နင့်ကိုယ်နင် ဘယ်သူထင်နေလို့လဲ
Vol. 219 Ch. 3339
သူတော်စင်ကိုးပါးက လေထဲမှာ မတ်တတ်ရပ်ပြီး တောင်အကြီးအကဲ၏ တောင်းဆိုချက်ကို ချက်ချင်းငြင်းဆန်ခြင်းမရှိပေ။ ထိုအစား သူတို့က တိတ်တဆိတ် စဉ်းစားတွေးတောနေကြ၏။
သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဟွေ့မင်ကလည်း ရှေ့သို့တက်ပြီး သူတို့၏ လက်နှစ်ဖက်ကို ယှက်ပြကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တာအိုရောင်းရင်းတို့... ဒီနေ့ကိစ္စ ဒီအခြေအနေအထိ ဆင့်ကဲပြောင်းလဲလာတာက ကျုပ်တို့ရဲ့ ရည်ရွယ်ချက် သေချာပေါက် မဟုတ်ပါဘူး”
“လူသားမျိုးနွယ်က ဒီတစ်ခေါက် လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ သူတော်စင်တွေဖြစ်လာမယ့် အခွင့်အရေးကနေ နှုတ်ထွက်လိုပါတယ်... တာအိုရောင်းရင်းတို့… ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ”
“ဟမ်…”
သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဟွေ့မင်က ရှေ့သို့ထွက်လာသည်ကို တွေ့မြင်သောအခါ သူတော်စင် ပေါ်ထွန်းမှုကောင်းကင်ဘုံက အထင်အမြင်သေးသောအမူအရာဖြင့် လှောင်ရယ်လိုက်၏။
“မင်းတို့နှစ်ယောက်က အခုမှ သူတော်စင်ဖြစ်လာတာ... မင်းတို့ကိုယ်မင်းတို့ ဘယ်သူတွေထင်လို့လဲ... မင်းတို့က ငါတို့နဲ့ စကားပြောဖို့ အဆင့်မီလို့လား”
သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဟွေ့မင်၏ အမူအရာများက ပြောင်းလဲသွားကြသည်။
လူသားမျိုးနွယ်မှ သူတော်စင်များအနေဖြင့် သူတို့သည် မျိုးနွယ်စုတစ်သောင်းရှေ့မှာ ကောင်းကင်ဘုံကိုးလွှာမှ သူတော်စင်များ၏ ရက်ရက်စက်စက် အော်ငေါက်ခြင်းကို ခံလိုက်ရ၏။
သူတော်စင် ဟင်္သပဒါးကောင်းကင်ဘုံကလည်း အေးစက်စွာ ပြောလိုက်၏။
“မင်းတို့က မင်းတို့ရဲ့ မဟာတာအိုသူတော်စင်နေရာတွေကိုတောင် ထိန်းသိမ်းထားနိုင်ဖို့ အာမခံချက်မရှိတာ... မင်းက ငါတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အဆင့်မမီဘူး”
ဤသည်မှာ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေလေပြီ။
သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဟွေ့မင်၏ အမူအရာများက လွန်စွာပျက်ယွင်းသွားသည်။
ဆူဇီမို၏ အမူအရာကလည်း အတွေးနက်စွာဖြင့် ပြောင်းလဲသွားသည်။
အထွတ်အမြတ်ခိုလှုံရာငါးခုမှ ကောင်းကင်ဘုံကိုးလွှာသူတော်စင်များသည် သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဟွေ့မင်ကို လုံးဝအတည်အတံ့ မှတ်ယူမထားကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် အဓိပတိသာလွန်သူ ကျင့်ကြံမှုသာရှိသော တောင်အကြီးအကဲကို ဆန့်ကျင်ခြင်းမရှိဘဲ သူတို့ကိုယ်သူတို့ ချုပ်တည်းထားပုံရလေသည်။
သူတော်စင်များ ဆင်းသက်ရောက်ရှိလာခြင်းနှင့်အတူ လူတိုင်း၏ ကံကြမ္မာသည် သူတို့၏ ထိန်းချုပ်မှုအတွင်းမှာ ဆက်လက်၍ မရှိတော့ပေ။
ဆူဇီမိုကလည်း ရွေးချယ်စရာမရှိဘဲ အခြေအနေကို စောင့်ကြည့်နေရ၏။
ရုတ်တရက် သူတော်စင်စွမ်းအားကောင်းကင်ဘုံက ပြောလိုက်၏။
“တောင်အကြီးအကဲ... ခင်ဗျားပေါ်ထွက်လာပြီဆိုမှတော့ ကျုပ်တို့ ခြေတစ်လှမ်းဆုတ်ပေးနိုင်တယ်... ခင်ဗျား အဲဒီလူသားတွေကို ပြန်ခေါ်သွားလို့ရတယ်”
“ဒါပေမဲ့ အထီးကျန်သိုင်းသခင်နဲ့ ဆိုးယုတ်ဖျက်ဆီးခြင်းကတော့ ဒီနေ့ သေချာပေါက် သေရလိမ့်မယ်”
သူတော်စင် ပေါ်ထွန်းမှုကောင်းကင်ဘုံကလည်း အေးစက်စွာ ပြောလိုက်၏။
“ဟိုသစ္စာဖောက် ညဝိညာဉ်လည်း နေခဲ့ရမယ်... ငါ သူ့ကို ထွက်ရပ်လမ်း အထွတ်အမြတ်ခိုလှုံရာဆီ ပြန်ခေါ်သွားပြီး မျိုးနွယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အပြစ်ပေးချင်တယ်”
မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များက ထိုစကားကို ကြားသောအခါ သူတို့က တိတ်တဆိတ် တုန်လှုပ်သွားကြ၏။
ကောင်းကင်ဘုံကိုးလွှာသူတော်စင်များသည် ဤကဲ့သို့ အပေးအယူတစ်ခု ပြုလုပ်လိုက်သည့်အချက်သည် သူတို့က တောင်အကြီးအကဲကို ဘယ်လောက်ထိ လေးစားမှုရှိသလဲ ပြသထားပြီးဖြစ်၏။
စောစောက ပေါက်ကွဲထွက်ပေါ်လာသည့် တိုက်ပွဲမှာ လူသားအဓိပတိသာလွန်သူအုပ်စုသည် အထွတ်အမြတ်ခိုလှုံရာများမှ လူများစွာကို သတ်ဖြတ်ထားခဲ့လေသည်။
သို့သော် ယခု တောင်အကြီးအကဲ၏ တောင်းဆိုမှုတစ်ခုကြောင့် သူ့ကို ကျန်ရှိနေသော လူသားအဓိပတိသာလွန်သူများနှင့်အတူ ထွက်ခွာခွင့်ပေးထားသည်။
သူတော်စင်ကျန်းချောင်နှင့် သူတော်စင်ဟွေ့မင်ကလည်း ကျေနပ်သဘောကျသွား၏။
ပြောရမည်ဆိုလျှင် ကောင်းကင်ဘုံကိုးလွှာသူတော်စင်များ၏ အပေးအယူသည် သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပြီဖြစ်၏။
သို့သော်လည်း အထီးကျန်သိုင်းသခင်ကတော့...
မည်သို့ပင်ဆိုစေ ဆူဇီမိုသည် လူသားအဓိပတိသာလွန်သူများအတွက်နှင့် ဤတိုက်ပွဲမှာ ပါဝင်ပတ်သက်လာခြင်းဖြစ်သည်။
သူတို့သည် အထီးကျန်သိုင်းသခင်ကို ဤကဲ့သို့ စွန့်ပယ်ထားခဲ့မည်ဆိုလျှင် သူတို့က မသက်မသာခံစားနေရပေလိမ့်မည်။
တောင်အကြီးအကဲက ခဏမျှ နှုတ်ဆိတ်ပြီးနောက် ခါးသက်သောအမူအရာဖြင့် သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“အားလုံးပဲ... မင်းတို့တွေအားလုံးက သူတော်စင်တွေပဲ... ဘာလို့ အဲဒီအဓိပတိသာလွန်သူတွေနဲ့ ဖက်ပြိုင်ပြီးတော့…”
“အထီးကျန်သိုင်းသခင်က ကောင်းကင်ဘုံကို ဖီဆန်ခဲ့တယ်... သူက ဒီနေ့သေရမယ်လို့ ကျုပ်ပြောပြီးပြီပဲ... ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး”
သူတော်စင်စွမ်းအားကောင်းကင်ဘုံက တောင်အကြီးအကဲ၏ စကားကို မေးခွန်းမထုတ်နိုင်သော လေသံဖြင့် ကြားဖြတ်ပြောလိုက်၏။
တောင်အကြီးအကဲက ခါးသက်စွာ ပြုံးလိုက်၏။
“အရင်တုန်းက သူလုပ်ခဲ့တာက... သူက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလိုပြီး တခြားရွေးချယ်စရာ မရှိခဲ့လို့ပဲ”
သူတော်စင်မီးတောက်ကောင်းကင်ဘုံက ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်မရှည်နိုင်ဖြစ်လာပြီး အော်ငေါက်လိုက်၏။
“အဘိုးကြီး... သိပ်ပြီးတော့ အတင်ရဲမလာနဲ့... ကျုပ်တို့က ခင်ဗျားကို လုံလောက်တဲ့ မျက်နှာသာ ပေးထားပြီးပြီ... ကိုယ့်အကန့်အသတ် ကိုယ်သိ”
တောင်အကြီးအကဲ၏ အမူအရာက ခါးသက်သွားပြီး သူက လေးတွဲ့စွာ သက်ပြင်းချလိုက်၏။
“အို... ဘယ်လောက် အထင်ကြီးဖို့ကောင်းလိုက်လဲ”
ထိုစဉ်မှာပင် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။
နောက်ခဏ၌ နှင်းဖြူရောင်အဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှာ ဆင်းသက်ရောက်ရှိလာသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ဘုံကိုးလွှာ သူတော်စင်များကိုပင် ခပ်ရေးရေး ဖိနှိမ်နိုင်သည့် စွမ်းအားကြီးမားသော သူတော်စင်စွမ်းပကားတစ်ခုကို ထုတ်ဖော်ထားလေသည်။
“ယောင်ရွှယ်လား”
ဆူဇီမိုက ဝင်ရောက်လာသူကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။
“အား…”
လေဟာနယ်အချိန် တားမြစ်ကုန်းမြေ၏ မျိုးနွယ်စုတစ်သောင်းမှ အဓိပတိသာလွန်သူများသည် သူတော်စင်ကူယောင်၏ အစစ်အမှန်ပုံစံကို တွေ့မြင်သောအခါ တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
သူတို့သည် ဤပညာရှင်များကို ခါတိုင်းလိုဆို ဘယ်လိုလုပ် တွေ့မြင်ခွင့်ရနိုင်ပါ့မလဲ။
ဒါ့အပြင် ဤပုဂ္ဂိုလ်သည် ဒဏ္ဍာရီများစွာ ရှိထားသော သူတော်စင်ကူယောင် ဖြစ်လေသည်။
မဟာကမ္ဘာတစ်ထောင်လောကမှာ သူတော်စင်ကူယောင်သည် မွေးဖွားလာကတည်းက နတ်ဘုရားမအဖြစ် ကျော်ကြားခဲ့လေသည်။ သူမနှင့် တွေ့ဆုံခွင့်ရခဲ့သူ မည်သူမဆို သူမကို မေ့ပျောက်သွားလိမ့်မည် မဟုတ်ပေ။
သူမသည် သူမ၏ ချောမောလှပမှုမှာ အနှိုင်းမဲ့ပြီး ပြိုင်ဘက်ကင်းသည်ဟု အခိုင်အမာပြောဆိုသောလူများပင် ရှိလေသည်။
“တာအိုရောင်းရင်းကူယောင်…”
ကောင်းကင်ဘုံကိုးလွှာ သူတော်စင်များသည် သူတော်စင်ကူယောင်၏ စိမ်းသက်သောလေသံကို ကြားသောအခါ သူတို့သည် သူမ၏ ရည်ရွယ်ချက်ကို မသိရဘဲ သူတို့၏ လက်နှစ်ဖက်ကို ယှက်ကာ အလောတကြီး နှုတ်ဆက်လိုက်ကြ၏။ သူတို့က လျစ်လျူရှုရဲခြင်း မရှိပေ။
သူတော်စင်ဟင်္သပဒါးကောင်းကင်ဘုံနှင့် သူတော်စင်မီးတောက်ကောင်းကင်ဘုံသည် သူတော်စင်ကူယောင်အပေါ် လေးစားမှုအရိပ်အယောင်တစ်ခုကို ထုတ်ဖော်ကာ အနည်းငယ်ဦးညွှတ်လိုက်၏။
သူတော်စင်များကြားမှာပင် ခွန်အားနှင့် အဆင့်အတန်း ကွာဟချက် ရှိနေလေသည်။
သူတော်စင်ဟင်္သပဒါးကောင်းကင်ဘုံနှင့် သူတော်စင်မီးတောက်ကောင်းကင်ဘုံတို့ နှစ်ယောက်စလုံးသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ဖြစ်သည်။
သူတော်စင်ကူယောင်ကတော့ သူတော်စင်အရှင် ဘိုးဘေးမီး၏ သမီးတော် ဖြစ်လေသည်။
“နင်တို့ စောစောက ဘယ်သူ့ကို အဘိုးကြီးလို့ ခေါ်နေတာလဲ”
သူတော်စင်ကူယောင်၏ အကြည့်က သူတော်စင်မီးတောက်ကောင်းကင်ဘုံ၏ မျက်နှာပေါ် ရွေ့လျားရောက်ရှိသွားပြီး သူမက မှင်သေသေဖြင့် မေးလိုက်၏။
“သူ... သူ့ကိုပါ”
သူတော်စင်မီးတောက်ကောင်းကင်ဘုံက မလုံမလဲခံစားနေရပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။
ဖြောင်း…
ရုတ်တရက် သူတော်စင်ကူယောင်သည် သူမ၏ လက်ကိုမြှောက်ပြီး သူတော်စင်မီးတောက်ကောင်းကင်ဘုံ၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။ သူက ဒယီးဒယိုင် ဖြစ်သွားလေသည်။
မျိုးနွယ်စုတစ်သောင်းက အုန်းအုန်းကျက်ကျက် ဖြစ်သွား၏။
သူတော်စင်မီးတောက်ကောင်းကင်ဘုံက တုံ့ပြန်နိုင်ခြင်းပင် မရှိဘဲ နေရာမှာတင် ငေးငိုင်စွာဖြင့် မတ်တတ်ရပ်နေ၏။
“ခင်ဗျား…”
သူတော်စင်မီးတောက်ကောင်းကင်ဘုံသည် ငေးငိုင်ရာကနေ သတိပြန်ကပ်လာပြီး တုန်လှုပ်မှုနှင့် အမျက်ဒေါသနှင့်အတူ သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်လာ၏။
သူသည် ထိုရိုက်ချက်ကနေ ဒဏ်ရာရရှိမသွားသော်လည်း မျိုးနွယ်စုတစ်သောင်းရှေ့မှာ ထိုသို့ပြုမူခံရခြင်းသည် သူ့ကို သတ်ဖြတ်သည်ထက် ပို၍ပင် ဆိုးဝါးလေသည်။
သူတော်စင်ကူယောင်၏ သရုပ်သကန်ကြောင့် မဟုတ်လျှင် သူတော်စင်မီးတောက်ကောင်းကင်ဘုံက တိုက်ခိုက်မိပေလိမ့်မည်။
“နင့်ကိုယ်နင် ဘယ်သူထင်နေလို့လဲ... နင် သူ့ကို ဘယ်လိုတောင် ရိုင်းရိုင်းပျပျ ပြောဆိုရဲတာလဲ”
သူတော်စင်ကူယောင်က သူတော်စင်မီးတောက်ကောင်းကင်ဘုံကို မှင်သေသေဖြင့် ကြည့်ပြီး သူမ၏ လေသံက အေးစက်လာ၏။
သူတော်စင်မီးတောက်ကောင်းကင်ဘုံ၏ အမူအရာက ညိုမည်းသွားပြီး သူက သူတော်စင်ကူယောင်ကို အတန်ကြာအောင် စိုက်ကြည့်ပြီးမှ နောက်ဆုံး ခေါင်းငုံ့လိုက်လေသည်။ သူသည် အံကိုကြိတ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ကျုပ် ရိုင်းပျမိခဲ့ပါတယ်”
မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များသည် ထိုမြင်ကွင်းကိုကြည့်ပြီး တိတ်တဆိတ် ဆွံ့အသွားကြ၏။
သူတို့နှစ်ယောက်စလုံးက သူတော်စင်များဖြစ်သော်လည်း သူသည် အများသူငါရှေ့မှာ သူမထံမှ ဤကဲ့သို့ အရှက်ခွဲမှုကို ကြိတ်မှိတ်ခံစားရလေသည်။
မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များသည် သူတော်စင်ကူယောင်၏ စီးပိုးခြယ်လှယ်မှုမှာ တုန်လှုပ်သွားကြ၏။
အခြားသော ကောင်းကင်ဘုံကိုးလွှာ သူတော်စင်များက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က နှုတ်ဆိတ်နေပြီး သူတော်စင်မီးတောက်ကောင်းကင်ဘုံအတွက် ရှေ့ထွက်ရပ်တည်ပေးခြင်း မရှိပေ။
အခြားသူများက သိချင်မှ သိကြပေလိမ့်မည်။ သို့သော်လည်း သူတော်စင်ကူယောင်၏ အဆင့်အတန်းနှင့် ခွန်အားအပေါ် သတိထားခြင်းအပြင် သူတော်စင်မီးတောက်ကောင်းကင်ဘုံသည် တုံ့ပြန်တိုက်ခိုက်ရဲခြင်းမရှိသည့် အကြောင်းရင်းမှာ မျိုးဆက်သွေးဖိနှိမ်မှုတစ်ရပ်ကြောင့် ဖြစ်သည်ကို သူတို့တချို့က ရင်ထဲမှာ သိရှိထားကြ၏။
သူတော်စင်မျိုးနွယ်အပြင် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ အခြားမျိုးနွယ် သုံးမျိုးရှိလေသည်။
ဟင်္သပဒါးငှက်၊ မီးတောက်နှင့် ဖီးနစ်။
သူတော်စင်ကူယောင်သည် လောကမှာ မွေးဖွားလာသည့် ပထမဆုံး မီးတောက်မျိုးနွယ် ဖြစ်သည်။
သူတော်စင်မီးတောက်ကောင်းကင်ဘုံမှာလည်း မီးတောက်မျိုးနွယ်၏ မျိုးဆက်သွေး ရှိလေသည်။ သူတော်စင်ကူယောင်၏ရှေ့မှာ အလိုအလျောက် မျိုးဆက်သွေးဖိနှိမ်မှုတစ်ရပ် ရှိနေပေလိမ့်မည်။
သူတော်စင်ကူယောင်က တောင်အကြီးအကဲကို လှည့်ကြည့်လိုက်၏။ သူမ၏ အစက အေးစက်နေသော အကြည့်က တဖြည်းဖြည်း နူးညံ့ပျော့ပျောင်းသွား၏။
“ဦးလေးကူ…”
သူတော်စင်ကူယောင်က တောင်အကြီးအကဲကို ဦးညွှတ်လိုက်၏။
သူတော်စင်ကူယောင်သည် လေးစားမှု၊ ရင်းနှီးမှုနှင့် သနားကရုဏာသက်မှု အငွေ့အသက်တစ်ခုနှင့်အတူ တောင်အကြီးအကဲကို ကြည့်နေ၏။ အဲဒါက တွေဝေရှုပ်ထွေးသော အကြည့်တစ်ခု ဖြစ်လေသည်။
သူ၏ ယခင်ဘဝမှာပင် ယောင်ရွှယ်က တစ်ယောက်ယောက်အပေါ် ဤကဲ့သို့ အမူအရာတစ်ခု ထုတ်ဖော်သည်ကို ဆူဇီမို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။
“ဦးလေးကူလား”
သူတော်စင်ကူယောင်နှင့် တောင်အကြီးအကဲကြားမှာ မည်ကဲ့သို့သော ဆက်ဆံရေး ရှိနေတာလဲ။
တောင်အကြီးအကဲ၏ အဆင့်အတန်းက တကယ်ပဲ ဤမျှအထိ မြင့်မားနေတာလား။
ဆူဇီမိုက တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်၏။
“အဲဒီသူတော်စင်က ထျန်ဟွမ်ကုန်းမြေတိုက်က ရှင့်ရဲ့လူယုံတစ်ဦး ဖြစ်ခဲ့တဲ့ပုံပဲ”
ထိုစဉ်မှာပင် တျဲယွဲ့က ရုတ်တရက် အသံတစ်ခု ပို့လွှတ်ကာ မေးလိုက်၏။
ဆူဇီမိုက ခါးသီးစွာ ပြုံးလိုက်၏။
“ငါ့ရဲ့ အရင်ဘဝက ကျိယောင်ရွှယ်က သူတော်စင်ကူယောင်ရဲ့ အိပ်မက်တစ်ခုပဲ... သူက အဲဒါကို မေ့ပျောက်သွားတာ ကြာခဲ့ပြီ”
ဆူဇီမိုက တျဲယွဲ့ကို အတိုချုံး ရှင်းပြလိုက်၏။
တကယ်တမ်းမှာလည်း သူတော်စင်ကူယောင်သည် ပေါ်ထွက်လာပြီးကတည်းက ဆူဇီမိုကို တစ်ချက်ပင် တကယ်မကြည့်ခဲ့ပေ။
တောင်အကြီးအကဲက သူတော်စင်ကူယောင်ကို ကြည့်ပြီး သူ၏ မြင်ကွင်းက တဖြည်းဖြည်း ဝေဝါးသွားလေသည်။ ငေးငိုင်စွာဖြင့် သူ၏ ရှေ့မှာ နောက်ထပ် လူတစ်ယောက်၏ ပုံပန်းသဏ္ဌာန်က ပေါ်ထွက်လာသည့်အလားပင်။
“အာရွှမ်…”
နက်ရှိုင်းသော မျှော်လင့်တောင့်တမှုက သူ၏ ရင်ထဲမှာ တလိပ်လိပ်ထိုးတက်လာပြီး တောင်အကြီးအကဲသည် အလွန်တရာ စိတ်ခံစားချက်မြင့်မားလာ၏။ သူက ညင်သာစွာ တီးတိုးရေရွတ်လိုက်မိလေသည်။
ထို့နောက် သူသည် ငေးငိုင်ရာကနေ သတိပြန်ကပ်လာပြီး သူတော်စင်ကူယောင်ကို ကြည့်လိုက်၏။ သူက သူ၏ခေါင်းကို ညင်သာစွာခါပြီး ခါးသီးစွာ ခံစားနေရ၏။ သို့သော်လည်း သူက ကြိုးစား၍ ပြုံးပြလိုက်၏။
“ကူယောင်... မင်းရောက်လာတာပဲ။”