မိတ်ဆွေဟောင်း
Vol. 219 Ch. 3323
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဆူဇီမိုသည် ရွှမ်ဖျင်တောင်သို့ ရောက်ရှိလာသည်မှာ နှစ်သုံးသောင်းကျော် ကြာသွားခဲ့ပြီဖြစ်သည်။
တျဲယွဲ့နှင့်အတူ ဤနေရာမှာ အခြေချနေထိုင်ပြီးနောက် သူတို့နှစ်ယောက်သည် နေ့စဉ်နေ့တိုင်း နေထွက်ချိန်မှာ အလုပ်လုပ်ပြီး နေဝင်ချိန်မှာ အနားယူကြသည်။ သူတို့သည် သောက်သုံးစရာ ရေတွင်းများကို တူးပြီး စားသောက်ဖို့အတွက် လယ်ယာများကို စိုက်ပျိုးကြသည်။ သူတို့သည် မော်တယ်လောကမှ သာမန်ဇနီးမောင်နှံကဲ့သို့ နေထိုင်ပြီး လောကီရေးရာများနှင့် ခပ်ခွာခွာနေကာ တည်ငြိမ်အေးချမ်း၍ နွေးထွေးသော အချိန်ကာလတစ်ခုကို ရရှိနေသည်။
ဆူဇီမိုသည် ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ဝင်ရောက်ခဲ့ပြီးကတည်းက သူသည် မရေမတွက်နိုင်သော အန္တရာယ်များကို ကြုံတွေ့ခဲ့ရပြီး သေခြင်းရှင်ခြင်း၏ကြားမှာ ရှိနေခဲ့လေသည်။ သူ၏ ခြေလှမ်းတိုင်းက အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ တာအိုကို တည်ထောင်ပြီးနောက် ကမ္ဘာဦးမျိုးနွယ်များ၏ ပုန်ကန်ထကြွမှုကို နှိမ်နင်းကာ သွေးမိစ္ဆာကပ်ဘေးကို ဖြေရှင်းပေးခဲ့လေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလာပြီးနောက် သူသည် ကောင်းကင်ဘုံကိုးလွှာကို ချိုးဖျက်ရန် မျိုးနွယ်စုတစ်သောင်းသက်ရှိများကို ဦးဆောင်ပြီး ကောင်းကင်ဘုံခုံရုံးကို နင်းချေဖျက်ဆီးပြီးနောက် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာခဲ့သည်။
သူမ၏ ယခင်ဘဝမှာ တျဲယွဲ့သည်လည်း မဟာအရိုင်းကမ္ဘာနှင့် လိပ်ပြာမျိုးနွယ်ကို ကာကွယ်ဖို့အတွက် ကြီးမားသော ဖိအားအောက်မှာ ကျရောက်နေခဲ့၏။
ပင်ယန်းမြို့မှာ နေခဲ့သော ထိုနှစ်အပိုင်းအခြားက သူမကို စိတ်လက်အပေါ့ပါးဆုံး ရှိစေခဲ့လေသည်။
ထို့ကြောင့် သူမ၏ ယခင်ဘဝမှတ်ဉာဏ်များ အားလုံးနီးပါးကို မေ့ပျောက်သွားသော်လည်း သူမသည် ကိစ္စတချို့ကို ခပ်ရေးရေးမှတ်မိနေပြီး ဤနေရာမှာ မက်မွန်ပင်များကို စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
လမ်းတစ်လျှောက် အဆက်မပြတ် တိုက်ခိုက်ခဲ့ကြပြီးနောက် သူတို့နှစ်ယောက်သည် အနည်းငယ် ပင်ပန်းမှုကို ခံစားနေရပြီဖြစ်၏။
သည့်ယခင်က သူတို့နှစ်ယောက် အတူရှိခဲ့သည့်အချိန်ကို လက်ချိုး၍ ရေနိုင်လေသည်။ ဒါ့အပြင် ထိုအချိန်များတုန်းက စိုးရိမ်ပူပန်စရာများနှင့် ဖိအားပေါင်းစုံက အမြဲတမ်း ရှိနေခဲ့လေသည်။
ထိုအခိုက်အတန့်မှာ နောက်ဆုံး သူတို့နှစ်ယောက်သည် အတူရှိနိုင်သည့် အချိန်တစ်ခုကို ရရှိလာပြီး ထိုအချိန်ကို တန်ဖိုးထားနေကြ၏။
သူတို့နှစ်ယောက်သည် နေ့ရက်တိုင်းမှာ အတူတကွ နေထိုင်ပြီး သူတို့မျိုးနွယ်များ၏ ကံကြမ္မာ သို့မဟုတ် သူတို့၏ အနာဂတ်နှင့်ပတ်သက်၍ ဂရုစိုက်ခြင်း၊ စိုးရိမ်ပူပန်နေခြင်း မရှိကြတော့ပေ။ ထိုသို့ဖြင့်ပင် သူတို့သည် သာမန်ဘဝတစ်ခုမှာ နေထိုင်ကြလေသည်။
ဤနေ့မှာ...
ကလေးတချို့သည် မက်မွန်ပင်အောက်သို့ ရောက်ရှိလာပြီး မက်မွန်သီးမှည့်တချို့ကို ခူးယူလိုက်ကြ၏။ သူတို့သည် မက်မွန်သီးများကို သာမန်ကာလျှံကာ သုတ်ဖယ်ပြီးနောက် အားရပါးရကိုက်ဝါးကာ သူတို့၏ ပါးစပ်များက သစ်သီးရည်များဖြင့် ပြည့်နှက်နေ၏။ သူတို့သည် တစ်စုံတစ်ရာကို စိတ်ဝင်တစားဖြင့် ဆွေးနွေးပြောဆိုနေကြဆဲဖြစ်၏။
“ကောင်းကင်ဘုံခုံရုံးက တကယ့်ကို ယုတ်မာတာပဲ... သူတို့က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ချိပ်ပိတ်ပြီး လူတွေ တက်လှမ်းမလာနိုင်အောင် တားဆီးထားတယ်... တော်သေးတာပေါ့... မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နဲ့ မဟာဧကရီ သွေးလိပ်ပြာ ရှိနေလို့”
“အထီးကျန်သိုင်းသခင်က တာအိုတစ်ခု တည်ထောင်ပြီး သက်ရှိတွေအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့တယ်... အဲ့ဒါက ဘယ်လောက်တောင် ရဲဝံ့လိုက်လဲ... ငါ နောက်ကျရင် သိုင်းတာအိုကို ကျင့်ကြံချင်တယ်”
“ငါ နောက်ကျရင် မဟာဧကရာဇ် အထီးကျန်သိုင်းသခင်ကို မြင်တွေ့ခွင့်ရပါ့မလား မသိဘူး... သူက ငါ့အဖေထက်တောင် ပိုပြီးသန်မာမယ်လို့ ငါခံစားမိတယ်”
“ငါကတော့ မဟာဧကရီ သွေးလိပ်ပြာကို သဘောကျတယ်... ကံဆိုးစွာနဲ့ပဲ သူက ဗြဟ္မာတစ္ဆေမိခင် သတ်လို့ သေသွားရတယ်... မဟာဧကရာဇ် အထီးကျန်သိုင်းသခင်က ဘယ်လောက်တောင် ပူဆွေးဝမ်းနည်းခံစားသွားရမလဲ မသိဘူး”
ကလေးများက မက်မွန်သီးများကို စားသောက်ရင်း တတွတ်တွတ် ပြောဆိုနေကြ၏။
အပြင်ဘက်မှ အသံများကို ကြားသောအခါ အခန်းထဲမှာရှိသော ဆူဇီမိုနှင့် တျဲယွဲ့က အံ့အားသင့်သွားကြ၏။
ပြောရမည်ဆိုလျှင် အပြင်မှာရှိသော ကလေးများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မသိရှိသင့်ပေ။
သူတို့နှစ်ယောက်က အပြင်ဘက်သို့ ထွက်လာကြ၏။
ကလေးများက ဆူဇီမိုနှင့် တျဲယွဲ့ကို တွေ့မြင်သောအခါ သူတို့က လက်ပြပြီး နှုတ်ဆက်လိုက်ကြ၏။
“အစ်ကိုဆူ... အစ်မတျဲ... ရွာထိပ်ကို ပုံပြောသမားတစ်ယောက် ရောက်လာတယ်... သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ ဇာတ်လမ်းအကြောင်းတွေ ပြောပြနေတယ်... အဲ့ဒါက တော်တော်စိတ်လှုပ်ရှားဖို့ကောင်းတာပဲ... ခင်ဗျားတို့ သွားပြီးတော့ နားမထောင်ချင်ကြဘူးလား”
ကလေးငယ်က မေးလိုက်၏။
“ပုံပြောသမားတစ်ဦးလား”
ဆူဇီမိုနှင့် တျဲယွဲ့က အကြည့်ချင်းဖလှယ်လိုက်ကြ၏။
လင်းရွှမ်ကျီ…
ဆူဇီမိုက အသံထွက်ကာ ရယ်မောလိုက်၏။
လင်းရွှမ်ကျီသည် တက်လှမ်းလာပြီးနောက် ပုံပြင်ဇာတ်လမ်းများ ပြောဆိုရန် ရွှမ်ဖျင်တောင်သို့ ရောက်ရှိလာလေပြီ။
“အဲ့ဒီမိတ်ဆွေဟောင်းနဲ့ သွားတွေ့ရအောင်”
ဆူဇီမိုက တျဲယွဲ့၏ လက်ကို ဆုပ်ကိုင်ပြီး ရွာထိပ်သို့ ကလေးများနောက်ကနေ လိုက်ပါလာ၏။
ရွှမ်ဖျင်တောင်ပေါ်ရှိ ရွာတစ်ရွာမှာ...
ကလေးတစ်အုပ်စုသည် ရွာထိပ်မှာ စုရုံးနေကြပြီး အနီးနားမှာ အလုပ်သိမ်းပြီး ပြန်လာကြသော လူငယ်တချို့လည်း ရှိနေကြ၏။ သူတို့အားလုံးက စိတ်ဝင်တစားဖြင့် တစ်စုံတစ်ရာကို နားထောင်နေကြသည်။
လူအုပ်ကြားထဲမှာ မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အနည်းငယ်ဝဖိုင့်သော တာအိုကျင့်ကြံသူတစ်ဦးက သူ့ရှေ့မှာ စားပွဲငယ်တစ်လုံးကို ချထားပြီး သူ၏ မျက်နှာက ဖြူဖွေး၍ အမွှေးအမှင်များ ကင်းမဲ့နေ၏။
မီးခိုးရောင်ဝတ် တာအိုကျင့်ကြံသူသည် လက်တစ်ဖက်ဖြင့် သစ်သားတုံးကို ဖိချပြီး အခြားလက်တစ်ဖက်ဖြင့် ခေါက်ယပ်တောင်ကို ဟန်ပါပါခတ်နေ၏။ သူက အာဝဇ္ဇန်းရွှင်ရွှင်ဖြင့် ပြောဆိုနေပြီး တံတွေးများက နေရာတိုင်းမှာ ဖိတ်စင်ပြန့်ကျဲနေ၏။ ဘေးမှာရှိသော ကလေးများက စိတ်မကွက်ဘဲ သူ၏ စကားကို အာရုံစူးစိုက်ကာ နားစွင့်နေကြ၏။
မီးခိုးရောင်ဝတ် တာအိုကျင့်ကြံသူက သူ၏ သစ်သားတုံးကို ချပြီး လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ မော့သောက်လိုက်၏။
“ငါ တကယ်ကြွားပြောတာမဟုတ်ဘူး... မဟာဧကရာဇ် အထီးကျန်သိုင်းသခင်က အရမ်းကို စွမ်းအားကြီးမားတယ်မလား... တကယ်တော့ ငါကလည်း သူ့ထက် မနိမ့်ကျဘူး... ငါတို့နှစ်ယောက်ကို လောကမှာ အထွန်းတောက်ဆုံး ပါရမီရှင်တွေလို့ ပြောလို့ရတယ်”
ကလေးငယ်တစ်ဦးက နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။
“ခင်ဗျား သက်သက်ကြွားနေတာပဲ… မဟာဧကရာဇ် အထီးကျန်သိုင်းသခင်က ဘယ်လောက် အထင်ကြီးလေးစားစရာကောင်းလဲ ခင်ဗျားပြောခဲ့တယ်... စောစောတုန်းက ကမ္ဘာဦးမျိုးနွယ်တွေရဲ့ ပုန်ကန်မှု၊ သွေးမိစ္ဆာရဲ့ ကပ်ဘေးနဲ့ ကောင်းကင်ဘုံခုံရုံးတိုက်ပွဲအကြောင်း ပြောခဲ့တုန်းက အဲ့ဒီထဲမှာ ခင်ဗျား ဘာလို့မပါတာလဲ”
“ချီးပဲ…”
မီးခိုးရောင်ဝတ် တာအိုကျင့်ကြံသူ၏ မျက်လုံးက ပြူးကျယ်သွား၏။
“ဟေး ကောင်လေး... မင်းစကားကို ဆင်ခြင်ပြော... ငါက ဇာတ်မြှုပ်ပြီးတော့ နှိမ့်နှိမ့်ချချနေတတ်တဲ့သူပဲ… ငါက အခြေအနေအပေါ် အလိုက်သင့်နေပြီး တိုက်ခိုက်ရတာကို သဘောမကျဘူး... အဲ့ဒါကြောင့်ပဲ”
“ငါသာတိုက်ခိုက်မယ်ဆိုရင် အထီးကျန်သိုင်းသခင်က အဲ့ဒီဇာတ်လမ်းထဲမှာ နေစရာနေရာတောင် ရှိမှာမဟုတ်ဘူး”
“ဟီးဟီး…”
ဘေးပတ်ဝန်းကျင် လူအုပ်ကြားထဲမှာ လှောင်ပြောင်ရယ်မောသံများ ဆက်တိုက်ထွက်ပေါ်လာ၏။
ကလေးများစွာက တခွီးခွီးရယ်မောပြီး ဘေးနားမှာရှိသော လူငယ်များက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ပြုံးနေကြ၏။
မီးခိုးရောင်ဝတ် တာအိုကျင့်ကြံသူက သူ့စကားကို လူတိုင်းမယုံကြည်သည်ကို တွေ့မြင်သောအခါ သူက လျှို့ဝှက်ဆန်းကြယ်သယောင်ဖြင့် အသံကိုမြှင့်ကာ ပြောလိုက်၏။
“ပြောရမယ်ဆိုရင် ငါက အထီးကျန်သိုင်းသခင်ရဲ့ အသက်ကိုတောင် တစ်ခါကယ်တင်ပေးခဲ့ဖူးတယ်”
“ကျုပ်တော့ မယုံပါဘူး”
“ခင်ဗျား သက်သက်လျှောက်ပြောနေတာ”
ကလေးများစွာက အော်ဟစ်ကာ ပြောလိုက်ကြ၏။
မီးခိုးရောင်ဝတ် တာအိုကျင့်ကြံသူ၏ မျက်နှာက နီရဲမသွားဘဲ သူက ဝင့်ကြွားစွာ ပြောလိုက်၏။
“ဟုတ်ပြီလေ... အဲ့ဒါတွေက အသေးအဖွဲ့ကိစ္စလေးတွေလို့ ငါထင်တယ်... ဒါဆိုရင် အထီးကျန်သိုင်းသခင်နဲ့ ပတ်သက်တဲ့ အဲ့ဒီအသေးအဖွဲ့ကိစ္စလေးတွေကို ကျော်လိုက်ရအောင်”
“ဟေး... ပြောပြ... ကျုပ်တို့ကို ပြောပြပါဦး”
တာအိုကျင့်ကြံသူက ဟိတ်ဟန်တစ်ခွဲသားဖြင့် ပြောဆိုနေသည်ကို ကလေးငယ်များ တွေ့မြင်သောအခါ သူတို့က စိတ်ဝင်စားလာပြီး အော်ဟစ်လိုက်ကြ၏။
မီးခိုးရောင်ဝတ် တာအိုကျင့်ကြံသူက အေးဆေးပေါ့ပါးစွာဖြင့် ပြောလိုက်၏။
“ဟဲဟဲ... အထီးကျန်သိုင်းသခင်ရဲ့ ကျင့်ကြံမှု သိပ်ပြီးမမြင့်မားတုန်းက သူက သူများရဲ့ နဂါးဥကို ခိုးယူဖို့အတွက် တားမြစ်ကုန်းမြေထဲကို ခိုးဝင်ခဲ့တယ်... အဲ့အချိန်တုန်းက ငါ သူ့ကို ဖမ်းမိသွားတယ်”
“ငါနဲ့ အခုလောက် ပြောဆိုဆက်ဆံပြီးသွားရင် ငါက ကြင်နာတတ်တဲ့လူဆိုတာ မင်းတို့တွေအားလုံးလည်း သိမှာပေါ့... ငါက တကယ့်ကို မှန်ကန်ဖြောင့်မတ်တဲ့သူပဲ... အဲ့ဒီမြင်ကွင်းကို တွေ့တဲ့အချိန်မှာ ငါက အော်ပြောလိုက်တယ်…..”
မီးခိုးရောင်ဝတ် ကျင့်ကြံသူက စိတ်လှုပ်တရှားဖြင့် စကားပြောဆိုနေစဉ် လူအုပ်ကြီး၏ အပြင်ဘက်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ပြုံးစစဖြင့် သူ့ကိုကြည့်နေသည်ကို သူ၏မျက်ဝန်းထောင့်ကနေ တွေ့မြင်သွား၏။
မီးခိုးရောင်ဝတ် ကျင့်ကြံသူက သူတို့နှစ်ယောက်ကို တွေ့မြင်သောအခါ တုန်လှုပ်စွာဖြင့် ဆတ်ခနဲ တုန်ယင်သွား၏။
သူသည် ကြွားလုံးထုတ် ပြောဆိုနေစဉ် အဓိကဇာတ်ကောင်နှင့် ပက်ပင်းတိုးရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူက မလုံမလဲဖြင့် ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။
“အဲ့ဒါပြီး ဘာဖြစ်လဲ”
“ခင်ဗျားက ဘာပြောလိုက်တာလဲ”
ကလေးများက သူ့ကို အလွတ်မပေးဘဲ အတောမသတ် မေးမြန်းလိုက်ကြ၏။
မီးခိုးရောင်ဝတ် တာအိုကျင့်ကြံသူက တည်ငြိမ်သော အမူအရာဖြင့် ညင်သာစွာ ချောင်းဟန့်ကာ ပြောလိုက်၏။
“အဲ့ဒီအချိန်မှာ ငါ သူ့ကိုပြောလိုက်တယ်... ငါ့အတွက် နည်းနည်းချန်ထားဦးလို့”
“ဟားဟား….”
ကလေးများက ရယ်မောလိုက်ကြ၏။
မီးခိုးရောင်ဝတ် တာအိုကျင့်ကြံသူက လင်းရွှမ်ကျီဖြစ်သည်။ သူက မတ်တတ်ထရပ်ပြီး လူတိုင်းကို တွန်းဖယ်ကာ အံ့အားသင့်၍ စိတ်လှုပ်ရှားနေသော အမူအရာနှင့်အတူ ဆူဇီမိုနှင့် တျဲယွဲ့ရှိရာသို့ ပြေးလာလေသည်။ သူက လက်နှစ်ဖက်ကို ပွတ်သပ်ပြီး ပြုံးပြလိုက်၏။
“အို... ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ... ဟားဟား”
ဆူဇီမိုကလည်း သူ၏ မိတ်ဆွေဟောင်းကို တွေ့မြင်ရသည့်အတွက် ကျေနပ်သဘောကျနေပြီး ရှေ့သို့တက်လှမ်းကာ လင်းရွှမ်ကျီကို ပွေ့ဖက်လိုက်၏။
“ပုံပြောသူ... ခင်ဗျားက အစ်ကိုဆူနဲ့ အစ်မတျဲကို သိလို့လား”
ကလေးငယ်တစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
လင်းရွှမ်ကျီက မျက်လုံးစွေကြည့်ပြီး သူ၏ ဇာတ်လမ်းထဲမှ မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာသည် ဆူဇီမိုနှင့် တျဲယွဲ့ဖြစ်သည်ကို ဤနေရာမှာရှိသောလူများ မသိရှိလောက်သည်ကို ခန့်မှန်းမိသွား၏။
“ငါတို့တွေက မိတ်ဆွေဟောင်းတွေပဲ”
လင်းရွှမ်ကျီက ရယ်မောကာ သာမန်ကာလျှံကာ ပြောလိုက်၏။
“တာအိုရောင်ရင်း... ခင်ဗျား မသေဘူးလား”
လင်းရွှမ်ကျီက တျဲယွဲ့ကို ကြည့်ပြီးနောက် ဆူဇီမိုကို ပြန်ကြည့်လိုက်၏။
ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။
“အဲ့ဒါ ပြောရရင်တော့ အရှည်ကြီးပဲ... လာလေ... ငါတို့နေရာကိုသွားပြီး ဖြည်းဖြည်းချင်း ထိုင်ပြောရအောင်”
ဆူဇီမိုနှင့် တျဲယွဲ့သည် လင်းရွှမ်ကျီကို ရွှမ်ဖျင်တောင်ခြေသို့ ခေါ်ဆောင်သွားလေသည်။
“မင်းဘယ်ချိန်တုန်းက တက်လှမ်းလာတာလဲ... အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ငါတို့ရဲ့ မိတ်ဆွေဟောင်းတွေရော အဆင်ပြေရဲ့လား”
ဆူဇီမိုက မေးလိုက်သည်။
လင်းရွှမ်ကျီကို တွေ့ရသောအခါ ဆူဇီမိုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မိတ်ဆွေဟောင်းတချို့ကို သတိရသွားလေသည်။
သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာသောအခါ လင်းရွှမ်ကျီ၊ နတ်ဆိုးမကျိ၊ ရှောင်းယောင်၊ နန်းကြည်၊ ထောင်ယောင်၊ ကျားနှင့် အခြားသူများသည် ဧကရာဇ်နယ်ပယ်သို့ မဝင်ရောက်သေးဘဲ မတက်လှမ်းနိုင်ခဲ့ကြပေ။
ဤနှစ်များအားလုံးအပြီးမှာ သူတို့သည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းနိုင်ခဲ့ကြသလား သူ မသိပေ။
“မပူပါနဲ့”
လင်းရွှမ်ကျီက ပြောလိုက်၏။
“အားလုံး အဆင်ပြေကြပါတယ်... မင်းရဲ့တပည့်ကြီးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို စောင့်ရှောက်ပေးနေတော့ တမလွန်ဘုံက အချိုးပြေနေတယ်... ဘာပြဿနာမှ လာမရှာရဲဘူး။”