← Chapters

မယိမ်းယိုင်သော ကျောရိုး

Vol. 219 Ch. 3334

မယိမ်းယိုင်သော ကျောရိုး

Vol. 219 Ch. 3334

ဆူဇီမိုနှင့် မျောက်သည် လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ ပြန်လည်ဆုံတွေ့ကြလေသည်။ သူတို့သည် ကျောချင်းကပ်ပြီး သူတော်စင်မင်းသားမင်းသမီး ၁၂ ပါး၏ တိုက်ခိုက်မှုကို ပြန်လည်ဆန့်ကျင်တိုက်ခိုက်လိုက်ကြ၏။

ဆူဇီမိုတစ်ယောက်တည်းသာဆိုလျှင် သူတော်စင်မင်းသားမင်းသမီး ၁၂ ပါးသည် သူ့ကို ဖြည်းဖြည်းမှန်မှန် ဖိနှိမ်ထားနိုင်ဆဲဖြစ်၏။

ယခု မျောက်က ဝင်ရောက်လာပြီး လူနှင့်မျောက်သည် တန်ပြန်တိုက်ခိုက်မှုတစ်ခုကို စတင်ကာ လူတိုင်း၏ ဝိုင်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်တော့မည့် လက္ခဏာများ ပြသလာပြီဖြစ်၏။

မျောက်ကို မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာက မဟာကမ္ဘာတစ်ထောင်လောကသို့ ခေါ်ဆောင်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဒါ့အပြင် သူသည် လောကမှာ ဒုတိယမြောက် ကစဉ့်ကလျားမိစ္ဆာမျောက် ဖြစ်လေသည်။ မဟာသူတော်စင်က သူ့ကို ဘယ်လောက်တန်ဖိုးထားမလဲ စဉ်းစားကြည့်နိုင်သည်။

မဟာသူတော်စင် ကစဉ့်ကလျား စကြဝဠာသည် မျောက်အပေါ် သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးနီးပါးကို သွန်းလောင်းထားလေသည်။

အမျိုးမျိုးသော အထွတ်အမြတ်ခိုလှုံရာများမှာ သူတော်စင်မျိုးနွယ်သည် ရှားပါးသော်လည်း သူတို့သည် မဟာသူတော်စင်များထံမှ ကိုယ်တိုင်လမ်းညွှန်ပြသမှုကို ခံယူခွင့်ရလိမ့်မည် မဟုတ်ပေ။ ဒါ့အပြင် သူတို့၏ အရင်းအမြစ်များကိုလည်း အတော်အတန် ဖြန့်ကြက်ထားရပေလိမ့်မည်။

သို့သော်လည်း မဟာသူတော်စင် ကစဉ့်ကလျား စကြဝဠာမှာ ပြုစုပျိုးထောင်ပေးစရာ ဤမျောက်သာ ရှိလေသည်။

မရေမတွက်နိုင်သောနှစ်များမှာ မဟာသူတော်စင် ကစဉ့်ကလျား စကြဝဠာ ကျင့်ကြံထားသည့် အတွေ့အကြုံများနှင့် သူစုဆောင်းထားသည့် ရတနာများအားလုံးက မျောက်အပေါ် ပုံကျလာပေလိမ့်မည်။

မျောက်၏ ကျင့်ကြံရေးပတ်ဝန်းကျင်သည် အထွတ်အမြတ်ခိုလှုံရာများမှ သူတော်စင်မျိုးနွယ်ထက်ပင် ပိုမိုကောင်းမွန်သည်ဟု ပြောလျှင် ချဲ့ကားရာကျလိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့သော အခြေအနေများအောက်မှာ မျောက်၏ ကျင့်ကြံမှုနယ်ပယ်က ခုန်ပေါက်၍ မြင့်တက်လာဖို့သာ ရှိလေသည်။ သူသည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သည်။

သူတို့အားလုံးသည် အဓိပတိသာလွန်သူများ ဖြစ်သော်လည်း မျောက်၏ တိုက်ခိုက်ရည်ခွန်အားသည် သူတော်စင်မျိုးနွယ်မှ အဓိပတိသာလွန်သူများထက် မနိမ့်ကျပေ။

ကစဉ့်ကလျားမိစ္ဆာမျောက်၏ မျိုးဆက်သွေးသည်လည်း သူတော်စင်မျိုးနွယ်မှ မျိုးဆက်သွေးများထက် မနိမ့်ကျပေ။

တကယ်တော့ မျောက်အနေဖြင့် သူတစ်ယောက်တည်းက သူတော်စင်မင်းသားမင်းသမီး ၁၂ပါးကို ဖိနှိမ်ဖို့ ဝေးကွာလွန်းလေသည်။

သူတော်စင်မင်းသားမင်းသမီးများဟု ခေါ်ဆိုခံရသော ထိုသူများအားလုံးသည် ခေတ်အဆက်ဆက် အုပ်စိုးလာခဲ့သော အနှိုင်းမဲ့အဓိပတိသာလွန်သူများဖြစ်ကြပြီး သူတို့ထဲက ဘယ်သူမဆို ကိုင်တွယ်ရ မလွယ်ကူပေ။

အချိန်ကြာလာသည်နှင့်အမျှ လူသားမျိုးနွယ်ဘက်မှ အခြေအနေသည် သိသိသာသာ အရေးနိမ့်လာနေ၏။

ဆူဇီမိုနှင့်မျောက်က တောင့်ခံထားနိုင်ဆဲဖြစ်၏။ သို့သော်လည်း တျဲယွဲ့နှင့် လူသားအဓိပတိသာလွန်သူရာချီသည် မျိုးနွယ်စုတစ်သောင်းမှာ အဓိပတိသာလွန်သူများ၏ တိုက်ခိုက်မှုများကို လုံးဝ မခုခံနိုင်ကြပေ။

“အား”

ဆူဇီမိုက မာန်သွင်းအော်ဟစ်ပြီး သူ၏ သွေးချီက ဆပွားမြင့်တက်လာ၏။

မျောက်က သူနှင့် စိတ်ချင်းဆက်နေလေသည်။ သူတို့နှစ်ယောက်သည် အတူပူးပေါင်းပြီး သူတို့၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ကာ သူတော်စင်မင်းသားမင်းသမီး ၁၂ ပါး၏ ဝိုင်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်လိုက်၏။ သူတို့သည် လူအုပ်ကြားထဲသို့ ပြေးဝင်ပြီး တျဲယွဲ့နှင့် အခြားသူများရှိရာဘက်သို့ သွားရောက်ပူးပေါင်းလိုက်လေသည်။

ဖောက်… ဖောက်… ဖောက်...

သူတော်စင်မင်းသားမင်းသမီး ၁၂ပါးကလွဲလျှင် လေထဲရှိ စုပြုံထပ်နေသော အဓိပတိသာလွန်သူများထဲ ဘယ်သူက ဆူဇီမိုနှင့်မျောက်ကို ယှဉ်နိုင်မှာလဲ။

သူတို့ဖြတ်သွားရာနေရာတိုင်းမှာ လူများက ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲသွား၏။

လူနှင့်မျောက်မှာ တင်စီးလွန်းသော အော်ရာတစ်ခု ရှိနေပြီး ထက်ရှသော ဓားနှစ်လက်ကဲ့သို့ မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူ လူအုပ်ကြီးကို ထိုးခွဲဆုတ်ဖြဲလိုက်လေသည်။ သူတို့သည် အလောင်းတောင်များနှင့် သွေးမြစ်များကို နင်းဖြတ်ပြီး အသက်ဓာတ်ကျောက်တုံး၏ အနီးအနားကို ရောက်ရှိလာကြ၏။

သူတော်စင်မင်းသားမင်းသမီး ၁၂ ပါးကလည်း အရိပ်များပမာ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။

ဆူဇီမိုနှင့် မျောက်အနေဖြင့် တစ်လမ်းလုံး မထိမခိုက်ဘဲ ရှိနေဖို့က မဖြစ်နိုင်ပေ။ သူတို့၏ ခန္ဓာကိုယ်များပေါ်မှာလည်း ဒဏ်ရာများ ပေါ်ထွက်လာပြီး သွေးများက တစက်စက် စီးကျနေ၏။

သူတို့နှစ်ယောက်က အဲ့ဒါကို သတိမထားမိပုံရလေသည်။

ဆူဇီမိုက သူ၏ သွေးချီကို လှည့်ပတ်လိုက်စဉ် သူ၏ ဒဏ်ရာများက အလျင်အမြန် သက်သာပျောက်ကင်းလာ၏။

မျောက်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက လျင်မြန်စွာ မာကျောသွားလေသည်။ သူက သွေးကို မြင်သောအခါ သူ၏မျက်လုံးထဲရှိ အလင်းရောင်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ အော်ရာက ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာ၏။

မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများသည် သူတော်စင်မင်းသားမင်းသမီး ၁၂ ပါး၏ ဦးဆောင်မှုအောက်မှာ စုစည်းမိနေကြ၏။ သူတို့က အရေအတွက် များပြားလွန်းလေသည်။

စောစောက တိုက်ခိုက်မှုအပြီးမှာ ဆူဇီမိုနှင့်မျောက်၏ လက်ထဲတွင် သေခဲ့ရသော အဓိပတိသာလွန်သူ အရေအတွက် ရာဂဏန်းအနည်းငယ် ရှိလေသည်။ သို့သော်လည်း အဓိပတိသာလွန်သူသိန်းချီနှင့်ယှဉ်လျှင် ထိုအရေအတွက်က လျစ်လျူရှု၍ ရသလောက်နီးပါးဖြစ်သည်။

သူတော်စင်မင်းသားမင်းသမီး ၁၂ ပါးက မသေဆုံးသေးသရွေ့ သူတို့၏ ဦးဆောင်မှုအောက်မှာ မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများသည် နောက်ဆုတ်ကြလိမ့်မည် မဟုတ်ပေ။

အဝီစိဓားနှင့် တမလွန်ဓားမရှိဘဲ ဆူဇီမိုသည် သူတော်စင်မင်းသားမင်းသမီး ၁၂ ပါးကို သတ်ဖြတ်ဖို့အတွက် အနည်းငယ် စွမ်းအားမဲ့နေ၏။

သူ့အတွက် ကျန်ရှိနေသည့် တစ်ခုတည်းသော နည်းလမ်းမှာ စိတ်ဝိညာဉ်ပနံသင့်ပညာရပ်ကိုသုံးပြီး သိုင်းတာအိုပင်မခန္ဓာကို ဆင့်ခေါ်ခြင်းပင်။

သို့သော်လည်း ထိုသို့ပြုလုပ်မည်ဆိုလျှင် အထီးကျန်သိုင်းသခင်အဖြစ် သူ၏ သရုပ်သကန်က ပေါက်ကြားသွားပြီး ပို၍ပင် ဝရုန်းသုန်းကား ဖြစ်လာပေလိမ့်မည်။

ဝုန်း… ဝုန်း… ဝုန်း...

သူတော်စင်မင်းသားမင်းသမီး ၁၂ပါး၏ အမိန့်များအောက်မှာ မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများသည် မဟာတာအိုကို ထိန်းချုပ်ပြီး စုဖွဲ့ထားသော တာအိုလက်နက်များစွာက မိုးပေါက်များကဲ့သို့ ကောင်းကင်ထက်ကနေ ကျဆင်းလာ၏။

ဤကဲ့သို့သော အခြေအနေအောက်မှာ ဆူဇီမိုတစ်ဦးတည်းသာ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာနှင့် အခြားသော ရတနာများနှင့်အတူ သူ့ကိုယ်သူ ကာကွယ်ထားနိုင်လေသည်။

အခြားသော လူသားအဓိပတိသာလွန်သူများကို မပြောနှင့်၊ မျောက်နှင့် တျဲယွဲ့ပင်လျှင် ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပေ။

ဒဏ်ရာအပြင်းအထန်ရရှိကာ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးလာသည့် လူသားအဓိပတိသာလွန်သူများက ပို၍ ပို၍ များပြားလာနေ၏။

“ထစမ်း”

ဆူဇီမိုက သူ၏ လျှာဖျားကို ကိုက်ပြီး အမြုတေသွေးစီးကြောင်းတစ်ခုကို ကုသိုလ်ကြာခုံပေါ်သို့ ထွေးထုတ်ကာ ၎င်းကို သာမန်ကာလျှံကာ မြှောက်တင်လိုက်၏။

ကုသိုလ်ကြာခုံက လျင်မြန်စွာ မြောက်တက်လာပြီး လူသားအဓိပတိသာလွန်သူများ၏ ဦးခေါင်းထက်မှာ လွင့်မျောနေ၏။ ၎င်းက ဖြည်းဖြည်းချင်း လည်ပတ်ပြီး ကြာပန်းများက ဖူးပွင့်ကာ ကျိန်းစပ်နေသော ရွှေရောင်အလင်းဖြင့် ပြည့်နှက်နေသည်။

ကုသိုလ်ရွှေကြာပန်းသည် ဖျက်ဆီး၍ မရနိုင်ဘဲ ခံစစ်အား အလွန်တရာမြင့်မားသော ရတနာတစ်ခုဖြစ်သည်။

လူတစ်ယောက်၏ ကောင်းမှုကုသိုလ်က ပိုမိုမြင့်မားလေ ကုသိုလ်ကြာခုံကနေ ထုတ်ဖော်ထားသည့် ခံစစ်အားက ပို၍ ကြီးမားလေပင်။

ဆူဇီမိုကတော့ သူသည် တစ်ခါတုန်းက သက်ရှိများအားလုံးအတွက် သိုင်းပညာကို သင်ကြားပေးပြီး ကမ္ဘာဦးမျိုးနွယ်များ၏ ကစဉ့်ကလျားကို ငြိမ်ဝပ်ပိပြားစေကာ သွေးမိစ္ဆာကပ်ဘေးကို ဖိနှိမ်ခဲ့လေသည်။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူသည် ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးပြီး ကောင်းကင်ဘုံကိုးလွှာကို ချိုးဖျက်ဖို့အတွက် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကိုပင် ဦးဆောင်ခဲ့လေသည်။

ထိုအရာများအားလုံးသည် အဆုံးမဲ့ ကောင်းမှုကုသိုလ်များ ဖြစ်လာ၏။

ထို့ကြောင့်ပင် ကုသိုလ်ရွှေကြာပန်းသည် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများ၏ တိုက်ခိုက်မှုများကို ယာယီအားဖြင့် ခုခံပေးထားနိုင်ပြီး လူသားအဓိပတိသာလွန်သူများအတွက် အသက်ရှူခွင့်ရလာစေ၏။

သို့သော်လည်း မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများ၏ တိုက်ခိုက်မှုများက ရပ်တန့်မသွားဘဲ ကောင်းမှုချည်မျှင်များက အဆက်မပြတ် ပျက်ပြယ်လာနေ၏။

အချိန်ကြာလာသည်နှင့်အမျှ ကုသိုလ်ရွှေကြာပန်းသည် တိုက်ခိုက်မှုများကြောင့် အဆက်မပြတ် ယိမ်းထိုးပြီး ရွှေရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် ဖြစ်လာ၏။

၎င်းသည် အချိန်မရွေး လဲပြိုကျနိုင်သည့်အလားပင်။

“ညီအစ်ကိုဆူ... ထွက်သွားတော့... ငါတို့ကို ထားခဲ့”

သစ်ခုတ်သမားက သူ၏ နှုတ်ခမ်းထောင့်က သွေးများကို သုတ်ဖယ်ပြီး အမောတကော ပြောလိုက်၏။

“ဟုတ်တယ်ဟေ့... ဒီတိုင်းသာ ဆက်သွားရင် မင်းပါ ဒီနေရာမှာ သေရလိမ့်မယ်”

“မင်းတို့တွေ ဒီနေရာက ထွက်သွားပြီး အသက်ရှင်နိုင်မယ်ဆိုရင် လူသားမျိုးနွယ်မှာ အနာဂတ်ရှိနေဦးမယ်”

လူသားအဓိပတိသာလွန်သူများစွာက တစ်ယောက်ပြီးတစ်ယောက် လှမ်းအော်ပြောလိုက်ကြ၏။

သူတို့သည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ဤမြေပြင်ကနေ ရုန်းမထွက်နိုင်တော့ပေ။ သူတို့အနေဖြင့် သေဘေးကနေ လွတ်မြောက်ဖို့က မလွယ်ကူတော့ပေ။

သို့သော်လည်း သူတို့သည် ဆူဇီမိုနှင့်အခြားသူများကို သူတို့နှင့်အတူ ရောပါ၍ ဒုက္ခမသေဆုံးစေလိုပေ။

ဆူဇီမို၏ အမူအရာက သုန်မှုန်နေပြီး သူက နှုတ်ဆိတ်နေ၏။

ကြာပန်းသုံးခုက ယိမ်းနွဲ့ပြီး အလင်းရောင်ဖြင့် တောက်ပနေ၏။ သူ၏ လက်ခြောက်ဖက်က ကုသိုလ်ရွှေကြာပန်းကို ပင့်မြှောက်ထားပြီး သူ၏ သွေးကြောများက ဖောင်းကြွလာကာ မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများ၏ တိုက်ခိုက်မှုများကို ခုခံနေ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားက သူတို့၏ အကန့်အသတ်အထိ လည်ပတ်လာပြီဖြစ်၏။

ဝုန်း… ဝုန်း… ဝုန်း...

မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများ၏ တိုက်ခိုက်မှုများက အဆက်မပြတ် ကျဆင်းနေ၏။

ကုသိုလ်ရွှေကြာပန်းသည် ထိခိုက်ဒဏ်ရာများကို ဖြေရှင်းပေးသော်လည်း အဆုံးမဲ့စွမ်းအားသည် ကုသိုလ်ရွှေကြာပန်းကနေတဆင့် ဆူဇီမို၏ လက်ချောင်းများရှိရာသို့ ကူးပြောင်းဝင်ရောက်လာဆဲဖြစ်၏။

တစ်ကြိမ်ထိတွေ့ရိုက်ခတ်တိုင်း ဆူဇီမို၏ ခန္ဓာကိုယ်က တုန်ခါသွားတတ်လေသည်။

တစ်ကြိမ်တိုင်းမှာ သူ၏ နှုတ်ခမ်းထောင့်ကနေ နီရဲနေသော သွေးစများကလည်း စီးကျလာတတ်၏။

“ဂါး…”

မျောက်က သူ၏ ရင်ဘတ်ကို ထုရိုက်ပြီး ခြေကိုဆောင့်နင်းလိုက်၏။ သူက သူ့လက်ထဲရှိ တောင်ဝှေးကို ကိုင်မြှောက်ပြီး ကုသိုလ်ရွှေကြာပန်းကို အောက်ကနေ ပင့်ထောက်ကာ ဆူဇီမိုကို ကူညီပေးလို၏။

သို့သော်လည်း သူ၏ တောင်ဝှေးသည် မွန်းကျပ်ဖွယ်ကောင်းသော ဖိအားအောက်မှာ တစ်စတစ်စ ကွေးညွှတ်ပြီး ကြောက်စရာကောင်းသော တဖျောက်ဖျောက်အသံများ ထွက်ပေါ်လာ၏။

မျောက်က လက်နှစ်ဖက်ဖြင့် သူ၏ တောင်ဝှေးကို ဆုပ်ကိုင်လိုက်သည့် ခဏမှာပင် ကြောက်စရာကောင်းသော စွမ်းအားကို သူက ခံစားမိလိုက်၏။ သူ၏ လက်ပေါ်ရှိ အသားများက ချက်ချင်းပင် ပေါက်ကွဲထွက်ပြီး သူက လွင့်စင်ထွက်သွားလေသည်။

ကုသိုလ်ရွှေကြာပန်းသည် လူတိုင်း၏ ဦးခေါင်းထက်မှာ မိုးကောင်းကင်တစ်ခုကဲ့သို့ ဖြစ်နေ၏။ သို့သော်လည်း ၎င်းက တစ်စတစ်စ နိမ့်ကျလာလေသည်။

တိုက်ခိုက်ရည်ခွန်အား ကျန်ရှိနေသေးသည့် တျဲယွဲ့နှင့် အခြားသော လူသားအဓိပတိသာလွန်သူများသည် ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းပြီး မဟာတာအိုကို ထိန်းချုပ်လိုက်ကြ၏။ သူတို့က သူတို့၏ လက်များကို ပင့်မြှောက်ပြီး ဆူဇီမိုအတွက် ကူညီထောက်ပံ့ပေးလို၏။

သို့သော်လည်း လူတိုင်း၏ လက်များက ကုသိုလ်ရွှေကြာပန်းနှင့် ထိမိသည့်ခဏမှာပင် တလိပ်လိပ် စီးဝင်လာသော စွမ်းအားကို သူတို့က ခံစားမိလိုက်၏။

ထိုစွမ်းအားသည် အလွန်တရာ သိပ်သည်းပြင်းထန်ပြီး ကျယ်ပြောသော ကောင်းကင်နှင့် သမုဒ္ဒရာများကဲ့သို့ ဖြစ်နေ၏။

သူတို့သည် ဒေါသူပုန်ထနေသော ပင်လယ်လှိုင်းလုံးများကြားမှာ သေးငယ်သော လှေငယ်များကဲ့သို့ဖြစ်ပြီး အချိန်မရွေး နစ်မြုပ်သွားနိုင်လေသည်။

ဖူး...

အသက်တစ်ရှိုက်စာ မကြာခင် လူသားအဓိပတိသာလွန်သူများသည် ဆက်လက်၍ တောင့်မခံနိုင်ဘဲ သွေးများကို ထွေးထုတ်လိုက်ကြ၏။ သူတို့သည် မိုးကြိုးပစ်ချခံရသည့်အလား မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားလေသည်။

လူတိုင်းက ဆူဇီမိုကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြ၏။

ထိုအခိုက်အတန့်မှသာ ဆူဇီမို တောင့်ခံပေးထားသည့် ဖိအားနှင့် ရိုက်ခတ်မှုကို သူတို့က နားလည်သဘောပေါက်သွားကြ၏။

ထိုလူသည် မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများ၏ စွမ်းအားကို တစ်ယောက်တည်း ခုခံဆန့်ကျင်ပေးနေပြီး သူသည် မျိုးနွယ်စုတစ်သောင်း၏ စွမ်းပကားကို တစ်ယောက်တည်း ခံယူနေလေသည်။

သူ၏ ခန္ဓာကိုယ်က ပိန်ပါးသည့်ပုံပေါ်၏။

သို့သော်လည်း သူ၏ ကျောရိုးက တစ်မူထူးခြားစွာ ဖြောင့်မတ်နေ၏။ သူသည် ခြေနှစ်ဖက်ခွဲကာ မတ်တတ်ရပ်ပြီး မြေပြင်ပေါ်မှာ အမြစ်တွယ်ကာ သူတို့အပေါ် ပြိုကျလာသည့် မိုးကောင်းကင်ကို ထောက်ကန်ပေးထားသည့် မဟာလူသားတစ်ဦးနှင့် တူလေသည်။

All Chapters