← Chapters

အခန်း (၁၉၉၉-၂၀၀၀)

Vol. 140 Ch. 1999-2000

အခန်း (၁၉၉၉-၂၀၀၀)

Vol. 140 Ch. 1999-2000

အခန်း(၁၉၉၉)

"ဝုန်း"

ယိုယဲ့ နတ်ဘုရင်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် မဟာလမ်းစဥ်စွမ်းအား ပါဝင်နေသည့် ဝါးမျိုခြင်း စွမ်းအားတစ်ရပ်သည် မိုင်ထောင်ချီ ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

ယိုဝူလင်း အပါအဝင် မိုင်တစ်ထောင် အချင်းဝက်အတွင်းရှိ အရာအားလုံးသည် ရှောင်တိမ်းချိန် မရလိုက်ဘဲ ထိုကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်း စွမ်းအားအောက်တွင် လုံးဝ ပျက်သုဉ်းသွားခဲ့၏။

ပေတစ်ထောင် မြင့်သော မဟာနဂါး နန်းတော် တစ်ခုသာ ထိုကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်း စွမ်းအားအောက်တွင် မြဲမြံစွာ ရပ်တည်နိုင်ခဲ့သည်။

သို့ရာတွင် အရာအားလုံး ပြီးသွားသောအခါ မဟာနဂါးနန်းတော် ပေါ်ရှိ မူလက တောက်ပနေသော ရွှေရောင်အလင်းသည် အလွန်အမင်း မှိန်သွားခဲ့သည်။

နန်းတော် တစ်ခုလုံး၏ မျက်နှာပြင်ပေါ်တွင် ဝါးမျိုခြင်း စွမ်းအား တိုက်စားသွားသည့်နှယ် အနက်ရောင် အလွှာတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

မဟာနဂါးနန်းတော်သည် ယိုယဲ့နတ်ဘုရင်၏ ကြောက်မက်ဖွယ် ပေါက်ကွဲအားကို တားဆီးနိုင်ခဲ့သော်လည်း အပြင်ဘက် အပိုင်းသည် အတိုင်းအတာ တစ်ခုအထိ ပျက်စီးသွားသည်မှာ ထင်ရှား၏။

ကျန်းချန်က မဟာနဂါးနန်းတော်ကို သိမ်းဆည်းလိုက်ပြီးနောက် ပတ်ဝန်းကျင် မိုင်ထောင်ချီကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချမိလိုက်သည်။

နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားသည် အမှန်တကယ်ပင် ကမ္ဘာကို ဖျက်ဆီးနိုင်သော စွမ်းအား ဖြစ်သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် နတ်ဘုရင် စွမ်းအားဖြင့်သာ ဖိနှိပ်ထားခြင်း မရှိခဲ့လျှင် ယိုယဲ့ နတ်ဘုရင်၏ တိုက်ခိုက်မှုသည် ရှန်းယင်းတောင်ကို ပြားပြားဝပ်စေလိမ့်မည် ဖြစ်၏။

"အကိုကျန်းချန်...အသက်ကယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"

ဖုန်းယန်က ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျန်းချန်ကို ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။

ကံကောင်းစွာဖြင့် ကျန်းချန်သည် သူတို့ကို ကာကွယ်ရန် ဤရတနာကို စတေးခဲ့သည်။

မဟုတ်လျှင် သူတို့၏ ကံကြမ္မာသည် ယိုဝူလင်း ကဲ့သို့ ဆိုးရွားနေမည်မှာ သေချာ၏။

"ဒါက အသေးအဖွဲ ကိစ္စလေးပါကွာ"

ကျန်းချန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"သွားကြရအောင်.. နောက်ကျရင် အပြောင်းအလဲတွေ ရှိလာနိုင်တယ်.. အခုပဲ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အဓိက အမွေအနှစ်ကို ရယူဖို့ ကြိုးစားတော့"

ယခု ယိုယဲ့ နတ်ဘုရင်၏ ကိုယ်ပွား ပျက်စီးသွားပြီ ဖြစ်၍ ယိုယဲ့နတ်ဘုရင်က ဒေါသထွက်နေမည်မှာ သေချာပြီး အလွယ်တကူ လက်လျှော့လိမ့်မည် မဟုတ်ပေ။

ဤနေရာကို ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘေးများက နတ်ဘုရင်စွမ်းအားဖြင့် ဖိနှိပ်ထားသည်ဟု ဆိုသော်လည်း ယိုယဲ့ နတ်ဘုရင်ကို အမြဲတစေ အပြင်မှာ ထားနိုင်မည် မဟုတ်ပေ။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ယိုယဲ့ နတ်ဘုရင်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို အတင်းအကျပ် ဖောက်ထွင်းဝင်ရောက်ရန် အစွမ်းကုန် ကြိုးပမ်းမည်မှာ သေချာသည်။

ထိုအချိန်သို့ရောက်လျှင် သူတို့ ရင်ဆိုင်ရမည့်သူမှာ ယိုယဲ့ နတ်ဘုရင် အစစ်အမှန် နှင့် တောင်ပံနက် ခွန်ပန်မျိုးနွယ်စု တစ်ခုလုံးမှ ကျင့်ကြံသူများ ဖြစ်သည်။

-----------------

သူက မြေကြီးလမ်းစဥ်၏ ကမ္ဘာ့စွမ်းအားကို စုစည်းကာ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ထက် ပိုမြင့်သော အဆင့်သို့ ရောက်ရှိသွားလျှင်ပင် ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

"ဟုတ်ကဲ့.. အကိုကျန်းချန်"

ဖုန်းယန်က လျင်မြန်စွာ ပြောလိုက်သည်။

"ဘိုးဘွားမြေရဲ့ အဓိက အမွေအနှစ်က ဒီနေရာနဲ့ သိပ်မဝေးတော့ဘူးလို့ ကျွန်တော် ခံစားမိတယ်"

သူက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဓိက အမွေအနှစ်ကို ရယူရန်အတွက် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ လာခဲ့ခြင်းဖြစ်ရာ အဓိကအမွေအနှစ်ကိုသာ အာရုံစူးစိုက်ခဲ့သည်။

----------------

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ဘေးနားရှိ လိပ်သားရဲကို ပြောလိုက်သည်။

"မင်း ငါတို့နဲ့ အတူတူ လိုက်ချင် လိုက်လာခဲ့ပါ.. မလိုက်ချင်ဘူး ဆိုရင်လည်း ဒီမှာပဲ စောင့်နေပါ.. ကိစ္စပြီးတာနဲ့ ငါတို့ မင်းကို ပြန်လာခေါ်မယ်"

"ငါ မင်းတို့နဲ့ အတူတူ လိုက်ခဲ့မယ်"

လိပ်သားရဲက တွန့်ဆုတ်မနေဘဲ သူ၏ ခန္ဓာကိုယ်ကို သုံးပေ အရွယ်အစားထိ တိုက်ရိုက် ကျုံ့လိုက်ပြီး ကျန်းချန်တို့ အနောက်သို့ လိုက်ခဲ့သည်။

သူက ကျန်းချန် နှင့်အတူ ဤနေရာမှ ထွက်ခွာရန် စီစဉ်ထားသည့်အတွက် ကျန်းချန်နှင့် လိုက်ခဲ့ရမည်မှာ သဘာဝပင်။

အကယ်၍ ကိစ္စပြီးသွားသည်နှင့် ထိုကောင်လေး ထွက်ပြေးသွားလျှင် မခက်ပေလော။

ပြောရမည်ဆိုလျှင် ဤကမ္ဘာငယ်လေး၌ မကြာသေးခင်ကမှ စပြီး ရောက်လာသူများ မကြာခဏ ရှိနေခဲ့ပြီး အခြေအနေတွေက သိသိသာသာ ပြောင်းလဲနေပြီ ဖြစ်သည်။

ထို့ကြောင့် နတ်ဘုရင်၏ ကိုယ်ပွားကိုပင် သတ်နိုင်တဲ့ ထိုကောင်လေးနားတွင် ရှိနေသည်က သံသယဖြစ်ဖွယ်ရာ မရှိ များစွာ ပို၍ လုံခြုံလိမ့်မည် မဟုတ်ပါလား။

တစ်ချိန်တည်းမှာပင် ကျန်းချန်သည် ဖုန်းယန်ကို ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အဓိက အမွေအနှစ်ရှိသည့် နေရာသို့ လိုက်ပို့နေခဲ့သည်။

------------------

နတ်ကုန်းမြေတိုက်၊ တောင်ပံနက် ခွန်ပန်မျိုးနွယ်စု၏ ဗဟို တားမြစ်နယ်မြေ။

မူလက ငြိမ်သက်နေသော တားမြစ်နယ်မြေတွင် ရုတ်တရက် နေရာလွတ် လှုပ်ရှားမှု ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။

ကမ္ဘာကိုပင် လွှမ်းမိုးထားသော အမြင့်မြတ်ဆုံး အရှိန်အဝါ တစ်ခုသည် တားမြစ်နယ်မြေ တစ်ခုလုံးကို ရုတ်တရက် ပြည့်နှက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဒေါသတကြီး လေသံသည် တောင်ပံနက်ခွန်ပန်မျိုးနွယ်စု တစ်ခုလုံး၏ အထက်တွင် ပဲ့တင်ထပ်လာခဲ့၏။

"မေဘေး သူတော်စင် ကောင်းကင် နတ်ဘုရား.. ဒီနတ်ဘုရင်က မင်းကို အထင်သေးခဲ့မိတယ်.. မင်းက ငါတို့ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုရဲ့ အရေးကြီးတဲ့ ကိစ္စကို ဖျက်ဆီးရဲမှတော့ ဒီနတ်ဘုရင်က မင်းနဲ့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး"

ဒေါသတကြီး ကြုံးဝါးသံက တောင်ပံနက်ခွန်ပန် မျိုးနွယ်စု အထက်တွင် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်နေခဲ့ပြီး ရေတွက်လို့မရနိုင်သော တပည့်များကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

သူတို့အားလုံး၏ အကြည့်သည် တားမြစ်နယ်မြေ အထက်ရှိ ကောင်းကင်ယံ ဆီသို့ ရောက်ရှိသွားခဲ့၏။

ထိုနေရာတွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသည့် အသက်ခပ်ကြီးကြီး အနက်ရောင် ပုံရိပ် တစ်ခုသည် ဖြည်းဖြည်းချင်း စုစည်းလာခဲ့သည်။

ထိုသူက အခြားသူ မဟုတ်ပေ။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင် ယိုယဲ့ နတ်ဘုရင် ဖြစ်သည်။

"ဟင်.. ဘာတွေများ ဖြစ်ပျက်သွားလို့ ခေါင်းဆောင်က ဒီလောက်ထိ ဒေါသထွက်နေရတာလဲ"

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ တပည့်များစွာသည် တားမြစ်နယ်မြေ အထက် ကောင်းကင်ယံရှိ အနက်ရောင် ပုံရိပ်ကို ကြည့်ရင် စိတ်ထဲတွင် သက်ပြင်းချမိလိုက်ကြသည်။

သိထားရမည်မှာ သူတို့၏ ခေါင်းဆောင် ယိုယဲ့ နတ်ဘုရင်သည် တစ်နှစ်ပတ်လုံး ကျင့်ကြံနေလေ့ရှိပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စုတွင် တုန်လှုပ်စရာ ကိစ္စ တစ်ခုခု မဖြစ်သ၍ အလွယ်တကူ ထွက်ပေါ်လာလေ့ မရှိပေ။

ယိုယဲ့ နတ်ဘုရင် နောက်ဆုံးအကြိမ် ထွက်ပေါ်လာခဲ့သည်မှာ အနည်းဆုံး နှစ်သန်းပေါင်းများစွာပင် ကြာမြင့်ခဲ့ချေပြီ။

ယခု ယိုယဲ့ နတ်ဘုရင်က ဒေါသအိုး ပေါက်ကွဲ၍ ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်ရာ ကိစ္စက သာမန် မဟုတ်သည်မှာတော့ သေချာ၏။

ကြည့်ရသည်မှာ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုတွင် ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ပုံ ရသည်။

ယိုယဲ့ နတ်ဘုရင်က တောင်ပံနက် ခွန်ပန် မျိုးနွယ်စု တပည့်များ၏ ထိတ်လန့်မှုကို လျစ်လျူရှုကာ တိုက်ရိုက် ထွက်ခွာသွားခဲ့ပြီး သူ၏ ပုံရိပ်က တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ဗဟို ခန်းမဆောင်ကြီး တစ်ခုထဲတွင် ပေါ်လာခဲ့သည်။

"ခေါင်းဆောင်"

တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ အကြီးအကဲချုပ် ဖြစ်သည့် ယိုလီ ဦးဆောင်သော အကြီးအကဲများသည် အလျင်အမြန်ပင် ဂါရဝပြုလိုက်ကြသည်။

သူတို့က တစ်ခုခုကို ဆွေးနွေးနေကြစဉ် ရုတ်တရက် ယိုယဲ့ နတ်ဘုရင်၏ ဒေါသတကြီး ကြုံးဝါးသံကို ကြားလိုက်ရခြင်းပင်။

ခေါင်းဆောင် ယိုယဲ့ နတ်ဘုရင်သည် တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံနေလေ့ ရှိပြီး တောင်ပံနက်ခွန်ပန် နတ်မျိုးနွယ်စုနှင့် ပတ်သက်၍ ဝင်ပါလေ့မရှိပေ။

ယိုယဲ့နတ်ဘုရင် နောက်ဆုံးအကြိမ် လှုပ်ရှားခဲ့သည်မှာ သူ၏ ကိုယ်ပွားကို ဖန်တီးပြီး အခြေအနေကို စုံစမ်းရန် အတွက် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယခု ဘိုးဘေးက ရုတ်တရက် အလွန်အမင်း ဒေါသထွက်နေသည် ဖြစ်ရာ ဖြစ်နိုင်ခြေ အများဆုံးမှာ ဘိုးဘေး၏ ကိုယ်ပွားသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေတွင် မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်ပေသည်။

"ယိုလီ.. ငါ့ရဲ့ ကိုယ်ပွားက ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရပြီ.. မင်း ချက်ချင်းပဲ တစ်ယောက်ယောက်ကို ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုဆီ စေလွှတ်ပြီး ကျင်းဖန်းနတ်ဘုရင်ကို အကူအညီ တောင်းလိုက်ပါ... ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို ဖျက်ဆီးပစ်ရမယ်"

ယိုယဲ့ နတ်ဘုရင်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူ၏ စကားသံက ခန်းမဆောင်အတွင်းရှိ အအေးဓာတ်ကို သိသိသာသာပင် မြင့်တက်လာစေခဲ့သည်။

သူ၏ ကိုယ်ပွားက သူတော်စင် ကောင်းကင်နတ်ဘုရားကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ဟု မူလက ထင်ခဲ့သော်လည်း ကျရှုံးသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ကိုယ်ပွားကို စတေးပြီး ကိုယ်ပွားတွင် စည်းတံဆိပ် ခတ်ထားသည့် ဝါးမျိုခြင်း မဟာလမ်းစဥ် စွမ်းအားကို သူ ဖွင့်ထုတ်ခဲ့သော်လည်း ထိုကောင်လေးသည် မှော်ရတနာတစ်ခုဖြင့် တားဆီးနိုင်ခဲ့သည်။

ယိုယဲ့ နတ်ဘုရင်ကို အလွန်အမင်း ထိတ်လန့်စေခဲ့သည်မှာ ကျန်းချန် အသုံးပြုခဲ့သော မှော်ရတနာက ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စု၏ မဟာနဂါးနန်းတော်နှင့် ဆင်တူနေခြင်းပင်။

သို့သော် မဟာနဂါးနန်းတော်သည် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စု၏ သန္ဓေ ရတနာ ဖြစ်ပြီး ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စု၏ အခြေခံ အုတ်မြစ်လည်း ဖြစ်သည်။

သို့ဖြစ်ရာ မလောက်လေး မလောက်စား ကောင်လေးတစ်ယောက်က မည်ကဲ့သို့ ထိန်းချုပ်နိုင်ပါမည်နည်း။

တစ်နည်းအားဖြင့် ပြောရလျှင် သူ အစောပိုင်းက မြင်တွေ့ခဲ့ရသော မဟာနဂါးနန်းတော်သည် တုပ ပြုလုပ်ထားသော မှော်ရတနာ ပစ္စည်းသာ ဖြစ်သည်။

"ဒီကောင်လေးမှာ ရှေးဟောင်း သူတော်စင်နဂါးသွေး မရှိဘူး.. ဒါပေမယ့် သူက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို တတ်မြောက်ထားတဲ့ အပြင် မဟာနဂါးနန်းတော် နဲ့ အတော်လေး ဆင်တူတဲ့ နတ်ဘုရင်အဆင့် လက်နက်ကိုလည်း ထိန်းချုပ်ထားတယ်"

ယိုယဲ့ နတ်ဘုရင်၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို ရုတ်တရက် စဥ်းစားမိလိုက်သည်။

သူက ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုကို သတိရလိုက်ခြင်းသာ။

ထိုကောင်လေးသည် ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုနှင့် သေချာပေါက် ပတ်သက်မှု တစ်ခုခု ရှိနေနိုင်၏။

ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စုသည် ထိုကောင်လေးကို အလွန် စိတ်ဝင်စားလိမ့်မည်ဟု သူထင်ခဲ့သည်။

ယိုယဲ့ နတ်ဘုရင်၏ မျက်ဝန်များက အနည်းငယ် လင်းလက်သွားခဲ့သည်။

သူက လက်ဖဝါးကို တစ်ချက် လှုပ်ရှားလိုက်ရာ ကျောက်စိမ်းတံဆိပ်ပြား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် စုစည်း ဖြစ်ပေါ်လာခဲ့၏။

ထို့နောက်တွင် သူ၏ အသံက ခန်းမ တစ်ခုလုံး၌ ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့သည်။

"ယိုလီ.. ချက်ချင်းပဲ တစ်ယောက်ယောက်ကို ဒီကျောက်စိမ်းတံဆိပ်ပြားနဲ့ အတူ ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စု ဆီ လွှတ်လိုက်.. ကျောက်စိမ်းတံဆိပ်ပြားထဲက အချက်အလက်တွေကို သိချင်ရင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီမှာ ငါ့ကို လာရှာဖို့ ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုက လူတွေကို ပြောလိုက်ပါ"

အခန်း(၁၉၉၉) ပြီး၏

အခန်း(၂၀၀၀)

နတ်ကုန်းမြေတိုက်၊ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု။

ခွန်ပန် ရုပ်တုကို ထွင်းထုထားသော ခန်းမတစ်ခု၏ ရွှေရောင်ပလ္လင်ပေါ်၌ လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ထိုင်နေခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက အတော်လေး အရပ်ရှည်ပြီး ရွှေရောင်ဆံပင်ရှည်များက ပခုံးပေါ်တွင် ဝဲကျကာ ရွှေရောင် ခွန်ပန်ဌက် ပုံစံများကို ရေးဆွဲထားသည့် ရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။

အဝေးမှ ကြည့်လိုက်လျှင် ဤ ခွန်ပန်ဌက် ပုံစံများသည် အသက်ဝင်နေသကဲ့သို့ ရွှေရောင် ဝတ်ရုံပေါ်တွင် အဆက်မပြတ် လှုပ်ရှားနေပြီး ဝါးမျိုခြင်း နတ်စွမ်းအားများပင် ခပ်ရေးရေး ပျံ့နှံ့နေခဲ့သည်။

ရွှေရောင် ဝတ်ရုံဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်သည့် ကျင်းဖန်း နတ်ဘုရင် ဖြစ်သည်။

ကျင်းဖန်းနတ်ဘုရင်၏ ရှေ့တွင် အနက်ရောင်ဝတ် အမျိုးသားတစ်ဦးသည် ရိုသေစွာ ဒူးထောက်နေခဲ့သည်။

ဤအနက်ရောင်ဝတ် အမျိုးသားသည် တောင်ပံနက် ခွန်ပန်မျိုးနွယ်စုမှ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုထံ အကူအညီတောင်းရန် စေလွှတ်လိုက်သော မြေကြီးအရှင် တစ်ပါး ဖြစ်သည်။

"မင်းကို ယိုယဲ့ နတ်ဘုရင်က ငါ့ဆီ စေလွှတ်လိုက်တာလား"

ကျင်းဖန်းနတ်ဘုရင်က သူ၏ ရွှေရောင်မျက်ဝန်းများဖြင့် အနက်ရောင်ဝတ် အမျိုးသားကို အေးစက်စက် ကြည့်၍ မေးလိုက်သည်။

"ပြောစမ်း.. ယိုယဲ့ နတ်ဘုရင်က ငါ့ဆီ ဘာအတွက် လွှတ်လိုက်တာလဲ"

"အရှင်... ကျွန်တော်တို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အဆက်အနွှယ်တွေကို ရှာတွေ့ခဲ့ပါတယ်"

အနက်ရောင်ဝတ် အမျိုးသားက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ကျင်းဖန်းနတ်ဘုရင်ထံ အလျင်အမြန် ပြောပြလိုက်သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ လက်ကျန် အဆက်အနွှယ်များ အမှန်တကယ် ရှိနေကြောင်းနှင့် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် ပါရမီရှင်ပါ ရှိနေကြောင်း ကြားသိလိုက်ရလျှင် ကျင်းဖန်းနတ်ဘုရင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် ၎င်းတို့၏ စွမ်းအားသည် သူတို့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုကိုပင် လွှမ်းမိုးထားခဲ့သည်။

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုတွင် ကြီးမားသော အပြောင်းအလဲသာ မဖြစ်ခဲ့လျှင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို အနိုင်ယူရန် အခွင့်အရေး ရရှိမည် မဟုတ်ပေ။

ထို့ကြောင့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဆက်အနွှယ်များနှင့် ပတ်သက်သည့် သတင်းကို ကြားသောအခါ ကျင်းဖန်းနတ်ဘုရင်သည် မည်ကဲ့သို့ ပေါ့ဆနိုင်ပါမည်နည်း။

"ငါတို့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက ပေါ့ဆမိခဲ့တာပဲ.. ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ လက်ကျန် မျိုးဆက်တွေ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"

ကျင်းဖန်းနတ်ဘုရင်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။

"မင်း ချက်ချင်း ပြန်သွားပြီး ယိုယဲ့ နတ်ဘုရင်ကို သတင်းပို့လိုက်ပါ.. ငါ မကြာခင် တောင်ပံနက် ခွန်ပန်မျိုးနွယ်စုကို လာခဲ့မယ်.. ပြီးရင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ ဘိုးဘွားမြေကို စုံစမ်းဖို့ သွားကြမယ်"

ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုကို တိုက်ခိုက်ရာတွင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ မျိုးနွယ်စုခွဲ ဖြစ်သော တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ကြီးမားသော ပံ့ပိုးမှု ရှိခဲ့သည်။

ထို့ကြောင့် စစ်ပွဲပြီးဆုံးပြီးနောက်တွင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေကို တောင်ပံနက်ခွန်ပန် မျိုးနွယ်စုထံ လုံးဝ လွှဲအပ်ပေးခဲ့သည်။

သို့သော် ပေါ့ဆမှု တစ်ခုကြောင့် ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုကို ဘိုးဘွားမြေတွင် ယနေ့အထိ ဆက်လက် အမွေဆက်ခံခွင့် ပေးမိလိုက်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယင်းက ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု အတွက် သတင်းကောင်း မဟုတ်သည်မှာ သေချာ၏။

ထို့ကြောင့် နောင်အခါတွင် ပြဿနာများ မဖြစ်လာစေရန် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ မဖြစ်မနေ သွားရောက်ပြီး ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ လက်ကျန် အဆက်အနွှယ်များကို အပြီးအပိုင် ဖယ်ရှားပစ်ရမည် မဟုတ်ပါလား။

----------------------

တစ်ချိန်တည်းမှာပင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် အလွန်တရာ ဝေးကွာသော လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုတွင် ကြီးမားသော ရွှေရောင်နန်းတော် တစ်ခုသည် မိုးသားဖြူများ အထက်တွင် မြင့်မားစွာ တည်ရှိနေခဲ့သည်။

အလွန်အမင်း တောက်ပသော အလင်း နှင့် ခမ်းနားထည်ဝါမှုများသည် နဂါးကြီးတစ်ကောင် ကဲ့သို့ နန်းတော်ပတ်ပတ်လည်ရှိ မိုင်ထောင်ချီ နေရာလွတ်ကို ဝန်းရံထား၏။

အဝေးမှ ကြည့်လိုက်သည်နှင့် နန်းတော်တွင် ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားကို ခံစားနိုင်၏။

သာမန် နယ်မြေ နတ်ဘုရားများ ဝင်ရောက်သွားလျှင်ပင် ရွှေရောင်နန်းတော် ပတ်ပတ်လည်ရှိ တောက်ပသော အလင်းများ၏ ဘာမှမကျန်ရှိတော့သည့် အထိ သတ်ဖြတ်ခြင်း ခံရနိုင်ပေသည်။

ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့လျှင် အံ့သြသွားလိမ့်မည် ဖြစ်၏။

အကြောင်းရင်းမှာ လေထုထဲတွင် တည်ရှိနေတဲ့ ဤရွှေရောင်နန်းတော်သည် ကျန်းချန် ပိုင်ဆိုင်ထားသည့် မဟာနဂါးနန်းတော် နဲ့ လုံးဝ အတူတူနီးပါး ဖြစ်နေ၍ပင်။

ရုတ်တရက် အဝေးရှိ ကောင်းကင်ယံကနေ လေထုကို ဖြတ်ကျော်ကာ ထိုးဖောက်သွားသည့် အသံတစ်သံ ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် အနက်ရောင် ပုံရိပ်တစ်ခုသည် ဥက္ကာခဲကဲ့သို့ ကောင်းကင်ယံကို ဖြတ်ကျော်သွားခဲ့ပြီး ရွှေရောင်နန်းတော်နှင့် မိုင်ထောင်ချီအကွာရှိ လေထုသို့ ရောက်ရှိလာခဲ့၏။

ထိုပုံရိပ်သည် အခြားသူ မဟုတ်ပေ။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ အကြီးအကဲချုပ် ယိုလီ ဖြစ်သည်။

ယိုယဲ့ နတ်ဘုရင်၏ အမိန့်ကို ရရှိပြီးနောက်တွင် ယိုလီသည် ရှေးဟောင်း သူတော်စင် နဂါးနန်းတော်ကို ရိုသေမှု ပြသရန်အတွက် ယိုယဲ့ နတ်ဘုရင် ပေးအပ်လိုက်သော ကျောက်စိမ်းတံဆိပ်ပြားကို ကိုယ်တိုင်ကိုယ်ကျ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထိတ်လန့်ဖွယ် တောက်ပမှုများဖြင့် လွှမ်းခြုံနေသော ရွှေရောင်နန်းတော်ကို ကြည့်ရင်း ယိုလီက အလွယ်တကူ ရှေ့တိုးရဲခြင်း မရှိပေ။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ့ရှေ့ရှိ ရွှေရောင်နန်းတော်ဆီသို့ လေးနက်သော အသံဖြင့် အော်ပြောလိုက်သည်။

"တောင်ပံနက်ခွန်ပန် မျိုးနွယ်စုရဲ့ ယိုလီက ယိုယဲ့ နတ်ဘုရင်ရဲ့ အမိန့်နဲ့ ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုကို လာရောက် ဂါရဝပြုပါတယ်"

သူ၏ စကားသံ ဆုံးသည်နှင့် ရွှေရောင် သံချပ်ဝတ် နယ်မြေ နတ်ဘုရား တစ်ပါးသည် ရွှေနန်းတော်ဆီမှ ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့သည်။

ထိုလူက မှော်လက်နက် တစ်ခုကို ကိုင်ဆောင်ထားပြီး ယိုလီ ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

"တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက ကောင်းကင်ခွန်ပန် မျိုးနွယ်စုခွဲ မဟုတ်လား.. ငါတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုက မင်းတို့ ကောင်းကင်ခွန်ပန် မျိုးနွယ်စုနဲ့ မိတ်ဆွေ မဟုတ်ဘူး.. မင်း ဒီကို ဘာလာလုပ်တာလဲ"

"ဒီကျောက်စိမ်း တံဆိပ်ပြားထဲမှာ ရှေးဟောင်း သူတော်စင် နဂါး မျိုးနွယ်စု အတွက် အရေးကြီးတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်.. နတ်ဘုရင်ဆီ ပို့ပေးပါ"

ယိုလီက အပိုစကားများ ပြောမနေဘဲ ယိုယဲ့ နတ်ဘုရင် သူ့ကို ပေးအပ်ထားသော ကျောက်စိမ်း တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။

ရွှေရောင် သံချပ်ဝတ် အစောင့်က ကျောက်စိမ်းတံဆိပ်ပြားကို လက်ခံယူလိုက်ရာ ကျောက်စိမ်းတံဆိပ်ပြား အပေါ်မှ နတ်ဘုရင် စွမ်းအားကို ခံစားလိုက်ရပြီး ပေါ့ဆမှု မပြုဝံ့တော့ပေ။

"မင်း ဒီမှာ ခဏ စောင့်နေဦး"

ရွှေရောင် သံချပ်ဝတ် အစောင့်က ယိုလီကို ပြောလိုက်ပြီးနောက်ပြန်လှည့်ကာ ရွှေရောင်နန်းတော် ဆီသို့ ပျံသန်းသွားခဲ့သည်။

မကြာမီမှာပင် ကြီးမားပြီး နှိုင်းယှဉ်၍ မရနိုင်သော အပြာရောင် လေပွေကြီး တစ်ခုသည် ရွှေရောင်နန်းတော်ထဲမှ ရုတ်တရက် တိုက်ခတ်လာခဲ့ပြီး အဆုံးမဲ့ နဂါးစွမ်းအားများကို ထုတ်လွှတ်နေသော အပြာရောင် ပုံရိပ် အဖြစ် ယိုလီ ရှေ့တွင် ဖြစ်ပေါ်လာခဲ့သည်။

အပြာရောင် ပုံရိပ်က ယိုလီကို အေးစက်စက် မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

ထို့နောက်တွင် အပြာရောင်ပုံရိပ် ထံမှ မိုးခြိမ်းသဲ ကဲ့သို့ ကျယ်လောင်သော အသံသည် ယိုလီ၏ နားထဲတွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

"ကျောက်စိမ်းပြားထဲက အချက်အလက်တွေက အမှန်ပဲလား"

ယိုလီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး မျက်နှာက တစ်ခဏအတွင်း ဖြူဖျော့သွားခဲ့သည်။

ယိုလီက အလျင်အမြန် ပြန်ဖြေလိုက်၏။

"နတ်ဘုရင်ကို မလိမ်ညာဝံ့ပါဘူး.. ဒါ အမှန်တွေပါပဲ.. နတ်ဘုရင်ကို ကျွန်တော်မျိုးတို့ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုဆီ ကြွလာခဲ့ဖို့ ခေါင်းဆောင်က ဖိတ်ခိုင်းလိုက်ပါတယ်"

"ကောင်းပြီ.. မင်းကို တစ်ကြိမ် ယုံကြည်ပေးလိုက်မယ်.. ဒါက မင်းတို့ ခွန်ပန်မျိုးနွယ်စုရဲ့ ပရိယာယ် ဖြစ်နေလည်း ငါ့အတွက်ဂရုစိုက်စရာ မလိုပါဘူး"

အပြာရောင် ပုံရိပ်ယောင်က အေးစက်စက် ပြောလိုက်သည်။

"ပြန်သွားပြီး ယိုယဲ့ နတ်ဘုရင်ကို ပြောလိုက်ပါ.. ဒီနတ်ဘုရင်က သူနဲ့ တွေ့ဖို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီ ကိုယ်တိုင် လာခဲ့မယ်"

--------------------

တောင်ပံနက်ခွန်ပန်မျိုးနွယ်စု။

ယိုယဲ့ နတ်ဘုရင်သည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စုသို့ လူများ စေလွှတ်ပြီးနောက် သတင်းကို စောင့်ဆိုင်းနေခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် ယိုလီ တို့သည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသို့ တစ်ဦးပြီးတစ်ဦး ပြန်ရောက်လာပြီး အခြေအနေကို ယိုယဲ့ နတ်ဘုရင်ထံ အစီရင်ခံခဲ့သည်။

နောက်ထပ် ရက်အနည်းငယ် ထပ်မံ ကြာမြင့်သွား၏။

အဝေးရှိ ကောင်းကင်ယံမှ လေထုကို ထိုးဖောက်သွားသည့် ပြင်းထန်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် မရေမတွက်နိုင်သော တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ တပည့်များသည် တောက်ပသော ရွှေရောင်အလင်းတန်း တစ်ခုက ကောင်းကင်ယံကို ဖြတ်ကျော်သွားပြီး တစ်မဟုတ်ချင်း တောင်ပံနက် ခွန်ပန် မျိုးနွယ်စု အထက်ရှိ ကောင်းကင်ယံသို့ ရောက်လာသည်ကို တွေ့လိုက်ရ၏။

"ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက ကျင်းဖန်းနတ်ဘုရင်ပါလား.. ကျင်းဖန်းနတ်ဘုရင်က တကယ်ပဲ ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီ လာခဲ့တာလား"

ကျင်းဖန်းနတ်ဘုရင်ကို မှတ်မိနေသော တောင်ပံနက် ခွန်ပန် မျိုးနွယ်စုမှ အဖွဲ့ဝင် တချို့သည် ရုတ်တရက် သက်ပြင်းချကာ ရေရွတ်လိုက်ကြသည်။

ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် သူတို့ ခွန်ပန် မျိုးနွယ်စု၏ ပင်မ မျိုးနွယ်စု ဖြစ်ပြီး အစွမ်းအထက်ဆုံးလည်း ဖြစ်သည်။

ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် ခေါင်းဆောင်က ဖိတ်ခေါ်ထားသည် ဖြစ်ရာ သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုတွင် အမှန်တကယ်ပင် ကိစ္စကြီးတစ်ခုခု ဖြစ်တော့မည်ဟု ထင်ရ၏။

"ဟားဟား.. ကျင်းဖန်းနတ်ဘုရင်.. ခင်ဗျား ဒီမှာ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး.. မတွေ့ရတာတောင် ကြာပြီ.. ကျန်းခန့်သာလို့မာပါစ"

အားလုံး အံ့အားသင့်နေစဉ်မှာပင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် ရယ်မောစွာ ပြောဆိုလိုက်သော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

မကြာမီမှာပင် ကြီးမားသော အပြာရောင် မုန်တိုင်း တစ်ခုသည် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုကို တစ်ခဏချင်း လွှမ်းခြုံသွားခဲ့ပြီး အဆုံးသတ်တွင် အပြာရောင်အင်္ကျီဝတ် အဘိုးအို တစ်ဦး အဖြစ် ပြောင်းလဲကာ လူတိုင်း၏ ရှေ့တွင် ပေါ်လာခဲ့သည်။

အပြာရောင်အင်္ကျီဝတ် အဘိုးအိုသည် ရိုးရှင်းပြီး သာမန်ဟုသာ ထင်ရသော်လည်း ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ခုလေးတင် ရောက်လာခဲ့သော ကျင်းဖန်းနတ်ဘုရင် ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။

နောက်ထပ် နတ်ဘုရင် အဆင့် ကျင့်ကြံသူ တစ်ပါး ရောက်ရှိလာခဲ့ချေပြီ။

အခန်း(၂၀၀၀) ပြီး၏

All Chapters