← Chapters

ပထမဆုံး တိုက်ကွက်

Vol. 1 Ch. 9

ပထမဆုံး တိုက်ကွက်

Vol. 1 Ch. 9

~စုယွီ ဆေးဥယျာဉ်မှ ထွက်ခွာရန် ပြင်ဆင်နေစဉ်၊ ဆရာ ဖြစ်သူ စုချန်ယွီ က ချက်ချင်း တားမြစ်လိုက်လေသည်။ သူ့အနေဖြင့် စုယွီ ကဲ့သို့ ပါရမီရှင် တပည့်လေးကို အလွန် တန်ဖိုးထားသူ မဟုတ်ပါလော။

"မြစ်ရေစီး မြို့တော်ကို ချက်ချင်း မပြန်နဲ့ဦးကွ... လင်းမိသားစုက အပြင်ဘက်မှာ လူအင်အား အများကြီး ချထားပြီး၊ ငါတို့ စုမိသားစုဝင်တွေကို ချုံခိုတိုက်ခိုက်ဖို့ စောင့်နေကြတာ"

“တတိယအကြီးအကဲ ကိုယ်တိုင် ဦးဆောင်ပြီး သွားရှင်းနေပြီဆိုပေမဲ့ အခြေအနေတွေ ငြိမ်သွားမှ ပြန်တာ ပိုကောင်းလိမ့်မယ်”

စုယွီ ကတော့ ဘာမှမသိ နားမလည်သော ကလေးငယ် တစ်ဦးအလား မျက်လုံးလေး ကလည်ကလည်ဖြင့် မေးလိုက်လေ၏။

"ဆရာ... လင်းမိသားစုက ဘာလို့ ကျွန်တော်တို့ကို ဒုက္ခပေးချင်

နေရတာလဲ... သူတို့က ဘာသတ္တိနဲ့ ဒီလောက်ထိ ရဲတင်းနေရတာလဲဗျ"

ခဏမျှ တုံ့ဆိုင်းနေပြီးနောက်၊ စုချန်ယွီ က ရှင်းပြလေသည်။

"ဒီရက်ပိုင်း ဆေးခင်းထဲမှာ 'မြေကျောက် ကြွက်သားရဲ' အုပ်စု ပေါ်လာတာ မင်း သိတယ်မလား... မိသားစုက ဒီကိစ္စကို လျှို့ဝှက်ထားဖို့ အမိန့်ပေးခဲ့ပေမယ့်၊ လင်းမိသားစုက တစ်နည်းနည်းနဲ့ သိသွားပုံရတယ်"

"မြေကျောက် ကြွက်သားရဲ ဆိုတာ ဝိညာဉ် သွေးကြော နားမှာပဲ အသိုက်ဆောက်တတ်တာ... ပြီးတော့ ဒီနှစ်ပိုင်း အတွင်း ဆေးခင်းထဲက ဝိညာဉ်စွမ်းအင် ပမာဏကလည်း သိသိသာသာ တိုးလာတယ်"

"ဒါတွေ အားလုံးက ဘာကို ပြနေသလဲ ဆိုတော့... ငါတို့ ဆေးခင်း အောက်မှာ 'ပထမအဆင့် ဝိညာဉ် သွေးကြော' တစ်ခု ရှိနေနိုင်တယ် ဆိုတာပဲ"

"ငါတို့ စုမိသားစု ရော၊ လင်းမိသားစု ပါ... အခုထိ ဝိညာဉ် သွေးကြော မပိုင်ဆိုင်သေးဘူးလေ... အခု လင်းမိသားစုက ဒီသတင်းကို သိသွားတော့ ငြိမ်နေဖို့ မဖြစ်နိုင်တော့ဘူးပေါ့"

"အပြင်က လူတွေက... ဝိညာဉ် သွေးကြော တကယ် ရှိမရှိ ဆိုတာကို လာစုံစမ်းနေကြတာ ဖြစ်လောက်တယ်"

စုချန်ယွီ တွက်ဆထားသည့် အတိုင်းပင်... စုချင်းယီ တို့အဖွဲ့ ချုံခိုတိုက်ခိုက် ခံရပြီး မကြာမီမှာပင်၊ တတိယ အကြီးအကဲ စုချန် ကိုယ်တိုင် ဦးစီးပြီး လင်းမိသားစုဝင်များကို လိုက်လံ ရှင်းလင်းလေတော့၏။

တစ်ချိန်တည်းမှာပင် မိသားစု ခေါင်းဆောင် ပိုင်းကလည်း အကြီးအကဲ အချို့ကို စေလွှတ်ကာ လင်းမိသားစုကို တန်ပြန် တိုက်ခိုက်စေသည်။

လဝက်ခန့် အချိန်အတွင်း...

မြစ်ရေစီး မြို့တော်ရှိ အဓိက ကျင့်ကြံသူ မိသားစုကြီး နှစ်ခုကြားတွင် ကြီးကြီးငယ်ငယ် တိုက်ပွဲပေါင်း (၃၀) ထက်မနည်း ဖြစ်ပွားလေ၏။

နှစ်ဖက်စလုံးတွင် ထိခိုက် သေဆုံးသူများ ရှိခဲ့ကြသည်။

အကြီးအကဲ အချင်းချင်းပင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း၊ နောက်ဆုံးတွင် လင်းမိသားစု ဘက်က အသာစီး မရနိုင်မှန်း သိသွားသဖြင့် ပြန်လည် ဆုတ်ခွာသွားလေ၏။

တစ်လ ကြာပြီးနောက်...

စုယွီ သည် မြစ်ရေစီး မြို့တော်သို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာလေ၏။

သို့သော် မြို့ထဲသို့ ရောက်သောအခါ၊ ဆေးဥယျာဉ် ဘက်တွင် အခြေအနေ ငြိမ်သက်သွားသော်လည်း၊ မြို့တွင်းရှိ မိသားစုကြီး နှစ်ခုကြားမှ တင်းမာမှုများ လျော့ကျသွားခြင်း မရှိသေးကြောင်း သူ သတိထားမိလိုက်သည်။

လမ်းပေါ်တွင် သွားလာနေကြသူများသည် ပုံမှန်လို အေးဆေး မဟုတ်ဘဲ၊ သုတ်သုတ်ပျာပျာ သွားလာနေကြသည်။ မြစ်ရေစီး မြို့တော်၏ ပုံမှန် ငြိမ်းချမ်းမှုများ ပျောက်ကွယ်နေလေ၏။

စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး စုအိမ်တော်ဆီသို့ ဦးတည် လျှောက်လှမ်းနေစဉ်၊ ဘေးနားရှိ အရက်ဆိုင် တစ်ခုပေါ်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟေ... ဟိုကောင် စုမိသားစုက မဟုတ်လား"

စုယွီ ခေါင်းလှည့် မကြည့်နိုင်သေးခင်မှာပင်၊ လေထုထဲတွင် ဝိဉာဉ် စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ရေမြွေ တစ်ကောင် ရုတ်ချည်း ပေါ်ထွက်လာသည်။

"ရွှမ်း..."

နောက်တစ်စက္ကန့်တွင် ထိုရေမြွေသည် လျင်မြန်သော အရှိန်ဖြင့် စုယွီ ဆီသို့ တိုးဝင်လာပြီး၊ သူ့ကို ရစ်ပတ် ချည်နှောင်ရန် ကြိုးစားလေတော့၏။

သို့သော် ရေမြွေ စုယွီ အနားသို့ ရောက်ရှိလာသည့် ခဏမှာပင်၊ စုယွီ၏ ခန္ဓာကိုယ် ပေါ်တွင် သွေးရောင် အင်းကွက်များ ပေါ်ထွက်လာသည်။ တောက်ပသော သွေးရောင် အလင်းတန်းများ ဖြာထွက်လာပြီး၊ ဧရာမ မိကျောင်း လက်သည်းကြီး တစ်ခုအလား ထက်မြက်သော လက်သီး တစ်လုံးကို သူ ပစ်သွင်းလိုက်သည်။

"ဝုန်း..."

ရေမြွေသည် သူ့လက်သီးချက် အောက်တွင် ချက်ချင်းပင် ပေါက်ကွဲ ပျက်စီးသွားလေ၏။

အရက်ဆိုင်၏ တတိယထပ် ပြတင်းပေါက်တွင် ရပ်ကြည့်နေသော အသက် (၂၀) အရွယ် လူငယ်တစ်ဦး မျက်နှာပျက်သွားသည်။

သူက လမ်းသွားလမ်းလာ စုယွီ ကို မြင်လိုက်ရုံမျှဖြင့် အနိုင်ကျင့်ချင်စိတ် ပေါက်သွားခြင်း ဖြစ်၏။ လင်းမိသားစု အတွင်းရှိ လူငယ် ကျင့်ကြံသူ အချင်းချင်း ရင်းနှီးသော်လည်း၊ စုယွီ ကိုမူ သူ တစ်ခါမှ မမြင်ဖူးပေ။ အသက်ကလည်း ငယ်၊ ရုပ်ကလည်း အူကြောင်ကြောင် နိုင်သည် မဟုတ်ပါလော။

ထို့အပြင်... စုယွီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဝိဉာဉ် စွမ်းအင် အရှိန်အဝါသည် "ချီစွမ်းအင် စုစည်းခြင်း ဒုတိယအဆင့်" သာ ရှိကြောင်း သူ အာရုံခံမိသည်။ သူကိုယ်တိုင်က "တတိယအဆင့်" ရှိသူ ဖြစ်သဖြင့်၊ ဒုတိယအဆင့် လူသစ်လေး တစ်ယောက်ကို "ပညာပေး" ရန်မှာ ကလေးကစားစရာ သဖွယ် လွယ်ကူလိမ့်မည်ဟု တွက်ဆခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် တွေဝေခြင်း မရှိဘဲ "ရေမြွေ မန္တန်" ကို အသုံးပြုကာ၊ စုယွီ ကို ဖမ်းချုပ်ပြီး လူကြားထဲ အရှက်ခွဲရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။

သို့သော်... သူ၏ မန္တန်က လက်သီးတစ်ချက်တည်းနှင့် ဖျက်ဆီးခံလိုက်ရမည်ဟု မည်သူက ထင်ထားမည်နည်း။

"ကိုယ်ခန္ဓာ ကျင့်စဉ်..."

လူငယ်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ဘာမှ ဆက်မတွေးတော့ဘဲ ချက်ချင်း လှည့်ပြေးရန် ပြင်လိုက်သည်။ အရက်ဆိုင်၏ ဆန့်ကျင်ဘက် အပေါက်မှ ထွက်ပြေးရန် ကြံစည်လိုက်၏။

သို့သော် နောက်တစ်စက္ကန့်တွင်... သူ့နောက်ကျောဘက်မှ စူးရှသော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး၊ အရက်ဆိုင် တတိယထပ်၏ နံရံနှင့် ပြတင်းပေါက်များ တစ်စစီ ကြေမွ ပျက်စီးသွားတော့၏။

"ဂရား..."

ဆူညံသံများကြားမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် သားရဲ ဟိန်းဟောက်သံကြီးက လူတိုင်းကို တုန်လှုပ်ချောက်ခြား သွားစေသည်။ ချီစွမ်းအင် တတိယအဆင့် ရှိသော လူငယ်လေးပင်လျှင် ကြောက်စိတ်ကြောင့် ခန္ဓာကိုယ် တောင့်တင်းသွားပြီး ခြေလှမ်း တစ်ချက် တုံ့သွားမိသည်။

ထို တုံ့ဆိုင်းသွားသည့် တစ်ချက်က... သူ့အတွက် အဆုံးသတ်တည်း

"ဘုန်း..."

"ဝူး..."

တောက်ပသော သွေးရောင် အလင်းတန်းများ လွှမ်းခြုံထားပြီး၊ (၁၀) ပေ နီးပါး မြင့်မားသော ဧရာမ လူသားမိကျောင်း သဏ္ဍာန် စုယွီ သည် လမ်းမပေါ်မှနေ၍ အရက်ဆိုင် အတွင်းသို့ ဒုံးပျံ တစ်စင်းအလား ခုန်ဝင်လာသည်။ သူ့အရှိန်က လူငယ်လေးထက် အဆပေါင်းများစွာ ပိုမြန်နေ၏။

လူငယ်လေး၏ ကျောပြင်တည့်တည့်သို့ အားပါသော လက်သီး တစ်လုံး ပစ်သွင်းလာသည်။

"ဖန်း..."

"မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" စတုတ္ထ အလွှာမှ ရရှိထားသော ပေါက်ကွဲအား ပြင်းထန်သည့် စွမ်းအင်များသည် ရေကာတာ ကျိုးပေါက်သကဲ့သို့ စုယွီ၏ လက်မောင်းမှတဆင့် ဝင်ရောက်လာသည်။

သာမန်လူထက် သိပ်မပိုသော ခံနိုင်ရည်သာ ရှိသည့် လူငယ်လေး၏ ခန္ဓာကိုယ်သည်... စုယွီ၏ လက်သီးချက်အောက်တွင် ဖရဲသီး တစ်လုံး ကွဲသွားသကဲ့သို့ ပေါက်ကွဲ ထွက်သွားတော့၏။

သွေးများ ပန်းထွက်လာပြီး၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားလေ၏။

လူငယ်ကို သတ်ဖြတ်ပြီးနောက်...

သွေးရောင် မျက်လုံးများ တောက်ပနေသော စုယွီ သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ငါ့ကို လာတိုက်ခိုက်ရဲတယ်ပေါ့... မင်း သေချင်နေတာလား"

သီးသန့် အခန်း အတွင်းရှိ လှပသော အမျိုးသမီး နှစ်ဦးသည် ကြောက်လွန်းသဖြင့် ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျနေကြသည်။ သူတို့၏ ခြေထောက်ကြားမှ အရည်ကြည်များ စီးကျလာပြီး အခန်းထဲတွင် အနံ့အသက်ဆိုးများ ပျံ့လွင့်လာသည်။ ကြောက်လွန်းလို့ ဆီးထွက်ကျကုန်ခြင်းပင်။

သွေးရောင် အင်းကွက်များ လွှမ်းခြုံထားသော "သားရဲကောင်ကြီး" ကို ကြည့်ရင်း အမျိုးသမီး နှစ်ဦးမှာ တုန်လှုပ်နေကြသည်။

နောက်တစ်စက္ကန့်တွင် စုယွီ က သူတို့ဘက်သို့ မျက်နှာမူကာ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"အား..."

အမျိုးသမီး နှစ်ဦး စူးဝါးစွာ အော်ဟစ်လိုက်ပြီး မေ့လဲသွားကြလေသည်။

စုယွီ က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အခန်းထဲကို ဝေ့ဝဲကြည့်လိုက်ရာ၊ ထောင့်တစ်နေရာတွင် ကျနေသော သားရေအိတ် တစ်လုံးကို တွေ့လိုက်ရသည်။ အထဲမှာ ဘာပါလဲ ဆိုတာတောင် ဖွင့်မကြည့်တော့ဘဲ ကောက်ယူလိုက်ပြီး၊ မျက်တောင် တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့၏။

အချိန်အတန်ကြာမှ...

တုန်ရီနေသော အရက်ဆိုင် ပိုင်ရှင် ရောက်လာသည်။ လင်းမိသားစု ကျင့်ကြံသူ၏ အပိုင်းပိုင်း ပြတ်နေသော အလောင်းကို မြင်လိုက်ရသောအခါ၊ ပိုင်ရှင်ကြီး မေ့လဲချင်သွားသည်။

"သွားပါပြီ... သွားပါပြီ..."

လင်းမိသားစုဝင် တစ်ယောက် သူ့ဆိုင်ထဲမှာ အသတ်ခံလိုက်ရပြီ။ ဒီကိစ္စအတွက် လင်းမိသားစုက သူ့ကို အရှင်ထားပါ့မလား။

ဒီအတွေး ဝင်လာတာနှင့် ပိုင်ရှင်ကြီး တစ်ယောက် တုန်တုန်ရီရီနှင့် ပစ္စည်းတွေ သိမ်း၊ မိသားစုကို ခေါ်ပြီး မြစ်ရေစီး မြို့တော်ကနေ ချက်ချင်း ထွက်ပြေးတော့၏။

လင်းမိသားစု ကတော့ နာရီဝက်လောက် ကြာမှ ဒီသတင်းကို သိလိုက်ရသည်။ မကြာမီမှာပင် ကျင့်ကြံသူ အများအပြား အရက်ဆိုင်သို့ ရောက်ရှိလာကြ၏။

သွေးသံရဲရဲ ဖြစ်ပျက်နေသော မြင်ကွင်းကို တွေ့လိုက်ရသောအခါ၊ လင်းမိသားစုဝင်များ၏ မျက်လုံးများ နီရဲလာကြသည်။

"လင်းရှို့..."

တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"တောက်... ရက်စက်လိုက်တဲ့ ကောင်တွေ... ငါတို့ လင်းမိသားစုဝင်ကို သတ်ရဲတယ်ပေါ့... စုမိသားစု... မင်းတို့ စစ်ခင်းချင်တာလားကွ"

မြင်ကွင်းက ရက်စက်လွန်းလှသည်။

ရွံရှာမှုကို အောင့်အီးသည်းခံရင်း၊ လင်းရှို့၏ ခန္ဓာကိုယ် အပိုင်းအစများကို ကောက်ယူ စုဆောင်းကာ၊ တရားမျှတမှု ရှာဖွေပေးရန် အတွက် မိသားစု အကြီးအကဲများထံ ပြန်လည် သယ်ဆောင်သွားကြလေသည်။

တစ်ဖက်တွင်တော့... "ပြဿနာ ဖန်တီးသူ" ကြီးက မူလ ပုံစံသို့ ပြန်ပြောင်းကာ၊ စုအိမ်တော် အတွင်းရှိ သူ့ခြံဝန်းလေးထဲသို့ တိတ်ဆိတ်စွာ ပြန်ရောက်နေပြီ ဖြစ်၏။

"သခင်လေး... ပြန်ရောက်လာပြီလား"

စုယွီ ကို မြင်လိုက်သည်နှင့် လင်းတုန် တစ်ယောက် စိတ်လှုပ်ရှားစွာ ပြေးထွက်လာသည်။

စုယွီ သာ တားမထားလျှင် သူ့ရင်ခွင်ထဲ ခုန်ဝင်မယ့် ပုံစံမျိုး။

ခဏတာ စကားစမြည် ပြောပြီးနောက်၊ လင်းတုန် သည် ပျော်ရွှင်စွာဖြင့် သခင်လေး အတွက် ညစာ သွားရောက် ပြင်ဆင်လေတော့၏။ သခင်လေး ပြန်ရောက်လာပြီ ဆိုတော့ ဒီည ထမင်းဝိုင်းက ခမ်းနားမှ ဖြစ်မည်လေ။

စုယွီ ကတော့ သူ့အခန်းထဲ ဝင်သွားပြီး၊ ခုနက ရလာတဲ့ သားရေအိတ်ကို ဖွင့်ဖောက် စစ်ဆေးလိုက်သည်။

"ဟေ..."

အိတ်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၅) တုံး အပြင်၊ ကျောက်စိမ်း ပုလင်း တစ်လုံး၊ ရေဓာတ် ကျင့်စဉ် စာအုပ် တစ်အုပ်နှင့် ရေဓာတ် မန္တန် စာအုပ် တစ်အုပ် ပါဝင်လေသည်။

ကျောက်စိမ်း ပုလင်းထဲတွင် "ချီစွမ်းအင် ဆေးလုံး " များ ပါရှိသည်။ မူလက (၁၀) လုံး ပါဝင်သော်လည်း၊ ယခု (၃) လုံးသာ ကျန်တော့၏။

ရေဓာတ် ကျင့်စဉ် စာအုပ်မှာ နက်နဲသော ရေသိုင်းကျမ်း ဖြစ်၏။ လင်းမိသားစုဝင် အများစု လေ့ကျင့်ကြသော အဓိက ကျင့်စဉ် ဖြစ်ပြီး၊ ချီစွမ်းအင် စုစည်းခြင်း ကိုးဆင့်မြောက် အထိ လေ့ကျင့်နိုင်သည်။

ဒီစာအုပ်ထဲမှာတော့ ပထမ (၆) ဆင့် အထိပဲ ပါတယ်။

ရေဓာတ် မန္တန် ကတော့ "နက်နဲသော မြွေ မန္တန် " ဖြစ်၏။ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးစလုံး အတွက် အသုံးပြုနိုင်သော စွမ်းအားကြီး မန္တန် တစ်ပုဒ် ဖြစ်၏။

ရလာသော ပစ္စည်းများကို ကြည့်ရင်း စုယွီ ကျေနပ်စွာ ပြုံးလိုက်မိသည်။

"ပေါက်ပြီဟေ့... ထီပေါက်သလိုပဲ"

အတိတ်ဘဝက ကစားခဲ့သော ကျင့်ကြံခြင်း ဂိမ်းတွေထဲမှာ... အဘယ်ကြောင့် ငွေကြေးတတ်နိုင်သည့် ကစားသမား အများစုက "ဓားပြ" လုပ်ရတာ ကြိုက်ကြသလဲ ဆိုတာ သူ အခုမှ သဘောပေါက်တော့သည်။

ဒီလို လွယ်လွယ်ကူကူနှင့် ပိုက်ဆံ ရှာရတာ... တော်တော်လေး ပျော်ဖို့ ကောင်းသည်ကိုး။

All Chapters