အခန်း (၁၉၉၅-၁၉၉၆)
Vol. 140 Ch. 1995-1996
အခန်း(၁၉၉၅)
"ဝှစ်"
ဤအချိန်တွင် ရွှေရောင် ပုံရိပ်တစ်ခုသည် ရေကန်ထဲမှ ရုတ်တရက် ပျံထွက်လာခဲ့သည်။
ထိုရွှေရောင်ပုံရိပ်မှာ ရေကန်အထက်မှ နှစ်ဦးကြား တိုက်ပွဲကြောင့် ထိတ်လန့်၍ ထွက်လာသော ဖုန်းယန် ဖြစ်သည်။
"ယိုဝူလင်းပါလား"
ထွက်ပြေးသွားသော ယိုဝူလင်းက ထပ်မံ ပေါ်လာသည်ကို မြင်လျှင် ဖုန်းယန် အနည်းငယ် အံ့သြသွားခဲ့သည်။
ယိုဝူလင်းသည် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုသို့ ပြန်သွားပြီး စစ်ကူခေါ်ခဲ့ပုံရ၏။
"စီနီယာလိပ်.. အဆင်ပြေရဲ့လား"
ဖုန်းယန်က သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး မြေကြီးထဲသို့ ပေအနည်းငယ် နစ်ဝင်နေသော လိပ်အိုကြီးကို ကြည့်လိုက်ရာ သူ၏ စိတ်နှလုံး တုန်ယင်သွားခဲ့သည်။
ဤလိပ်အိုကြီးသည် မြေကြီးအရှင် အထွတ်အထိပ် အဆင့် နှင့် နှိုင်းယှဉ်နိုင်သော သားရဲ ဖြစ်ပြီး ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦး မဟုတ်သ၍ မည်သူမျှ ယှဥ်နိုင်မည် မဟုတ်ပေ။
ယိုဝူလင်း ခေါ်ဆောင်လာသော ဤအဘိုးအိုသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ကောင်းကင်အရှင် ဖြစ်နိုင်ပါသလော။
ဤအချက်ကို စဉ်းစားမိသည်နှင့် ဖုန်းယန်၏ စိတ်အခြေအနေသည် ချက်ချင်းဆိုသလို အလွန်တရာ လေးလံလာခဲ့သည်။
တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ နယ်မြေနတ်ဘုရား အဆင့် ကျင့်ကြံသူများသာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ဝင်ရောက်နိုင်လျှင် ပြဿနာတက်လာလိမ့်မည် မဟုတ်ပါလား။
"ကောင်လေး.. မင်းရဲ့ အဖော်ကို အမြန် ထွက်လာခိုင်းလိုက်"
"ဒီအဘိုးအိုက မဟာကောင်းကင်နတ်ဘုရား အဆင့်ပဲ ရှိပေမယ့် သူက နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ ကိုယ်ပွား တစ်ခုဖြစ်တဲ့အတွက် သူရဲ့ ခွန်အားက အရမ်းနက်ရှိုင်းတယ်.. မင်းနဲ့ ငါ နှစ်ယောက်လုံးက သူရဲ့ ပြိုင်ဘက် မဟုတ်ဘူး"
လိပ်အိုကြီးက ဖုန်းယန်ကို အလျင်စလို ပြောလိုက်သည်။
"နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ ကိုယ်ပွားလား"
ဖုန်းယန်က လိပ်အိုကြီး၏ စကားကို ကြားလျှင် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
ယိုဝူလင်းက တောင်ပံနက် ခွန်ပန် မျိုးနွယ်စုမှ ခေါ်ဆောင်လာခဲ့သော စစ်ကူသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ကိုယ်ပွား ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
နတ်ဘုရင်အဆင့် ကျင့်ကြံသူသည် နတ်ကုန်းမြေတိုက်၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သော အဆင့် ဖြစ်သည်။
သူတို့ ကျန်းဝူ ကောင်းကင် နယ်မြေတွင် ကျန်းဝူနတ်ဂိုဏ်း၌သာ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ရှိ၏။
နတ်ဘုရင်အဆင့်သည် ကောင်းကင်လမ်းစဥ်၏ စွမ်းအားကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်အရှင်ကိုပင် လက်ညှိုးလေး လှုပ်ရှားရုံဖြင့် ဖိနှိပ်နိုင်၍ အလွန်တရာ အစွမ်းထက်သည်။
သူတို့ ရှေ့မှ အဘိုးအိုက နတ်ဘုရင်၏ ကိုယ်ပွားမျှသာ ဖြစ်သော်လည်း သူတို့ ကိုင်တွယ် ဖြေရှင်းနိုင်သော အရာ လုံးဝမဟုတ်ပေ။
"အံ့သြစရာပဲ...တကယ်ပဲ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ သွေးသားပါလား.. ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ မျိုးဆက်တွေ အသက်ရှင်ကျန်နေသေးမယ်လို့ ငါ မထင်ထားခဲ့ဘူး"
ယိုယဲ့နတ်ဘုရင်က ဖုန်းယန်ကို မထီမဲ့မြင် ကြည့်ကာ လှောင်ပြောင်လိုက်သည်။
ဖုန်းယန်က ဘာစကားမှ မပြောဘဲ ယိုယဲ့နတ်ဘုရင်ကို ခပ်တင်းတင်း စိုက်ကြည့်နေခဲ့၏။
သူက တိုက်ပွဲဝင်ရန် အသင့်ပြင်ထားခဲ့သည်။
ကျန်းချန်က ယခုအခါ ကျင့်ကြံခြင်း၏ အရေးပါသော အခိုက်အတန့်တွင် ရှိနေ၍ သူက ကျန်းချန်ကို အနှောင့်အယှက် ပေး၍ မဖြစ်ပေ။
ထို့ကြောင့် တတ်နိုင်သမျှ အချိန်ဆွဲထားရန် ဆုံးဖြတ်ထားခဲ့သည်။
"ကောင်လေး.. မင်းရဲ့ မဟာကောင်းကင်နတ်ဘုရား အဆင့် ခွန်အားကို အားမကိုးနဲ့.. မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.. မင်းတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ သူတော်စင် ကောင်းကင် နတ်ဘုရားကို ငါ့ကို လာတွေ့ဖို့ အမြန်ထွက်လာခိုင်းလိုက်"
ဖုန်းယန် စကားမပြောသည်ကို မြင်လျှင် ယိုယဲ့သည် ထပ်မံ လှုံ့ဆော်လိုက်သည်။
ဖုန်းယန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေစမ်းနဲ့.. မင်း သူ့ကို မြင်ချင်ရင် အဲဒီလို စွမ်းရည် မင်းမှာ ရှိမရှိ ကြည့်ရလိမ့်မယ်"
"ကိုယ့်အခြေအနေ ကိုယ်နားမလည်တဲ့ကောင်ပဲ"
ယိုယဲ့နတ်ဘုရင်၏ မျက်လုံးများက အနည်းငယ် အေးစက်သွားသည်။
သူက လက်ဝါး ရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်၏။
ဤလက်ဝါးချက်က ထူးခြားမှု ရှိပုံ မရသော်လည်း ဖုန်းယန် သည် အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါက လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို ခံစားမိပြီး သူ၏ စိတ်နှလုံးတွင် ရှင်းပြ၍မရနိုင်သော အေးစိမ့်မှုကို ခံစားလိုက်ရသည်။
သူက သူ၏ ခန္ဓာကိုယ်မှ ခွန်အားကို လျင်မြန်စွာ လှုံ့ဆော်၍ နောက်သို့ လျင်မြန်စွာ ဆုတ်၍ ရှောင်တိမ်းရန် ပြင်လိုက်၏။
သို့သော် မကြာမီမှာပင် ဖုန်းယန်သည် မမြင်နိုင်သော စွမ်းအားဖြင့် ထိန်းချုပ်ခံထားရသည်ကို အထိတ်တလန့် တွေ့ရှိခဲ့သည်။
သူက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အဖွဲ့ဝင် ဖြစ်ပြီး သူ၏ အမြန်နှုန်းကြောင့် လူသိများသော်လည်း ဤစွမ်းအား၏ ထိန်းချုပ်မှုအောက်တွင် လှုပ်ရှားရန်ပင် အလွန်တရာ ပင်ပန်းလာခဲ့သည်။
ဖုန်းယန်က စိတ်ထဲတွင် ထိတ်လန့် တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပေရာပေါင်းများစွာ ရှိသော ရွှေတောင်ပံ နတ်လင်းယုန် အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲလိုက်ကာ ပတ်ဝန်းကျင်မှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ထိန်းချုပ်မှုကို အစွမ်းကုန် ခုခံခဲ့သည်။
အခြားတစ်ဖက်ရှိ လိပ်အိုကြီးသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ပါးစပ်ကို ဖွင့်ကာ ရေခဲမြှားတစ်စင်းကို ပစ်လွှတ်လိုက်ပြီး ဖုန်းယန်နှင့်အတူ လက်တွဲကာ ယိုယဲ့နတ်ဘုရင်ကို တိုက်ခိုက်ခဲ့သည်။
-----------------
ဖုန်းယန်တို့က ယိုယဲ့နတ်ဘုရင်ကို တိုက်ခိုက်နေချိန်တွင် ရေကန်အောက်ခြေ အလယ်ဗဟိုရှိ ထူးဆန်းသော နေရာလွတ်၌ ကျန်းချန်သည် ထိုနေရာတွင် တင်ပျဥ်ခွေ၍ ဆက်လက် ထိုင်နေခဲ့ပြီး မြေကြီး နတ်သလင်းကျောက်ကို အရူးအမူး စုပ်ယူနေခဲ့သည်။
"ဒင်.. သင်က မြေကြီး နတ်သလင်းကျောက် တစ်တုံးကို စုပ်ယူလိုက်ပြီး အဆတစ်ရာ နားလည်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်"
"ဒင်.. သင်က မြေကြီးလမ်းစဥ်ရဲ့ မူလစွမ်းအားကို တစ်ထောင်ပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ"
"ဒင်.. သင်က မြေကြီး နတ်သလင်းကျောက် တစ်တုံးကို စုပ်ယူလိုက်ပြီး အဆတစ်ရာ နားလည်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်"
"ဒင်.. သင်က မြေကြီးလမ်းစဥ်ရဲ့ မူလစွမ်းအားကို တစ်ထောင်ပုံ တစ်ပုံ နားလည်သွားခဲ့ပါပြီ"
".............."
"ဒင်.. သင့်ရဲ့ မြေကြီးလမ်းစဥ် မူလစွမ်းအားက ပြီးပြည့်စုံသော အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"
လက်သီးဆုပ် အရွယ်အစားရှိ မြေကြီး နတ်သလင်းကျောက် တစ်ထောင်ကို စုပ်ယူပြီးနောက်တွင် ကျန်းချန်၏ မြေကြီးလမ်းစဥ် မူလစွမ်းအားသည် အဆုံးသတ်၌ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
"လမ်းစဥ်ဆယ်ပါးရဲ့ ကမ္ဘာ့စွမ်းအားကို နောက်ဆုံးတော့ စုစည်းနိုင်တော့မယ်"
ကျန်းချန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ မျက်လုံးများတွင် ထက်ရှသော အလင်းရောင်တစ်ခု ရှိနေခဲ့သည်။
မြေကြီးလမ်းစဥ်၏ မူလစွမ်းအား ပြီးပြည့်စုံသော အဆင့်သို့ရောက်ရှိသွားခြင်းသည် မြေကြီးလမ်းစဥ်၏ ကမ္ဘာ့စွမ်းအားကို အချိန်မရွေး စုစည်းနိုင်ပြီး လမ်းစဥ်ဆယ်ပါး၏ ကမ္ဘာစွမ်းအားကို ပိုင်ဆိုင်ကာ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ထက် သာလွန်သည့် တုနှိုင်းမဲ့ ကောင်းကင်နတ်ဘုရား အဆင့် ဖြစ်လာနိုင်သော အဓိပ္ပါယ်ပင် မဟုတ်ပါလော။
လမ်းစဥ်ဆယ်ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သော ကောင်းကင်နတ်ဘုရား အဆင့်သည် နတ်ကုန်းမြေတိုက်တွင် တစ်ခါမျှ မပေါ်ပေါက်ဖူးသော အဆင့်တစ်ခု ဖြစ်သည်။
လမ်းစဥ်ဆယ်ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်လျှင် နတ်ဘုရင်အဆင့် နှင့် ယှဉ်ပြိုင်နိုင်မည်လား ဆိုသည်ကို ကျန်းချန် မသိသော်လည်း အနည်းဆုံးတော့ နတ်ဘုရင် အဆင့်အောက်တွင် မည်သူမျှ မယှဉ်နိုင်သော အဆင့် ဖြစ်သည်မှာ သေချာသည်။
"ငါအရင်က ဒီမြေကြီး နတ်သလင်းကျောက်တွေကို ဖုန်းယန် နဲ့ ခွဲဝေယူဖို့ စီစဉ်ထားခဲ့ပေမဲ့.. မြေကြီး နတ်သလင်းကျောက်ကို ၉၀%ကျော် သုံးစွဲလိုက်ရမယ်လို့ မထင်ထားခဲ့ဘူး.. ဖုန်းယန်ကို လျော်ကြေးပေးဖို့ပဲ တတ်နိုင်တော့မယ် ထင်တယ်"
သူ၏ရှေ့တွင် ကျန်ရှိနေသော မြေကြီး နတ်သလင်းကျောက် အနည်းငယ်ကို ကြည့်ရင်း ကျန်းချန်က ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။
သူက လက်ဖဝါးကို တစ်ချက် လှုပ်ရှားလိုက်ပြီး ကျန်ရှိသော မြေကြီးနတ်သလင်းကျောက်များကို သူ၏ အိတ်ထဲသို့ ထည့်လိုက်သည်။
သူ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ရေကန် တစ်ခုလုံးသည် မြေငလျင် လှုပ်သကဲ့သို့ လှုပ်ခါသွားခဲ့သည်။
"အပေါ်မှာ တိုက်ပွဲ ဖြစ်နေပုံရတယ်.. တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက ဒီနေရာကို ထပ်ရောက်လာတာများလား"
ကျန်းချန်၏ ခန္ဓာကိုယ်က ဖျပ်ခနဲ လက်သွားခဲ့ပြီး နေရာမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် ကျန်းချန်၏ ပုံရိပ်သည် ရေကန်ပေါ်တွင် ရိပ်ခနဲ ပေါ်လာခဲ့၏။
သူက ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်လိုက်ရာ ဖုန်းယန် နှင့် လိပ်အိုကြီး တို့က လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို တစ်ဦးကို ပူးပေါင်းတိုက်ခိုက်နေသည်အား တွေ့လိုက်ရသည်။
အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုသည် မဟာကောင်းကင်နတ်ဘုရား အဆင့်သာ ရှိပုံရသော်လည်း သူ၏ လှုပ်ရှားမှုတိုင်းသည် လူအများကို ကြီးမားသော ဖိနှိပ်မှု ခံစားရစေပြီး တိုက်ခိုက်ရေးစွမ်းအားသည်လည်း မယုံနိုင်လောက်အောင် အစွမ်းထက်နေခဲ့၏။
ဖုန်းယန်တို့ နှစ်ဦးက ပူးပေါင်း တိုက်ခိုက်ခဲ့သည့်တိုင် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ တိုက်ခိုက်မှုအောက်တွင် အသေအလဲ ခုခံနေရသည်။
လိပ်အိုကြီးသာ တစ်နှစ်ပတ်လုံး မြေကြီးစွမ်းအားကို စုပ်ယူခဲ့ခြင်းကြောင့် ခုခံကာကွယ်မှုတွင် အလွန်တရာ အားကောင်းမနေခဲ့လျှင် နှစ်ဦးလုံးသည် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ လက်ထဲတွင် ကျဆုံးသွားလောက်ပြီ ဖြစ်၏။
"ဒီအဘိုးအိုက ဘယ်သူလဲ.. မဟာကောင်းကင် နတ်ဘုရား အဆင့်က ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်တာလဲ"
ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့သည်။
သို့သော် ဖုန်းယန် နှင့် လိပ်အိုကြီးတို့ အကျပ်အတည်း အတွင်း ရှိနေသည်ကို မြင်လိုက်ရလျှင် ကျန်းချန်သည် ထိုအကြောင်းကို စဉ်းစားနေရန် အချိန်မရှိခဲ့ပေ။
သူက လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို၏ ဖုန်းယန်ကို ရည်ရွယ်သည့် တိုက်ခိုက်မှုကို ချက်ချင်းပင် ချေဖျက်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ အေးစက်စက် အသံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်သွားခဲ့သည်။
"မေဘေး အဘိုးကြီး.. ငါ့လူတွေကိုတောင် ထိရဲတယ်.. မင်းက သေခြင်းတရားကို ရှာဖွေနေတာပဲ"
အခန်း(၁၉၉၅) ပြီး၏
အခန်း(၁၉၉၆)
"အကိုကျန်းချန် ထွက်လာပြီ"
ကျန်းချန် ပေါ်လာသည်ကို မြင်လိုက်ရလျှင် ဖုန်းယန်သည် နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။
နတ်ဘုရင်အဆင့်သည် အလွန်တရာ အစွမ်းထက်လှ၏။
ဤနတ်ဘုရင် ကိုယ်ပွား၏ ကျင့်ကြံခြင်း အဆင့်သည် မဟာကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိသော်လည်း သာမန် ကောင်းကင်နတ်ဘုရားများထက် များစွာ သာလွန်သည်။
သာမန် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် ထိုကိုယ်ပွား နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ကျန်းချန်သာ မပေါ်ထွက်လာခဲ့လျှင် သူတို့သည် ထိုအဘိုးအို၏ လက်ထဲသို့ အမှန်တကယ် ကျရောက်သွားနိုင်ပေသည်။
"မင်းက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ သူတော်စင် ကောင်းကင် နတ်ဘုရားလား"
ယိုယဲ့ နတ်ဘုရင်က သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသော အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
"မဟုတ်ဘူး.. မင်းမှာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အသွေးအသား လုံးဝ မရှိဘူး.. မင်း ဘယ်သူလဲ"
"ငါ ဘယ်သူလဲဆိုတာ မင်း သိဖို့ မလိုအပ်ဘူး"
ကျန်းချန်က ယိုယဲ့နတ်ဘုရင်ကို မထီမဲ့မြင် ကြည့်၍ ပြောလိုက်သည်။
"မင်း သိဖို့ လိုအပ်တာက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေက မင်းတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စု လာသင့်တဲ့ နေရာ မဟုတ်ဘူး ဆိုတာပဲ.. မင်း ထွက်သွားမလား ဒါမှမဟုတ် ငါ ကိုယ်တိုင် မောင်းထုတ်ပေးရမလား"
"ဟားဟား.. တော်တော် မောက်မာတဲ့ သူတော်စင် ကောင်းကင် နတ်ဘုရားပါလား"
"သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်က အစွမ်းထက်ပေမဲ့ ငါ့ ရှေ့မှာ ရိုင်းစိုင်းဖို့တော့ အရည်အချင်း မပြည့်မီသေးဘူး"
ယိုယဲ့ နတ်ဘုရင်က ကျန်းချန်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
"မင်းက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ အဖွဲ့ဝင် မဟုတ်ဘဲ ဘာလို့ ငါ့တို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုကို ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု အတွက် ပြဿနာရှာနေတာလဲ.. မင်းသာ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုကို ဝင်ရောက်ဖို့ ဆန္ဒရှိရင် ငါ မင်းကို တိုက်ရိုက် တပည့် အဖြစ် လက်ခံပေးမယ်"
သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့် ပါရမီရှင်များသည် နတ်ကုန်းမြေတိုက်မှာပင် အလွန်တရာ ရှားပါးလှသည်။
သူတို့၏ ပင်မမျိုးနွယ်စု ဖြစ်သော ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှာပင် သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါးသာ ရှိသည်။
ထိုအကြောင်းများကြောင့် ယိုယဲ့နတ်ဘုရင်သည် ကျန်းချန်ကို တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသို့ ခေါ်ဆောင်ရန် သဘာဝကျစွာပင် ဆန္ဒရှိခဲ့သည်။
"စိတ်ကောင်းပါဘူး.. မင်းတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုကို ငါ စိတ်မဝင်စားဘူး"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်သော အရှိန်အဝါ တစ်ခု ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့၏။
ကျန်းချန်က တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်ကို မြင်လိုက်ရလျှင် ဖုန်းယန်က ချက်ချင်း သတိပေးလိုက်သည်။
"အကိုကျန်းချန် သတိထားပါ.. ဒီအဘိုးအိုက တောင်ပံနက်ခွန်ပန် မျိုးနွယ်စုရဲ့ နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ ကိုယ်ပွားပဲ"
ဖုန်းယန်၏ စကားကို ကြားလျှင် ယိုယဲ့နတ်ဘုရင်ကို ကြည့်နေသည့် ကျန်းချန်၏ အကြည့်က လေးနက်သွားခဲ့သည်။
"မင်းက နတ်ဘုရင်ရဲ့ ကိုယ်ပွား ဖြစ်နေတာကိုး"
အဘိုးအိုက မဟာကောင်းကင်နတ်ဘုရား အဆင့်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းအားက ကောင်းကင်အရှင် အဆင့် နှင့်ပင် နှိုင်းယှဉ်နိုင်သည့် အဆင့်သို့ အဘယ်ကြောင့် ရောက်နေသည်ကို ကျန်းချန် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
နတ်ဘုရင် အဆင့် ကျင့်ကြံသူ၏ အစွမ်းထက် ကိုယ်ပွားကို သာမန် အသိဖြင့် လုံးဝ တိုင်းတာနိုင်မည် မဟုတ်ပေ။
"ဟုတ်တယ်.. ငါက တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက ယိုယဲ့နတ်ဘုရင်ပဲ"
ယိုယဲ့နတ်ဘုရင်က ကျန်းချန်ကို မထီမဲ့မြင် ကြည့်၍ ပြောလိုက်သည်။
"မင်း အခု စိတ်ပြောင်းလိုက်ရင် အချိန်မီနိုင်သေးတယ်"
"ဟားဟား.. ယိုယဲ့ နတ်ဘုရင်.. မင်း ကိုယ်တိုင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို လာမယ် ဆိုရင်တော့ ငါ မင်းကို အနည်းငယ် သတိထားရလိမ့်မယ်"
"မင်းရဲ့ မဟာကောင်းကင် နတ်ဘုရားအဆင့် ကိုယ်ပွားလောက်နဲ့တော့ ဘယ်လိုလုပ်ပြီး ငါ့ကို အနိုင်ယူနိုင်မှာလဲ"
ကျန်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ယိုယဲ့နတ်ဘုရင် ဆီသို့ ထိတ်လန့်ဖွယ်ရာ ကောင်းသည့် ကိုးရောင်ခြယ် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။
"ကောင်းပြီလေ.. ဒီနေ့ မင်းရဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား စွမ်းအားကို လေ့လာရတာပေါ့"
ယိုယဲ့နတ်ဘုရင်က ခပ်ထေ့ထေ့ ပြောလိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေထုထဲရှိ ကိုးရောင်ခြယ် လက်သီးအလင်းကို ဖမ်းဆုပ်လိုက်သည်။
ယိုယဲ့ နတ်ဘုရင်၏ လက်ဝါးတွင် အလွန်အမင်း မည်းနက်သော စွမ်းအားကို ကျန်းချန် မြင်လိုက်ရသည်။
ထိုမည်းနက်သော စွမ်းအားက ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဝါးမျိုနိုင်သော စွမ်းအားကို ထုတ်ဖော်ကာ ကိုးရောင်ခြယ် လက်သီးအလင်းကို ချက်ချင်းပင် မျိုချ ဖျက်ဆီးပစ်လိုက်သည်။
သူ၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ အကြည့်သည် အနည်းငယ် လေးနက်သွားခဲ့၏။
ဤအဘိုးအိုသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ ကိုယ်ပွား ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လွန်းသည်။
သူ၏ ကျင့်ကြံခြင်း အဆင့်က မဟာကောင်းကင် နတ်ဘုရား အဆင့်တွင်သာ ရှိသော်လည်း နတ်ဘုရင် အဆင့်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့်ပင် အဘိုးအိုသည် ကိုယ်ခံပညာ နည်းစနစ်များကို အသုံးပြုသောအခါတွင် အလွန် အဆင့်မြင့်သော အဆင့်သို့ ရောက်ရှိနေခဲ့သည်။
ကောင်းကင်နတ်ဘုရား အဆင့် မဆိုထားနှင့်၊ နယ်မြေနတ်ဘုရားများ ပင်လျှင် အဘိုးအို နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
သာမန် ကောင်းကင်အရှင် အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ပင်လျှင် ယိုယဲ့နတ်ဘုရင်၏ ကိုယ်ပွား နှင့် ရင်ဆိုင်ရလျှင် သံသယဖြစ်ဖွယ်ရာ မရှိ ရှုံးနိမ့်ရလိမ့်မည် ဖြစ်သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လူသားဧကရာဇ် စည်းတံဆိပ် သုံးခုကို တစ်ခုပြီး တစ်ခု ထုတ်သုံးခဲ့သည်။
စည်းတံဆိပ် သုံးခုတွင် မတူညီသော စွမ်းအားများ ပါဝင်နေ၍ အလွန်တရာ အစွမ်းထက်နေခဲ့ပြီး နေနှင့်လကိုပင် ဗြောင်းဆန်သွားစေခဲ့၏။
လူသားဧကရာဇ် စည်းတံဆိပ်က ယိုယဲ့နတ်ဘုရင်ကို တိုက်ရိုက် ဖိနှိပ်လာခဲ့သည်။
"ဒါက..."
တစ်ခုပြီးတစ်ခု ဖိနှိပ်လာသော နတ်စည်းတံဆိပ် သုံးခုကို ကြည့်ရင်း ယိုယဲ့နတ်ဘုရင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက သူ၏ လက်များကို ရင်ဘတ်နားတွင် ကပ်ကာ လက်ဟန်များ ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဦးခေါင်း အထက်တွင် ရုတ်တရက် နေရာလွတ် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုနေရာလွတ် အက်ကွဲကြောင်းကြီးက ရှေးဟောင်း သားရဲကြီး တစ်ကောင် ပါးစပ် အကျယ်ကြီး ဖွင့်ထားသကဲ့သို့ ကျန်းချန်၏ လူသားဧကရာဇ် စည်းတံဆိပ်သုံးခုကို မျိုချပစ်လိုက်သည်။
အဘိုးအိုက ကျန်းချန်၏ လူသားဧကရာဇ် စည်းတံဆိပ် သုံးခုကို တစ်ချက်တည်းဖြင့် ချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကောင်လေး.. မင်း ဘယ်သူလဲ...မင်းက လူသားဧကရာဇ် ရှေးဟောင်း စည်းတံဆိပ်ကိုတောင် အသုံးပြုနိုင်နေပါလား"
တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင်နှင့် နတ်ကုန်းမြေတိုက်ရှိ နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ယိုယဲ့ နတ်ဘုရင်၏ အသိပညာသည် သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်၏။
ကျန်းချန် ယခုလေးတင် ထုတ်ဖော်ခဲ့သော စည်းတံဆိပ် သုံးခုသည် သူ သိထားသည့် လူသားဧကရာဇ် ရှေးဟောင်း စည်းတံဆိပ် စွမ်းအားနှင့် အံ့သြဖွယ် ကောင်းလောက်အောင် ဆင်တူနေသည်ကို သူက တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ခဲ့သည်။
ဤထူးခြားသော စွမ်းအားသည် လူသားဧကရာဇ် နန်းတော်၏ အထွတ်အထိပ် ကျင့်စဥ် ဖြစ်သည့် လူသားဧကရာဇ် ရှေးဟောင်း စည်းတံဆိပ် ကျင့်စဥ် ဖြစ်သည်။
သူ၏ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော သူတော်စင် ကောင်းကင် နတ်ဘုရားသည် လူသားဧကရာဇ် နန်းတော်၏ အဖွဲ့ဝင် ဖြစ်နိုင်ပါသလော။
ထိုလူငယ်က လူသားဧကရာဇ်နန်းတော်မှ ဆိုလျှင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် မည်ကဲ့သို့ ပေါ်လာပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ လူများနှင့် ဆက်ဆံရေး ရှိနေရပါသနည်း။
ယိုယဲ့နတ်ဘုရင်၏ ထိတ်လန့်နေသော အမူအရာကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ယိုယဲ့နတ်ဘုရင် ပင်လျှင် လူသားဧကရာဇ် စည်းတံဆိပ်ကို မြင်တွေ့ရသည်နှင့် ထိတ်လန့်နေခဲ့ရာ နတ်ကုန်းမြေတိုက်တွင် လူသားဧကရာဇ်နန်းတော်၏ အနေအထားသည် သာမန် မဟုတ်ပုံ ရ၏။
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားပြီး ယိုယဲ့နတ်ဘုရင်ကို စူးစိုက်ကြည့်လိုက်သည်။
"ယိုယဲ့နတ်ဘုရင်... မင်း ငါ ဘယ်ကလဲဆိုတာ သိနေမှတော့ ဘာလို့ မထွက်သွားသေးတာလဲ.. မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ ရန်သူ ဖြစ်ချင်လို့လား"
"ကောင်လေး.. မင်းက လူသားဧကရာဇ် နန်းတော်က ဖြစ်တဲ့အတွက် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ကိစ္စတွေမှာ ဝင်ရောက် မစွက်ဖက်ဘဲ ထွက်သွားမယ် ဆိုရင် ငါ မင်းကို သတ်မှာ မဟုတ်ဘူး"
ယိုယဲ့နတ်ဘုရင်က ခဏမျှ တိတ်ဆိတ်စွာ စဥ်းစားပြီးနောက်တွင် ခေါင်းကို မော့၍ ကျန်းချန်ကို ပြောလိုက်သည်။
လူသားဧကရာဇ်နန်းတော်သည် နတ်ကုန်းမြေတိုက်၏ ထိပ်ဆုံးတွင် အမှန်တကယ် ရပ်တည်နေသော အင်အားစုကြီး ဖြစ်ပြီး သူတို့၏ ပင်မ မျိုးနွယ်စု ဖြစ်သည့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု ပင်လျှင် အပြစ်မပြုရဲပေ။
လူသားဧကရာဇ်နန်းတော်မှ သူတော်စင်ကောင်းကင် နတ်ဘုရားသာ သူ၏ လက်ထဲတွင် ကျရောက်သွားကြောင်း လူသားဧကရာဇ်နန်းတော် သိရှိသွားသည်နှင့် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုသို့ အဆုံးမရှိသော ပြဿနာများ သယ်ဆောင်လာမည်မှာ သေချာသည်။
သို့သော် သူက ကျန်းချန်၏ ရန်သူ မဖြစ်ချင်သော်လည်း ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ လူငယ်ကို လွယ်လွယ်ကူကူ လွှတ်ပေးနိုင်မည် မဟုတ်ပေ။
နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် ရှေးခေတ်ကနေ ယခုအချိန်အထိ ဘိုးဘွားမြေတွင် လက်ဆင့်ကမ်းလာနိုင်မည် မဟုတ်မှန်း ယိုယဲ့နတ်ဘုရင် ကောင်းစွာ သိထားခဲ့သည်။
ဤနေရာတွင် အခြား ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုဝင် များ၏ အရှိန်အဝါကို သူ မခံစားရပေ။
ရှေးခေတ်ကာလက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် နေရာလွတ် စွမ်းအားတွင် အလွန်တရာ ထူးချွန်ခဲ့သည်။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ မျိုးဆက်သည် သူတို့ ဘိုးဘေးများ ချန်ထားခဲ့သည့် နေရာလွတ် မှော်ရတနာ တစ်ခုခု၏ အကူအညီမှ တစ်ဆင့် ဤနေရာသို့ ဝင်ရောက်လာခြင်း ဖြစ်ရပေမည်။
ထိုလူငယ်၏ ရည်ရွယ်ချက်မှာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဓိက အမွေအနှစ်ကို ရယူရန် ဖြစ်လောက်၏။
သူတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စု နှင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု တို့သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းကပင် နက်ရှိုင်းသော ရန်ငြိုးများ ရှိသည့် ရန်သူများ ဖြစ်ခဲ့ကြသည်။
ထို့ကြောင့် သူက သူ၏ ရှေ့ရှိ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ လူငယ်ကို မဖြစ်မနေ ဖမ်းဆီးရမည် ဖြစ်ပြီး ထိုလူငယ်ကို စစ်မေးကာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ကျန်ရှိသော အင်အားစုကို ရှာဖွေ၍ နောင်ဖြစ်လာနိုင်မည့် ပြဿနာများကို အမြစ်ပါမကျန် ဖယ်ရှားပစ်ရလိမ့်မည် မဟုတ်ပါလား။
အခန်း(၁၉၉၆) ပြီး၏