ကံကောင်းခြင်း
Vol. 1 Ch. 10
~ယခုအခါ... စုယွီ သည် "ဝူထုံ အစိမ်းရောင် သစ်သားသိုင်းကျမ်း" ကို တစ်နေ့လျှင် (၆) နာရီအောက်သာ လေ့ကျင့်ပြီး၊ ခန္ဓာကိုယ် ကန့်သတ်ချက်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်နေပြီ ဖြစ်၏။ ကျန်ရှိသော အားလပ်ချိန်များကိုတော့ ဆရာဖြစ်သူ စုချန်ယွီ ထံတွင် ဝိညာဉ် ဆေးပင်များ၏ ဂုဏ်သတ္တိ၊ ခွဲခြားနည်းနှင့် စိုက်ပျိုးနည်းများကို သင်ယူရင်း၊ ကိုယ်ခန္ဓာ ကျင့်စဉ်နှင့် မန္တန်များကိုပါ တွဲဖက် လေ့ကျင့်နေလေသည်။
တကယ်လို့သာ နောက်ပိုင်းမှာ အားလပ်ချိန်တွေ ပိုရလာခဲ့မည် ဆိုလျှင်... ခုနက ရလာသော ရေဓာတ် ကျင့်စဉ်နှင့် ရေဓာတ် မန္တန်ကိုပါ လေ့ကျင့်ချင် လေ့ကျင့်ဖြစ်ဦးမည်။
တခြား ကျင့်ကြံသူတွေ အတွက်တော့... "တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တာ တစ်ခုမှ မရှိဘဲ၊ အကုန် လျှောက်သင်နေခြင်း က မကောင်းဘူးဟု ဆိုကောင်း ဆိုနိုင်ပါ၏။
သို့သော်၊... ကျွမ်းကျင်မှု မျက်နှာပြင် အား ပိုင်ဆိုင်ထားပြီး၊ ဓာတ်ကြီးငါးပါး မျှတသော ဝိညာဉ်အမြစ် ရှိသူ စုယွီ အတွက်တော့... အရည်အချင်း ပိုစုံလေ ပိုကောင်းလေပါပဲ။
"ကျင့်ကြံသူတွေက အသက်ရှည်ကြတယ်... သည်းခံပြီး သတိထား နေထိုင်တတ်မယ် ဆိုရင်၊ နှစ်ပေါင်း ထောင်ချီ၊ သောင်းချီတောင် နေရနိုင်တာပဲ... အဲဒီကျရင် ငါက ‘ဟက်ဇဂွန် စစ်နတ်ဘုရား’တောင် ဖြစ်လာနိုင်သေးတာ၊ အဟိ"
စုယွီ စိတ်ကူးယဉ်ပြီး ကြည်နူးလိုက်မိသည်။
ဝိညာဉ်အမြစ် ပါရမီ နည်းတာတို့၊ ဉာဏ်ရည် မမှီတာတို့၊ အဆင့်တက်ဖို့ အဟန့်အတား ဖြစ်တာတို့... ဒါတွေ အားလုံးက သူ့အတွက် ပြဿနာ မဟုတ်ပါချေ။
"ကျွမ်းကျင်မှု မျက်နှာပြင်" ရှိနေသရွေ့... အဟန့်အတား ဆိုတာ မရှိပေ။
ကျွမ်းကျင်မှု ပွိုင့်တွေ တဖြည်းဖြည်းချင်း စုဆောင်းသွားရုံဖြင့်ပင်၊ အသက်ရှည်ချင်သည့် ဆန္ဒက ပြည့်ဝဖို့ မခဲယဉ်းလှပါ။ အသက်ရှည်ရှည် နေနိုင်သရွေ့... "ဟက်ဇဂွန် စစ်နတ်ဘုရား" ဖြစ်ချင်သော စိတ်ကူးယဉ် အိပ်မက်ကလည်း လက်တွေ့ ဖြစ်လာနိုင်သည်ပဲ။
[ ဟက်ဇဂွန် စစ်နတ်ဘုရား(Hexagon War God) -
ဒါက ဂိမ်းတွေ၊ အန်နီမေးတွေကနေ ဆင်းသက်လာတဲ့ ခေတ်ပေါ်အသုံးအနှုန်း တစ်ခုပါ။
စွမ်းရည်ပြ ဇယားကွက် မှာ တိုက်ခိုက်ခြင်း၊ ခံနိုင်ရည်၊ အမြန်နှုန်း၊ ဉာဏ်ပညာ၊ စွမ်းအင် စတဲ့ ထောင့် ၆ ခုစလုံး အပြည့်ရှိနေတဲ့ ပုံစံကို ဆိုလိုတာပါ။
ဆိုလိုတာက "အားနည်းချက်မရှိ ဘက်ပေါင်းစုံ ပြည့်စုံကောင်းမွန်တဲ့ စစ်နတ်ဘုရား" ဖြစ်လာမယ်လို့ ရည်ရွယ်တာပါနော်။ ]
ရေဓာတ် ကျင့်စဉ်နှင့် မန္တန် စာအုပ်တွေကို ခေတ္တ သိမ်းဆည်းလိုက်ပြီးနောက်၊ စုယွီ သည် ကျောက်စိမ်း ပုလင်းလေးကို ကောက်ယူလိုက်ပြီး အတွင်းထဲရှိ "ချီစွမ်းအင် ဆေးလုံး" (၃) လုံးကို ကြည့်လိုက်ပါ၏။
"ပစ္စည်းကောင်းလေးတွေပဲ... အာနိသင် ဘယ်လောက် ထိရောက်မလဲ သိချင်လိုက်တာ"
စုယွီ မျှော်လင့်တကြီး ဖြစ်သွားသည်။
သူ တစ်ခါမှ မသုံးစွဲဖူးသေးဘူးလေ။
နောက်နေ့ ကျင့်ကြံသည့် အချိန်ကျမှ သုံးမည်ဟု ဆုံးဖြတ်ပြီး ပုလင်းကို သိမ်းလိုက်သည်။
ထို့နောက် ခြံဝန်းထဲသို့ ထွက်ပြီး ကိုယ်ခန္ဓာ ကျင့်စဉ်ကို လေ့ကျင့်လေတော့၏။
"မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" စတုတ္ထ အလွှာကို ရောက်ရှိပြီးသည့်နောက်၊ တိုးတက်မှုနှုန်းက သိသိသာသာ နှေးကွေးသွားလေ၏။
တစ်ချက်က... အဆင့်မြင့်လာလေ တက်လှမ်းရ ခက်ခဲလေ ဖြစ်နေ၍။
နောက်တစ်ချက်ကတော့... လက်ရှိ သုံးစွဲနေသည့် "ပထမအဆင့် (အလယ်အလတ်) သားရဲ သွေးအဆီအနှစ်" တွေက စတုတ္ထ အလွှာအတွက် သိပ်ပြီး အရာမရောက်တော့၍ ဖြစ်၏။
နေ့စဉ် ပုံမှန် ကြိုးစားပမ်းစား လေ့ကျင့်မှ ကျွမ်းကျင်မှု (၀.၂%) လောက်သာ တိုးတက်တော့၏။
ပထမအဆင့် (နှောင်းပိုင်း) သားရဲ သွေးအဆီအနှစ်" လောက် ရမှသာ... ကိုယ်ခန္ဓာ ကျင့်စဉ် တိုးတက်နှုန်းကို အရှိန်မြှင့်တင်နိုင်လိမ့်မည်။
သို့သော်၊... (နှောင်းပိုင်း) အဆင့် သွေးအဆီအနှစ် ရဖို့က လွယ်တာ မဟုတ်ပါ။
အနည်းဆုံးတော့ ဆေးဥယျာဉ်ထဲမှာရော၊ မြစ်ရေစီး မြို့တော်ထဲမှာပါ ရှာဖို့ မလွယ်ကူလှပေ။
ယွင်ကျန်းဂိုဏ်း လက်အောက်ခံ ကုန်သွယ်ရေး ဈေးကွက်အထိ သွားဝယ်မှ ရနိုင်လောက်၏။ ဈေးကလည်း သက်သာမှာ မဟုတ်ပါချေ။
"အေးအေးဆေးဆေးပဲ လုပ်ကြတာပေါ့"
စုယွီ ကိုယ်ခန္ဓာ ကျင့်စဉ် လေ့ကျင့်နေစဉ်မှာပင်၊ စုအိမ်တော် အပြင်ဘက်မှ အားပြင်းသော အရှိန်အဝါ တစ်ခု ရုတ်တရက် ချဉ်းကပ်လာပြီး၊ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာတော့၏။
"စုဖုန်... လင်းရှို့ကို သတ်သွားတဲ့ လူသတ်တရားခံကို ထုတ်ပေးစမ်း... မဟုတ်ရင် ငါ အားနာနေမှာ မဟုတ်ဘူးနော်"
ထိုအသံကို ကြားလိုက်ရသောအခါ စုယွီ၏ ခန္ဓာကိုယ် တောင့်ခနဲ ဖြစ်သွားပြီး မျက်နှာပျက်သွားသည်။
လင်းမိသားစုရဲ့ အကြီးအကဲ ရောက်လာတာလား။
လင်းရှို့... ဟုတ်လား။
အဲဒါ၊ ခုနက ငါ သတ်လိုက်တဲ့ ကောင်လေး မလား။
‘သူတို့က အရင် လာတိုက်ခိုက်လို့ ငါက ခုခံကာကွယ်ရင်း သတ်လိုက်မိတာကို... အခုကျတော့ သူတို့ မိသားစုက အိမ်ပေါက်ဝထိ လာပြီး ရန်တွေ့ရဲတယ်ပေါ့... ဟွန်း’
စုယွီ စိတ်ထဲတွင် ဒေါသထွက်သွားပြီး၊ ဒီကိစ္စကို တေးမှတ်ထားလိုက်သည်။
ရောက်လာသူမှာ လင်းမိသားစု၏ စတုတ္ထ အကြီးအကဲ "လင်းဟိုင်" ဖြစ်၏။ အသတ်ခံလိုက်ရသော လင်းရှို့ ဆိုသူမှာ သူ့မြေးရင်း ဖြစ်လေသည်။
လင်းရှို့၏ ပါရမီက သိပ်မကောင်းလှသော်လည်း၊ လင်းဟိုင်၏ မိသားစုတွင် ဝိညာဉ်အမြစ် ပါရမီ ပါလာပြီး ကျင့်ကြံနိုင်သူ မျိုးဆက်ဟူ၍ (၃) ယောက်သာ ရှိသည် မဟုတ်ပါလော။
ထို့ကြောင့်လည်း... ချီစွမ်းအင် တတိယအဆင့်သာ ရှိသေးသော လင်းရှို့ တစ်ယောက်၊ ဝိညာဉ်ကျောက်တုံး (၁၅) တုံးနှင့် ဆေးပုလင်းကို ကိုင်ပြီး မြို့ထဲမှာ တောင်ခြောက်မြောက်ခြောက် လျှောက်သွားနေနိုင်သည်ပေါ့။
ယခုတော့... လင်းဟိုင် က လင်းမိသားစု ကျင့်ကြံသူ တစ်အုပ်ကြီးကို ခေါ်လာပြီး စုအိမ်တော် တံခါးဝကို ပိတ်ဆို့ထားလေပြီ။
သို့သော် မကြာမီမှာပင်... ပျင်းရိလေးတွဲ့သော အသံတစ်သံက သူတို့ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
"ဟိုင်လေး... ငါ အပြင်ခဏ ထွက်သွားတာနဲ့၊ မင်းက ငါ့အိမ်ပေါက်ဝထိ လူလာစုရဲတယ်ပေါ့လေ"
ထိုအသံကို ကြားလိုက်ရသောအခါ လင်းဟိုင်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ လှည့်ကြည့်လိုက်ရာ၊ စုမိသားစု၏ ပဉ္စမ အကြီးအကဲ "စုပင်း" က လင်းမိသားစု ကျင့်ကြံသူ လူအုပ်ကြီးကြားမှ ဖြတ်လျှောက်လာပြီး၊ သူ့ဆီသို့ ပြုံးစစဖြင့် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
လင်းဟိုင် က စုပင်း ထက် အသက်ကြီးသော်လည်း၊ "ဟိုင်လေး" ဟု အခေါ်ခံလိုက်ရသဖြင့် ဒေါသထွက်သွားပြီး ပြန်အော်လိုက်သည်။
"စုပင်း... မင်းတို့ စုမိသားစုက ငါ့မြေးကို သတ်ရဲတယ်... ဒီကိစ္စ ဒီလောက်နဲ့ မပြီးဘူးနော်"
"အော်... ဟုတ်လား"
စုပင်း က ဂရုမစိုက်ဟန်ဖြင့် လင်းဟိုင် ဘေးမှ ဖြတ်လျှောက်သွားပြီး၊ သူ့ကို တွန်းဖယ်ကာ စုအိမ်တော် တံခါးဝ ရှေ့တွင် ဝင်ရပ်လိုက်သည်။ ပြီးမှ လင်းဟိုင် ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
"နေပါဦး... ငါ မေ့နေလို့... မင်းမြေးကို ဘယ်သူ သတ်လိုက်တာတဲ့လဲ... ငါ ဆုချမလို့"
လင်းဟိုင် မျက်နှာ မည်းမှောင်သွားပြီး စုပင်း ကို စူးစိုက်ကြည့်ကာ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ဘဲ ဖြစ်နေ၏။
ထိုအခြေအနေကို မြင်သောအခါ၊ စုပင်း က အံ့သြဟန် ဆောင်လိုက်ပြီး ထပ်ပြောသည်။
"ဘာလဲ... မင်းမြေးကို ဘယ်သူ သတ်သွားလဲ ဆိုတာတောင် မင်း မသိဘူးလား"
"မသိဘဲနဲ့ ငါ့အိမ်ပေါက်ဝမှာ ဘာလာလုပ်နေတာလဲ... သောက်ရူးရဲ့"
ရုတ်တရက် စုပင်း ဒေါသထွက်သွားပြီး၊ လင်းဟိုင် ကို လက်ညှိုးထိုးကာ အော်ဟစ် ကြိမ်းမောင်းလိုက်သည်။
"လစ်စမ်း... မထွက်သွားရင် ငါ သတ်ပစ်မယ်... သောက်ကျိုးနည်း... အမှိုက်ကောင်တွေကများ ငါ့အိမ်ပေါက်ဝ လာပိတ်ဆို့ရဲတယ်"
"ဟွန်း..."
လင်းဟိုင် က ဒေါသ ပြန်မထွက်တော့ဘဲ၊ စုအိမ်တော်ကို အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ သူ့လူများကို ခေါ်ကာ ပြန်လည် ထွက်ခွာသွားတော့၏။
တံခါးဝ လာပိတ်ဆို့သည် ဆိုတာက... ကိုယ့်ကိုယ်ကို အရှက်ခွဲခံဖို့ လာတာ မဟုတ်ပေ။ လင်းမိသားစု၏ သဘောထားကို လာပြခြင်း ဖြစ်၏။
ဒီကိစ္စ မပြီးသေးဘူး ဆိုသည့် သဘောပင်။
ဒါကြောင့် လင်းဟိုင် က တကယ် တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘဲ၊ ခြိမ်းခြောက်ပြီးသည်နှင့် ပြန်လှည့်ထွက်သွားခြင်း ဖြစ်၏။
ထွက်ခွာသွားသော လင်းဟိုင် တို့အဖွဲ့ကို ကြည့်ရင်း၊ စုပင်း ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ကိုက်မည့်ခွေးက မဟောင်ဘူး" တဲ့။ လင်းဟိုင် က တကယ် မတိုက်ခိုက်ဘဲ ပြန်သွားတာကို ကြည့်လျှင်... လင်းမိသားစုက နောက်ကွယ်မှာ ပိုကြီးမားသည့် အကြံအစည် တစ်ခုခု ကြံစည်နေတာ သေချာ၏။
တကယ် တိုက်ခိုက်လာသည့် အချိန်ကျရင်... စုမိသားစု အတွက် ပြဿနာကြီး တက်နိုင်၏။
'ဟွန်း... စုမိသားစုကို လာထိပါးချင်တိုင်း ထိပါးလို့ ရမယ်များ ထင်နေလား... တကယ် လုပ်ရဲရင်တော့ ပေးဆပ်ရမှာပေါ့'
စုပင်း လှည့်ထွက်ပြီး အိမ်တော်ထဲ ဝင်သွားတော့၏။
ခြံဝန်းထဲတွင်...၊
စုယွီ သည် သူ၏ "နတ်ဘုရား အာရုံ" ဖြင့် အခြေအနေ အားလုံးကို စောင့်ကြည့်နေပြီး၊ စိတ်ထဲတွင် အံ့သြ တုန်လှုပ်နေမိသည်။
'အဘိုး (၅) က တကယ် ကြမ်းတာပဲ... လင်းမိသားစုက လူအုပ်ကြီးကို တစ်ယောက်တည်းနဲ့ မောင်းထုတ်လိုက်တယ်'
***
နောက်တစ်နေ့ မနက်ခင်း...
နေမင်းကြီး အရှေ့ဘက်မှ ထွက်ပေါ်လာချိန်တွင်... စုယွီ သည် ခြံဝန်းထဲ၌ ထိုင်ရင်း "ချီစွမ်းအင် ဆေးလုံး" တစ်လုံးကို မြိုချလိုက်သည်။
ချက်ချင်းပင်... ကြွယ်ဝသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး တစ်ခုသည် သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါး လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
'ဒီဝိညာဉ်စွမ်းအင်တွေက သစ်သားဓာတ် အဓိက ပါဝင်နေတာပဲ... "ဝူထုံ နှလုံးသားသိုင်းကျမ်း" ဝိဉာဉ် စွမ်းအင် အဖြစ် ပြောင်းလဲဖို့ အရမ်း လွယ်ကူတာပဲ'
စုယွီ ဝမ်းသာအားရ ဖြစ်သွားသည်။
ထို့နောက် ကျင့်ကြံခြင်း ဈာန်ဝင်စားမှု အတွင်းသို့ နစ်မြုပ်သွားတော့၏။
(၂) နာရီ ကြာပြီးနောက်... စုယွီ နိုးထလာသည်။
ကျွမ်းကျင်မှု မျက်နှာပြင်ကို စူးစိုက်ကြည့်လိုက်ရာ... အံ့အားသင့်သွားမိသည်။
‘ 'ဝူထုံ ကျင့်စဉ် ကျွမ်းကျင်မှုက (၀.၅၂%) တောင် တိုးလာတယ်လား'
တကယ်လို့သာ နေ့တိုင်း ဒီဆေးလုံး တစ်လုံး သောက်ပြီး ကျင့်ကြံနိုင်မယ် ဆိုရင်... ဝက်နှစ်လောက် အတွင်းမှာတင် "ချီစွမ်းအင် စုစည်းခြင်း တတိယအဆင့်" ကို ရောက်သွားနိုင်တယ် မဟုတ်လား။
အရှိန်က နှစ်ဆကျော် ပိုမြန်လာတာပဲ။’
‘ဒါပေမဲ့...
နေ့တိုင်း ဆေးတစ်လုံး သောက်ဖို့ ဆိုတာက... အရမ်း ဖြုန်းတီးလွန်းရာ ကျနေတယ်။
ယွင်ကျန်းဂိုဏ်းထဲ ရောက်သွားတဲ့ စုဇီ တောင်မှ ဒီလောက် ဇိမ်ခံပြီး ကျင့်ကြံနိုင်မှာ မဟုတ်ဘူး။’
အံ့သြမှု ပြေပျောက်သွားပြီးနောက်၊ စုယွီ ခေါင်းခါလိုက်ပြီး ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။
"ကျွမ်းကျင်မှု ပွိုင့်တွေကို ဖြည်းဖြည်းချင်း စုဆောင်းသွားတာက ငါနဲ့ ပိုကိုက်ညီပါတယ်"
ဘယ်လိုပဲဖြစ်ဖြစ်... သူ့မှာ "ကျွမ်းကျင်မှု မျက်နှာပြင်" ရှိနေပြီးသားပင်။ အဆင့်တက်မှု အဟန့်အတား ဆိုတာလည်း မရှိပါ။
နှိုင်းယှဉ်ကြည့်လျှင် စုယွီ၏ ကျင့်ကြံမှုနှုန်းက မနှေးပါ။ အထူးသဖြင့် အဆင့်မြင့်လာလေလေ၊ အဟန့်အတား မရှိသော အားသာချက်က ပိုသိသာလာလေ ဖြစ်ပါမည်။
တခြားလူတွေက အဆင့်တစ်ဆင့် တက်ဖို့ နှစ်ချီ၊ ဆယ်စုနှစ်ချီ၊ ရာစုနှစ်ချီအောင် ပိတ်မိနေကြမည့် အချိန်မှာ... စုယွီကတော့ ပုံမှန်လေး တက်လှမ်းသွားနိုင်မည်လေ။
ဘယ်သူက ယှဉ်နိုင်မည်လဲ။
စိတ်ကို ငြိမ်သက်အောင် ထားပြီးနောက်၊ စုယွီ သည် ကိုယ်ခန္ဓာ ကျင့်စဉ်နှင့် မန္တန်များကို ဆက်လက် လေ့ကျင့်နေလိုက်၏။
စုယွီ ပြန်ရောက်ပြီး ဒုတိယမြောက် နေ့တွင်... စုချင်းယီ က သတင်းကြားပြီး သူ့ကို လာရောက် ဖိတ်ခေါ်လေသည်။
စုချင်းယီ ကို မြင်လိုက်ရသောအခါ စုယွီ အံ့သြသွားပြန်၏။
လင်းမိသားစုရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရလာတယ်လို့ ကြားထားတာ... အခုမှ ပြန်ရောက်တာ တစ်လပဲ ရှိသေးတယ်... ဘယ်လိုလုပ်ပြီး ဒဏ်ရာတွေ ပျောက်ရုံတင် မကဘဲ "ချီစွမ်းအင် စုစည်းခြင်း စတုတ္ထအဆင့်" ကိုပါ ရောက်သွားရတာလဲ။
စုယွီ၏ အံ့သြနေသော မျက်နှာကို မြင်သောအခါ၊ စုချင်းယီ က အသာအယာ ပြုံးလိုက်သည်။
"အဘိုး (၅) ဆီက ဝယ်ခဲ့တဲ့ ရှေးဟောင်း ကျောက်စိမ်းသေတ္တာကို မှတ်မိတယ်မလား... အဲဒီထဲကနေ အခွင့်အရေးလေး နည်းနည်း ရလိုက်လို့ပါကွာ"
စုယွီ - "..."
သောက်ကျိုးနည်း...
ဘယ်လို ပြောရမှန်းတောင် မသိတော့ပေ။
ထိုသို့ "ပိုက်ဆံရှိမှ နိုင်မည့် (Pay-to-win)" ကျောက်စိမ်းသေတ္တာမျိုးမှ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနှင့် ဒီလောက်ကြီးမားသော အခွင့်အရေး ရသွားတယ် ဆိုတာ...
ဒီကောင့် ကံတရားက ကောင်းလွန်းနေပါ၏။
နည်းနည်းတော့ မနာလို ဖြစ်မိ သော်လည်း၊ ဒီလောက်ပါပဲလေ။
စုယွီက စုချင်းယီ ကို ဂုဏ်ပြုစကား ပြောလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ်... ကျောက်စိမ်းသေတ္တာထဲက ရသည့် အခွင့်အရေး ဆိုတာထက်၊ သူ့မှာ ရှိနေသော "ကျွမ်းကျင်မှု မျက်နှာပြင်" က ဘယ်အရာနှင့်မှ နှိုင်းယှဉ်လို့ မရနိုင်သည့် အခွင့်အရေးကြီး ဆိုတာ စုယွီ ယုံကြည်ထားသည်လေ။
စကားစမြည် ပြောပြီးနောက်၊ စုချင်းယီ က ထပ်ပြောသည်။
"ဒါနဲ့... နောက်ရက်နည်းနည်း ကြာရင် သခင်မလေး (စုဇီ) ပြန်ရောက်လာတော့မယ်... အဲဒီကျရင် ကျွန်တော်တို့ (၃) ယောက် ပြန်ဆုံဖြစ်မလား ကြည့်ကြတာပေါ့"
"ကောင်းသားပဲ"
စုယွီ ငြင်းစရာ မရှိပါ။ အရင်တုန်းက ယွင်ကျန်းဂိုဏ်း ဝင်ခွင့် စာမေးပွဲကို (၃) ယောက် အတူတူ သွားဖြေခဲ့ကြသည်ပဲလေ။
ပြန်ဆုံကြတာ ကောင်းပါသည်။ ထို့အပြင်၊ သူက ... စုဇီ ဆီမှ အပြင်လောက အကြောင်း သတင်းအချက်အလက် တချို့လည်း မေးမြန်း စုံစမ်းချင်သေး၏။
ဥပမာ... ယွင်ကျန်းဂိုဏ်း အကြောင်းတို့၊ ဂိုဏ်းပိုင် ဈေးမြို့တော် အကြောင်းတို့ပါပင်။