သွေးကြောမှတ် လည်ပတ်မှု၊ ခန္ဓာကိုယ်မှ ဝိညာဥ်ထွက်ခွာခြင်း
Vol. 18 Ch. 256
ဗွီ !!!
စံအိမ်အတွင်း၌ စူးရှရှ အလင်းတန်းတစ်ခု ပေါ်ထွက်နေလျက်ရှိသည်။
ချက်ချင်းဆိုသလိုပင် မီးကျည်တစ်ခု ပေါက်ကွဲသွားသကဲ့သို့ အစွမ်းထက် စွမ်းအင်လှိုင်းလုံးတစ်ခု လွှမ်းခြုံလာခဲ့သည်။
ဂရုတစိုက် ကြည့်ရှုမည်ဆိုပါက အဆိုပါ လှိုင်းလုံး၏ အရင်းအမြစ်က အဖြူဝတ်လူငယ်လေးတစ်ဦးဆိုသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
သို့သော် ထိုအချိန်၌ အဆိုပါ လူငယ်လေး၏ နဖူးပေါ်တွင် ချွေးများဖြင့် စိုရွှဲနေပြီး၊ အံတကြိတ်ကြိတ်ဖြစ်နေခဲ့ကာ သူသည် အရေးကြီးသော အဆင့်ထိုးဖောက်မှုကို ပြုလုပ်နေပုံရသည်။
“ဝုန်းးး !! “
“ဝုန်းးး !! “
“ဝုန်းးး !! “
သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်လှိုင်းလုံးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အပြင်သို့ပင် ကြမ်းကြမ်းတမ်းတမ်း ပျံ့ပွင့်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းလုံးများသည် ပတ်ပတ်လည်ရှိ မြေပြင်ကို စတင်၍ လှုပ်ခါလာစေခဲ့သည်။
အကယ်၍ သတ္တမအဆင့်အထက်မှ အစွမ်းထက် လေ့ကျင့်ရေးဆရာတစ်ဦးဦး ရှိနေခဲ့မည်ဆိုပါက လူငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် တံခါးပေါက်တစ်ခု ပွင့်သွားပုံရသည်ကို မြင်တွေ့လိုက်ရသည့်အတွက် အံ့ဩတုန်လှုပ်သွားကြမည် ဖြစ်သည်။
သွေးကြောမှတ်များဆီမှ အဆုံးမဲ့ စွမ်းအားများသည် တံခါးပေါက်မှတစ်ဆင့် ထွက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။
ရှုကျိုးကို ဗဟိုပြုကာ စူးရှရှ အလင်းတန်းများ ပေါ်ထွက်နေခဲ့သည်။
အဆိုပါ ဖြစ်စဥ်သည် နာရီဝက်တိတိ ကြာရှည်ခဲ့သည်။
နာရီဝက်ကြာခဲ့ပြီးသည့်နောက်
“ ဖူးးး “
ရှုကျိုးသည် လေးလေးပင်ပင် အသက်ရှူထုတ်လာခဲ့သည်၊ အပြင်သို့ စိမ့်ထွက်နေခဲ့သည့် စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ ပြန်လည်တိုးဝင်သွားခဲ့သည်။
“ ဆွစ်ရှ် ~~~ “
သူသည် မျက်လုံးများကို ဖွင့်ကာ အသာအယာ ရေရွတ်ပြောဆိုနေတော့သည်။
“ နောက်ဆုံးတော့ ၃၅၉ခုမြောက် သွေးကြောမှတ်ကို ဖွင့်နိုင်ခဲ့ပြီ၊ သွေးကြောမှတ်တွေကို ဖွင့်ရတာက ပိုပိုပြီးတော့ ခက်လာတာပဲ “
ရှုကျိုးသည် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးနေတော့သည်။
အလင်းတန်း ၃၅၉ခုသည် ကြယ်ရောင်စုံများနှင့် ပြည့်နှက်နေသည့် ကောင်းကင်ဘုံကဲ့သို့ တလက်လက် တောက်ပနေခဲ့သည်။
သွေးကြောမှတ်များ ပိုပွင့်လာလေလေ ၎င်းးတို့က ဖွင့်ရခြင်းက ပိုခက်လာလေလေပင် ဖြစ်သည်။
ရှုကျိုးက သွေးကြောမှတ် အခု၃၀၀မြောက်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် သွေးကြောမှတ်တစ်ခုကို ဖွင့်လှစ်ရန်အတွက် နေ့တစ်ဝက်အထိ အချိန်ယူခဲ့ရလေသည်။
၎င်းက သူ၏ကိုယ်ပွားကို ဉာဏ်အလင်းဆေး ကျွေးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်ဖြစ်ကြောင်းကို အမှတ်ရကြရမည်ဖြစ်သည်။
အကယ် သူကိုယ်တိုင် သောက်သုံးမည်ဆိုပါက အချိန်ပိုကြာနေလိမ့်မည် ဖြစ်သည်။
“ အရင်တုန်းကလိုမျိုး အမြန်နှုန်းနဲ့ဆိုရင် ငါက ပြိုင်ပွဲမစခင်မှာ သွေးကြောမှတ် အခု၃၆၀လုံး ဖွင့်နိုင်မှာ မဟုတ်ဘူး “
ရှုကျိုးမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ဒါပင်မဲ့ ငါ့ဆီမှာက အထူးဉာဏ်အလင်းဆေးရှိနေတယ် “
သူသည် ပန်းရောင် ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
၎င်းသည် ယခင်က ချန်းရှင်မှ သူ့ကို လက်ဆောင်ပေးခဲ့သည့် အထူးဉာဏ်အလင်းဆေးဖြစ်သည်။
အစပိုင်းတွင် ရှုကျိုးသည် ၎င်းကို မလိုအပ်ဘူးဟုသာ ထင်နေခဲ့သည်၊ သို့သော် သောက်သုံးလိုက်ပြီးသည့်နောက်တွင် သူသည် ၎င်း၏ အရေးပါမှုကို နားလည်သွားခဲ့သည်။
“ အထူးဉာဏ်အလင်းဆေးကို သောက်ခဲ့ပြီးတဲ့နောက်မှာ သွေးကြောမှတ် ဖွင့်တဲ့ ငါ့ရဲ့အမြန်နှုန်းက အနည်းဆုံး ဆယ်ဆလောက်တော့ တိုးလာခဲ့တယ် “
ရှုကျိုး၏ မျက်နှာပေါ်တွင် လွမ်းဆွတ်တမ်းတနေသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။
အထူးဉာဏ်အလင်းဆေးဖြင့် သူ၏သွေးကြောမှတ် ဖွင့်လှစ်သည့် အမြန်နှုန်းမှာ သိသိသာသာ တိုးတက်မြန်ဆန်လာခဲ့သည်။
ရက်ပိုင်းအတွင်းမှာပင် သူသည် သွေးကြောမှတ် အခု၅၀ကျော် ဖွင့်နိုင်ခဲ့သည်။
ယခု၌ သွေးကြောမှတ် အခု၃၆၀ပြည့်မြောက်ရန်အတွက် သွေးကြောမှတ် တစ်ခုသာလျှင် ကျန်နေတော့သည်။
“ ဒီအထူး ဉာဏ်အလင်းဆေးရဲ့ တန်ဖိုးက တော်တော်ကြီးကို တန်ဖိုးကြီးလောက်တယ် “ ရှုကျိုးသည် သူ့လက်ထဲရှိ ဆေးပုလင်းကို ကြည့်ကာ ချန်းရှင်ကို တွေးမိသွားခဲ့သည်။
“ ယန်တျန်ဒုံ ….. “
ရှုကျိုး၏ မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အမြွက်များ ဖြစ်ပေါ်လာခဲ့သည်၊ သို့သော် သူသည် သူ၏အတွေးများကို လျင်မြန်စွာ ဖိနှိပ်လိုက်သည်။
သူသည် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ထပ်မံ၍ ကြည့်ရှုလိုက်သည်၊ တံခါးပေါက်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည့်ပုံပင်။
အဆိုပါ သွေးကြောမှတ်များကို ဖွင့်လှစ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲသည် ကြီးမားသော အကျိုးအမြတ်များကို ယူဆောင်ပေးလာခဲ့သည်။
ယခင်ကကဲ့သို့ပင် သွေးကြောမှတ် တစ်ခုကို ဖွင့်လှစ်ခဲ့သည့် အချိန်တိုင်းတွင် ခန္ဓာကိုယ်အတွင်းပိုင်း၌ တံခါးပေါက်တစ်ခု ပေါ်လာမည် ဖြစ်သည်၊ သို့သော် ၎င်းမှာ ကိုယ်တွင်းအဂ်ါတို့၏ တံခါးပေါက်မဟုတ်ဘဲ သွေးကြောမှတ်တံခါးပေါက်သာလျှင် ဖြစ်သည်။
“ ငါက ဒီသွေးကြောမှတ် တံခါးပေါက်ကို ရှာတွေ့ခဲ့တဲ့ ပထမဦးဆုံး လူသားတစ်ယောက်ဖြစ်နေလောက်တယ် “ ဟုရှုကျိုးမှ တွေးတောနေတော့သည်။
တစ်ခြားလူများက သွေးကြောမှတ်များကို ဖွင့်လှစ်ရာတွင် မည်သည့်တံခါးပေါက်မှ ပေါ်လာလိမ့်မည် မဟုတ်ပေ။
လူသားတို့၏ခန္ဓာကိုယ်သည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး အဆုံးမဲ့ ရတနာများ ပါရှိနေတတ်သည်၊ အဆိုပါ ရတနာများသည် တံခါးပေါက်များ၏နောက်တွင် တည်ရှိသည်ဟုလည်း ဆိုကြသည်။
ပုံမှန်အားဖြင့် တံခါးပေါက်ကို ဖွင့်လှစ်ရန်အတွက် ကိုယ်တွင်း အဂ်ါတို့၏ တံခါးပေါက်များ ထင်ရှားပေါ်ပေါက်လာမည့် စတုတ္ထအဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။
ထိုအချိန်ရောက်မှသာလျှင် လူသားတို့၏ ခန္ဓာကိုယ်သည် သေမျိုးအချုပ်အနှောင်များကို ချိုးဖျက်ကာ အံ့ဖွယ်စွမ်းရည်များကို ပိုင်ဆိုင်လာမည်ဖြစ်သည်။
တံခါးပေါက်များသည် စတုတ္ထအဆင့်၏ အမှတ်အသားဖြစ်ပြီး၊ သေမျိုးနှင့် မသေမျိုးကြားရှိ နယ်စပ်တစ်ခုလည်း ဖြစ်သည်။
သို့သော် ရှုကျိုးကမူ ပထမအဆင့်နယ်ပယ်မှာပင် တံခါးပေါက်များကို ရှာတွေ့နေခဲ့ပြီဖြစ်သည်။
“ အခု၃၀၀မြောက် သွေးကြောမှတ်ကို ဖွင့်ခဲ့သည့် အချိန်ကတည်းက နောက်ဆက်တွဲ သွေးကြောမှတ် အသစ်တစ်ခုချင်းစီတိုင်းရဲ့ အတွင်းပိုင်းမှာ တံခါးပေါက်တစ်ခု ပေါ်လာတယ် “
“ သွေးကြောမှတ်တွေရဲ့ အဆုံးမဲ့လျှို့ဝှက်စွမ်းအားက တံခါးပေါက်ဆီကနေ ထွက်လာပြီးတော့၊ ကောင်းကင်နဲ့ မြေပြင်ကိုတောင် လှုပ်ခါသွားစေနိုင်တယ် “
ယခင်ကဖြစ်ရပ်များကို ပြန်လည်အောက်မေ့ရင်းဖြင့် ရှုကျိုးသည် မနေနိုင်တော့ဘဲ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
တံခါးပေါက်များမှ ထွက်လာသည့် သွေးကြောမှတ် လျှို့ဝှက်စွမ်းအားသည် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်တစ်ခုကဲ့သို့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်ပေးခဲ့သည်။
၎င်းမှာ သွေးကြောမှတ် တစ်ခုဖွင့်လှစ်ခဲ့ပြီးသည့် အချိန်တိုင်းတွင် သူသည် ပြောင်းလဲမှုတစ်ခု ကြုံတွေ့ရမည်ဖြစ်သည်။
ယခုလက်ရှိအချိန်အထိ ဒါဇင်နှင့်ချီသော ဆင့်ကဲပြောင်းလဲမှုများ ရှိနေခဲ့သည်!!
၎င်းက မည်သည့်အရာကို ဆိုလိုသနည်း?
ယခင်က ပါဖက်စနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီးသည့်နောက်တွင် သူသည် ဆင့်ကဲပြောင်းလဲမှုတစ်ခုနှင့် ရင်ဆိုင်ရကာ အံ့ဖွယ်ကောင်းသည့် အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ခဲ့လေသည်။
ယခုတွင်ကား ဒါဇင်နှင့်ချီသော ဆင့်ကဲပြောင်းလဲမှုများကို ရင်ဆိုင်ခဲ့ရသောကြောင့် သူ၏တိုက်ခိုက်ရေး စွမ်းအားမှာ မည်မျှ တိုးတက်အားကောင်းလာလိမ့်မည်နည်း?
ရှုကျိုးကိုယ်တိုင်ကပင် ၎င်းကို မသိချေ။
“ ဖူးး ~~ “
ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်၊ သူ၏မျက်လုံးများထဲတွင်မူ မျှော်လင့်နေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
“ သွေးကြောမှတ် အခု၃၆၀ပြည့်ဖို့အတွက် နောက်ဆုံး သွေးကြောမှတ်တစ်ခုကိုပဲ ဖွင့်ရတော့မယ် “
“ အဲ့ဒီအချိန်ကျရင် ဘာတွေဖြစ်လာမှာလဲ? “
ရှုကျိုးသည် သွေးကြောမှတ် အခု၃၆၀လုံးကို ဖွင့်ခဲ့ပြီးသည့်နောက်၌ မည်သည့်အရာများ ဖြစ်ပေါ်လာမလဲဆိုသည်ကို အလွန်သိချင်နေလျက်ရှိသည်။
သွေးကြောမှတ် လည်ပတ်မှု ပေါ်လာမှာလား?
သွေးကြောမှတ် လည်ပတ်မှုက အမြင့်ပိုင်းအဆင့်တွေဆီကို သွားနိုင်မဲ့ အဓိကသော့တစ်ချောင်းလို့ ပြောကြတယ်၊ အဲ့တာက ဘယ်လိုပြောင်းလဲမှုမျိုးကို ယူဆောင်လာမှာလဲ?
အဖြေအားလုံး သိရတော့မည် ဖြစ်သည်။
ရှုကျိုးသည် စနစ်၏မျက်နှာပြင်ကို ငေးကြည့်လိုက်သည်။
ချီ-သွေး : ၂၁၅၅.၅ ကယ်လိုရီ
စိတ်ဝိညာဥ်စွမ်းအား : ၁၂၅ Hz
သူ၏ချီ-သွေးစွမ်းအားသည် ကယ်လိုရီ ၂၀၀၀ကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
လွန်ခဲ့သော တစ်လကအချိန်နှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက ချီ-သွေးစွမ်းအား ၁၀၀၀ကျော် တိုးတက်လာခဲ့ခြင်းဖြစ်သည်။
စိတ်စွမ်းအားမှာလည်း 100Hzကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
သို့ရာ၌ အဆိုပါ အချက်အလက်များသည် သူ၏တိုက်ခိုက်ရေး စွမ်းအားကို ကိုယ်စားမပြုနိုင်တော့ပေ။
ချီ-သွေးစွမ်းအား မြင့်မားလာလေလေ၊ တိုးတက်လာသည့် ချီ-သွေး ၁ကယ်လိုရီတိုင်းက သယ်ဆောင်လာသည့် စွမ်းအားမှာ ယခင်ကထပ် ပို၍များလေလေပင် ဖြစ်သည်။
ရှုကျိုး၏ ယခုလက်ရှိ တိုက်ခိုက်ရေးစွမ်းအားက မည်မျှအားကောင်းနေမလဲဆိုသည်ကို တကယ့်တိုက်ပွဲများတွင်သာ မြင်တွေ့နိုင်တော့မည်ဖြစ်သည်။
“ စကြတာပေါ့၊ နောက်ဆုံးသွေးကြောမှတ်လေးရေ “ ရှုကျိုး၏ အကြည့်များ ခိုင်မာလာခဲ့သည်။
သူသည် ပန်းရောင်ဆေးပုလင်းကို ဖွင့်ကာ လက်တစ်ဆုပ်မျှ ဆေးလုံးများကို ထုတ်ယူလိုက်ပြီး၊ သူ၏ကိုယ်ပိုင် ဟင်းလင်းပြင်နေရာလွတ်ထဲသို့ ပစ်သွင်းလိုက်သည်။