ခမ်းနားသော ပြိုင်ပွဲကြီး၏ လှိုင်းထန်မှု ၂
Vol. 18 Ch. 266
သူတို့သည် ယန်တျန်ဒုံကြောင့် ခြေထောက်များ ပြတ်တောက်သွားသည့် အားနည်းသည့် မိန်းမတစ်ဦးက မည်ကဲ့သို့သော လှိုင်းလုံးများ ဖန်တီးလာနိုင်မလဲဆိုသည်ကို မြင်တွေ့ချင်သွားကြသည်။
သိပ်မဝေးသော နေရာ၌ ရှုကျိုးသည် အဆိုပါဖြစ်ရပ်အားလုံးကို အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။
ယန်တျန်ဒုံသည် သူ၏အကြည့်ကို အာရုံခံမိသွားပုံရပြီး၊ ခြေလှမ်းများရပ်တန့်ကာ လှည့်ကြည့်လာခဲ့သည်။
“ ပထမအဆင့်နယ်ပယ်ရဲ့ အဖွဲ့ခေါင်းဆောင်၊ မင်းက ရှုကျိုးလား? “
ယန်တျန်ဒုံမှ အသာအယာ ပြုံးပြလာခဲ့သည် “ ငါ့ကို အဲ့လိုကြည့်နေတယ်ဆိုတော့၊ မင်းရဲ့ စီနီယာအစ်မအတွက် လက်စားချေပေးချင်နေတာလား? “
ရှုကျိုးကား စိတ်ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ တကယ်လို့ မင်းကတိုက်ခိုက်ချင်တယ်ဆိုရင်တော့၊ ငါက မင်းကို လိုက်လျောပေးမယ် “
“ ? “
ယန်တျန်ဒုံသည် သူ၏စကားကြောင့် တအံ့တဩဖြစ်သွားပြီး၊ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ မင်းရဲ့စွမ်းအားက သိပ်မမြင့်ပင်မဲ့၊ မင်းရဲ့လေကတော့ တော်တော်ကြီးတာပဲ။ မင်းက ဧကရာဇ်ကောင်းချီးပေးတာ ခံခဲ့ရတဲ့ လူမို့လို့လား? “
ထို့နောက်တွင် သူသည် အသာအယာပြုံး၍ ဆက်ပြောလာခဲ့သည် “ တကယ်လို့ မင်းက ဧကရာဇ်ကောင်းချီးပေးတာ ခံရတဲ့လူဖြစ်နေမယ်ဆိုရင်တောင်မှ မင်းက ငါနဲ့တိုက်ခိုက်ဖို့ မထိုက်တန်ဘူး။ မင်းက ပထမအဆင့်၊ ငါက ဒုတိယအဆင့်၊ အဲ့တာက ကွာခြားချက်ပဲ “
ထိုအချိန်တွင် ယန်တျန်ဒုံသည် အလွန်ယုံကြည်ချက်ရှိကာ မောက်မာနေခဲ့သည်။
သို့သော် မည်သူကမှ သူစိတ်ကြီးဝင်သည်ဟု မထင်ကြပေ။
အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် ထိုစကားပြောနိုင်သည့် စွမ်းအားရှိနေသောကြောင့် ဖြစ်သည်။
ဒုတိယအဆင့်နယ်ပယ်၏ အထွတ်အထိပ်တွင် သူသည် နတ်သိုင်းဌာနမှ ဤမျိုးဆက်၏ အထူးချွန်ဆုံးသော ပါရမီရှင်ဖြစ်ပြီး၊ သွေးကြောမှတ် ၁၆၀ဆိုသည့် မှတ်တိုင်သို့ ရောက်ရှိခဲ့ကာ၊ ဒုတိယအဆင့်နယ်ပယ်၏ ပြိုင်ဘက်ကင်းလမ်းကြောင်းတွင် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေခဲ့သည့် လူတစ်ဦးဖြစ်သည်။
ယန်တျန်ဒုံ၏ အစွမ်းကို မည်သူမှ သံသယမဝင်ကြပေ။
ရှုကျိုးသည် သူ့ကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည် “ မင်းဆန္ဒရှိရှိ၊ မရှိရှိ၊ ငါတို့ကြားမှာ တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မယ် “
“ ငါတွေးကြည့်ဖူးတယ်၊ နတ်သိုင်းဌာနရဲ့ ဒုတိယအဆင့်နယ်ပယ်မှာ အစွမ်းအထက်ဆုံး ပါရမီရှင်လို့ ပြောနေကြတဲ့လူက ပထမအဆင့်က လူတစ်ယောက်ရဲ့ စိန်ခေါ်မှုကို လက်မခံရဲလောက်တဲ့အထိ ကြောက်နေမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား? “
ဤတစ်ကြိမ်၌ ယန်တျန်ဒုံ၏ မျက်မှာပေါ်ရှိ အပြုံးတစ်ခု ပျောက်ကွယ်သွားခဲ့သည်။
သူသည် ရှုကျိုးကို ကြည့်နေရင်းဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။
ရှုကျိုး၏ ခိုင်မာသော စိတ်သဘောထားသည် သူ့အား အနည်းငယ် သံသယဝင်သွားစေခဲ့သည်၊ ဧကရာဇ် ကောင်းချီးပေးတားကို ခံခဲ့ရတဲ့လူက ရှုကျိုးများလား?
မလှမ်းမကမ်းရှိ ချန်းရှင်၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
သူမသည် သူမ၏ဂျူနီယာမောင်လေးက ယန်တျန်ဒုံကို မည်သည့်အတွက်ကြောင့် စိန်ခေါ်နေရလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။
သူက ငါ့အတွက် လက်စားချေပေးမလို့လား?
အဲ့တာက ငါတောင် အနိုင်မယူနိုင်တဲ့ ယန်တျန်ဒုံလေ။
“ ရှုကျိုး!!! “
ထိုအချိန်တွင် တစ်ခြားသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ဝမ်ချောင်ခုန်းသည် ပထမအဆင့်နယ်ပယ်မှ ပြိုင်ပွဲဝင်များကို ဦးဆောင်လာကာ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ မင်းရဲ့ ပြိုင်ဘက်က ငါပဲ၊ ဒုတိယအဆင့်တွေကို စိန်ခေါ်တဲ့အထိ ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့ “
သူသည် အပြုံးဖြင့် ပြောလာခဲ့သည် “ လင်းရွှယ်နဲ့ တစ်ခြားလူတွေက အနိုင်ယူခဲ့ပြီးနောက်မှာ မင်းရဲ့ ယုံကြည်မှုတွေ မြင့်တက်နေတာကို ငါသိတယ်၊ ဒါပင်မဲ့ မင်းနဲ့ စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက်ကြားမှာရှိတဲ့ ကွာခြားချက်ကို ငါပြပေးမယ် “
ရှုကျိုးသည် သူ့အား ပေါ့ပေါ့ပါးပါး ကြည့်ကာ စကားပြန်ပြောလိုက်သည် “ ဝမ်ချောင်ခုန်းမလား? စိတ်မပူပါနဲ့၊ ပြိုင်ပွဲစတာနဲ့ ငါတို့က တွေ့ကြရဦးမှာပါ “
ဝမ်ချောင်ခုန်း၏ အမူအရာသည် အနည်းငယ် အေးစက်သွားခဲ့သည်။
သူသည် သူ့အား မထိုက်တန်သော ပြိုင်ဘက်တစ်ဦးကဲ့သို့ သတ်မှတ်ထားသည့် ရှုကျိုး၏ လျစ်လျူရှုနေသော စိတ်သဘောထားနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်သွားတော့သည်။
“ ကောင်းပြီလေ၊ စောင့်ကြည့်ကြတာပေါ့ “ ဝမ်ချောင်ခုန်းသည် အေးစက်စက် အကြည့်ဖြင့် ရှုကျိုးကို စိုက်ကြည့်ကာ ပြောလာခဲ့သည် “ မင်းက ငါ့ရဲ့တိုက်ခိုက်မှုတွေကို ဘယ်နှချက်ခံနိုင်မလဲဆိုတာကို ငါသိချင်နေပြီ “
ထို့နောက်တွင် သူသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ နတ်သိုင်းဌာန၏ ပထမအဆင့်နယ်ပယ်အဖွဲ့ကို ဦးဆောင်ကာ ရင်ပြင်ဆီသို့ လျှောက်လှမ်းသွားတော့သည်။
ရှုကျိုးမှာလည်း ထိုလူများကို လျစ်လျူရှုကာ စောင့်ဆိုင်းရာ နယ်မြေဆီသို့ သူ၏အဖွဲ့ကို ဦးဆောင်သွားတော့သည်။
…
ပြိုင်ပွဲဝင်များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာသည်နှင့်အမျှ မြင်ကွင်းမှာလည်း ပို၍ လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့လေသည်။
ထိုအချိန်တွင်
“ ဝုန်းးးး !!! “
ရုတ်တရက်ဆိုသလိုပင် ကောင်းကင်ယံတွင် လျှပ်စီးတန်းများ တောက်ပလာခဲ့သည်။
ထို့နောက် မကြာခင်အချိန်မှာပင် အနက်ရောက် ကောင်းကင်ဘုံသည် လက်တစ်ဖက်၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရပုံရပြီး၊ သေးငယ်သော ပုံရိပ်တစ်ခုသည် အဝေးရှိ ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
“ ဝုန်းးး !!! “
ထိုပုံရိပ်သည် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ခြေတစ်လှမ်းလှမ်းလာခဲ့ရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တည်နေရာကူးပြောင်းသွားသကဲ့သို့ မိုင်ထောင်နှင့်ချီသော အကွာအဝေးကို ကျော်ဖြတ်ကာ ရင်ပြင်၏ အထက်ကောင်းကင်ယံတွင် ပြန်ပေါ်လာခဲ့သည်။
ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူအဘိုးအိုတစ်ဦးသည် လေထုထဲတွင် မတ်တပ်ရပ်နေခဲ့သည်။
ဒင် !!!
ထိုအကြီးအကဲခြေထောက်များအောက်ရှိ ဟင်းလင်ပြင်တွင် အက်ကြောင်းများ ပေါ်လာပြီး၊ ပြိုကွဲလုနီးပါးဖြစ်နေသည်ကို အောက်ဘက်ရှိ ပရိတ်သတ်များက ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရသည်။
အကြီးအကဲသည် လက်နောက်ပစ်ထားသော အမူအရာဖြင့် ပရိတ်သတ်ထိုင်ခုံများဘက်သို့ လျှောက်လှမ်းလာခဲ့သည်။
သူသည် မည်သည့်အငွေ့အသက်ကိုမှ မထုတ်လွှတ်ထားပေ၊ သို့သော် ၎င်းသည် အဠမအဆင့် ပညာရှင်တစ်စုကို တစ်ညီတစ်ညာတည်း မတ်တပ်ထရပ်လာစေခဲ့သည်။
“ နဝမအဆင့် ပညာရှင်!!! “
ထိုအချိန်၌ အားလုံး၏ စိတ်ထဲသို့ အတွေးတစ်ခု တိုးဝင်လာခဲ့သည်။
ဒီပြိုင်ပွဲက နဝမအဆင့်ပညာရှင်ကိုတောင် တကယ်ကြီး ဆွဲဆောင်နိုင်တာပဲ !!!
လူတော်တော်များများ၏ မျက်နှာများပေါ်တွင် အံ့ဩတုန်လှုပ်သွားကြသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်၊ တတိယအဆင့်အောက်က ပြိုင်ပွဲလေးအတွက် နဝမအဆင့်ပညာရှင်ပါ ရောက်လာတာလားဟ???
ဤကဲ့သို့သော ဖြစ်ရပ်မျိုးသည် ယခင်က တစ်ကြိမ်တစ်ခါမှ မဖြစ်ပွားခဲ့ဖူးချေ။
နဝမအဆင့် ပညာရှင်အများစုက ကွမ်ဟန်တွင်သာ စခန်းချတတ်ပြီး၊ ကြယ်ပြာဂြိုဟ်တွင် နေခဲလှသည်ဆိုသည်ကို အမှတ်ရကြရမည်ဖြစ်သည်။
ထိုလူများကို ထွက်သွားရန် ခွင့်ပြုပေးခြင်းသည် အရေးကြီးဖြစ်ရပ်တစ်ခုခု ဖြစ်ပွားနေသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
“ ဝုန်းးးးးးး !!!! “
ထိုအချိန်တွင် ကောင်းကင်ယံမှ နောက်ထပ်အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
အဝေးတစ်နေရာတွင် အနီရောင် မီးတိုင်တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် ကီလိုမီတာ ၁၀၀အတွင်းရှိ မြေပြင်ကို ငလျင်လှုပ်သကဲ့သို့ အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။
“ ဝှစ် !!! “
မီးတိုင်ကြီးသည် မိုင်ထောင်နှင့်ချီသော အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်းမှာပင် ကျော်ဖြတ်လာခဲ့သည်။
ထိုအချိန်၌ ဤဧရိယာရှိ အပူချိန်သည် သိသိသာသာ မြင့်တက်လာခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရှိ အပူချိန်သည် ၁၀ဒီဂရီအထိ မြင့်တက်လာခဲ့ကာ၊ လူတိုင်းကို သူတို့က ဟင်းအိုးထဲရောက်ရှိသွားသကဲ့သို့ ခံစားသွားရစေခဲ့သည်။
ဆံပင်အဖြူအကြီးအကဲသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ သူ၏လက်ကို ဝေ့ယမ်းလာခဲ့ရာ၊ အပူချိန်သည် ပုံမှန်အနေအထားသို့ ချက်ချင်းပြန်လည်ရောက်ရှိသွားခဲ့သည်။
မီးတိုင်ကြီးမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး၊ မီးတောက်များကဲ့သို့ တောက်တောက်နေသည့် အနီရောင်ဆံပင်နှင့် သက်လတ်ပိုင်းလူကြီးတစ်ဦး ပေါ်ပေါက်လာခဲ့သည်။
သူကမူ သူ၏အရှိန်အဝါကို မည်သို့မျှ ဖုံးကွယ်မထားခဲ့ချေ။
သူ၏တည်ရှိမှုသည် နေရောင်ခြည်မုန်တိုင်းတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေခဲ့ရပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုသည် လူတိုင်းအပေါ်သို့ ကျရောက်လာခဲ့သည်။
ထို့နောက်တွင် ဆံပင်ဖြူ အကြီးအကဲမှ အော်ငေါက်လာခဲ့သည် “ တော်လောက်ပြီ၊ ဒါက ကွမ်ဟန်မဟုတ်ဘူး “
“ အကြီးအကဲကွေ့၊ အကြီးအကဲလည်း လာလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့မိဘူး “ ဆံနီလူမှ ပြောလာခဲ့သည်။
အကြီးအကဲကွေ့မှ အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ဒါက ဌာနနှစ်ခုကြားက အဆုံးသတ်တိုက်ပွဲလေ။ ဘယ်ဘက်ကမှ လွန်လွန်ကျူးကျုူး မျက်နှာသာမရတာ သေချာအောင် လုပ်ဖို့အတွက် ငါလာရမှာပဲ “
ထိုလူနှစ်ဦးသည် စင်ပေါ်တွင် စကားဆက်ပြောနေတော့သည်။
သူတို့ဘေးဘက်ရှိ အဠမအဆင့်ပညာရှင် လူစုသည် အလွန်လိမ္မာရေးခြားရှိနေခဲ့ကာ သူတို့၏စကားဝိုင်းကို တိတ်တဆိတ် နားထောင်နေခဲ့ကြသည်။
ပရိတ်သတ်ထိုင်ခုံအောက်ဘက်ရှိ ရှုကျိုး၏ အကြည့်ထဲတွင်လည်း စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
“ နဝမအဆင့်ပညာရှင် ……. “
ရှုကျိုးသည် စင်ကို ကြည့်ကာ တိတ်တဆိတ်တွေးတောနေတော့သည် “ ငါက ဘယ်အချိန်ကျမှ အဲ့လိုအမြင့်မျိုးကို ရောက်မှာလဲ? “