အခန်း (၁၉၉၃-၁၉၉၄)
Vol. 140 Ch. 1993-1994
အခန်း(၁၉၉၃)
[အကိုကျန်းချန်က မြေကြီးလမ်းစဥ်ကို ကျင့်ကြံနေတာလား]
စတင် ကျင့်ကြံနေသည့် ကျန်းချန်ကို ကြည့်ရင်း ဖုန်းယန်၏ မျက်ဝန်းများက ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့၏။
သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အမူအရာများ ပေါ်လာခဲ့သည်။
သိထားရမည်မှာ ကျန်းချန်သည် ကောင်းကင် နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်သည်။
ယခု မြေကြီး လမ်းစဥ်ကို ကျင့်ကြံနေခြင်းသည် ကျန်းချန်က လမ်းစဥ််ဆယ်ခု၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ရန် ဆန္ဒရှိနေသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။
နတ်ဘုရားနယ်မြေ၏ ကောင်းကင် နတ်ဘုရား အဆင့်တွင်သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် အမြင့်ဆုံး အဆင့် ဖြစ်သည်။
ရှေးဟောင်းကျမ်းများ၏ မှတ်တမ်းအရ ရှေးခေတ် ကာလကနေ ယခုအချိန်အထိ နတ်ကုန်းမြေတိုက်၌ ပါရမီရှင် မြောက်မြားစွာ ထွက်ပေါ်ခဲ့ပြီး အမျိုးမျိုးသော နတ်ခန္ဓာကိုယ် ပိုင်ရှင်များလည်း အဆုံးမရှိ ပေါ်ထွက်ခဲ့ဖူး၏။
သို့သော် ကောင်းကင် နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို လေးကြိမ် ချိုးဖျက်ကာ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက် ကျော်လွန်သော တည်ရှိမှု ဖြစ်လာသူ တစ်ဦးတစ်ယောက်မျှ ရှိခဲ့ဖူးသည်ဟု သူ မကြားဖူးပေ။
ယခု ကျန်းချန်က ထိုအကန့်အသတ်ကို ချိုးဖျက်ကာ လမ်းစဥ်ဆယ်ပါး၏ စွမ်းအားကို ပိုင်ဆိုင်ရန် အမှန်တကယ် ကြိုးစားနေခဲ့သည်။
ဖုန်းယန်က ကျင့်ကြံနေသော ကျန်းချန်ကို အသေအချာ စိုက်ကြည့်နေခဲ့သည်။
သူက အသံ မထွက်ရဲသလို အသက်ကိုပင် ပြင်းပြင်းမရှူရဲပေ။
ကျန်းချန်သာ ယနေ့ အောင်မြင်ခဲ့လျှင် နတ်ကုန်းမြေတိုက်တွင် ပထမဆုံးသော လမ်းစဥ်ဆယ်ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သူ အမှန်တကယ် ဖြစ်လာလိမ့်မည် မဟုတ်ပါလား။
-----------------
ကျန်းချန်က ဖုန်းယန်၏ စိတ်ထဲရှိ ထိတ်လန့်အံ့သြမှုကို မသိခဲ့ပေ။
သူက မြေကြီး နတ်သလင်းကျောက် တစ်ပိုင်းကို ကောက်ယူလိုက်ပြီးနောက် ကျင့်ကြံမှုတွင်သာ အာရုံစူးစိုက်ထားခဲ့သည်။
ကျန်းချန် ကျင့်ကြံမှု စတင်သည်နှင့် သူ၏ လက်ဖဝါးရှိ မြေကြီး နတ်သလင်းကျောက်သည် မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် လျင်မြန်စွာ အရည်ပျော်သွားခဲ့သည်။
တစ်နာရီ အချိန်အတွင်းမှာပင် လက်သီးဆုပ် အရွယ်အစားရှိ မြေကြီး နတ်သလင်းကျောက် တစ်တုံးကို ကျန်းချန်က လုံးဝ စုပ်ယူပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် စနစ်၏ သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က မြေကြီး နတ်သလင်းကျောက် တစ်တုံးကို စုပ်ယူလိုက်ပြီး အဆတစ်ရာ နားလည်မှု ကို ဖြစ်ပေါ်စေခဲ့ပါတယ်"
"ဒင်.. သင်က မြေကြီးဆန္ဒကို နားလည်သွားခဲ့ပါပြီ"
"............."
"ဒင်.. သင်က မြေကြီးလမ်းစဥ် မူလစွမ်းအား၏ တစ်ထောင်ပုံတစ်ပုံကို နားလည်သွားခဲ့ပါပြီ"
လက်သီးဆုပ် အရွယ်အစားရှိ မြေကြီး နတ်သလင်းကျောက် တစ်တုံးသည် မြေကြီးလမ်းစဥ်ကို တစ်ခါမျှ မကျင့်ဖူးသော ကျန်းချန်အား မြေကြီးလမ်းစဥ် မူလစွမ်းအား၏ တစ်ထောင်ပုံတစ်ပုံကို ချက်ချင်း နားလည်စေခဲ့သည်။
ဤရလဒ်နှင့် ပတ်သက်၍ ကျန်းချန်သည် အလွန်အမင်း ထိတ်လန့်ခဲ့သည်။
ဟုတ်ပါသည်။ ကျန်းချန်၏ စိတ်နှလုံးကို ထိတ်လန့်စေသောအရာမှာ မြေကြီး နတ်သလင်းကျောက်၏ စွမ်းအား မဟုတ်ဘဲ ဒသမမြောက် လမ်းစဥ်၏ အခက်အခဲသည် သူ စိတ်ကူးထားထက်ပင် ကျော်လွန်နေခြင်းကြောင့် ဖြစ်သည်။
နတ်ကုန်းမြေတိုက်တွင် သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက် ကျော်လွန်သော ကျင့်ကြံသူ အဘယ်ကြောင့် မရှိခဲ့သည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ကောင်းကင်နတ်ဘုရား အဆင့်တွင် လမ်းစဥ် တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်တိုင်း အခက်အခဲသည် အဆပေါင်းများစွာ တိုးလာမည် ဖြစ်သည်။
အထူးသဖြင့် ကောင်းကင် နတ်ဘုရား ဆဋ္ဌမအဆင့် နောက်ပိုင်းတွင် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ရန်နှင့် လမ်းစဥ် တစ်ခုကို ထပ်မံ ပိုင်ဆိုင်ရန်မှာ ပို၍ပင် ခက်ခဲလာ၏။
သူက နဝမမြောက် လမ်းစဥ်ဖြင့် သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်သို့ ထိုးဖောက်ရန် ကျင့်ကြံစဥ် တိုးလာသော အခက်အခဲများသည် လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေသေးသည်ဟု ခံစားခဲ့ရသည်။
ယခု ဒသမမြောက် လမ်းစဥ်ကို လေ့ကျင့်သော အခါတွင်မူ ကျန်းချန်သည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်စဥ်ကထက် အဆပေါင်းများစွာ ခက်ခဲသည်ကို ခံစားမိသည်။
မြေကြီး နတ်သလင်းကျောက်သည် အထွတ်အထိပ် နတ်သစ်သီးထက် အဆင့်တစ်ဆင့် ပိုမြင့်သော ပြိုင်ဘက်ကင်း ရတနာ တစ်ပါး ဖြစ်သည်။
ဖုန်းယန်သည် လက်မအရွယ်အစားရှိ မြေကြီးနတ်သလင်းကျောက်ကို ရရှိသောအခါတွင် မြေကြီးလမ်းစဥ်၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်ထိ အလွယ်တကူ ကျင့်ကြံနိုင်ခဲ့ပြီး မဟာကောင်းကင် နတ်ဘုရား အဆင့်ကို တစ်ထိုင်တည်းဖြင့် ထိုးဖောက်နိုင်ခဲ့သည်။
ကျန်းချန်ကမူ လက်သီးဆုပ် အရွယ်အစားရှိ မြေကြီး နတ်သလင်းကျောက် တစ်တုံးကို စုပ်ယူလိုက်ပြီး စနစ်၏ အဆတစ်ရာ ကောင်းချီးပေးမှုကို ရရှိခဲ့သည့်တိုင် မြေကြီးလမ်းစဥ် မူလစွမ်းအား၏ တစ်ထောင်ပုံ တစ်ပုံကိုသာ အမှန်တကယ် နားလည်ခဲ့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူက မြေကြီးလမ်းစဥ် မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံရန် အတွက် လက်သီးဆုပ် အရွယ်အစားရှိ မြေကြီး နတ်သလင်းကျောက် အရေအတွက် တစ်ထောင် လိုအပ်သည်။
သူ့တွင် အဆတစ်ရာစနစ် ရှိနေ၍ ကံကောင်းသည်ဟု ဆိုရမည်။
သာမန် သူတော်စင် ကောင်းကင် နတ်ဘုရားသာ ဤအဆင့်ကို တက်လှမ်းရန် ကြိုးစားလျှင် သူ့ထက် အဆတစ်ရာ ပို၍ ခက်ခဲလိမ့်မည် ဖြစ်သည်။
"ကံကောင်းစွာနဲ့ ဒီလို ဧရာမ မြေကြီး နတ်သလင်းကျောက် တစ်တုံးကို တွေ့ခဲ့ပြီး လက်သီးဆုပ် အရွယ်အစား အပိုင်းအစ ထောင်ပေါင်း များစွာကို ခွဲထားနိုင်ခဲ့တယ်.. မဟုတ်ရင် ဒသမမြောက် လမ်းစဥ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ တကယ် မလွယ်လောက်ဘူး"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လမ်းစဥ် ဆယ်ပါး၏ စွမ်းအားက ကောင်းကင်ကို လုံးဝ ဆန့်ကျင်နေသည်ဟု ဆို၍ရ၏။
ဤမြေကြီး နတ်သလင်းကျောက်ကိုသာ မရရှိခဲ့လျှင် သူ၏ ခန္ဓာကိုယ်တွင် စနစ် ရှိသည့်တိုင် ဒသမမြောက် လမ်းစဥ်ကို ကျွမ်းကျင်ပိုင်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ပျမ်းမျှအားဖြင့် နတ်ကုန်းမြေတိုက်မှ ပါရမီရှင်သည် တစ်သက်တာလုံး အားထုတ်ခဲ့လျှင်ပင် ဤအဆင့်ကို လှမ်းနိုင်ရန် မဖြစ်နိုင်သလောက်ပင်။
ဤအကြောင်းကြောင့်လည်း နတ်ကုန်းမြေတိုက်တွင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် ကောင်းကင်နတ်ဘုရား အဆင့်၏ အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်လာခဲ့ပြီး မည်သူကမျှ ထိုအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးပေ။
"လမ်းစဥ်ဆယ်ပါးရဲ့ ကမ္ဘာ့ စွမ်းအားကို စုစည်းပြီးရင် အဆင့်တက်ဖို့ အချိန်တန်ပြီ.. နယ်မြေ နတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့ ပြင်ဆင်ရမယ်"
ကောင်းကင်နတ်ဘုရား အဆင့်၏ ကျင့်ကြံခြင်း အခက်အခဲကို ခံစားမိသောအခါ ကျန်းချန်သည် စိတ်ထဲတွင် အစီအစဉ်အချို့ ရှိခဲ့သည်။
သူ့အနေဖြင့် ဒသမမြောက် လမ်းစဥ်ကို ကျွမ်းကျင်ပိုင်နိုင်ရန်ပင် ဤမျှ ခက်ခဲနေပြီ ဖြစ်သည်။
ထို့ကြောင့် လမ်းစဥ်၁၁ခုကို ကျွမ်းကျင်ရန်မှာ မည်မျှ ခက်ခဲမည်ကို တွေးနေစရာပင် မလိုအပ်ပေ။
ယင်းအပြင် လမ်းစဥ် ဆယ်ပါး၏ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်သည်နှင့် သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ကို ကျော်လွန်သွားပြီး ကောင်းကင် နတ်ဘုရား အဆင့်တွင် မည်သူမျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်၍ ဆက်လက် လေ့ကျင့်ရန်လည်း လိုအပ်တော့မည် မဟုတ်ချေ။
----------------------
သူ၏ စိတ်ထဲတွင် ထိုအတွေးများ လင်းလက်သွားသည်နှင့် ကျန်းချန်က အချိန်မဖြုန်းတော့ဘဲ ဒုတိယမြောက် မြေကြီးနတ်သလင်းကျောက်ကို ဆက်လက် ကောက်ယူကာ ကျင့်ကြံခဲ့သည်။
ကျန်းချန်က လက်သီးဆုပ် အရွယ်အစားရှိ မြေကြီး နတ်သလင်းကျောက်ကို တစ်နာရီအတွင်း စုပ်ယူလိုက်သည်အား မြင်လျှင် ဖုန်းယန်သည် စိတ်ထဲတွင် မချိပြုံး ပြုံးလိုက်ပြီး အံ့သြ ထိတ်လန့်မှုကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာယူခဲ့ရသည်။
သူက လက်မ အရွယ်အစားရှိ မြေကြီး နတ်သလင်းကျောက် တစ်တုံးကို စုပ်ယူရန် အတွက် တစ်နှစ်ကျော် အချိန်ယူခဲ့ရသည်။
ကျန်းချန်ကမူ လက်သီးဆုပ် အရွယ်အစားရှိ မြေကြီး နတ်သလင်းကျောက် တစ်တုံးကို တစ်နာရီအတွင်း လုံးဝ စုပ်ယူပစ်လိုက်၏။
ဤလူသည် ကန့်သတ်ချက်ကို သုံးကြိမ်ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်လာနိုင်သည်မှာ အံ့သြစရာ မဟုတ်ပေ။
ကျန်းချန်သည် သာမန်အသိဖြင့် ဖော်ပြ၍ မရသော မွန်းစတား တစ်ကောင် ဖြစ်သည် မဟုတ်ပါလား။
ရုတ်တရက် ဖုန်းယန်သည် ကျန်းချန်က ဤတစ်ကြိမ်တွင် မြေကြီးလမ်းစဥ်၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံနိုင်ပြီး သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက် ကျော်လွန်သော တည်ရှိမှု ဖြစ်လာနိုင်သည်ဟု ခံစားခဲ့ရသည်။
ဖုန်းယန်၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ကျန်းချန်သည် မြေကြီး နတ်သလင်းကျောက်ကို စုပ်ယူနေခဲ့သည်။
"ဒင်.. သင်က မြေကြီး နတ်သလင်းကျောက် တစ်တုံးကို စုပ်ယူလိုက်ပြီး အဆတစ်ရာ နားလည်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်"
"ဒင်.. သင်က မြေကြီးလမ်းစဥ် မူလစွမ်းအားရဲ့ တစ်ထောင်ပုံတစ်ပုံကို နားလည်သွားခဲ့ပါပြီ"
"..........."
စနစ်၏ သတိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းချန်၏ မြေကြီးလမ်းစဥ် မူလစွမ်းအားသည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းသော အမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။
ကျန်းချန်က မြေကြီးလမ်းစဥ်၏ မူလစွမ်းအားကို မြှင့်တင်ရန်အတွက် မြေကြီး နတ်သလင်းကျောက်ကို အစွမ်းကုန် စုပ်ယူနေချိန်တွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ တစ်နေရာတွင် နေရာလွတ် လှိုင်းများ ရုတ်တရက် လှိုင်းထလာခဲ့၏။
မကြာမီမှာပင် ပုံရိပ် နှစ်ခုသည် နေရာလွတ်မှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
ထိုအထဲမှ အနက်ရောင်ဝတ်စုံဝတ် ပိန်ပါးပါးလူငယ်မှာ တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ယိုဝူလင်း ဖြစ်သည်။
ယိုဝူလင်း၏ နံဘေးတွင် မဟာကောင်းကင်နတ်ဘုရား အဆင့် အဘိုးအိုတစ်ဦး ရှိနေ၏။
ထိုအဘိုးအိုက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးအနည်းငယ် ကိုင်းနေခဲ့သည်။
သူ၏ အိုမင်းသော မျက်နှာက အလွန်ခြောက်သွေ့နေပုံ ရပြီး နားထင်များ ချိုင့်ဝင်ကာ မျက်လုံးအကြည့် စူးရှ၏။
"ခေါင်းဆောင်.. ဒါက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေပါ.. ကျွန်တော်တို့ ဒီတစ်ကြိမ် ကျပန်း ရောက်လာတဲ့ နေရာက သိပ်မဟန်ဘူး.. ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေရဲ့ ဗဟိုဧရိယာနဲ့ ဝေးနေသေးတယ်လို့ ကျွန်တော် ထင်တယ်"
ယိုဝူလင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ၏ ရှေ့ရှိ အဘိုးအိုကို လေးစားစွာ ပြောလိုက်သည်။
အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"အချိန်မဖြုန်းနဲ့.. ငါ့ကို ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ သူတော်စင် ကောင်းကင် နတ်ဘုရားဆီ ခေါ်သွားပေး"
အခန်း(၁၉၉၃) ပြီး၏
အခန်း(၁၉၉၄)
"ခေါင်းဆောင်.. ကျွန်တော် ဒီကနေ ထွက်ခွာလာတာ ခုနစ်ရက် ရှစ်ရက် ရှိနေပြီ.. အဲဒီကောင်က အဲဒီနေရာမှာ မရှိလောက်တော့ဘူး ထင်တယ်"
ယိုဝူလင်းက အနည်းငယ် တုံ့ဆိုင်းစွာ ပြောလိုက်သည်။
ခေါင်းဆောင်က သုံးရက်ကြာပြီးလျှင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားမည်ဟု ပြောခဲ့သော်လည်း အဆုံးသတ်တွင် ရက်အနည်းငယ်ကြာ ကြန့်ကြာခဲ့၏။
ထို့ကြောင့် ယိုဝူလင်းသည် သူတို့ တွေ့ခဲ့သော ရေကန်တွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ လူနှစ်ဦး ရှိနေဦးမည်ဟု အာမခံနိုင်မည် မဟုတ်ပေ။
"မင်း ရှေ့က ဦးဆောင်သွားရုံပဲ"
အဘိုးအိုက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ရေကန်က မင်းပြောသလိုသာ ဆိုရင် သူတို့ အလွယ်တကူ ထွက်သွားဦးမှာ မဟုတ်ဘူး"
"ဟုတ်ကဲ့"
ယိုဝူလင်းက ခေါင်းဆောင် အဘယ်ကြောင့် ဤမျှ စိတ်ပိုင်းဖြတ်ထားသည်ကို မသိသော်လည်း လေးစားစွာဖြင့် တုံ့ပြန်ခဲ့ပြီး ဦးဆောင်လမ်းပြကာ ရေကန် ဦးတည်ရာသို့ ချက်ချင်း ခရီးဆက်ခဲ့သည်။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသည် ကောင်းကင်မှ ခရီးသွား၍ မရနိုင်သော်လည်း သူတို့နှစ်ဦး၏ အရှိန်အဟုန်သည် အလွန်မြန်နေဆဲပင်။
လမ်းတစ်လျှောက်တွင် သူတို့သည် သွားလမ်းကို ပိတ်ဆို့ထားသည့် ရုန့်ရင်းသော သားရဲဆိုးများနှင့် ရံဖန်ရံခါ ကြုံတွေ့ရသော်လည်း အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။
တစ်ရက်ခန့် ကြာပြီးနောက်တွင် ယိုဝူလင်းသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်ကို ကျန်းချန်တို့ ရှိနေသည့် ရေကန်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။
"ခေါင်းဆောင်.. ဒီနေရာမှာပါ"
[ဒီမှာ နေထိုင်တဲ့ လိပ်သားရဲက ရှိနေသေးပေမယ့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက လူနှစ်ဦးကို မတွေ့ရတော့ပါလား]
ယိုဝူလင်းက ပေထောင်ချီ အကွာအဝေးရှိ ရေကန်ကို ကြည့်လိုက်သည်။
သူ၏ မျက်လုံးများတွင် သံသယ အရိပ်အယောင်များ ပေါ်လာခဲ့၏။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ လူနှစ်ဦးသည် အမှန်တကယ်ပင် ထွက်ခွာသွားပါသလော။
[ဒါ လုံးဝ မဖြစ်နိုင်ဘူး]
လိပ်သားရဲသည် အားမနည်းဘဲ သူ့ထက်ပင် အနည်းငယ် သန်မာ၏။
သို့ရာတွင် ၎င်းသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ သူတော်စင် ကောင်းကင် နတ်ဘုရား၏ ပြိုင်ဘက် မဟုတ်ပေ။
ယင်းကြောင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ အဖွဲ့ဝင်နှစ်ဦးသည် ဤရေကန်မှ နတ်ရေစင်ကို စွန့်လွှတ်ကာ ထွက်ခွာသွားစရာ အကြောင်းမရှိပေ။
"အံ့သြစရာပဲ... ငါ့ ခန့်မှန်းချက်သာ မမှားရင် ဒီနေရာမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ မွေးဖွားလာတဲ့ပုံပဲ"
တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်သည် သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. သူတို့ ထွက်မသွားသေးဘူး.. သူတို့က ဒီရေကန်အောက်မှာရှိတဲ့ ရတနာတွေကို ယူနေတာ ဖြစ်နိုင်တယ်"
"ခေါင်းဆောင်.. ဒီရေကန်ထဲက ရေတွေမှာ မြေကြီးစွမ်းအား ပါဝင်နေတာက ရေကန်ကြောင့် မဟုတ်ဘဲ ရေကန် အောက်ခြေမှာရှိတဲ့ ရတနာတွေကြောင့်လား"
ယိုဝူလင်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"အမှန်ပဲ.. ဒဏ္ဍာရီလာ မြေကြီး နတ်သလင်းကျောက်က ဒီရေကန် အောက်ခြေမှာ ဖြစ်တည်လာခဲ့ပြီး ရေကန်က ရေကို မြေကြီး နတ်သလင်းကျောက်က တစ်နှစ်ပတ်လုံး အာဟာရဖြည့်ပေးထားလို့သာ ရေထဲမှာ မြေကြီးစွမ်းအား ပါဝင်နေတာပဲ"
တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်က ရှင်းပြလိုက်၏။
"မင်း သေချာ အကဲခတ် ကြည့်လိုက်ပါ.. ငါ ထင်တာ မမှားရင် ရေကန်ထဲမှာ ပါဝင်တဲ့ မြေကြီးစွမ်းအားက မင်း ပထမဆုံး လာတုန်းကထက် အများကြီး ပိုပြီး အားနည်းနေတယ် မဟုတ်လား"
[ဒါက ဒဏ္ဍာရီလာ မြေကြီး နတ်သလင်းကျောက် ဖြစ်နေတာကိုး]
ယိုဝူလင်း၏ နှလုံးသားက ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။
တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အနေဖြင့် ယိုဝူလင်းသည် မြေကြီးနတ်သလင်းကျောက် ကဲ့သို့သော ရတနာများ အကြောင်းကို ကြားဖူးသည်။
ရေကန်ထဲမှ ရေတွင် မြေကြီးလမ်းစဥ်၏ မှော်စွမ်းအား ပါဝင်နေမှန်း သူသိသော်လည်း ယင်းမှာ မြေကြီးနတ်သလင်းကျောက်ကြောင့် ဖြစ်မှန်း သူ မထင်ထားခဲ့ပေ။
ယိုဝူလင်း အသေအချာ အကဲခတ် ကြည့်လိုက်သောအခါ ရေကန်ထဲမှ ရေသည် သူ နောက်ဆုံး လာခဲ့စဉ်ကနှင့် နှိုင်းယှဉ်လျှင် အမှန်တကယ်ပင် အပြောင်းအလဲ များစွာ ရှိနေသည်ကို တွေ့ရှိခဲ့သည်။
"သွားရအောင်.. ငါတို့ သွားကြည့်ကြစို့"
"ရေကန်အောက်ခြေက မြေကြီး နတ်သလင်းကျောက်ကို ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက လူနှစ်ဦး အကုန်နီးပါး ယူသွားလောက်ပြီလို့ ငါ ထင်တယ်"
တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်က ထိုစကားကို ပြောပြီးနောက်တွင် သူ၏ ရှေ့ရှိ ရေကန်ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။
ရေကန်စပ်နားတွင် လိပ်အိုကြီးသည် သူ၏ ကြီးမားသော မျက်ဝန်းများကို ဖွင့်လိုက်ကာ တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင် နှင့် ယိုဝူလင်း တို့ကို ကြည့်နေခဲ့သည်။
သူက ယိုဝူလင်းကို ခပ်မှေးမှေး တစ်ချက်ကြည့်၍ ပြောလိုက်သည်။
"ကောင်လေး.. မင်းကိုး.. မင်း နောက်ဆုံးတစ်ကြိမ်က ကံကောင်းပြီး မသေတာတောင် ပြန်လာဖို့ သတ္တိရှိသေးတာ အံ့သြစရာပဲ"
"မင်း လိပ်အိုကြီးက ပိုပြီး ကံကောင်းတာပေါ့.. နတ်ရွှေလိပ် မျိုးနွယ်စုရဲ့ နတ်ဘုရင် သေဆုံးတဲ့ နေရာမှာ နေခွင့်ရတာ ကံကောင်းခဲ့တယ်လို့ ငါ ထင်တယ်.. ရလဒ်အနေနဲ့ မင်းက ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲကို ကြုံတွေ့ခဲ့ရပြီး နတ်ရွှေလိပ် သွေးစွမ်းအား အနည်းငယ်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်"
"မင်းမှာ နတ်ရွှေလိပ် သွေးအနည်းငယ် ရှိနေတော့ ငါမင်းကို အခွင့်အရေးပေးလိုက်မယ်.. ငါ့ကို အညံ့ခံမယ် ဆိုရင် ငါ မင်း အသက်ကို ချမ်းသာပေးမယ်.. ဘယ်လိုလဲ"
ဤအချိန်တွင် တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူက လိပ်အိုကြီးကို မထီမဲ့မြင် စိုက်ကြည့်ကာ ပြောလိုက်၏။
လိပ်အိုကြီးက နှာခေါင်းရှုံ့ကာ အေးစက်စက် တုံ့ပြန် ပြောဆိုလိုက်သည်။
သူ၏ ကြီးမားသော မျက်ဝန်းတွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့၏။
"ဟမ့်.. မင်းက ဘာလဲ.. မင်းကများ ငါ့ပိုင်နက်ပေါ်မှာ ရိုင်းစိုင်းရဲတယ်.. ဒီနေရာကနေ ထွက်သွားစမ်း"
"ဟားဟား.. ဒီနှစ်တွေ အတွင်း မင်းက ငါ့ရှေ့မှာ ဒီလိုပြောရဲတဲ့ ပထမဆုံးလူပဲ.. ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ.. မင်း တန်ဖိုးမထားမှတော့ သွားသေလိုက်တော့"
စကားဆုံးသည်နှင့် တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်သည် ရှေ့သို့ တိုက်ရိုက် လှမ်းထွက်လိုက်သည်။
"ဝုန်း"
သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအင်များ ပျံ့နှံ့လာပြီး ညာဘက်လက်တွင် ပေတစ်ရာ အရွယ်အစားရှိ အနက်ရောင် ဓားရှည် တစ်ချောင်းက ချက်ချင်းပင် စုစည်းလာခဲ့သည်။
ဆန်းကြယ်သော အနက်ရောင် မိုးကြိုး လျှပ်စီးများက ထိုဓားပေါ်တွင် ပျံဝဲနေပြီး ပတ်ဝန်းကျင်ရှိ လေထုကို ဆူညံသံများဖြင့် ပေါက်ကွဲစေခဲ့၏။
"သေစမ်း"
တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်က အနက်ရောင်ဓားရှည်ဖြင့် လိပ်အိုကြီးကို ချက်ချင်းဆိုသလို ခုတ်ချလိုက်သည်။
အနက်ရောင်ဓားရှည် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုသည် အလွှာလိုက် ကွဲထွက်သွားခဲ့ပြီး မည်းနက်သော အလင်းတန်း တစ်ခုသည် မျက်တောင်တစ်ခတ် အတွင်း လိပ်အိုကြီး၏ ဦးခေါင်းပေါ်သို့ တန်းတန်းမတ်မတ်ပင် ကျဆင်းလာခဲ့၏။
သူ၏ ဦးခေါင်း အထက်ရှိ ကြောက်မက်ဖွယ်ရာ ကောင်းသော အနက်ရောင်ဓားရှည်ကို ခံစားမိလျှင် လိပ်အိုကြီး၏ ကြီးမားသော မျက်ဝန်းများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ပတ်ဝန်းကျင်ရှိ ပေရာပေါင်းများစွာ နေရာလွတ် အတွင်း ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး သဲနှင့် ကျောက်တုံးများ ပျံသန်းသွားကာ နေရာလွတ် တစ်ခုလုံးရှိ လေစီးဆင်းမှုသည် ဧရာမ အဝါဖျော့ဖျော့ လေပွေ တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး သူ့ထံသို့ သက်ရောက်လာသော အနက်ရောင် ဓားရှည်ကို ပိတ်ဆို့လိုက်သည်။
"ဝုန်း"
သို့သော် အနက်ရောင်ဓားရှည်သည် မျက်တောင်တစ်ခတ် အတွင်း လိပ်အိုကြီး ပတ်ပတ်လည်ရှိ လေပွေမုန်တိုင်းကို တိုက်စားသွားခဲ့ပြီး လိပ်အိုကြီး၏ ထူထဲသော လိပ်ခွံပေါ်သို့ ကျရောက်သွားသည်။
"ထန်း"
လေထုထဲတွင် ပြင်းထန်သော သတ္တုချင်း ထိရိုက်သံ ထွက်ပေါ်လာပြီး လိပ်အိုကြီး၏ လိပ်ခွံကနေ တောက်ပသော မီးပွားများ ပွင့်ထွက်လာခဲ့၏။
လိပ်အိုကြီး၏ လိပ်ခွံက ကွဲအက်သွားခဲ့ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်သည်ပင် ဤဓားချက်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော သက်ရောက်မှုကြောင့် မြေကြီးထဲသို့ ပေအနည်းငယ် နစ်ဝင်သွားခဲ့သည်။
"မင်း.. မင်း ဘယ်သူလဲ"
လိပ်အိုကြီးက သူ၏ ကြီးမားသော ခေါင်းကို ကျုံ့လိုက်ပြီး တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်ကို ကြည့်ကာ မေးလိုက်သည်။
သူ၏ အကြည့်တွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။
သူ၏ အာရုံခံစားမှုအရ သူ့ရှေ့ရှိ အဘိုးအို၏ အရှိန်အဝါသည် အနည်းငယ် ထူးဆန်းနေသော်လည်း အဆုံးသတ်တွင် မဟာကောင်းကင်နတ်ဘုရား အဆင့်သာ ရှိသောကြောင့် အာရုံသိပ်မထားခဲ့ပေ။
သို့သော် အမှန်တကယ် စတင် တိုက်ခိုက်သောအခါ ဤလူသည် သာမန် မဟာကောင်းကင် နတ်ဘုရား ကဲ့သို့ ရိုးရှင်းခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။
သိထားရမည်မှာ သူ၏ ခွန်အားသည် မြေကြီးအရှင် အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ခုခံကာကွယ်မှုတွင် ကောင်းကင်အရှင် အဆင့် နှင့်ပင် နှိုင်းယှဉ်နိုင်၏။
အဘိုးအို၏ ဘေးနားရှိ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားပင် သူ့ကို လုံးဝ မယှဥ်နိုင်ပေ။
သို့ရာတွင် သူ့ရှေ့မှ မဟာကောင်းကင် နတ်ဘုရား အဆင့် အဘိုးအိုသည် တိုက်ကွက် တစ်ကွက်တည်းဖြင့် သူ၏ ခုခံကာကွယ်မှုကို ချိုးဖျက်ခဲ့ပြီး သူ၏ လိပ်ခွံကိုပင် ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။
ထိုသို့သော စွမ်းအားမျိုးသည် သာမန် မဟာကောင်းကင် နတ်ဘုရား တစ်ပါး ပိုင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
"ငါက တောင်ပံနက် ခွန်ပန် မျိုးနွယ်စုရဲ့ ခေါင်းဆောင် ယိုယဲ့နတ်ဘုရင်ပဲ.. ဒါက ငါ့ရဲ့ ကိုယ်ပွားတစ်ခုပဲ.. ဒီနေရာကို ဝင်ဖို့အတွက် ဒီကိုယ်ပွားမှာ ကောင်းကင်နတ်ဘုရား အဆင့်ခွန်အားပဲ ရှိပေမယ့် မင်းနဲ့ ရင်ဆိုင်ဖို့ အတွက်တော့ လုံလောက်တာထက် ပိုပါသေးတယ်"
ယိုယဲ့နတ်ဘုရင်က လိပ်အိုကြီးကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်သည်။
"ဒီနတ်ဘုရင်က မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်.. ငါ့ကို အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား.. မင်း ကိုယ်တိုင် ရွေးချယ်ပါ"
အခန်း(၁၉၉၄) ပြီး၏