← Chapters

သူတော်စင်များ၏ တိုက်ပွဲ

Vol. 219 Ch. 3321

သူတော်စင်များ၏ တိုက်ပွဲ

Vol. 219 Ch. 3321

ရွှမ်ဖျင်တောင်ခြေရင်းက ရွာကလေးအနီးမှာ အစက ငါးမျှားနေသောလူက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ သူက တစ်ချက်လှမ်းကြည့်ပြီးနောက် နားလည်သိရှိသွားသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

သစ်တုံးများကို ခုတ်ဖြတ်နေသည့် သစ်ခုတ်သမားက စိတ်သက်သာရာစွာ သက်ပြင်းချပြီး လှည့်ကြည့်လိုက်၏။

မက်မွန်ပင်အောက်မှာ လူနှစ်ယောက် ပွေ့ဖက်နေသည်ကို တွေ့မြင်သောအခါ သစ်ခုတ်သမားက သွားဖြီးပြီး သူ၏ ပုဆိန်ကိုလွှဲကာ ဆက်လက်၍ ခုတ်ပိုင်းနေ၏။

အစက လယ်ထွန်နေသော လယ်သမားသည် သူ့လက်ထဲရှိ ထွန်တုံးကိုချပြီး မတ်တတ်ရပ်ကာ လှမ်းကြည့်လိုက်၏။ အနည်းငယ် နွမ်းလျနေသော သူ၏ မျက်နှာပေါ်တွင် ရိုးသားသော အပြုံးတစ်ခု ပေါ်ထွက်လာ၏။

တောင်ခြေရင်း ကောက်ရိုးတဲတစ်လုံးရှေ့မှာ အဘိုးအိုတစ်ဦးသည် လျော့လျော့ရဲရဲ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ကျောက်ကုလားထိုင်ပေါ်မှာ ပက်လက်လှန်ပြီး လှဲနေ၏။ သူ့မျက်နှာပေါ်တွင် ဟောင်းနွမ်းစုတ်ပြတ်နေသော စာအုပ်တစ်အုပ်ကို ဖြန့်တင်ထားပြီး သူ၏ အဖြူရောင်မုတ်ဆိတ်များကို သူ့ဘေးမှာရှိသော ကလေးများက ဆွဲနေ၏။

ခပ်ဆိုးဆိုးကလေးများသည် အဘိုးအို၏ မုတ်ဆိတ်ကို ဆွဲပြီး လွှဲယမ်းကာ ရယ်မောနေကြ၏။ သူတို့သည် ပျော်ရွှင်စွာ ဆော့ကစားနေသော်လည်း အဘိုးအိုက စိတ်ဆိုးဒေါသထွက်နေခြင်း မရှိပေ။

ကလေးတစ်ဦးသည် ကျောက်ကုလားထိုင်ပေါ်တက်၍ အဘိုးအို၏ မုတ်ဆိတ်ကို ဆွဲကာ သူ၏ ရင်ဘတ်ပေါ် တွယ်တက်ပြီး သူ့အပေါ်မှာ မတ်တတ်ရပ်လိုက်လေသည်။

ကလေးက မျက်စိစူးပြီး မက်မွန်ပင်အောက်မှ အမျိုးသားနှင့်အမျိုးသမီးကို တွေ့မြင်သောအခါ သူ၏မျက်လုံးက ပြူးကျယ်သွားလေသည်။ သူက ပြောလိုက်၏။

“ဘိုးဘိုးတောင်အကြီးအကဲ... အစ်မတျဲကို ဖက်နေတာ ဘယ်သူကြီးလဲ”

အဖြူရောင်ဝတ်အဘိုးအိုက လှုပ်ရှားခြင်း သို့မဟုတ် သူ့မျက်နှာပေါ်မှ ဟောင်းနွမ်းစုတ်ပြတ်နေသော စာအုပ်ကို ဖယ်ရှားခြင်း မရှိပေ။ သို့သော်လည်း သူက ပြောလိုက်၏။

“အဲ့ဒီလူက မင်းတို့အစ်မတျဲရဲ့ တာအိုလက်တွဲဖော် လူသားမျိုးနွယ်က မဟာသူရဲကောင်းတစ်ဦးပဲ”

“ဟမ်…”

ထိုစကားကို ကြားသောအခါ ကလေးများစွာက စိတ်ဝင်စားသွားပြီး အဘိုးအိုပေါ်သို့ ဖက်တက်ကာ အော်ပြောလိုက်၏။

“ဘိုးဘိုးတောင်အကြီးအကဲ... ကျုပ်တို့ကို ဇာတ်လမ်းတစ်ပုဒ် မြန်မြန်ပြောပြပါဦး... အဲ့ဒီမဟာသူရဲကောင်းရဲ့ ဇာတ်ကြောင်းကို ကျုပ်တို့ သိချင်တယ်”

“ဟဲဟဲ”

အဖြူရောင်ဝတ် အဘိုးအိုက ရယ်မောကာ ပြောလိုက်၏။

“ငါ နေ့ခင်းနေ့လယ် တစ်မှေးမှေးလိုက်ဦးမယ်... နောက်ပြီးကျရင် မင်းတို့ကို ပြောပြမယ့်လူတစ်ယောက် ရောက်လာလိမ့်မယ်”

“ဘယ်သူက ကျုပ်တို့ကို ပြောပြမှာလဲ”

“ဘိုးဘိုးတောင်အကြီးအကဲ... ဘိုးဘိုးက ညာနေတာပဲ”

ကလေးတစ်အုပ်စုက တတွတ်တွတ် ပြောဆိုနေကြ၏။

အဖြူရောင်ဝတ် အဘိုးအိုက ပြောလိုက်၏။

“နောက်ကျရင် ဖြူဖပ်ဖြူရော် ပြောင်ချောချောမျက်နှာနဲ့ နည်းနည်းဝဝ တာအိုကျင့်ကြံသူတစ်ယောက် ရွာထိပ်ကို ရောက်လာလိမ့်မယ်... အဲ့ဒီအခါကျမှ မင်းတို့ သူ့ကို စီးပြီးမေးတော့”

“ဟမ်… ကျုပ်တို့က ဘယ်လောက်ကြာကြာ စောင့်ရမှာလဲ”

ကလေးများက အတောမသတ် မေးမြန်းနေကြ၏။

“မကြာခင်... သိပ်မကြာခင်ပေါ့”

အဖြူရောင်ဝတ် အဘိုးအိုက ထိုသို့ပြောလိုက်သည့် ခဏမှာပင် သူ၏ ထွက်သက်ကနေ ဟောက်သံတချို့ ထွက်ပေါ်လာ၏။

ကလေးများစွာသည် စောစောက ဆူညံပွက်လောရိုက်နေကြဆဲဖြစ်၏။ အဖြူရောင်ဝတ် အဘိုးအိုက အိပ်မောကျသွားသည်ကို တွေ့မြင်သောအခါ ကလေးများက သူတို့၏ ပါးစပ်ပေါက်များကို အလျင်အမြန်ပိတ်ပြီး အောက်သို့ ညင်သာစွာ လျှောဆင်းကာ ထွက်ခွာသွားကြလေသည်။

အတန်ကြာပြီးနောက်...

မက်မွန်ပင်အောက်မှာရှိသော အမျိုးသားနှင့်အမျိုးသမီးသည် မခွာချင့်ခွာချင်ဖြင့် လူချင်းခွာလိုက်သော်လည်း သူတို့က တစ်ယောက်လက်ကိုတစ်ယောက် ဆုပ်ကိုင်ထားကြဆဲဖြစ်၏။

သူတို့နှစ်ယောက်သည် မက်မွန်ပင်အောက် ခုံတန်းလျားပေါ်မှာ ဘေးချင်းယှဉ်ထိုင်ပြီး တစ်ယောက်၏ ချစ်ခြင်းမေတ္တာကိုတစ်ယောက် ထုတ်ဖော်ဝန်ခံနေကြ၏။

တျဲယွဲ့နှင့် ရှိသည့်အချိန်မှာသာ ဆူဇီမိုသည် စိတ်ကို လုံးလုံးလျားလျား လွှတ်ချနိုင်ပြီး အပြင်လောကမှာရှိသော ပြဿနာများကို လျစ်လျူရှုထားနိုင်လေသည်။

လောကမှာ သူတို့နှစ်ယောက်တည်းသာ ရှိတော့သည့်အလားပင်။

ဆူဇီမိုအတွက်တော့ တျဲယွဲ့သည် ပြန်လည်မွေးဖွားလာပြီးနောက် သူမက အနည်းငယ်ပြောင်းလဲသွားပုံရ၏။

သူမ၏ အမူအရာနှင့် စကားလုံးများမှာ အေးစက်မှုက လျော့ကျသွားလေသည်။ ထိုအစား မိန်းမပျိုလေးတစ်ဦးကဲ့သို့ ရှက်ရွံ့မှု အမူအရာတစ်ခု ထပ်တိုးလာ၏။ အဲ့ဒါက သူမကို ပို၍ စွဲမက်ဖွယ်ရာကောင်းလာစေလေသည်။

ပြန်လည်မွေးဖွားလာပြီးနောက် တျဲယွဲ့သည် လိပ်ပြာမျိုးနွယ် မဟုတ်တော့ဘဲ လူသားမျိုးနွယ် ဖြစ်လာ၏။

သို့သော်လည်း သူမကို လိပ်ပြာများစွာက ခြံရံထားဆဲဖြစ်၏။

ဆူဇီမိုက မေးလိုက်သည်။

“မင်းက ပြန်လည်မွေးဖွားလာပြီးတဲ့နောက် ရွှမ်ဖျင်တောင်မှာ တစ်ချိန်လုံး ရှိနေခဲ့တာလား”

တျဲယွဲ့က ခေါင်းခါပြလိုက်၏။

“ကျွန်မက မဟာကမ္ဘာတစ်ထောင်လောကရဲ့ အနောက်မြောက်ဒေသမှာ ပြန်ပြီးမွေးဖွားခဲ့တယ်... အဲ့ဒီမှာ စစ်ပွဲတွေ မကြာခဏဖြစ်ပွားတယ်... ကံကောင်းစွာနဲ့ပဲ ကျွန်မကို လိပ်ပြာတွေက စောင့်ရှောက်ပေးပြီး စစ်ပွဲမီးတောက်တွေကနေ ချမ်းသာရာရခဲ့တယ်... တဖြည်းဖြည်းနဲ့ အခုလို ကြီးပြင်းလာခဲ့တာပဲ”

“ကျွန်မ ဆယ်နှစ်အရွယ်တုန်းက အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦးက ကျွန်မကို လာရှာပြီး ဒီနေရာကို ပို့ပေးခဲ့တယ်”

“အဖြူရောင်ဝတ် အမျိုးသမီးလား”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

တျဲယွဲ့က ပြောလိုက်၏။

“အရင်တုန်းကတော့ သူ့ရဲ့ သရုပ်သကန်ကို ထုတ်ဖော်မပြောဆိုခဲ့ဘူး... အခု အရင်ဘဝက ကျွန်မရဲ့မှတ်ဉာဏ်တွေကို ပြန်ရသွားပြီဆိုတော့ ကျွန်မ သိသွားပြီ... သူက ဧကရီဆိုးယုတ်... လက်ရှိမဟာကမ္ဘာတစ်ထောင်လောကရဲ့ ဆိုးယုတ်အမျိုးသမီးပဲ”

“အရင်တုန်းက ဆိုးယုတ်အမျိုးသမီးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မိန်းကလေးတစ်ဦးနဲ့ တူနေခဲ့တယ်... အဓိကကတော့ သူက ဒဏ်ရာရထားပြီး သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က ဖိနှိမ်ခံထားရလို့ပဲ... အဲ့ဒါကြောင့် သူ့ရဲ့ အထွတ်အထိပ်အရွယ်ကို ပြန်မရခဲ့ဘူး”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ဗြဟ္မာတစ္ဆေမိခင်နှင့် မိစ္ဆာအရှင်တို့လည်း အတူတူပင်ဖြစ်ခဲ့၏။

သိုင်းတာအိုပင်မခန္ဓာနောက်ကို အမဲလိုက်ခဲ့သော ကပ်ဘေးသည် သုံးဘုံလောက၏ အဟန့်အတားကို ချိုးဖျက်ခဲ့စဉ်က ဗြဟ္မာတစ္ဆေမိခင်သည် သူမ၏ ကျင့်ကြံမှုကို ပြန်လည်ရရှိပြီး သူမက ဆက်လက်၍ အိုစာခြင်း မရှိတော့ပေ။

“ဆိုးယုတ်အမျိုးသမီးက မင်းကို ဒီနေရာကို ဘာကြောင့် ပို့ပေးခဲ့တာလဲ”

ဆူဇီမိုက မေးလိုက်သည်။

တျဲယွဲ့က ပြောလိုက်၏။

“သူက အကျယ်တဝင့်တော့ ရှင်းမပြခဲ့ဘူး... အနောက်မြောက်ဒေသမှာ အခြေအနေတွေက အရမ်းရှုပ်ထွေးလာလို့ သူက ကျွန်မကို ဂရုစိုက်မပေးနိုင်တော့ဘူးလို့ ပြောခဲ့တယ်... အဲ့ဒါကြောင့် သူက ကျွန်မကို ဒီနေရာဆီ ပို့ပေးခဲ့တာပဲ”

“အနောက်မြောက်ဒေသ…”

ဆူဇီမိုက အလေးအနက် စဉ်းစားတွေးတောလိုက်၏။

အရင်ပြန်ဝင်စားခြင်းအထွတ်အမြတ်ခိုလှုံရာသည် အနောက်မြောက်ဒေသမှာ ရှိခဲ့သည်။

“အနောက်မြောက်ဒေသကို အစတုန်းက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်က အုပ်စိုးပြီး အဲ့ဒီမှာ ကောင်းကင်ဘုံ စုစုပေါင်း ၃၃ ခု ရှိခဲ့တယ်... မိစ္ဆာအရှင်၊ ဆိုးယုတ်အမျိုးသမီး၊ ဗြဟ္မာတစ္ဆေမိခင်နဲ့ ငရဲအရှင်တို့ တက်လှမ်းလာပြီးတဲ့နောက် အနောက်မြောက်ဒေသရဲ့ ကောင်းကင်ဘုံ ၃၃ ခုမှာ ကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားပြီး လူပေါင်းမရေမတွက်နိုင်အောင် သေဆုံးခဲ့ရတယ်”

“လွန်ခဲ့တဲ့ နှစ်ငါးသောင်းက အထွတ်အမြတ်ခိုလှုံရာ ငါးခုက အနောက်မြောက်ဒေသကို ဆင်းသက်ရောက်ရှိလာပြီး မိစ္ဆာအရှင် ဆိုးယုတ်အမျိုးသမီး... ဗြဟ္မာတစ္ဆေမိခင်နဲ့ ငရဲအရှင်တို့ကို ဖိနှိမ်ဖို့အတွက် ကောင်းကင်ဘုံနန်းတော် ၃၃ ခုကို ကူညီပေးခဲ့တယ်... နောက်ဆုံးမှာတော့ အခြေအနေက အဆက်မပြတ် အရှိန်အဟုန်မြင့်တက်ပြီး သူတော်စင်တွေကြား တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့တယ်”

“နှစ်ဦးနှစ်ဖက်စလုံးက မဟာသူတော်စင်တွေက တိုက်ခိုက်ခဲ့ကြတယ်... အထွတ်အမြတ်ခိုလှုံရာ ငါးခုက အတော်လေး ပြင်းထန်တဲ့ ပျက်စီးထိခိုက်မှုနဲ့ ကြုံတွေ့ပြီး သူတော်စင်အတော်များများလည်း သေခဲ့ရတယ်”

သူတော်စင်များကြား တိုက်ပွဲတစ်ခု...

မဟာသူတော်စင်များ တိုက်ခိုက်ခဲ့ကြသည်။

သူတော်စင်များ သေဆုံးခဲ့ကြသည်။

စကားလုံးအနည်းငယ်မျှနှင့် အနောက်မြောက်ဒေသမှ တိုက်ပွဲက ဘယ်လောက်ချောက်ချားစရာကောင်းလဲ စဉ်းစားကြည့်ဖို့ မခက်ခဲပေ။

“နောက်ပြီး ဘာဆက်ဖြစ်သွားလဲ”

ဆူဇီမိုက မေးလိုက်သည်။

တျဲယွဲ့က ပြောလိုက်၏။

“အထွတ်အမြတ်ခိုလှုံရာငါးခုက လမ်းလေးသွယ်ကို ဆက်ပြီးတော့ မဖိနှိမ်နိုင်တော့ဘူး... အဖွဲ့အစည်းအမျိုးမျိုးက ပညာရှင်တွေက လောလောဆယ်မှာ ကောင်းကင်ဘုံ ၃၃ခုကနေ ဆုတ်ခွာသွားကြတယ်... နှစ်ဦးနှစ်ဖက်စလုံးက ပြန်ပြီးအားဖြည့်နေတဲ့အတွက် ဒီအချိန်တောအတွင်း ကြီးမားတဲ့တိုက်ပွဲ ထပ်ဖြစ်မလာတော့ဘူး”

“မိစ္ဆာအရှင် ဆိုးယုတ်အမျိုးသမီးနဲ့ အခြားသူတွေက အထွတ်အမြတ်ခိုလှုံရာ ငါးခုရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကို တကယ်ပဲ ခုခံနိုင်အောင် သန်မာနေတာလား”

ဆူဇီမိုက အံ့အားသင့်သွား၏။

ပြန်ဝင်စားခြင်း အထွတ်အမြတ်ခိုလှုံရာက ဤမျှအထိ သန်မာခဲ့သည်ဆိုလျှင် သူတို့သည် အရင်တုန်းက ဖျက်ဆီးခံရလိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ဒီဘက်မျိုးဆက်၏ ပြန်ဝင်စားခြင်း အထွတ်အမြတ်ခိုလှုံရာသည် ဖျက်ဆီးခံခဲ့ရပြီဖြစ်ပြီး အဆူရာ၊ တစ္ဆေ၊ တောကောင်နှင့် ငရဲ.. လမ်းလေးသွယ်သာလျှင် ကျန်ခဲ့လေသည်။

တျဲယွဲ့က ခေါင်းခါပြလိုက်၏။

“မိစ္ဆာအရှင် ဆိုးယုတ်အမျိုးသမီး... ဗြဟ္မာတစ္ဆေမိခင်နဲ့ ငရဲအရှင်တို့က မဟာသူတော်စင်တွေ ဖြစ်နေလောက်ပြီ... ဒါပေမဲ့ သူတို့လေးယောက်က အထွတ်အမြတ်ခိုလှုံရာငါးခုရဲ့ ဝိုင်းပတ်ပိတ်ဆို့မှုကို ဘယ်လိုခုခံနိုင်သလဲ ကျွန်မ မသိဘူး”

ရုတ်တရက် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာတုန်းက ဦးလေးဖုန့်ပြောခဲ့သည့် စကားတစ်ခုကို ဆူဇီမိုက အမှတ်ရသွား၏။

ဟင်္သပဒါး ကောင်းကင်ဘုံအရှင်သည် ပြန်လည်အားဖြည့်ဖို့အတွက် တံခါးပိတ်ကျင့်ကြံနေ၏။

ယခု သူက ထိုအကြောင်းကို ပြန်လည်စဉ်းစားကြည့်လိုက်သည်။ င်္ဟသပဒါးကောင်းကင်ဘုံအရှင်၏ ထိခိုက်ဒဏ်ရာများသည် ကောင်းကင်ဘုံ ၃၃ ခု စစ်မြေပြင်ကနေ ရရှိလာခဲ့ခြင်း ဖြစ်နိုင်လေသည်။

သည်ဘက်မျိုးဆက်မှာ ပြန်လည်ရောက်ရှိလာပြီးနောက် လမ်းလေးသွယ်မှ အရှင်များသည် မဟာသူတော်စင်များ ဖြစ်လာခဲ့ကြပြီ။

ဆူဇီမိုအတွက်တော့ မိစ္ဆာအရှင်နှင့် ဆိုးယုတ်အမျိုးသမီးတို့ မဟာသူတော်စင်များ ဖြစ်လာခြင်းက သိပ်ပြီးအရေးမကြီးပေ။ ငရဲအရှင်ပင်လျှင် သူ့အတွက် သိပ်ပြီးအရေးမပါပေ။

သို့သော်လည်း ဗြဟ္မာတစ္ဆေမိခင်က မဟာသူတော်စင်တစ်ပါး ဖြစ်လာသည့်အချက်သည် သူမကို လက်စားချေဖို့က အဆပေါင်းများစွာ ပိုမိုခက်ခဲလာတော့မည်ဟု ဆိုလိုလေသည်။

တစ်ချိန်တည်းမှာပင် ဆူဇီမိုက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည်။

လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်က အမျိုးမျိုးသော အထွတ်အမြတ်ခိုလှုံရာများသည် သူတော်စင်များကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပို့လွှတ်ပြီး ကောင်းကင်ဘုံခုံရုံးကို တည်ဆောက်ကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ဘာကြောင့်ချိတ်ပိတ်ထားခဲ့သလဲ သူက နားလည်သဘောပေါက်သွားသည်။

လမ်းလေးသွယ်မှ အရှင်များသည် အရမ်းကို စွမ်းအားကြီးမားပြီး အနာဂတ်မှာ အတောမသတ် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

အဆုံးမဲ့ ဘဝသက်တမ်းရှိသော သူတော်စင်များသာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လမ်းလေးသွယ်မှ အရှင်များကို ထာဝရဖိနှိမ်ပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ သူတို့ တက်လှမ်းမလာအောင် တားဆီးလာနိုင်မည်ဖြစ်သည်။

သည်ဘက်မျိုးဆက်မှာ မူကွဲတစ်ခုဖြစ်သော သိုင်းတာအိုပင်မခန္ဓာ ပေါ်ထွက်လာခြင်းကြောင့် မဟုတ်လျှင် လမ်းလေးသွယ်မှ အရှင်များသည် ကောင်းကင်ဘုံခုံရုံး၏ ချိပ်စည်းကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။

“အဲ့ဒီတိုက်ပွဲမှာ လူသားမျိုးနွယ်ရော ပါလား”

ဆူဇီမိုက မေးလိုက်သည်။

တျဲယွဲ့က ခေါင်းခါပြလိုက်၏။

“နောက်ဆုံးမှာတော့ အဲ့ဒီတိုက်ပွဲက သူတော်စင်တွေကြား တိုက်ပွဲတစ်ခုအဖြစ် အရှိန်အဟုန် မြင့်တက်သွားခဲ့တယ်… တကယ်ဆို မျိုးနွယ်စုအမျိုးမျိုးက သူတော်စင်အရှင်တောင်မှ တိုက်ခိုက်ခဲ့ကြတယ်... ဒါပေမဲ့ လူသားမျိုးနွယ်မှာ သူတော်စင်တွေ မရှိဘူး... သူတို့က အဲ့ဒီကို သွားမယ်ဆိုရင် အချည်းနှီးသေရရုံပဲ ရှိလိမ့်မယ်”

လူသားမျိုးနွယ်မှာ သူတော်စင် မရှိဟူသော စကားကို နောက်တစ်ဖန် ကြားလိုက်ရသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မေးလိုက်၏။

“လူသားမျိုးနွယ်မှာ ဘာလို့ သူတော်စင်တွေ မရှိရတာလဲ။”

All Chapters