ကောင်းကင်သိုင်းကျမ်း မျှော်စင်
Vol. 1 Ch. 13
~တောင်တန်းများကြားတွင် ဝိညာဉ် စိုက်ခင်းများသည် လှေကားထစ်များသဖွယ် တည်ရှိနေပြီး၊ အချို့တွင် ဝိညာဉ်ဆန်၊ အချို့တွင် ဝိညာဉ် ဆေးပင်နှင့် အခြား အပင်များ စိုက်ပျိုးထားကြလေသည်။
စုယွီ လမ်းလျှောက်နေရင်း သတိထားမိလိုက်သည်မှာ... ဤဈေးမြို့တော် အတွင်းရှိ စိုက်ခင်းများနှင့် အသီးအနှံများ၏ အရည်အသွေးသည် စုမိသားစု၏ ဆေးဥယျာဉ်ထက် များစွာ သာလွန်ကောင်းမွန်နေခြင်းပင်။
စုယွီ၏ စပ်စုချင်စိတ် ပြင်းပြနေသော အကြည့်ကို မြင်သောအခါ၊ စုကျင်းပန်း က ရှင်းပြလေသည်။
"ဒီဝိညာဉ် စိုက်ခင်းတွေကို ငှားလို့ရတယ်ကွ"
"ဒီဈေးမြို့တော်မှာ နေတဲ့ လေလွင့် ကျင့်ကြံသူ အများစုက ဒီစိုက်ခင်းတွေကို မှီခိုပြီး အသက်မွေးကြတာလေ"
"ဒါပေမဲ့... ဒီလို ဘဝမျိုးက နောက်ဆုံးတော့ သူများအပေါ် မှီခိုနေရတာပါပဲ... စိုက်ခင်း ငှားခ ပေးရတာက ယွင်ကျန်းဂိုဏ်း အတွက် အလုပ်လုပ်ပေးနေရတာနဲ့ အတူတူပဲ"
သူ စကားကို ခေတ္တ ရပ်လိုက်သည်။
စုကျင်းပန်း သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
"ငါတို့ စုမိသားစု ဘိုးဘေးတွေက ဒီဈေးမြို့တော်မှာပဲ ပထမဆုံး အခြေခံအုတ်မြစ် ချခဲ့ကြတာ"
"အဲဒီနောက်မှ မြစ်ရေစီး မြို့တော်ကို ပြောင်းရွှေ့ပြီး၊ အဲဒီမှာ ဥယျာဉ်ခြံမြေ တည်ထောင်ကာ၊ အခု လက်ရှိ မိသားစု ပိုင်ဆိုင်မှုတွေကို ဖြည်းဖြည်းချင်း စုဆောင်းခဲ့ကြတာလေ"
စုယွီ နှင့် အခြား မိသားစုဝင်များသည် ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားကြသည်။
လေလွင့် ကျင့်ကြံသူ ဘဝမှ မိသားစု တစ်ခုအဖြစ် အခြေချ နေထိုင်နိုင်ရန် ကြိုးပမ်းခဲ့ရသည့် အခက်အခဲများကို သာမန်လူများ တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။
ယခု အချိန်အထိ စုမိသားစုသည် အားနည်းနေသေးသော်လည်း...
ဒါက မျိုးဆက်ပေါင်း (၁၀) ဆက်ကျော် ကြိုးပမ်းခဲ့ရသည့် ရလဒ်ပင် ဖြစ်လေသည်။
စုကျင်းပန်း က စုယွီ ကို ကြည့်ပြီး ပြောလိုက်သည်။
"နောက်ပိုင်း မင်း ဆေးဥယျာဉ်မှာ မနေချင်တော့ရင်... ဒီနေရာကို လာပြီး ကံစမ်းကြည့်တာ ကောင်းမယ်"
"ဒီမှာက ငါတို့ မိသားစုပိုင် 'ဆေးလုံးမျှော်စင်' အခြေစိုက်စခန်း ရှိနေတော့... ဒီမှာ ကျင့်ကြံရတာက သာမန် လေလွင့် ကျင့်ကြံသူတွေထက်တော့ အများကြီး ပိုသာတာပေါ့"
စကားပြောနေရင်း သူတို့သည် ဈေးမြို့တော်၏ အလယ်ဗဟိုသို့ ဦးတည် လျှောက်လှမ်းလာကြ၏။
လမ်းတစ်လျှောက်တွင် အခြား ကျင့်ကြံသူများ ဝင်ထွက်သွားလာနေကြသည်ကို တွေ့ရ၏။ စိုက်ခင်းများထဲတွင် မန္တန်များ အသက်သွင်းပြီး အပင်များကို ပြုစုပျိုးထောင်နေသော ကျင့်ကြံသူများကိုလည်း မြင်တွေ့ရလေသည်။
တောင်ကြား ချိုင့်ဝှမ်း တစ်ခု အတွင်း၌... ယွင်ရှန်း ဈေးမြို့တော်၏ အချက်အချာ နေရာ တည်ရှိလေသည်။
တောင်တန်းများကြားတွင် ဖြူလွလွ တိမ်တိုက်များနှင့် အခိုးဝေသော မြူခိုးများ ရစ်သိုင်းနေပြီး၊ အဖြူရောင် ဝတ်ဆင်ထားသော ကျင့်ကြံသူများ ပျံသန်းသွားလာနေကြသည့် မြင်ကွင်းသည်... ပန်းချီကား တစ်ချပ်ပမာ လှပသော အင်မော်တယ် ကမ္ဘာ့ မြင်ကွင်းပင် ဖြစ်တော့၏။
စုမိသားစု၏ ဆေးလုံးမျှော်စင်သည် ဈေး၏ အရှေ့ဘက်ခြမ်း၊ တတိယမြောက် လမ်းမကြီး၏ အလယ်ဗဟိုတွင် တည်ရှိပြီး၊ လူစည်ကားသော နေရာ တစ်ခု ဖြစ်၏။
ဆေးလုံးမျှော်စင်ကို စုမိသားစု၏ ဒုတိယ အကြီးအကဲ "စုယွင်" က ဦးစီး ဖွင့်လှစ်ထားသည်။ သူသည် ပထမအဆင့် ထိပ်တန်း ဆေး ပညာရှင် တစ်ဦး ဖြစ်သော်လည်း၊ လူများနှင့် ရောရောနှောနှော နေလေ့မရှိဘဲ၊ စကားနည်းသော သူတစ်ဦး ဖြစ်၏။
ဆေးလုံးမျှော်စင် အတွင်းသို့ ဝင်ရောက်ပြီး စုယွင် နှင့် တွေ့သောအခါ၊ စုယွီ နှင့် အခြားသူများက လေးစားစွာ ဦးညွှတ် နှုတ်ဆက်ကြသည်။ သို့သော် စုယွင် က သူတို့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ၊ စုကျင်းပန်း ကိုသာ အာရုံစိုက်နေလေသည်။
စုကျင်းပန်း က "ချန်ခွန်း လက်စွပ်" နှစ်ကွင်းကို ထုတ်ယူပြီး စုယွင် ထံ ကမ်းပေးလိုက်သည်။
"ဒုတိယ အကြီးအကဲ... ဒါ ဒီလ အတွက် ဝိညာဉ် ဆေးပင် အသုတ်ပါ"
စုယွင်က သူ့၏ "နတ်ဘုရား အာရုံ" ဖြင့် စစ်ဆေးကြည့်လိုက်ပြီး၊ မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်သည်။
"အရည်အသွေးက ညံ့တုန်းပဲ"
စုကျင်းပန်း က ပြုံးပြီး ပြန်ပြောသည်။
"တကယ်တော့... အရင်ကထက် စာရင် နည်းနည်း ပိုကောင်းလာပါပြီဗျာ"
မူလက စုယွီ သည် စုယွင်နှင့် ရင်းနှီးမှု ရယူပြီး၊ နောင်တစ်ချိန်တွင် ဒုတိယ အကြီးအကဲ၏ လက်အောက်၌ ဆေး ပညာ သင်ယူရန် စိတ်ကူးထားလေ၏။
သို့သော် ဝိညာဉ် ဆေးပင်များ လက်ခံရရှိပြီးသည်နှင့် စုယွင် က လက်ဝှေ့ယမ်းကာ သူတို့ကို ထွက်သွားခိုင်းလိုက်ပြီး၊ ဆေးလုံးမျှော်စင်၏ နောက်ဖေးဝင်းသို့ တစ်ကိုယ်တည်း ဝင်ရောက်
သွားတော့၏။
စုကျင်းပန်း တို့ကတော့ ဒီအခြေအနေကို ကျင့်သားရနေကြပြီ ဖြစ်လေ၏။ သူက စုယွီ ကို ကြည့်ပြီး ပြောလိုက်သည်။
"ကဲ... အခု မင်းတို့ လွတ်လပ်သွားပြီ"
"ဒီည ဆေးလုံးမျှော်စင်မှာ တည်းလိုက်... မနက်ဖြန် ညနေကျမှ ပြန်ကြမယ်"
စုယွီ က မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး သူ့ကို ကြည့်နေသည်ကို မြင်သောအခါ၊ စုကျင်းပန်း က သူ့ခေါင်းပြောင်ကြီးကို ပွတ်သပ်လိုက်ပြီး ညည်းညူလိုက်သည်။
"အေးပါကွာ... ငါ နားမလို့ စိတ်ကူးထားပေမယ့်... မင်းကို ဈေးမြို့တော်ထဲ လိုက်ပြပေးပါ့မယ်"
ချက်ချင်းပင် စုယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဟာ... ကောင်းလိုက်တာ... ဒီည ဦးလေးကို ဝိုင်ကောင်းကောင်း တစ်တိုက်မယ်ဗျာ"
ကျန်လူများက ရယ်မောပြီး လူစုခွဲသွားကြသည်။ သူတို့ နှစ်ယောက်၏ စကားဝိုင်းကို ဝင်မရှုပ်ကြတော့ပေ။
သူတို့ နှစ်ဦး ဆေးလုံးမျှော်စင်မှ ထွက်လာကြပြီး၊ စုကျင်းပန်း ၏ ဦးဆောင်မှုဖြင့် ဈေးမြို့တော် အတွင်း လျှောက်လည်ကြလေသည်။
ဈေးမြို့တော်၏ နေရာ အများစုကို ဆိုင်ခန်းများက နေရာယူထားကြပြီး၊ လေလွင့် ကျင့်ကြံသူများ အတွက် သီးသန့် သတ်မှတ်ထားသော ဈေးသည်တန်း နေရာများလည်း ရှိလေသည်။
စုကျင်းပန်း က မေးလိုက်သည်။
"မင်း ဘာဝယ်ချင်လို့လဲ"
စုယွီက ခဏ စဉ်းစားပြီးမှ ပြန်ဖြေသည်။
"ကျင့်ကြံဖို့ အရင်းအမြစ်တွေပါ... သားရဲ သွေးအဆီအနှစ်လို ဟာမျိုးပေါ့... ပြီးတော့ ထူးထူးဆန်းဆန်းနဲ့ ဈေးပေါတဲ့ ပစ္စည်းလေးတွေ လိုက်ရှာချင်လို့"
စုကျင်းပန်း စဉ်းစားလိုက်ပြီး ၊
"သားရဲ သွေးအဆီအနှစ် ဝယ်ဖို့က လွယ်ပါတယ်... ဒါပေမဲ့ ထူးထူးဆန်းဆန်းနဲ့ ဈေးပေါတာ ဆိုတော့... မင်း ဝါသနာကလည်း တစ်မျိုးပဲကွ"
"လိုက်ခဲ့... မင်းနဲ့ ကိုက်ညီမယ့် နေရာတစ်ခု ငါ သိတယ်"
စုယွီ သည် စုကျင်းပန်း နောက်သို့ လိုက်ပါသွားပြီး၊ ဈေး၏ မြောက်ဘက်ခြမ်းရှိ သုံးထပ် သစ်သား အဆောက်အအုံ တစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။ အဆောက်အအုံပေါ်ရှိ ဆိုင်းဘုတ်ကို မြင်လိုက်ရသောအခါ စုယွီ အံ့သြသွားသည်။
"ကောင်းကင်သိုင်းကျမ်း မျှော်စင်"
စုယွီ ခဏမျှ ကြောင်သွားမိသည်။
ဒီနာမည်က...
တော်တော်လေး ရင်းနှီးနေသည်။ "ပိုင်ယွဲ့ အင်မော်တယ် မြို့တော်" လိုပင်.. အတိတ်ဘဝက သူ ကစားခဲ့ဖူးသော ဂိမ်းထဲမှာ ဒီနေရာ ရှိခဲ့ဖူး၏။
ဒီမျှော်စင်က ထူးဆန်းသည့် ပစ္စည်းမျိုးစုံ ရောင်းချသော နေရာပင်။ သို့ရာတွင်၊ အားလုံးက ရှေးဟောင်း ကျောက်စိမ်းသေတ္တာတွေနှင့် ဆက်စပ်နေလေ၏။
ကောင်းကင်သိုင်းကျမ်း မျှော်စင်က နေရာအနှံ့မှ ကျောက်စိမ်းသေတ္တာတွေကို လိုက်စုသည်။ သူတို့ဘာသာ ဖွင့်ကြည့်တာလည်း ရှိသလို၊ ပြန်ရောင်းတာလည်း ရှိ၏။
...
ထို့ပြင်၊ ဖောက်သည်တွေက သေတ္တာထဲမှ ရလာသော ပစ္စည်းတွေကို ပြန်ဝယ်ပြီး ပြန်ရောင်းတာမျိုးလည်း လုပ်လေသည်။
ထို့ကြောင့် ဒီမျှော်စင်၏ လုပ်ငန်း လည်ပတ်ပုံက တော်တော်လေး ထူးဆန်းသည်... လျှို့ဝှက်ဆန်းကြယ်သည်ဟု ပြော၍ ရလေ၏။
ယခင် ဂိမ်းထဲတွင်မူ သည်မျှော်စင်မှ ရောင်းချသမျှ ပစ္စည်းများအားလုံးမှာ ဂုဏ်သတ္တိ မဖော်ပြထားသည့် ပစ္စည်းများသာ ဖြစ်သည်။ ရတနာ ဖြစ်လာမည်လော၊ အမှိုက် ဖြစ်သွားမည်လော ဆိုသည်မှာ ကံတရားအပေါ်၌သာ မူတည်ပေသည်။
သည်နေရာမျိုးသည် တကယ့်ကို 'ရွှေမျိုသားရဲ' ကြီး တစ်ကောင်ပင် ဖြစ်သည်။
ယွင်ရှန်း ဈေးမြို့တော်တွင် ကောင်းကင်သိုင်းကျမ်းမျှော်စင် ရှိနေလိမ့်မည်ဟု စုယွီ ထင်မှတ်မထားခဲ့မိပေ။
"ဘာတွေ ငေးနေတာလဲ... ဝင်ကြည့်ကြစို့"
စုကျင်းပန်း ၏ အသံကြောင့် စုယွီ သတိဝင်လာပြီး၊ နှစ်ယောက်သား မျှော်စင်ထဲသို့ ဝင်ရောက်သွားကြသည်။
မျှော်စင် အတွင်းတွင် ဇုန် အများအပြား ခွဲထားသည်။ အထင်ရှားဆုံး နေရာကတော့ "ရှေးဟောင်း ကျောက်စိမ်းသေတ္တာ" ရောင်းချသော နေရာပင် ဖြစ်ပါ၏။
ဒီပစ္စည်းတွေက လှည့်စားတတ်မှန်း သိရက်နှင့်.. လူအများဆုံး စုဝေးနေတာက အဲဒီနေရာမှာ ဖြစ်နေသည်။
စုယွီ မဲ့ပြုံး ပြုံးလိုက်မိသည်။ လောင်းကစား စွဲနေသူတွေကို စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။
သူ့ရည်မှန်းချက်က ရှင်းလင်း၏။
ဤနေရာက "ကောင်းကင်သိုင်းကျမ်း မျှော်စင်" မှန်း သိလိုက်ရပြီ ဆိုတော့... သူက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ပြီးသည်နှင့်၊ ရှေးဟောင်း စာအုပ်များ ဆိုသော ဆိုင်းဘုတ် တပ်ထားသည့် နေရာဆီ ဦးတည် သွားလိုက်၏။
ထိုအခါ၊ စုကျင်းပန်း က သူ့ကို ကြည့်ပြီး ပြောသည်။
"ငါ ဟိုနားဒီနား လျှောက်ကြည့်လိုက်ဦးမယ်... ပြန်ခါနီးကျရင် ငါ့ကို လှမ်းခေါ်လိုက်"
စုယွီ က လက်ပြ နှုတ်ဆက်လိုက်ပြီး၊ စာအုပ်စင် တစ်ခုဆီသို့ ခပ်သုတ်သုတ် လျှောက်သွားကာ စာအုပ်များကို စတင် ရှာဖွေ ဖတ်ရှုလေတော့၏။
အများစုက မပြည့်စုံသည့် စာအုပ်တွေ၊ အပိုင်းအစတွေ..။
အပြည့်အစုံ လိုချင်လျှင်တော့ ဝယ်မှ ရမည်။
သူ ရှာနေတာက... "မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်" လိုမျိုး ကျင့်စဉ် တစ်ခုခုပင်။
တခြားလူတွေ အတွက် ကျင့်ကြံဖို့ ခက်ခဲကောင်း ခက်ခဲမည်၊ သို့မဟုတ် လုံးဝ ကျင့်ကြံ၍ မရတာမျိုး ဖြစ်ချင် ဖြစ်မည်။
သို့သော်၊ စွမ်းအားကတော့ မသေးလှပါ။
ထိုကျင့်စဉ်မျိုးက သူများတွေ အတွက် အမှိုက် ဖြစ်သော်လည်း၊ သူ့အတွက်တော့ ရတနာပါပင်။
"ဝူဆန်း ဒဏ္ဍာရီ"
"ကွမ်ဟိုင်၏ သားရဲ (၆၈) ကောင်"
"ချန်ကျိုး၏ သားရဲဘုရင်"
...
စုယွီ စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် လှန်လှော ကြည့်ရှုနေ၏။ အများစုက ပုံပြင်တွေ၊ အတ္ထုပ္ပတ္တိတွေလောက်ပါပင်။
ကျင့်စဉ်တွေ၊ မန္တန်တွေ ပါတာလည်း ရှိသော်ငြား၊ အရမ်းကို မပြည့်မစုံ ဖြစ်နေရာ ဘာမှ သုံးစားမရပါ။
တစ်နာရီကျော် ကြာပြီးနောက်...
တတိယမြောက် စာအုပ်စင်ပေါ်ရှိ ရှေးဟောင်း စာအုပ်ပုံကြားမှ စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်လိုက်သောအခါ၊ စုယွီ၏ မျက်ခုံးများ လှုပ်ရှားသွားသည်။
"အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်…"
နာမည်က နည်းနည်းတော့ ထူးဆန်း၏။ ဆက်ဖတ်ကြည့်လိုက်တော့မှ စုယွီ ရုတ်တရက် သဘောပေါက်သွားသည်။
အော်၊ ဒါက... သစ်သားဓာတ် အင်မော်တယ် ကျင့်စဉ် တစ်ခုပဲ။
စုယွီ လည်း သူ ကျင့်ကြံနိုင်မလား၊ မကျင့်ကြံနိုင်ဘူးလား အတပ်မပြောတတ်သော်ငြား၊ ... ကြည့်ရတာတော့ စိတ်ဝင်စားစရာ ကောင်းနေ၏။
"ဒါ ပစ္စည်းကောင်းပဲ"
ရှေးဟောင်းခေတ် အင်မော်တယ်ကမ္ဘာတွင် "အစိမ်းရောင်သစ်သား" ဟုခေါ်သော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိခဲ့ဖူးသည်ဟု အဆိုရှိကြသည်။ ထိုအပင်ကြီးသည် ကောင်းကင်ဘုံတာအို၌ အမြစ်တွယ်ကာ သံသရာစက်ဝန်း အောက်ခြေအထိပင် ထိုးဖောက်ဝင်ရောက်နေသည်ဟု ဆိုသည်။
တစ်နှစ်လျှင် တစ်ပတ်၊ တစ်ပတ်လျှင် သံသရာတစ်ခု။
ဤသည်မှာ အစိမ်းရောင်သစ်သား၏ အဆီအနှစ်ကို အခြေခံထားသော အံ့မခန်း ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ အောင်မြင်အောင် ကျင့်ကြံနိုင်ပါက "အင်မော်တယ်" အဖြစ်သို့ တက်လှမ်းနိုင်မည့် အလားအလာပင် ရှိသည်။ သို့သော်... ဤအရာကို အခြေခံတည်ဆောက်ရန်အတွက် "အစိမ်းရောင်သစ်သား၏ မူလအဆီအနှစ်" လိုအပ်သည်ဟု ဆိုထားလေသည်။
ထို့ပြင် ဤစာအုပ်ပေါ်၌ လူအများအပြား၏ သုတေသနမှတ်တမ်းများလည်း ရှိနေသေး၏။ ထိုအထဲတွင် ယွင်ကျန်းဂိုဏ်းမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများနှင့် ပိုင်ယွဲ့အင်မော်တယ်မြို့တော်မှ ဆရာသခင်ပိုင်ယွဲ့ ကိုယ်တိုင်ပင် ပါဝင်ခဲ့ဖူးသည်။ သို့တိုင်အောင် မည်သူမျှ ဤကျင့်စဉ်ကို နားမလည်နိုင်ခဲ့ကြချေ။
ဤကဲ့သို့သော ကိစ္စမျိုးမှာ ဆန်းကြယ်လှသည်တော့ မဟုတ်ပေ။
ဥပမာအားဖြင့် "မိကျောင်းသားရဲ (၁၀၈) ကွက် ကိုယ်ခန္ဓာကျင့်စဉ်" ကဲ့သို့ပင် ဖြစ်သည်။ ထိုကိုယ်ခန္ဓာကျင့်စဉ်မှာ အမှန်တကယ်တွင် အလွန်စွမ်းအား ကြီးမားသော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ မည်သူမျှ အောင်မြင်အောင် မကျင့်ကြံနိုင်ခဲ့ကြပေ။
အခြားကျင့်ကြံသူများအတွက်မူ ဤအရာသည် အချိန်ဖြုန်းခြင်း (သို့မဟုတ်) အမှိုက်သက်သက်သာ ဖြစ်နေသည် မဟုတ်ပါလော။
သို့သော်လည်း... စုယွီ.. ဆက်ပြီး ဖတ်ရှုနေလိုက်သည်။
"ကောင်းကင်သိုင်းကျမ်း မျှော်စင်" လို နေရာမျိုးမှာ... "အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်" လို ပစ္စည်းမျိုးက ရှားပါးနေမှာ မဟုတ်ပါလေ။