← Chapters

မိသားစု ဆုလာဘ်

Vol. 1 Ch. 11

မိသားစု ဆုလာဘ်

Vol. 1 Ch. 11

~ခြံဝန်းထဲသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် စုယွီအား... အဘိုး (၅) စုပင်း ထံမှ လူလွှတ် ခေါ် ခံရလေသည်။ စုယွီ ခဏမျှ တွေးတောပြီးနောက်၊ သိုင်းကျမ်းတိုက် သို့ လိုက်ပါသွားလေ၏။

သိုင်းကျမ်းတိုက်ထဲတွင် စုပင်း သည် ရှေးဟောင်း စာအုပ် တစ်အုပ်ကို စိတ်လက်ပေါ့ပါးစွာ ဖတ်ရှုနေ၏။

စုယွီ ဝင်လာသည်ကို မြင်သောအခါ၊ စုပင်း စာအုပ်ကို ချလိုက်ပြီး သူ့ကို စေ့စေ့ကြည့်လိုက်သည်။ ခဏကြာအောင် အကဲခတ်ပြီးမှ အံ့သြသံဖြင့် ရေရွတ်လိုက်သည်။

"ဟေ့ကောင်လေး... မနေ့က လင်းမိသားစုက လင်းရှို့ ကို သတ်လိုက်တဲ့ သူက မင်း မဟုတ်လား"

လမ်းမကြီးပေါ်မှာ လူတွေ အများကြီး ရှေ့မှာ ဖြစ်ခဲ့သည် ဆိုတော့... လင်းမိသားစုက စုယွီ ကို မသိသော်ငြား၊ စုမိသားစုကတော့ အလွယ်တကူ စုံစမ်း၍ ရလေ၏။

စုယွီ ခဏ စဉ်းစားပြီးမှ ခေါင်းညိတ် ဝန်ခံလိုက်သည်။

"ကျွန်တော်ပါ... ဒါပေမဲ့ ကျွန်တော် အရင် စလုပ်တာ မဟုတ်ပါဘူး... လမ်းလျှောက်လာတုန်း သူက ရေမြွေ မန္တန်နဲ့ လှမ်းပစ်လို့... ကျွန်တော်လည်း ပြန်ခုခံလိုက်ရတာပါ"

စုပင်း က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စုယွီ ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။

"ဆင်ခြေတွေ ပေးမနေနဲ့... ပြန်ခုခံရုံလေးပါ ဆိုပြီးတော့... တစ်ဖက်လူကို တစ်စစီ ဖြစ်သွားအောင် လုပ်ပစ်လိုက်တာလား"

စုယွီ ဘာမှ ပြန်မပြောနိုင်။ သူ လက်သီးတစ်ချက်ပဲ ထိုးလိုက်ရသည်လေ။

တစ်ဖက်လူက သိပ်ပျော့လွန်းနေသည်ကိုး။

စုယွီ စကားမပြောနိုင်ခင်မှာပင်၊ စုပင်း က လက်ကာပြလိုက်ပြီး သူ့ရင်ဘတ်ထဲမှ အိတ်ကလေး တစ်လုံးကို ထုတ်ယူလိုက်သည်။

"တော်ပြီ... ထားလိုက်တော့... မင်း ဘယ်လိုသတ်လိုက်လဲ ဆိုတာ အရေးမကြီးပါဘူး... အရေးကြီးတာက မင်း လင်းမိသားစု ကျင့်ကြံသူ တစ်ယောက်ကို သတ်နိုင်ခဲ့တယ်... အဲဒါမှ လင်းမိသားစုရဲ့ စတုတ္ထ အကြီးအကဲ မြေးအရင်းခေါက်ခေါက်ကို သတ်လိုက်တာကွ"

"ချီးကျူးစရာပဲ... ရော့... ဒါကို ယူလိုက်... 'ချန်ခွန်း အိတ်' လို့ ခေါ်တယ်... အဆင့်နိမ့် မှော်လက်နက် ဆိုပေမယ့် အသုံးဝင်ပါတယ်... အထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀) ထည့်ပေးထားတယ်... ဒါ မိသားစုက ချပေးတဲ့ ဆုလာဘ်ပဲ"

"မှတ်ထား... နောက်တစ်ခါ လင်းမိသားစု ကျင့်ကြံသူတွေနဲ့ တွေ့ရင်... သူတို့က အရင် မစရင်တောင်မှ မင်းက စပြီး ရိုက်ပစ်လိုက်"

"တကယ်လို့ တိုက်ပွဲ ဖြစ်လာရင်လည်း... နိုင်ရင် သတ်ပစ်လိုက်... မနိုင်ရင်တော့ မြန်မြန် ထွက်ပြေးဖို့ မမေ့နဲ့"

စုယွီ ကတော့ စုပင်း နောက်ဆုံး ပြောသည့် စကားတွေကို သိပ်မကြားလိုက်တော့။ သူ့မျက်လုံးတွေက ချန်ခွန်း အိတ်ကလေးကို မြင်ပြီး အရောင်တောက်နေတော့၏။

‘လူသတ်တာတောင် ဆုရတယ်တဲ့လား။’

ချန်ခွန်း အိတ်ကို ဝမ်းသာအားရ လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဘိုး (၅)... မိသားစု ခေါင်းဆောင်နဲ့ တခြား အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်"

စုပင်း က လက်ဝှေ့ယမ်းပြလိုက်သည်။

"ဘာမှ ပြောစရာ မရှိရင် ထွက်သွားတော့"

စုယွီ ပခုံးတွန့်လိုက်ပြီး ထွက်ခွာသွားလေသည်။

ထွက်ခွာသွားသော စုယွီ ၏ ကျောပြင်ကို ကြည့်ရင်း၊ စုပင်း တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်သည်။

"ချီစွမ်းအင် ဒုတိယအဆင့်ပဲ ရှိသေးတာကို... ဒီကောင်လေး ကိုယ်ခန္ဓာ ကျင့်စဉ် လေ့ကျင့်နေတာများလား"

ဒီအတွေး ဝင်လာသည်နှင့်၊ တစ်ပြိုင်နက် စုပင်း လန့်ဖျပ်သွားပြီး အံ့သြမှုတွေ ဖြစ်ပေါ်လာသည်။

‘မဖြစ်နိုင်တာ... အဲဒီ ကိုယ်ခန္ဓာ ကျင့်စဉ်ကို လေ့ကျင့်နေတာများလား

တကယ်လို့သာ ဟုတ်ခဲ့ရင်…’

စုပင်း ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာပြီး၊ အဝေးသို့ ရောက်သွားပြီ ဖြစ်သော စုယွီ ကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ဒီကောင်လေး... တော်တော်လေး လျှို့ဝှက်တတ်တာပဲ"

...

ခြံဝန်းထဲသို့ ပြန်ရောက်သောအခါ...

စုယွီ သည် ချန်ခွန်း အိတ်ကို ချက်ချင်းပင် ပိုင်ဆိုင်မှု လွှဲပြောင်း လိုက်သည်။

အိတ်ထဲတွင် (၃) ကုဗပေ ခန့် ကျယ်ဝန်းသော နေရာလွတ် တစ်ခု ပါရှိသည်။ သေးငယ်သော်လည်း သူ့အတွက် လုံလောက်ပါသည်။

သူ စုဆောင်းထားသော ဝိညာဉ်ကျောက်တုံးများ၊ ကျန်ရှိနေသေးသော ချီစွမ်းအင် ဆေးလုံးများ၊ အပို အဝတ်အစားများနှင့် ဝိညာဉ်ဆန်များကို အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။

"ဒီအိတ် ရှိသွားပြီ ဆိုတော့... ခရီးသွားရင် တော်တော်လေး အဆင်ပြေသွားပြီ"

ဆုကြေးငွေ ဝိညာဉ်ကျောက်တုံး(၃၀)၊ လင်းရှို့ဆီက ရသည့် (၁၅) တုံး၊ ပြီးတော့ ဆေးဥယျာဉ်မှာ စုမိထားသော (၂၅) တုံး... စုစုပေါင်း ဝိညာဉ်ကျောက်တုံး (၇၀) တိတိ သူ့လက်ထဲမှာ ရှိနေလေ၏။

"ဒီလောက်ဆိုရင်... ခဏလောက် အေးအေးဆေးဆေး ကျင့်ကြံလို့ ရပြီ"

စုယွီ ကျင့်ကြံခြင်း၌ အာရုံစိုက်နေချိန်တွင်... လင်းမိသားစု ဘက်တွင်မူ စတုတ္ထ အကြီးအကဲ လင်းဟိုင် သည် စုယွီ ဘယ်သူလဲ ဆိုတာကို စုံစမ်း သိရှိသွားပြီ ဖြစ်လေ၏။

"စုယွီ... ဟုတ်လား... အသုံးမကျတဲ့ ကောင်စုတ်လေးက ငါ့မြေးကို သတ်ရဲတယ်ပေါ့... အသက်နဲ့ ပြန်ပေးဆပ်စေရမယ်"

လင်းဟိုင် အံကိုခဲပြီး ကျိန်းဝါးလိုက်သည်။

(၃) ရက် ကြာပြီးနောက်...

စုမိသားစု သခင်မလေး "စုဇီ" သည် ယွင်ကျန်းဂိုဏ်းမှ ပြန်လည် ရောက်ရှိလာလေ၏။ မိသားစု ခေါင်းဆောင် စုဖုန် က ကြီးကျယ်ခမ်းနားသော ကြိုဆိုပွဲကြီး ပြုလုပ်ပေးသဖြင့် အိမ်တော် တစ်ခုလုံး စည်ကားသိုက်မြိုက်နေလေသည်။

နောက်ထပ် (၂) ရက် အကြာတွင်...

စုဇီ၏ ခြံဝန်း အတွင်းရှိ ဇရပ်ငယ်လေး တစ်ခုတွင်... စုဇီ၊ စုယွီ နှင့် စုချင်းယီ တို့ (၃) ဦး ပြန်လည် ဆုံတွေ့ကြလေသည်။

စုချင်းယီ သည် စုယွီ ကို မကြာခဏ လှမ်းကြည့်နေပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်သည်။

"လင်းရှို့ကို သတ်လိုက်တာ အစ်ကိုယွီ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ..တကယ်.. မထင်ထားခဲ့ဘူး"

စုယွီ ခေါင်းခါလိုက်သည်။

"ငါ မြစ်ရေစီး မြို့တော်ကို ပြန်ရောက်ရောက်ချင်း... သူက ဘာမှ မပြောမဆိုဘဲ လာတိုက်ခိုက်တာလေ... ငါလည်း ပြန်ခုခံရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပေါ့"

ထိုအခါ၊ စုချင်းယီ မျက်နှာ ရှုပ်ထွေးသွားသည်။

"သူက ချီစွမ်းအင် တတိယအဆင့် မဟုတ်ဘူးလား... အစ်ကိုယွီက ဘယ်လိုလုပ်ပြီး သတ်လိုက်နိုင်တာလဲ"

စုဇီ ကတော့ အတွင်းသတင်း အချို့ သိထားပုံရပြီး၊ စုယွီ ကို ပြုံးစစဖြင့် ကြည့်နေလေသည်။

ခဏမျှ စဉ်းစားပြီးနောက် စုယွီ ပြောလိုက်သည်။

"ငါ ကိုယ်ခန္ဓာ ကျင့်စဉ် လေ့ကျင့်ထားတယ်"

စုချင်းယီ မျက်လုံး ပြူးသွားပြီး သဘောပေါက်သွားသည်။

"ဪ... ကိုယ်ခန္ဓာ ကျင့်စဉ်ကိုး... ဒါကြောင့်"

စုယွီ အပေါ် ထားရှိသော အထင်သေးမှုများ ပျောက်ကွယ်သွားပြီး၊ ဆက်ဆံရေး ပိုမို ရင်းနှီး နွေးထွေးလာသည်။

စုဇီ ကိုတော့ စုချင်းယီ က လေးလေးစားစား ဆက်ဆံနေဆဲပင်။

အဘယ်ကြောင့်ဆိုသော်... ယခု ပြန်ရောက်လာသော စုဇီ သည် "ချီစွမ်းအင် စုစည်းခြင်း ပဉ္စမအဆင့်" သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။

စုဇီ သည် ယွင်ကျန်းဂိုဏ်း အတွင်းမှ လျှို့ဝှက်ချက် အချို့ကို ပြန်လည် ပြောပြလေသည်။

"ငါတို့ ဝင်ခွင့် စာမေးပွဲ ဖြေတုန်းက 'လုံ့လဝီရိယ အရှိဆုံး' ဆိုပြီး ပထမ ရသွားတဲ့ ကုန်းစွန်းယီ ကို နင်တို့.. မှတ်မိကြတယ်မလား"

"သူ့မှာ မြေဓာတ် ဝိညာဉ်အမြစ် ပါရမီ ရှိတယ်လေ... ကြားတာတော့ သူက ချီစွမ်းအင် သတ္တမအဆင့် ရောက်နေပြီတဲ့... ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်က သူ့ကို တပည့် အဖြစ် လက်ခံလိုက်ပြီ"

ထို့နောက် အခြား လူများ၏ အခြေအနေများကို သူမက ဆက်ပြောပြသည်။ အလုပ်သင် တပည့် (၃၀) လုံး အဆင်ပြေနေကြတာတော့ မဟုတ်ပါ။

စုဇီ ပြောပြချက်အရ... (၁၁) ယောက်လောက်က ချီစွမ်းအင် တတိယအဆင့် မှာပင် တန့်နေကြသည်တဲ့။

ဒီအချက်ကို ကြည့်လျှင်... စောစောစီးစီး အထုတ်ခံလိုက်ရသော စုယွီ နှင့် စုချင်းယီ တို့က ထိုလူတွေထက်တောင် သာနေဦးမည်။

စုဇီ က စုယွီ နှင့် စုချင်းယီ ကို ကြည့်ပြီး ပြောလိုက်သည်။

"ဟဲ့..နောက် (၃) နှစ် နေရင်... ငါ 'အတွင်းစည်း တပည့် ' အရည်အချင်းစစ် ပွဲကို ဝင်ပြိုင်ဖို့ စီစဉ်ထားတယ်... အဲဒီအချိန်ကျရင် နင်တို့ရဲ့ အကူအညီ လိုကောင်း လိုလာလိမ့်မယ်"

စုယွီ ဘာမှ မပြောနိုင်ခင်မှာပင်၊ စုချင်းယီ က ချက်ချင်း ထောက်ခံလိုက်သည်။

"ကိစ္စ မရှိပါဘူး... အချိန်ကျရင် လှမ်းသာ ပြောလိုက်ပါ... ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးပါ့မယ်"

စုယွီ လည်း မတတ်သာဘဲ ခေါင်းညိတ် သဘောတူလိုက်ရသည်။ ယွင်ကျန်းဂိုဏ်း ၏ အတွင်းစည်း တပည့် ဖြစ်ဖို့ ဆိုတာ သေးငယ်သည့် ကိစ္စမှ မဟုတ်တာ။

သို့သော်၊ တစ်မိသားစုတည်းသားတွေ ဖြစ်နေတော့ ငြင်း၍ မကောင်းဘူးလေ။

ထို့နောက် စုယွီ က ယွင်ကျန်းဂိုဏ်း လက်အောက်ခံ မြို့တော် အကြောင်းနှင့် ပထမအဆင့် (နှောင်းပိုင်း) သားရဲသွေး အကြောင်း မေးမြန်းလိုက်၏။

စုဇီ က ရှင်းပြသည်။

"ဂိုဏ်းပိုင် ဈေးမြို့တော်က မြစ်ရေစီး မြို့တော်ထက် အများကြီး ပိုစည်ကားတယ်... အဲဒီမှာ နေတဲ့လူ အများစုက ကျင့်ကြံသူတွေချည်းပဲ... ဆေးလုံး၊ မန္တန်စက္ကူ၊ မှော်လက်နက်၊ အခင်းအကျင်း... အကုန် ရောင်းကြတယ်ဟယ်"

"အခွင့်အရေး ရရင်... နင်တို့ နှစ်ယောက်လည်း ယွင်ရှန်း ဈေးမြို့တော်ကို သွားခွင့် လျှောက်ကြည့်ပါလား... အဲဒီမှာ အရင်းအမြစ်တွေ၊ အခွင့်အလမ်းတွေ ပိုများတယ်"

"ပထမအဆင့် (နှောင်းပိုင်း) သားရဲသွေး ဆိုရင်... အဲဒီ ဈေးကွက်မှာ မရှားပါဘူး... ဒါပေမဲ့ ဈေးတော့ မပေါဘူး... တစ်စက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂) တုံး၊ (၃) တုံးလောက် ပေးရတယ်"

သို့နှင့်၊ စကားစမြည် ပြောပြီးနောက်... လူစုခွဲလိုက်ကြသည်။

ယွင်ရှန်း ဈေးမြို့တော်၏ စည်ကားမှုကို ကြားလိုက်ရသောအခါ၊ စုချင်းယီ ၏ ရည်မှန်းချက် ပိုမို ကြီးမားလာသည်။ သူက ထိုနေရာကို သွားချင်စိတ် ပြင်းပြနေပြီး၊ ဆေး ပညာ သင်ယူကာ ယွင်ရှန်း ဈေးမြို့တော်သို့ သွားရောက် အခြေချရန် ဆုံးဖြတ်လိုက်၏။

စုယွီ လည်း သွားချင်စိတ် ရှိသော်လည်း၊ အခြေချဖို့ မဟုတ်ဘဲ ပစ္စည်း သွားဝယ်ဖို့လောက်သာ စိတ်ကူးရှိသည်။

အသွားအပြန် တစ်ပတ်လောက် ဆိုရင် လုံလောက်ပြီ။

သို့သော်၊ သွားမလား၊ မသွားဘူးလား ဆိုတာကိုတော့ တွန့်ဆုတ်နေဆဲ။

ခရီးလမ်းက ဝေးလွန်းတော့ အန္တရာယ် များသည်လေ။

အိမ်တော်ထဲမှာ လဝက်လောက် နေပြီးနောက်... စုယွီ သည် တစ်ရက်လုံး အချိန်ပေးပြီး အဘိုး (၅) စုပင်း ကို နားပူနားဆာ လုပ်ကာ ဆေးဥယျာဉ်သို့ လိုက်ပို့ခိုင်းလေ၏။

စုယွီ ကို စောင့်ကြည့်နေသော လင်းမိသားစု ကျင့်ကြံသူများသည် စုပင်း ပါလာသည်ကို မြင်သောအခါ၊ ဒေါသတကြီး အံကြိတ်ရင်း ထွက်ပြေးရုံမှတပါး အခြား မရှိတော့ပေ။

"ဒီကောင်... သေမှာ တော်တော် ကြောက်တာပဲကွ... တောက်"

ဆေးဥယျာဉ်သို့ ပြန်ရောက်သောအခါ...

စုယွီ သည် သူ့ပုံမှန် နေ့စဉ် လုပ်ငန်းဆောင်တာများကို ပြန်လည် စတင်လေတော့၏။ "ဝူထုံ ကျင့်စဉ်"၊ "ကိုယ်ခန္ဓာ ကျင့်စဉ်" နှင့် မန္တန်များကို နေ့စဉ် လေ့ကျင့်ရင်း၊ ဆရာ စုချန်ယွီ ထံတွင် ဆေးပင် စိုက်ပျိုးနည်းများကို ဆက်လက် သင်ယူနေ၏။

အားလပ်ချိန်များတွင် "မြေကျောက် ကြွက်သားရဲ" အချို့ကို အမဲလိုက်သည်။

ရလာသော သွေးများကို ကိုယ်ခန္ဓာ ကျင့်စဉ် အတွက် အသုံးပြု၏။

သို့သော် အပြင်လောကတွင်မူ... စုမိသားစုနှင့် လင်းမိသားစုကြား ပဋိပက္ခသည် ပိုမို ပြင်းထန်လာနေပြီး၊ လင်းမိသားစုဝင်များသည် ဆေးဥယျာဉ် အနီးအနားတွင် မကြာခဏ ပေါ်လာတတ်ကြသည်။

ဤအခြေအနေများ အောက်တွင်ပင်... စုယွီ သည် ဆေးဥယျာဉ်၌ နောက်ထပ် တစ်နှစ်တိတိ ကုန်ဆုံးသွားခဲ့လေသည်။

All Chapters