← Chapters

အခန်း (၁၁၉၇-၁၉၉၈)

Vol. 140 Ch. 1997-1998

အခန်း (၁၁၉၇-၁၉၉၈)

Vol. 140 Ch. 1997-1998

အခန်း(၁၉၉၇)

"ဟားဟား... ယိုယဲ့ နတ်ဘုရင်.. အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အများကြီး ပြောနေဖို့ မလိုပါဘူး"

"ငါက မင်းတို့ တောင်ပံနက် ခွန်ပန်မျိုးနွယ်နဲ့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု တို့ရဲ့ ကိစ္စတွေကို ဝင်ရောက် မစွက်ဖက်ချင်ပါဘူး.. ဒါပေမယ့် ဖုန်းယန်က အခု ငါ့ရဲ့ ကာကွယ်မှုအောက်မှာရှိတဲ့လူပဲ.. ငါ ဒီမှာ ရှိနေသရွေ့ သူ့ရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိဖို့ စိတ်မကူးနဲ့"

"မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်.. ဒီကနေ ထွက်သွားမလား ဒါမှမဟုတ် ငါနဲ့ တိုက်ခိုက်မလား"

ကျန်းချန်က အေးစက်စက် ပြုံး၍ ပြောလိုက်သည်။

အရှင်ဖုန်းချီကို ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ဖုန်းယန်ကို ပို့ဆောင်ပေးရန် သဘောတူထားခဲ့သည့်အတွက် သူက ကတိပျက်မည် မဟုတ်ပေ။

ပြောနေစရာ မလိုလောက်အောင်ပင် သူသာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ရောက်မလာခဲ့လျှင် ဤနေရာမှ မြေကြီး နတ်သလင်းကျောက်များကို ရရှိမည် မဟုတ်ဘဲ မြေကြီးလမ်းစဥ်၏ မူလစွမ်းအားကို တစ်ထိုင်တည်းဖြင့် ပြီးပြည့်စုံသော အဆင့်ထိ မြှင့်တင်နိုင်မည် မဟုတ်ပေ။

ထို့အပြင် ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ထပ်မံ ချိုးဖျက်ကာ သူတော်စင် ကောင်းကင် နတ်ဘုရားအဆင့်ထက် သာလွန်သည့် အဆင့်ကို ရောက်ရှိနိုင်မည့် အခြေအနေကိုလည်း ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။

ဤကိစ္စ အတွက် သူက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု အပေါ် အကြွေးတင်နေသည်ဟု မှတ်ယူထားခဲ့ရာ ဖုန်းယန်ကို လက်လွတ်စပယ် ပစ်ထားမည် မဟုတ်ပေ။

ယိုယဲ့နတ်ဘုရင်က အေးစက်စက် ကြည့်၍ ပြောလိုက်သည်။

"ကောင်လေး.. မင်းသာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို အတင်းအကျပ် ကူညီမယ်ဆိုရင် ငါ့ကို ညှာတာမှု မရှိဘူးလို့ အပြစ်မတင်နဲ့"

"ဟားဟား..."

"ယိုယဲ့ နတ်ဘုရင်.. မင်းက မင်းရဲ့ ကိုယ်ပွားကို အတော်လေး အထင်ကြီးနေတာပဲ.. ကောင်းပြီလေ.. မင်းမှာ ငါ့ကို အနိုင်ယူနိုင်တဲ့ စွမ်းရည် ရှိမရှိ ကြည့်ရသေးတာပေါ့"

ကျန်းချန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ချက်ချင်းပင် ယိုယဲ့နတ်ဘုရင်ကို တိုက်ခိုက်လိုက်သည်။

"ကောင်းပြီ.. ဒီနေ့ ငါလည်း မင်းရဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား စွမ်းအားကို လေ့လာကြည့်ရတာပေါ့"

ယိုယဲ့ နတ်ဘုရင်က ခပ်ထေ့ထေ့ ပြုံးလိုက်သည်။

သူ၏ လက်ဖဝါးမှ မည်းနက်သော ဝါးမျိုခြင်း စွမ်းအားသည် နေရာလွတ်ကို ထိုးဖောက်ကာ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့၏။

"ဝုန်း.. ဝုန်း.. ဝုန်း.."

နှစ်ဦးသား ဆက်တိုက်ပင် တိုက်ခိုက်ခဲ့ကြသည်။

ပေါက်ကွဲသံ တစ်ကြိမ်စီတိုင်းတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ဖြစ်ပေါ်လာပြီး ကမ္ဘာမြေကိုပင် လှုပ်ခါစေကာ နေရာလွတ်များကို ပြိုကျစေခဲ့သည်။

ဘေးနားရှိ ဖုန်းယန် တို့သည် နှစ်ဦးကြား တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်လှိုင်းများကြောင့် ပေထောင်ချီ အကွာအဝေးထိ ဆုတ်ခွာသွားခဲ့ရသည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကိုသာ နတ်ဘုရင် စွမ်းအားဖြင့် ဖိနှိပ်ထားခြင်း မရှိခဲ့လျှင် ထို နှစ်ဦး၏ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ရင်ဆိုင်တိုက်ခိုက်မှုသည် ရှန်းယင်းတောင် တစ်တောင်လုံးကိုပင် လုံးဝ ဖျက်ဆီးပစ်ရန် လုံလောက်၏။

နှစ်ဦးစလုံးသည် ကိုယ်စီ အစွမ်းထက် နည်းစနစ်များကို အသုံးပြုခဲ့ကြပြီး အပြင်းအထန် တိုက်ခိုက်နေခဲ့သည်။

အဘိုးအိုသည် ယိုယဲ့ နတ်ဘုရင်၏ ကိုယ်ပွား ဖြစ်ပြီး မဟာကောင်းကင်နတ်ဘုရား အဆင့် ခွန်အားဖြင့် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်သော်လည်း ကျန်းချန်သည် သာမန်ကျင့်ကြံသူ မဟုတ်ပေ။

သူက သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည့်အပြင် ဆယ်ခုမြောက် ကိုယ်ခံပညာ လမ်းစဥ်၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံထားပြီးပြီ ဖြစ်သည်။

ကျန်းချန်က မြေကြီးလမ်းစဥ်၏ ကမ္ဘာ့ စွမ်းအားကို စုစည်းကာ သူတော်စင်ကောင်းကင် နတ်ဘုရားအဆင့် အထက်ရှိ နယ်ပယ်သို့ မဝင်ရောက်ရသေးသော်လည်း သာမန် သူတော်စင် ကောင်းကင် နတ်ဘုရားများထက် အဆပေါင်းများစွာ သန်မာနေပြီ ဖြစ်၏။

အဆုံးသတ်တွင် ယိုယဲ့နတ်ဘုရင်၏ ကိုယ်ပွား၌ မဟာကောင်းကင်နတ်ဘုရား အဆင့် ခွန်အားသာလျှင် ရှိသည်။

သူက နတ်ဘုရင် အဆင့် နည်းစနစ် အချို့ကို အသုံးပြုနိုင်၍ သူ၏ တိုက်ခိုက်ရေးစွမ်းအားက အလွန် အဆင့်မြင့်သော အနေအထားထိ ရောက်ရှိနေခြင်းပင်။

ထို့ကြောင့် ယိုယဲ့နတ်ဘုရင်၏ ကိုယ်ပွားသည် ကျန်းချန်နှင့် ရင်ဆိုင်ရာတွင် အားသာချက် တစ်စုံတစ်ရာ မရခဲ့ပေ။

ပို၍ အရေးပါသောအချက်မှာ ကျန်းချန်၏ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် ခွန်အားဖြင့် နှိုင်းယှဉ်လျှင် ယိုယဲ့ နတ်ဘုရင်၏ မဟာကောင်းကင် နတ်ဘုရား အဆင့် ခွန်အားသည့် အလွန်အမင်း အဆင့်နိမ့်နေခဲ့ခြင်း ဖြစ်၏။

အချိန်ကြာလာသည်နှင့် အမျှ ယိုယဲ့ နတ်ဘုရင်သည် ခန္ဓာကိုယ်အတွင်းရှိ ခွန်အားများ ကုန်ခန်းလာမှုကြောင့် တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။

"ဒီကောင် ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ.. ခေါင်းဆောင်ရဲ့ ကိုယ်ပွားကတောင် သူ့ကို မယှဥ်နိုင်ပါလား"

သူ၏ရှေ့မှ အခြေအနေကို ကြည့်ကာ ယိုဝူလင်း၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

ခေါင်းဆောင်၏ ကိုယ်ပွားကို ခေါင်းဆောင်၏ နတ်ဘုရင်အဆင့် ကိုယ်ပိုင် သွေးတစ်စက် ဖြင့် စုဖွဲ့ထားခြင်း ဖြစ်သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေက ကန့်သတ်ထား၍ ကိုယ်ပွားက မဟာ ကောင်းကင် နတ်ဘုရား အဆင့်တွင်သာ ရှိနေသော်လည်း ကောင်းကင်အရှင် အဆင့်၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။

သူတော်စင် ကောင်းကင် နတ်ဘုရားများသည် ကောင်းကင်အရှင် အဆင့်နှင့် ယှဉ်နိုင်သော်လည်း ယိုဝူလင်း သိထားသလောက် ဆိုလျှင် သူတို့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှ သူတော်စင် ကောင်းကင် နတ်ဘုရားသည် ကောင်းကင်အရှင် အစောပိုင်း အဆင့် ကျင့်ကြံသူများကို ယှဥ်နိုင်ရုံသာ ဖြစ်၏။

သို့သော် သူ၏ရှေ့ရှိ ကျန်းချန်ကမူ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်၏ ခွန်အားကို အားကိုးကာ ဘိုးဘေး၏ ကိုယ်ပွားကိုပင် သေလုနီးပါး ဖိနှိပ်ထားခဲ့သည်။

ထိုသို့သော တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

"ဒါက အကိုကျန်းချန်ရဲ့ စွမ်းရည် အစစ်အမှန်လား.. ကုဟွမ်တောင်မှာ ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းရဲ့ ဘိုးဘေးကို သတ်နိုင်ခဲ့တာ အံ့သြစရာ မရှိတော့ဘူး"

ဖုန်းယန်က သူ၏ရှေ့မှ တိုက်ပွဲကို အံ့သြတုန်လှုပ်စွာ စိုက်ကြည့်နေခဲ့ပြီး မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အနည်းငယ် ယူခဲ့ရသည်။

ကျန်းချန်နှင့် မတွေ့ဆုံမီ ဖုန်းယန်သည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ရှားပါးသော ပါရမီရှင် တစ်ဦးဟု ထင်မှတ်ခဲ့သည်။

သို့သော် ယခုအခါတွင် ဖုန်းယန်သည် ကျန်းချန် ကဲ့သို့ စစ်မှန်သော ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် သူက ဘာမှ မဟုတ်ကြောင်း သဘောပေါက်လာခဲ့ချေပြီ။

"ဝုန်း"

ယိုယဲ့ နတ်ဘုရင်က ကျန်းချန်နှင့် တိုက်ခိုက်ရင်း ပေရာပေါင်းများစွာ နောက်သို့ လွင့်စင်သွားခဲ့သည်။

"ဒီလို ဆက်တိုက်နေလို့တော့ မဖြစ်ဘူး"

ယိုယဲ့ နတ်ဘုရင်၏ ဘာကိုမှ အရေးမစိုက်သော မျက်နှာထက်တွင် ပထမဆုံးအကြိမ် အဖြစ် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာသည်။

သူ၏ရှေ့မှ ကောင်လေးသည် အလွန်တရာ အစွမ်းထက်ပြီး ထိုကောင်လေး ကျင့်ကြံထားသော နည်းစနစ်သည် အလွန် ရှားပါးသော နတ်ဘုရင်အဆင့် နည်းစနစ် ဖြစ်သည်။

သူက နတ်ဘုရင်အဆင့် နည်းစနစ်များကို အသုံးပြုကာ ကောင်းကင်အရှင် အဆင့်၏ တိုက်ခိုက်ရေးစွမ်းအားများကို ထုတ်ဖော်နိုင်သော်လည်း ထိုကောင်လေးကို ကြီးကြီးမားမား ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မပေးနိုင်ခဲ့ပေ။

ထို့အပြင် သူ၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင် နတ်ဘုရား အဆင့်တွင်သာ ရှိနေ၍ စဉ်ဆက်မပြတ် တိုက်ခိုက်နိုင်စွမ်းတွင် သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်သည့် ထိုကောင်လေးနှင့် မယှဉ်နိုင်ချေ။

ဤအတိုင်းသာ ဆက်သွားလျှင် သူက ထိုကောင်လေး၏ လက်ထဲတွင် အမှန်တကယ် ရှုံးနိမ့်သွားရလိမ့်မည် ဖြစ်၏။

"ခွန်ပန်ဌက်ရဲ့ အသိုက် ဝါးမျို နည်းစနစ်"

ယိုယဲ့ နတ်ဘုရင်၏ ကျောဘက်တွင် အနက်ရောင် ခွန်ပန် ပုံရိပ်သည် ချက်ချင်း စုစည်းလာခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် ခွန်ပန်ပုံရိပ်က အတောင်ပံများကို ရုတ်တရက် ခတ်လိုက်ရာ ကျန်းချန်၏ ဦးခေါင်း အထက်ရှိ နေရာလွတ်တွင် ကြီးမားသော အနက်ရောင် တွင်းပေါက်ကြီး ပေါ်လာခဲ့၏။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဝါးမျိုခြင်း စွမ်းအားသည် အနက်ရောင် တွင်းပေါက်ကို ဝန်းရံထားပြီး နက်ရှိုင်းသော ဂူပေါက် အဖြစ်သို့ ပြောင်းလဲကာ အောက်ဘက်မှ ကျန်းချန်ကို စုပ်ယူရန် ကြိုးစားလိုက်သည်။

"ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်"

ယိုယဲ့ နတ်ဘုရင်က အစွမ်းကုန် တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရလျှင် ကျန်းချန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်ကို ချက်ချင်း စုစည်းလိုက်သည်။

ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ် ဖြစ်သည့် နတ်နဂါး မြို့တော် ပန်းချီစာလိပ်သည် ကြီးမား နက်ရှိုင်းသော ဂူပေါက် ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။

ထိုတိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော အဖျက်စွမ်းအားက နေနှင့်လကိုပင် ဗြောင်းဆန်သွားစေခဲ့ပြီး ကြယ်များကိုပင် သက်ရောက်သွားခဲ့၏။

အဆုံးသတ်တွင် ယိုယဲ့နတ်ဘုရင် ထုတ်ဖော်ထားသည့် ကြီးမားသည့် ဂူပေါက်သည် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

တစ်ချိန်တည်းလိုလိုပင် ပုံရိပ်နှစ်ခုသည် ဆန့်ကျင်ဘက် ဦးတည်ရာများ ဆီသို့ လွင့်စင်သွားခဲ့၏။

"ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုရဲ့ နည်းစနစ်.. မင်း... မင်းက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကိုလည်း တတ်မြောက်ထားတာလား"

ယိုယဲ့ နတ်ဘုရင်က သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ် အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ကျန်းချန်သည် အစောပိုင်းက လူသားဧကရာဇ် နန်းတော်၏ ရှေးဟောင်း စည်းတံဆိပ်ကို ထုတ်ဖော်ပြသခဲ့သဖြင့် ယိုယဲ့ နတ်ဘုရင်သည် ကျန်းချန်ကို လူသားဧကရာဇ် နန်းတော်၏ အဖွဲ့ဝင်ဟု ထင်မှတ်ခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စု၏ နည်းစနစ် ဖြစ်သည့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အသုံးပြုခဲ့ပြန်သည်။

နတ်ကုန်းမြေတိုက်၏ ထိပ်တန်း အင်အားကြီးနှစ်ခုနှင့်သာ သက်ဆိုင်သော အထွတ်အထိပ် နည်းစနစ် နှစ်မျိုး သည် လူတစ်ဦးတည်းတွင် ထွက်ပေါ်လာသည်ကို ယိုယဲ့နတ်ဘုရင် မည်သို့မျှ နားမလည်နိုင်ခဲ့ပေ။

သိထားရမည့်အချက်မှာ နတ်ကုန်းမြေတိုက်ရှိ အင်အားစုအသီးသီး၏ ထူးခြားသော နည်းစနစ်များသည် ပြင်ပတွင် အလွယ်တကူ မပြန့်ပွားနိုင်ခြင်း ဖြစ်သည်။

လူသားဧကရာဇ်နန်းတော် နှင့် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စု တို့သည် အချင်းချင်း ဆက်စပ်မှု မရှိပေ။

သို့ဆိုလျှင် သူ၏ရှေ့မှ ကောင်လေးသည် မည်သူနည်း။

ထိုကောင်လေးက လူသားဧကရာဇ် နန်းတော် နှင့် ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စု၏ ထူးခြားသော နည်းစနစ်များကို တစ်ချိန်တည်းတွင် မည်ကဲ့သို့ ပိုင်ဆိုင်ထားပါသနည်း။

အခန်း(၁၉၉၇) ပြီး၏

အခန်း(၁၉၉၈)

"ဟားဟား"

"နတ်ကုန်းမြေတိုက်က နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်ထိုက်ပါပေတယ်.. မင်းရဲ့အတွေ့အကြုံက သာမန်မဟုတ်ဘူးပဲ"

"မင်းက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို သိနေပြီ ဆိုမှတော့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ရဲ့ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထပ်ပြီး မြည်းစမ်းကြည့်ပါဦး"

ကျန်းချန်၏ စကားသံ အဆုံးသတ်သည်နှင့် နဂါးဟိန်းသံသည် ကမ္ဘာတစ်ခွင်လုံး ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

သူ၏ ဦးခေါင်းအထက်တွင် နတ်နဂါးမြို့တော် ပန်းချီ စာလိပ်သည် ဖြည်းဖြည်းချင်း စုစည်းလာခဲ့သည်။

ကျန်းချန် စုစည်းထားသော စာလိပ်ကို ကြည့်ရင်း ယိုယဲ့ နတ်ဘုရင်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုသည် သူတို့ ပင်မမျိုးနွယ်စု ဖြစ်သည့် ကောင်းကင် ခွန်ပန် မျိုးနွယ်စုထက် မနိမ့်ကျသည့် ထိပ်တန်း မျိုးနွယ်စုကြီး ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင် ခွန်ပန် မျိုးနွယ်စုသည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု နှင့် အငြင်းပွားမှုများ ရှိခဲ့သည်။

ထိုအချိန်က ယိုယဲ့ နတ်ဘုရင်သည် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စု မှ နတ်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် တိုက်ခိုက်ခဲ့ဖူး၍ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ စွမ်းအားကို ကောင်းစွာ သိရှိထားခဲ့သည်။

သူ့ကိုယ်ပွား၏ လက်ရှိ အခြေအနေဖြင့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို တားဆီးရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။

သို့သော် ကိစ္စက ယခု အခြေအနေအထိ ရောက်ရှိနေပြီ ဖြစ်ရာ ယိုယဲ့ နတ်ဘုရင်သည် သိပ်အများကြီး တွေးနေရန် မတတ်နိုင်တော့ပေ။

သူက ကျန်းချန်၏ ထိုက်စု အထွတ်အထိပ် နဂါး အသွင်ပြောင်း နည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို သူ၏ ခွန်အား အစွမ်းကုန် ထုတ်သုံး၍ ရင်ဆိုင်ရန်သာ ရွေးချယ်စရာ ရှိတော့သည်။

ယိုယဲ့ နတ်ဘုရင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

သူ၏ ကျောဘက်ရှိ ခွန်ပန် ပုံရိပ်သည် ချက်ချင်းပင် တောက်ပလာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော အမြန်နှုန်းဖြင့် စွမ်းအားများ အဆမတန် တိုးလာခဲ့သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဝါးမျိုခြင်း စွမ်းအားသည် ခွန်ပန်ဌက်၏ ခန္ဓာကိုယ်တွင် ပြည့်လျှံသွားပြီး ပတ်ဝန်းကျင်ရှိ နေရာလွတ်ကိုပင် ဝါးမျိုတော့မတတ် ဖြစ်နေခဲ့၏။

ထို့နောက်တွင် ယိုယဲ့ နတ်ဘုရင်၏ အေးစက် ခက်ထန်သော အသံသည် ကမ္ဘာတစ်ခွင်လုံး ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ခွန်ပန်ဌက် ဝါးမျိုခြင်း နည်းစနစ်.. ကောင်းကင်နှင့် မြေကြီးကို မျိုချပစ်လိုက်စမ်း"

"ဝုန်း"

ယိုယဲ့ နတ်ဘုရင်၏ စကားသံ အဆုံးသတ်သည်နှင့် ခွန်ပန်ဌက်က ၎င်း၏ ကြီးမားသော အတောင်ပံများကို ခတ်လိုက်ရာ ကြောက်မက်ဖွယ် ဝါးမျိုခြင်း စွမ်းအင်မုန်တိုင်းသည် နေရာအနှံ့ကို တိုက်ခတ်သွားခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် ဧရာမ ခွန်ပန်ဌက်သည် နတ်နဂါးမြို့တော် ပန်းချီစာလိပ် ဆီသို့ တိုက်ရိုက် ပျံသန်းသွားပြီး ပါးစပ်ကို ဖွင့်ဟကာ စာလိပ်ကို မျိုချလိုက်သည်။

သို့ရာတွင် ယိုယဲ့ နတ်ဘုရင်၏ ဝါးမျိုခြင်း စွမ်းအားက အစွမ်းထက်သော်လည်း ကျန်းချန်၏ လက်ရှိခွန်အားဖြင့် အပြည့်အဝ ထုတ်ဖော်ထားသော စာလိပ်ကို မည်ကဲ့သို့ အလွယ်တကူ ဝါးမျိုနိုင်ပါမည်နည်း။

စာလိပ်၏ စွမ်းအားက ခွန်ပန်ဌက်၏ ခန္ဓာကိုယ်အတွင်း အကြီးအကျယ် ဗြောင်းဆန်စေခဲ့၏။

ယင်းနောက်တွင် ခွန်ပန်ဌက်သည် သေမတတ် နာကျင်လာခဲ့ပြီး သူ၏ ဧရာမ ခန္ဓာကိုယ်သည်လည်း အဆက်မပြတ် တုန်ခါနေခဲ့သည်။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် စာလိပ်မှ တောက်ပသော ရွှေရောင်အလင်းသည် ခွန်ပန်ဌက်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ပြီး ခွန်ပန်ဌက်၏ ခန္ဓာကိုယ်တွင် ကြီးမားသော ရွှေရောင် အပေါက်များစွာကို ချန်ထားရစ်ခဲ့သည်။

အဆုံးသတ်တွင် ကျယ်လောင်သော ပေါက်ကွဲသံကိုသာ ကြားလိုက်ရပြီး ဧရာမ ခွန်ပန်ဌက်သည် တိုက်ရိုက် ပေါက်ကွဲသွားခဲ့၏။

ယိုယဲ့ နတ်ဘုရင်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး တစ်ကိုယ်လုံးက မီတာထောင်ချီ အကွာအဝေးထိ နောက်ပြန် လွင့်စင်သွားခဲ့ကာ သွေးတစ်လုတ်ကိုပါ အန်ထုတ်လိုက်ရသည်။

''ခေါင်းဆောင် ရှုံးနိမ့်သွားပြီလား''

သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ယိုဝူလင်း၏ မျက်လုံးများတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

နောက်ဆုံးအကြိမ်က ကျန်းချန် နဲ့ သူ တွေ့ဆုံစဉ်တွင် ခေါင်းဆောင် သူ့ကို ပေးအပ်ထားသည့် အသက်ကယ် ကျောက်စိမ်းအဆောင်လက်ဖွဲ့ဖြင့် သူက ကျန်းချန်၏ လက်ထဲကနေ လက်မတင်လေး ထွက်ပြေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ခေါင်းဆောင် ရှုံးနိမ့်သွားလျှင် သူက အသက်ကယ်ရတနာ မရှိတော့၍ ဤနေရာတွင်သာ လုံးဝ မြှုပ်နှံခံရဖွယ် ရှိ၏။

"မင်းက ကမ္ဘာပေါ်က တုနှိုင်းမဲ့ သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါးပဲ"

"သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်နဲ့ ဒီနတ်ဘုရင်ကို ဒီအခြေအနေထိ ဖိအားပေးနိုင်တာ မင်းကိုယ်မင်း ဂုဏ်ယူဖို့ လုံလောက်နေပြီ"

ယိုယဲ့ နတ်ဘုရင်က သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး ကျန်းချန်ကို ခက်ထန်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"ဒီနတ်ဘုရင်က မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်.. မင်း ဒီကနေ ထွက်သွားရင် နောက်ကျဦးမှာ မဟုတ်ဘူး"

သူ၏ရှေ့မှ သူတော်စင် ကောင်းကင် နတ်ဘုရား၏ စွမ်းအားသည် ယိုယဲ့ နတ်ဘုရင် စိတ်ကူးထားသည်ထက် လုံးဝကို သာလွန်နေခဲ့သည်။

သို့သော် နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် ယိုယဲ့ နတ်ဘုရင်သည် ကျန်းချန်၏ ခွန်အားကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

သူသာ ယနေ့ ဆုတ်ခွာသွားလျှင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ မျိုးဆက်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အဓိက အမွေအနှစ်ကို သေချာပေါက် ရရှိသွားမည် ဖြစ်သည်။

ထိုအတိုင်းသာ ဖြစ်လာခဲ့လျှင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် တစ်ချိန်ချိန်တွင် ပြန်လည် နာလန်ထူလာမည်မှာ သေချာ၏။

ယင်းကြောင့် ဤကိုယ်ပွားကို စွန့်လွှတ်ရသည့် တိုင်အောင် သူက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဝင်ကို သတ်ပစ်ရပေမည်။

------------------

"ယိုယဲ့ နတ်ဘုရင်.. မင်း စကားအရမ်းများလွန်းတာပဲ''

"ဒါက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေပဲ.. မင်းတို့ တောင်ပံနက် ခွန်ပန်မျိုးနွယ် လာသင့်တဲ့နေရာ မဟုတ်ဘူး.. ထွက်သွားသင့်တာက မင်းပဲလို့ ငါ ထင်တယ်"

"ငါလည်း မင်းကို နောက်ဆုံး အခွင့်အရေး တစ်ခု ပေးမယ်.. မဟုတ်ရင် မင်းရဲ့ နတ်ဘုရင် ကိုယ်ပွားကို ဖျက်ဆီးပစ်ဖို့ ငါ အားနာနေမှာ မဟုတ်ဘူး''

ကျန်းချန်က အေးစက်စက် ပြုံး၍ ပြောလိုက်သည်။

ယခု သူ၏ မြေကြီးလမ်းစဥ် မူလစွမ်းအားက ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၍ သူက လမ်းစဥ်ဆယ်ပါး၏ စွမ်းအားကို အချိန်မရွေး စုစည်းနိုင်ပြီး သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက် ကျော်လွန်သော တည်ရှိမှု ဖြစ်လာနိုင်၏။

သို့ဖြစ်ရာ မဟာကောင်းကင် နတ်ဘုရားအဆင့်သာ ရှိသည့် ယိုယဲ့ နတ်ဘုရင်၏ ကိုယ်ပွားသည် သူ့ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။

"မင်း ဒီလောက်တောင် သေချင်နေမှတော့ ဒီနတ်ဘုရင်က မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ယိုယဲ့ နတ်ဘုရင်၏ အေးစက်သော စကားသံက ကမ္ဘာတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

သူက ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်၏။

မကြာမီမှာပင် စိတ်ကူးပင် မယှဥ်နိုင်သည့် စွမ်းအား တစ်ခုသည် ယိုယဲ့ နတ်ဘုရင်၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအချိန်တွင် သက်ရှိအားလုံးကို ကျော်လွန်သော၊ အရာအားလုံးကို ကျော်လွန်သော၊ ကောင်းကင်နိယာမ ကဲ့သို့ မြင့်မြတ်သော အရှိန်အဝါ တစ်ခုသည် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ဆိုရလျှင် ယိုယဲ့ နတ်ဘုရင်၏ ခန္ဓာကိုယ်မှ စွမ်းအားသည် ဘုရားသခင်၏ ဆန္ဒကို ကိုယ်စားပြုနေသကဲ့သို့ပင်။

ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် ဤမြင့်မြတ်သော အရှိန်အဝါ နှင့် ရင်ဆိုင်ရလျှင် ဦးညွှတ်ချင်စိတ်ကို ထိန်းချုပ်၍ မရနိုင်ပေ။

"ဒါက.. နတ်ဘုရင်အဆင့်ရဲ့ မဟာလမ်းစဥ် စွမ်းအားလား''

ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ မျက်ဝန်းများတွင် ထိတ်လန့်သော အမူအရာ တစ်ခု ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

"ခရက်.. ခရက်"

ကျန်းချန်တို့က ယိုယဲ့ နတ်ဘုရင် ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအားကြောင့် ထိတ်လန့်နေချိန်တွင် ကောင်းကင်ယံ၌ အက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ယိုယဲ့ နတ်ဘုရင်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်လာသော မဟာလမ်းစဥ် စွမ်းအားကို ခံနိုင်ရည်မရှိဘဲ ဆက်တိုက်ဆိုသလို အက်ကွဲလာခဲ့၏။

သို့သော် ယိုယဲ့ နတ်ဘုရင်သည် ဤအချင်းအရာကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူ၏ ခံစားချက် ကင်းမဲ့နေသော အသံသည် ကမ္ဘာတစ်ခွင်လုံး ဖြည်းဖြည်းချင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ကောင်လေး.. ကြိုတင်ကာကွယ်မှု အနေနဲ့ ငါ ဒီကိုယ်ပွားကို စုစည်းဖို့ ရက်အနည်းငယ် ထပ်အချိန်ယူခဲ့ရတယ်.. ဘာလို့လည်းဆိုတော့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရင်အဆင့်ရဲ့ မဟာလမ်းစဥ် စွမ်းအား အနည်းငယ်ကို စည်းတံဆိပ် ခတ်ထားခဲ့လို့ပဲ"

"ဒီနေ့ မင်းကို နတ်ဘုရင်အဆင့်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို အမြင်ကျယ်အောင် ငါပြသပေးမယ်"

ကျန်းချန်က ယိုယဲ့ နတ်ဘုရင်၏ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်ကို စိုက်ကြည့်ကာ မျက်နှာထား ပိုမို တင်းမာလာခဲ့သည်။

နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။

သူက ဒသမမြောက် လမ်းစဥ်၏ မူလစွမ်းအားကို စုစည်းထား၍ အဆင့် ထိုးဖောက်လိုက်လျှင် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

သို့သော် ဖုန်းယန်တို့က စက်ကွင်းမလွတ် ဖြစ်ကာ လွတ်မြောက်နိုင်မည် မဟုတ်လောက်ပေ။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဖုန်းယန်တို့၏ နံဘေးသို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။

ထို့နောက် ချက်ချင်းပင် သူက မဟာနဂါးနန်းတော်ကို တိုက်ရိုက် ထုတ်ဖော်လိုက်၏။

ကျန်းချန်၏ လှုံ့ဆော်မှုအောက်တွင် မဟာနဂါး နန်းတော်သည် ရုတ်တရက် တောက်ပသော ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး ဧရာမ ရွှေရောင်နန်းတော်ကြီး အဖြစ် ပြောင်းလဲသွားခဲ့သည်။

"မဟာနဂါးနန်းတော်ပါလား.. ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ''

ယိုယဲ့ နတ်ဘုရင်သည် ကျန်းချန် ထုတ်ဖော်လိုက်သော ရွှေရောင်နန်းတော်ကို ကြည့်ကာ မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်၏။

ယိုယဲ့ နတ်ဘုရင်၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ယိုယဲ့ နတ်ဘုရင်၏ ခန္ဓာကိုယ်သည် ခံနိုင်ရည် အကန့်အသတ်ကို ရောက်ရှိသွားခဲ့ပြီး ဝုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။

အခန်း(၁၉၉၈) ပြီး၏။

All Chapters