ဆီမီးဖိုင်နယ်ပွဲစဉ်၏ ပထမပွဲ
Vol. 53 Ch. 781
“အမေရိကန် အနိုင်ရ”
ဒိုင်လူကြီး ကြေညာလိုက်သည်နှင့် ပထမပွဲ ပြီးဆုံးသွားသည်။
အနိုင်ရ အုပ်စုတွင် နိုင်ငံလေးခု ပါဝင်သည်။ တရုတ်၊ အမေရိကန်၊ အင်္ဂလန်နှင့် ဂျပန်နိုင်ငံတို့ ဖြစ်သည်။
ရှုံးနိမ့်သော အုပ်စုတွင် နိုင်ငံလေးခု ပါဝင်သည်။ ဂရိ၊ အိန္ဒိယ၊ ကိုရီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ ဖြစ်သည်။
ထို့နောက်တွင် အနိုင်ရသော အဖွဲ့များသည် ထိပ်ဆုံး လေးနေရာ၏ တိကျသော အဆင့်သတ်မှတ်ချက်များကို ဆုံးဖြတ်ရန် အခြား အနိုင်ရ အဖွဲ့များနှင့် တိုက်ခိုက်ကြရပေမည်။ ရှုံးနိမ့်သော အဖွဲ့များသည် အောက်ဆုံး လေးနေရာ၏ အဆင့်များကို ဆုံးဖြတ်ရန် အချင်းချင်း ပြန်လည် တိုက်ခိုက်ကြရမည်။
တိုက်ပွဲ ပြီးဆုံးသည့်နောက်တွင် လူတိုင်းသည် မနေ့ကကဲ့သို့ စင်ပေါ်မှ မထွက်ခွာတော့ပေ။
နောက်တစ်ဆင့်သည် ဒုတိယအဆင့် မဲနှိုက်ခြင်း ဖြစ်သည်။ အနိုင်ရသူနှင့် ရှုံးနိမ့်သူတို့သည် အသီးသီး မဲနှိုက်ကြရမည်။
စင်အောက်၌။
ထျဲကျွင့်က တည်ငြိမ်စွာ ပြောလာသည်။
“တိုက်ပွဲ နှစ်ပွဲပဲ ကျန်တော့တယ်။ မင်း ပထမပွဲ အနိုင်ရရင် ဗိုလ်လုပွဲဝင်ပြီး ပထမနေရာအတွက် တိုက်ခိုက် ရမယ်။ ပထမပွဲ ရှုံးရင်တော့ တတိယ ဒါမှမဟုတ် စတုတ္ထနေရာ အတွက်ပဲ တိုက်ခိုက်ရလိမ့်မယ်။
“နိုင်ငံ သုံးခုထဲမှာ အင်္ဂလန်က ပါဝင်သူတွေ အားလုံးလိုလို မသန်စွမ်း ဖြစ်သွားပြီ။ သူတို့က အခု အားအနည်းဆုံးပဲ၊ သူတို့နဲ့ မဲပေါက်ရင် လွယ်ကူတဲ့ အောင်ပွဲ ဖြစ်လိမ့်မယ်”
“အမေရိကန်က ဂျာမနီနဲ့ တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့ ခွန်အား အများစုကို ထိန်းသိမ်း ထားနိုင်တယ်။ မူလစိတ်ဝိညာဉ် အလယ်အလတ် အဆင့် နှစ်ယောက်တောင် ပြိုင်ပွဲမှာ မပါခဲ့ဘူး”
“ဂျပန်နိုင်ငံကို ပြောရရင် ဇိုကာဝါက သူ့ရဲ့ အမြင့်ဆုံး အခြေအနေမှာ ရှိနေတုန်းပဲ။ သူ့ရဲ့ စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ်က အရမ်း ကြောက်စရာ ကောင်းပြီး သူ့ရဲ့ တိုက်ပွဲဝင်ခွန်အားက ထူးခြားတယ်”
စွန်းဟုန်ထောင်က ဆက်ပြောသည်။
“နိုင်ခြင်း၊ ရှုံးခြင်းက ဒုတိယပဲ၊ အင်္ဂလန်နဲ့ မဲပေါက်တဲ့ နိုင်ငံက ဆုံးရှုံးမှုကို အနည်းဆုံး ထိန်းသိမ်း ထားနိုင်လိမ့်မယ်။ ဒါက ပထမနေရာ အတွက် တိုက်ပွဲမှာလည်း တော်တော်လေး အကျိုးရှိလိမ့်မယ်”
“ဒါကတော့ ကံပေါ် မူတည်လိမ့်မယ်”
ချန်ရှောင်ရှောင်က ညင်သာစွာ သက်ပြင်းချ လိုက်သည်။
အင်္ဂလန်နိုင်ငံသည် ဆွဲဆောင်မှုရှိသော ရွေးချယ်မှု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ၎င်းနှင့် မဲကျသူသည် အနိုင်ရရုံသာမက ပထမနေရာအတွက်ပါ တိုက်ခိုက်ရန် အခွင့်အရေး ရရှိမည်။
တရုတ်သည် အမေရိကန် သို့မဟုတ် ဂျပန်နှင့် မဲကျပါက အနိုင်ရရန် အခွင့်အရေး အတော်လေး မြင့်မားမည် ဖြစ်သော်လည်း ၎င်းသည် သူတို့ကို ပင်ပန်းစေမည်မှာ သေချာပြီး နောက်ပွဲအတွက် ခက်ခဲစေလိမ့်မည်။
“အခုအချိန်မှာ ငါတို့မှာ အင်အား အများဆုံး ကျန်နေတယ်။ ရဲ့လင်းချန်က ဒဏ်ရာ မရှိဘူး၊ ချန်ရှောင်ရှောင်နဲ့ လင်းရှီက စင်ပေါ်ကို မတက်ရသေးဘူး။ ဒါ့အပြင် ကျင့်ရှန်မှာလည်း တိုက်ခိုက်ဖို့ ခွန်အား ကျန်နေသေးတယ်။ ပထမနေရာ အနိုင်ရဖို့ ဖြစ်နိုင်ခြေက အများဆုံးပဲ”
ထျဲကျွင့်က ပြောသည်။
“ဒီတစ်ကြိမ် ရဲ့လင်းချန်က တက်ပြီး မဲနှိုက်လိမ့်မယ်။ ငါတို့ရဲ့ ပြိုင်ဘက်တွေ ဘယ်သူတွေ ဖြစ်မလဲဆိုတာ ကြည့်ကြစို့”
စွန်းဟုန်ထောင်က ပြောလိုက်သည်။
တရုတ်အပြင် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။ သူတို့၏ မျက်လုံး များသည် အဓိကအားဖြင့် တရုတ်ကိုသာ အာရုံစိုက် နေကြသည်။ တရုတ်၏ ကျန်ရှိနေသောသည် ခွန်အားသည် အားအသာဆုံး ဖြစ်ပြီး ရဲ့လင်းချန်က သူတို့ကို ဖိအားများစွာ ပေးနေသည်။
ယခင်က နိုင်ငံ တစ်နိုင်ငံချင်းစီ၏ အင်အားကို မသိကြသဖြင့် သူတို့ မဲနှိုက်ရာတွင် အရေးမကြီးပေ။ သို့သော် ယခု သူတို့ ခန့်မှန်းချက် ရှိလာသောကြောင့် သူတို့၏ ပြိုင်ဘက်များနှင့်ပတ်သက်၍ စတင် စိုးရိမ်လာကြသည်။
ထိုအခိုက်အတန့်တွင် ဝူထျန်းပေါင်က ရုတ်တရက် ကျယ်လောင်စွာ ကြေညာလေသည်။
“လူတိုင်း ဘာလို့ ဒီမှာ ဆက်နေနေလဲဆိုတာ သိမယ်လို့ ထင်ပါတယ်။ အကြာကြီး မပြောဘဲ ဒိုင်လူကြီး ငါးဦးကို လူတိုင်းအတွက် မဲနှိုက်ခြင်းကို စီစဉ်ရန် စင်ပေါ်သို့ ဖိတ်ခေါ်ပါရစေ”
စင်အောက်တွင် ပြိုင်ပွဲဝင်များ ဖြစ်စေ၊ အဖွဲ့ခေါင်းဆောင်များဖြစ်စေ သူတို့၏ နှလုံးသားများသည် တဒိတ်ဒိတ် ခုန်လျှက် ရှိသည်။ ပထမအကြိမ် မဲနှိုက်ခဲ့သည့် အတွေ့အကြုံကြောင့် လူတိုင်းသည် လုပ်ငန်းစဉ်နှင့် ရင်းနှီး နေကြသည်။
အနိုင်ရသော နိုင်ငံများနှင့် ရှုံးနိမ့်သော နိုင်ငံများဟူ၍ အုပ်စုနှစ်ခုအဖြစ် ခွဲထားသည်။
“ငါတို့ အင်္ဂလန် အဖွဲ့ကို ရရမယ်”
ကျင့်ရှန်သည် ပြန်၍ ဆုတောင်းခြင်းကို စတင်လိုက်သည်။
လက်ရှိတွင် အင်္ဂလန်သည် အနိမ့်ဆုံး အခက်အခဲဖြင့် အသင်းအားလုံးထက် အားအနည်းဆုံး အသင်း ဖြစ်နေသည်မှာ သေချာသည်။
တရုတ်သည် အင်္ဂလန်ကို မဲပေါက်နိုင်ပြီး အမေရိကန်သည် ဂျပန်နိုင်ငံနှင့် တိုက်ခိုက်လျှင် တရုတ်သည် နံပါတ်တစ် ဖြစ်လာမည်မှာ သေချာသည်။
ကျင့်ရှန်သာမက အခြားနိုင်ငံများမှ လူများသည်လည်း ဆုတောင်းနေကြသည်။
ရဲ့လင်းချန်သည် သူရှေ့ရှိ ဖောက်ထွင်းမြင်ရသော သေတ္တာကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး လျှောက်သွာကာ တည်ငြိမ်စွာ တစ်ခု ယူလိုက်သည်။
အခြားသူများလည်း တစ်ခုစီ ကောက်ယူလိုက်သည်။
နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားသည်။ လူတိုင်းသည် နောက်ပွဲကို မျှော်လင့်နေကြသည်။
...
“အင်္ဂလန်၊ အင်္ဂလန်”
ရဲ့လင်းချန်၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ပြိုင်ပွဲဝင်များသည် ပြိုင်တူ ရေရွတ်နေကြသည်။ ဘယ်သူက မနိုင်ချင်ဘဲ နေမည်နည်း။
အင်္ဂလန် အဖွဲ့၏ မျက်နှာ မည်းမှောင်သွားသည်။ သူတို့သည် မလိုမုန်းထားသော အကြည့်ဖြင့် သုံးဦးလုံးကို စိုက်ကြည့် နေကြပြီး သူတို့၏ စိတ်ထဲ၌ ရန်လိုမှုတို့နှင့် ပြည့်နှက်လာသည်။
*ချီးပဲ၊ ဒါ လွန်လွန်းတယ်*
သူတို့ စကားပြောနေစဉ်တွင် ဝူထျန်းပေါင်သည် စကားစလာပြီး သူ၏အသံသည် လူတိုင်း၏ နားသို့ ရောက်ရှိသွားသည်။
“အနိုင်ရ အုပ်စုက အရင်ဆုံး တိုက်ခိုက်ရပါမယ်”
“ပထမ အကျော့၊ တရုတ်နဲ့ ဂျပန်”
“ဒုတိယ အကျော့ အမေရိကန်နဲ့ အင်္ဂလန်”
“တတိယ အကျော့ ဂရိနဲ့ ကိုရီးယားနိုင်ငံ”
“စတုတ္ထ အကျော့ အိန္ဒိယနဲ့ ဂျာမနီ”
“မနက်ဖြန် မနက် ၈ နာရီ တိတိမှာ ဆီမီးဖိုင်နယ်တွေ တရားဝင် စတင်ပါလိမ့်မယ်”
...
“ငါတို့ရဲ့ ပြိုင်ဘက်က ဂျပန်နိုင်ငံပဲ”
စွန်းဟုန်ထောင် အနည်းငယ် မျက်မှောင်ကြုတ်နေသည်။
“ချီးပဲ၊ အမေရိကန်က လိမ်နေတာ၊ ဟုတ်တယ်မလား၊ သူတို့ လှည့်စားနေတာ သေချာတယ်”
ကျင့်ရှန်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်သည်။
“ပထမတော့ သူတို့ အားအနည်းဆုံး ဂျာမနီနဲ့ မဲပေါက်တယ်၊ အခု သူတို့ အင်္ဂလန်နဲ့ မဲပေါက်တယ်။ ဒါက အရမ်းကို ချောမွေ့လွန်းတာပဲ၊ ဒေါသထွက်စရာ ကောင်းလိုက်တာ”
“ပါးစပ်ပိတ်ထား၊ အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင် ငါးဦးက ဘယ်တော့မှ လိမ်ညာမှာ မဟုတ်ဘူး”
စွန်းဟုန်ထောင်က ချက်ချင်း ဆူပူလိုက်သည်။
လူတိုင်း မသက်မသာ ဖြစ်သော်လည်း အမေရိကန်၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော ကံကိုသာ မနာလို ဖြစ်နိုင်ကြသည်။
“မနက်ဖြန် ဂျပန်နိုင်ငံနဲ့ ရင်ဆိုင်ရတော့မှာဆိုတော့ လက်ရှိ အခြေအနေကို လေ့လာကြတာပေါ့”
စွန်းဟုန်ထောင်သည် ခဏတာ စဉ်းစားပြီး ဆက်ပြောသည်၊
“ဂျပန်နိုင်ငံမှာ ဇိုကာဝါက အမြင့်ဆုံး အခြေအနေမှာ ရှိနေပြီးတော့ စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ် ရှိတယ်၊ သူ့ရဲ့ တိုက်ပွဲဝင် ခွန်အားက အရမ်း မြင့်မားတယ်။ တခြား ခြိမ်းခြောက်မှုကတော့ အာဆို ဖြစ်လိမ့်မယ်”
အာဆိုကို ပြောလိုက်သောအခါ ရဲ့လင်းချန်နှင့် အခြားသူများ၏ စိတ်များ လေးလံသွားသည်။ ထိုအခါမှသာ သူတို့သည် ဂရိနှင့် နောက်ဆုံး တိုက်ပွဲကို သတိရသွားကြသည်။ ထိုလူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပြောင်းလဲ သွားပြီး သူ၏ ခွန်အား တဟုန်ထိုး တက်သွားခဲ့သည်။ သူသည် ထိုကဲ့သို့ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
သူ ဒဏ်ရာရခဲ့သော်လည်း သူ၏ ဒဏ်ရာများသည် အပေါ်ယံ ဖြစ်သည်။ ထို့အပြင် သူ ပြောင်းလဲနိုင်သောကြောင့် သူ၏ ခြိမ်းခြောက်မှုသည် ဇိုကာဝါထက် မနိမ့်ပေ။
“လခွမ်း”
ကျင်းရှန်သည် မကျိန်ဆဲဘဲ မနေနိုင် ဖြစ်ခဲ့သည်။
“ဂျပန်နိုင်ငံက တကယ့်ကို သားရဲပဲ၊ သူတို့ ဇိုကာဝါကို ဘေးကင်းစေဖို့ ပြိုင်ပွဲမှာ ဝင်ရောက် နှောင့်ယှက်ခဲ့တယ်။ သူတို့ လူ့ကိုယ်ခန္ဓာ ဖွဲ့စည်းပုံကိုတောင်မှ ပြောင်းလဲခဲ့တာ။ သူတို့ ရူးနေကြတာပဲ၊ အမေရိကန်ကတော့ အကြီးအကျယ် ကံကောင်းတဲ့ ငကြောင်တွေပဲ”
ထိုသို့ဆိုလျှင် ဂျပန်နိုင်ငံက ပြဿနာကြီး ဖြစ်လာပေမည်၊ အောင်ပွဲရပြီးနောက် သူတို့ အမေရိကန်ကို ထပ်တိုက် ရမည်ကို ပြောစရာပင် မလိုတော့ပေ။ သူတို့ ပထမနေရာ ရရှိရန် အလွန် ခက်ခဲလိမ့်မည်။
“ကျွန်တော်တို့ ပထမနေရာ ရရမယ်။ ကျွန်တော် ပထမဆုံး စင်ပေါ်တက်မယ်”
ရဲ့လင်းချန်က ဆန္ဒအလျောက် ပြောလိုက်သည်။
ပထမနေရာ ရယူခြင်းဖြင့်သာ ဆန်းကြယ်ကျွန်းကို သိုင်းသင်တန်းကျောင်း ဖွင့်လှစ်ရန် ခွင့်ပြုမည်ဖြစ်သည်။ ထိုအခါမှသာ သူသည် ဆန်းကြယ်ကျွန်းကို သိုင်းပညာ၏ မြင့်မြတ်သော မြေအဖြစ် ပြောင်းလဲပြီး ဟင်းလင်းပြင်နယ်မြေကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။ ဆန်းကြယ်ကျွန်းအနီးတွင် ငရဲတံခါး ရှိနေခြင်းကြောင့် ၎င်းသည် လုပ်ဆောင်ရမည့် အရာ ဖြစ်သည်။ ပထမနေရာ ရယူခြင်းသည် စစ်သည်တော်ဌာန၏ ပံ့ပိုးမှုကို ရရှိရန် သော့ချက် ဖြစ်လိမ့်မည်။
“မလုပ်နဲ့”
ထျဲကျွင့်နှင့် စွန်းဟုန်ထောင်တို့က သူ့ကို တစ်ပြိုင်တည်း ငြင်းပယ်လိုက်သည်။
စွန်းဟုန်ထောင်က ပြောသည်၊။
“ငါတို့ရဲ့ ဝှက်ဖဲအနေနဲ့ မင်း ခွန်အားကို ချွေတာရမယ်။ နည်းနည်းလေးမှ ချွတ်ချော်လို့ မရဘူး။ မင်း ပြိုင်ဘက် တွေကို အခြားသူများနဲ့ အရင် အားကုန်စေပြီးမှ မင်း တက်သွားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် တစ်ခုခု မှားယွင်း သွားရင်တောင် ငါတို့ နောက်ပိုင်း အမေရိကန်နဲ့ တိုက်ခိုက်တဲ့အခါ ပြဿနာကြီး ဖြစ်သွားလိမ့်မယ်”
တရုတ်၏ ပန်းတိုင်သည် နံပါတ်တစ် ဖြစ်ရန် ဖြစ်သည်။ အမေရိကန်၏ ခွန်အားသည် လက်ရှိတွင် အလွန် ကောင်းမွန်နေဆဲ ဖြစ်သည်။ သူတို့ အင်္ဂလန်နှင့် တိုက်ခိုက်လျှင်တောင်မှ သူတို့၏ခွန်အားက များများစားစား ကုန်ခမ်းသွားမည် မဟုတ်ပေ။ တရုတ်သည် ဂျပန်နိုင်ငံနှင့် တိုက်ပွဲတွင် အလွန် ကြီးမားစွာ ဆုံးရှုံးခဲ့လျှင် ပထမနေရာ ရရန် မဖြစ်နိုင်တော့ပေ။
ရဲ့လင်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ကျွန်တော် မတက်ရဘူးလား”
“ဇိုကာဝါနဲ့ အာဆိုကလွဲရင် ဂျပန်မှာ ကျန်တဲ့ လူသုံးယောက်က တိုက်ပွဲဝင်ခွန်အား လုံးဝ မရှိဘူး။ စဉ်းစားနေစရာ မလိုဘူး၊ ပြီးတော့ အာဆိုရဲ့ မျိုးရိုးဗီဇ ပြောင်းလဲထားတဲ့ ခွန်အားကို စမ်းသပ်နိုင်ရင် အကောင်းဆုံးပဲ”
စွန်းဟုန်ထောင်က ပြောသည်။
“ကျွန်တော် အရင် တက်မယ်”
ကျန်းတလီက ရုတ်တရက် ပြောလိုက်သည်။
“ကျွန်တော် ပြိုင်ဘက်ကို တတ်နိုင်သမျှ အားကုန်စေဖို့ ခဏလေး ဆက်ထိန်းထားနိုင်ပါတယ်”
“အသုံးမဝင်ဘူး”
ရဲ့လင်းချန်က ခေါင်းခါလိုက်သည်။
“ဇိုကာဝါမှာ စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ် ရှိတယ်။ မင်း သူ့ကို အားကုန်အောင် လုပ်တာက အသုံးမဝင်ဘူး၊ မင်း ဘယ်လိုမှ အထောက်အကူ မပြုနိုင်ဘူး။ အဲ့ဒါအပြင် မင်းရဲ့ ဒဏ်ရာတွေ ပိုဆိုးလာလိမ့်မယ်”