမှန် မဟုတ်သော ကိစ္စပင်။
သို့သော်လည်း... စုချန် က အနည်းငယ် အာရုံစိုက်ရုံက လွဲပြီး၊ စုယွီ၏ လျှို့ဝှက်ချက်ကို စုံစမ်း ဖော်ထုတ်ဖို့ စိတ်မဝင်စားပါချေ။ ထိုမျှလောက်ထိ လုပ်ဖို့လည်း မလိုသည်လေ။
မိမိအခန်းထဲသို့ ပြန်ရောက်သောအခါ...
စုယွီ သည် "သွေးနီရောင် လော့ ဓား" ကို သန့်စင်ပြီး၊ သူ့ ဝမ်းဗိုက်အောက်ပိုင်းရှိ "ဒန်တျန်" ထဲသို့ ထည့်သွင်းကာ ဝိဉာဉ် စွမ်းအင်ဖြင့် ပြုစုပျိုးထောင်လိုက်သည်။
ဤလက်နက်သည် အဝေးပစ်ရန် မဟုတ်ဘဲ အနီးကပ်တိုက်ခိုက်ရန် သီးသန့်ဖြစ်သည်။ သို့မှသာ သူ၏ ကိုယ်ခန္ဓာကျင့်စဉ် စွမ်းအားကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်ပါ၏။ မည်သို့ပင်ဆိုစေ... လက်ရှိတွင် သူ၏ အသန်မာဆုံးစွမ်းအားမှာ ချီစွမ်းအင် ဒုတိယအဆင့် မဟုတ်ချေ။ ကိုယ်ခန္ဓာကျင့်စဉ် စတုတ္ထအလွှာ၏ စွမ်းအားသာ ဖြစ်ပေသည်။”
"ကဲ... အခုကစပြီး ဝူထုံ အစိမ်းရောင် သစ်သား ကျင့်စဉ် ကိုပဲ အာရုံစိုက် လေ့ကျင့်တော့မယ်"
စုယွီ သည် ဒန်တျန် ထဲတွင် ရှိနေသော ဓားတိုလေးကို အာရုံခံလိုက်ရင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
‘ကိုယ်ခန္ဓာ ကျင့်စဉ် စတုတ္ထ အလွှာရယ်... အဆင့်နိမ့် မှော်လက်နက် တစ်ခုရယ် ရှိနေပြီ ဆိုတော့... အနည်းဆုံးတော့ သူ့လုံခြုံရေး အတွက် နည်းနည်းတော့ စိတ်ချရပြီပေါ့။
သူက သူများ လက်ခုပ်ထဲက ရေ ဖြစ်နေရမယ့် ကျင့်ကြံသူ အသစ်စက်စက် ကလေးပေါက်စ မဟုတ်တော့ဘူးလေ။’
မှော်လက်နက်ကို ပြုစုပျိုးထောင်၊ ဝိဉာဉ် စွမ်းအင်ကို ကျင့်ကြံ၊ ထို့နောက်မှာတော့ ပထမအဆင့် (အလယ်အလတ်) သားရဲ သွေးအဆီအနှစ်နှင့် ကိုယ်ခန္ဓာ ကျင့်စဉ်ကို လေ့ကျင့်...
ဆေးဥယျာဉ်ထဲက စုယွီ၏ ဘဝဟာ မနက် (၉) နာရီမှ ညနေ (၅) နာရီ အထိ ပုံမှန် လည်ပတ်နေပြီး၊ နေ့စဉ်နေ့တိုင်း သူ၏ ကျွမ်းကျင်မှု ပွိုင့်တွေ တဖြည်းဖြည်း တိုးလာတာကို ကြည့်ရင်း ကျေနပ်နေလေ၏။
သို့ရာတွင်... ကိုယ်ခန္ဓာ ကျင့်စဉ် စတုတ္ထ အလွှာ ရောက်သွားပြီးနောက်၊ ပထမအဆင့် (အလယ်အလတ်) သားရဲ သွေးအဆီအနှစ်၏ အာနိသင်က သိပ်မထိရောက်တော့ပေ။
ကိုယ်ခန္ဓာ ကျင့်စဉ် တိုးတက်နှုန်းကလည်း "ဝူထုံ ကျင့်စဉ်" လိုပဲ လိပ်သွားသလို နှေးကွေးသွားတော့၏။
ယခုလို အေးချမ်းသော ဘဝလေးဟာ... နှစ်ဝက်လောက် အကြာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။
စုယွီ က တတိယ အကြီးအကဲထံ ခွင့်တိုင်ပြီး၊ မြစ်ရေစီး မြို့တော်က အိမ်ကို ခဏပြန်ဖို့ ပြင်ဆင်နေတုန်းမှာပင်... သတင်းဆိုး တစ်ခု ရောက်လာလေ၏။
စုချင်းယီ နှင့် တခြား စိုက်ခင်း ကျင့်ကြံသူ အချို့ဟာ... ခွင့်ယူပြီး အပြင်ထွက်တုန်း လင်းမိသားစု၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်တဲ့။
စုချင်းယီ တစ်ယောက်တည်းသာ ဒဏ်ရာအပြင်းအထန်နှင့် မြစ်ရေစီး မြို့တော်ကို ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့၏။
ကျန်သည့် လူတွေ အကုန်လုံး... လင်းမိသားစု လက်ချက်နှင့် အသတ်ခံလိုက်ရလေ၏။
တစ်ခဏချင်း အတွင်းမှာပင်... မြစ်ရေစီး မြို့တော်က အဓိက ကျင့်ကြံသူ မိသားစုကြီး နှစ်ခုကြားက ဆက်ဆံရေးဟာ... တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။