← Chapters

ဝိုင်းထားလိုက်ခြင်း

Vol. 94 Ch. 1400

ဝိုင်းထားလိုက်ခြင်း

Vol. 94 Ch. 1400

ယဲ့ဖေးသည် ထိုအဆင့်ထိရောက်အောင် စစ်တိုက်သည့်ကျင့်စဉ်များစွာကို လေ့ကျင့်ထားခဲ့သည်။ လှုပ်ရှားမှုတိုင်းနှင့် တိုက်ကွက်တိုင်းက အားကောင်းပြီး ပြင်းထန်သည်။ ဖြောင့်မတ်မှန်ကန်သောစိတ်နေစိတ်ထားသည် ရန်သူများကို ဖိနှိပ်ထားနိုင်စွမ်းရှိသည်။ သူ့ကဲ့သို့နာမည်ကျော်ကြားသော ပထမဆုံးအစောင့်အရှောက်သည်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း ချူးယွင်ဖန်းကမူ မတူပေ။ ချူးယွင်ဖန်းက ထိပ်တိုက်ရင်ဆိုင်တတ်သူမျိုးဖြစ်သည်။ ထိုသို့လုပ်ခြင်းက ကြောက်စရာအကောင်းဆုံးဖြစ်နေ၏။ ထိုအချိန်တွင် ပထမဆုံးအစောင့်အရှောက်က ချူးယွင်ဖန်းလက်ချက်ဖြင့် အဘယ့်ကြောင့်သေသွားရသည်ကို သဘောပေါက်သွားတော့သည်။ သူနှင့်ပထမဆုံးအစောင့်အရှောက်တို့သည် ရန်သူများဖြစ်ကြသကဲ့သို့ မိတ်ဆွေများလည်းဖြစ်သည်။ နှစ်ဦးလုံး နှစ်ချီယှဉ်ပြိုင်ခဲ့ကြသောကြောင့် တစ်ဖက်သူက မည်မျှကြောက်စရာကောင်းသည်ကို နားလည်ထားသည်။ ပထမအစောင့်အရှောက်ဖြင့် တိုက်ခိုက်စဉ်ကပင် သတိထားခဲ့သည်။ မဟုတ်လျှင် ရှုံးသွားနိုင်၏။

သူသည် ကျွမ်းကျင်သူငါးယောက်ထဲတွင် ဒုတိယမြောက်အဆင့်ဖြစ်ပြီး ပထမစောင့်ရှောက်သူက တတိယအဆင့်ဖြစ်ကာ ခွန်အားကွာခြားချကက် သိပ်မကြီးလှပေ။ အဆင့်ချင်းတူတူဟု ပြော၍ရသော်လည်း ပထမစောင့်ရှောက်သူကို ချူးယွင်ဖန်းက အလွယ်‌လေးပင် သတ်ပစ်လိုက်၏။ တိုက်ပွဲရလဒ်ကို သိသော်လည်း ကိုယ်တိုင်ကိုယ်ကျမတိုက်ကြည့်လျှင် ချူးယွင်ဖန်း၏အင်အားကို မခန့်မှန်းနိုင်ပေ။ ယဲ့‌ဖေး ပို၍မတွေးနိုင်ခင်တွင်ပင် ချူးယွင်ဖန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလာနှင့်ပြီးဖြစ်သည်။ သူ၏လက်သီးချက်က ငရဲကဲ့သို့ပင် ဖိနှိပ်နိုင်သည်။ ကောင်းကင်ကို ပစ်ခွင်းလိုက်ပြီး ယဲ့ဖေးရှိရာသို့ ချိန်ရွယ်လိုက်ကာ ချေမှုန်းပစ်လိုက်တော့၏။

တိုက်ပွဲအခင်းအကျင်းမှ ချူးယွင်ဖန်းရှိရာသို့ မရေမတွက်နိုင်သောလက်သီးချက်များ ကျဆင်းလာသည်။ မြှားများစွာက ဒီရေလှိုင်းအသွင်ဖြစ်ပေါ်လာပြီး သူ့ဆီသို့ ရောက်လာ‌တော့သည်။ အနက်ရောင်နဂါးကြီးတစ်ကောင်က သူ့အား ပတ်ထားပြီး ကောင်းကင်ထက်၌ အော်မြည်လိုက်သည်။ တိုက်ခိုက်မှုများက နဂါးကြီးပေါ်သို့ ကျလာသော်လည်း ဘုန်းခနဲအသံများသာ မြည်ကာ မထိုးဖောက်နိုင်ကြပေ။

တစ်ခြားတစ်ဖက်၌ ယဲ့ဖေးက တုယင်နေပြီး ချူးယွင်ဖန်း၏ပို့လိုက်သောအားကြောင့်အတော်လေးအထိနာသွားသည်။ ယဲ့ဖေး၏နတ်စွမ်းအားများက ဆူပွက်လာပြီး ရက်စက်သောအကြည့်များနှင့် အဖြူရောင်နဂါးကြီးအသွင်နှယ်ပြောင်းသွားလေသည်။ သူ၏လှံတံက ကြမ်းတမ်းသောကျား၏လက်သည်းများနှယ် ထွက်လာလေသည်။

"ဝေါင်း..."

လှံက လေထဲသို့ ထိုးဖောက်သွားပြီး ကြမ်းတမ်းသောကျားကြီးတစ်ကောင်နှယ် အသွင်ပြောင်းသွားတော့သည်။

ချူးယွင်ဖန်း၏လက်သီးအားက အတော်လေးမြန်သည်။ လက်သီးချက် ရွှေရောင်စက်ဝန်းအဖြစ်ပြောင်းသွားပြီး မီတာတစ်ရာမက အတောင်ပံဖြန့်ကာ တိုက်ပွဲမြေပြင်တစ်ခုလုံးကို ဖြတ်ကျော်သွား၏။

ခပ်လှမ်းလှမ်းမှ ချူးယောင်ဝေ့နှင့် အခြားသူများက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါတွင် ကိုင်ထားသောလက်နက်များကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်မိသည်။ ချူးယွင်ဖန်းကိုအားကိုးရသောတိုက်ပွဲ၏ရလဒ်ကို အားလုံးနားလည်ကြပေသည်။

ဝေ့ဝူယက ခပ်လှမ်းလှမ်းမှ ကြည့်လိုက်သည်။ တစ်ယောက်က လက်သီးချက်ကို ရွှေရောင်စက်ဝန်းအသွင်ပြောင်းစေပြီး အခြားတစ်ယောက်က ကျားဖြူကြီးတစ်ကောင်နှယ်ပြောင်းသွားသည်။

ကြောက်စရာကောင်းသောသားရဲနှစ်ကောင် လေထဲတွင် တိုက်ခိုက်နေကြပြီး အတော်လေးကြောက်စရာကောင်းလှ၏။ နှစ်ဖက်လုံး၏သိုင်းပညာကျင့်စဉ်များဖြစ်သည်ကို အားလုံးက သိထားကြသည်။

"စစ်သူကြီးရဲ့ ကျားလှံက ကြောက်စရာကောင်းလိုက်တာ။သာမန်အမတေတစ်ယောက်ဆိုရင် အဲ့လှံနဲ့ထိုးမိပြီး သေသွားလောက်တယ်။"

"သူ့ထက်ပိုပြီးကြောက်စရာကောင်းတာက ချူးယွင်ဖန်းပဲ။ ဘယ်လိုလက်သီးကျင့်စဉ်မျိုးကို သုံးလိုက်တာပါလိမ့်။"

"ယေဘုယျအားဖြင့် ပြောရရင်တော့ လူတစ်ယောက်ရဲ့ သိုင်းပညာအသိစိတ်က ပိုပြီးကြောက်စရာကောင်းလေလေ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားတွေက ပိုပြီးအားကောင်းလာလေလေပဲ။ ဒီချူးယွင်ဖန်းက တကယ်ကို ရဲတင်းလွန်းတယ်။ တကယ်ပဲ ငါ့စစ်တပ်ကို ဝင်တိုက်ရဲတယ်ပေါ့။"

စစ်တပ်နှစ်ခု၏ခပ်လှမ်းလှမ်း၌ မရေမတွက်နိုင်သောကင်းထောက်များစွာစုစည်းပြီး တိုက်ပွဲကို ကြည့်နေကြ၏။ အောင်မြင်နိုင်ရန်အခွင့်အရေးမရှိဟု ထင်ခဲ့မိသောဝေ့ဝူယဘက်၌ ချူးယွင်ဖန်းပါဝင်လာမှုကြောင့် အခွင့်အရေးအချို့ ပြန်ရလာသည်။ မသိလိုက်ဘဲအောင်မြင်သွားပြီဟူသော မမြင်နိုင်သည့်လွှမ်းမိုးမှုမျိုးပင် ဖြစ်သည်။ တစ်ဖက်သူများက သတိမထားမိပေ မဟုတ်လျှင် ဝန်မခံချင်သောကြောင့်သာဖြစ်၏။ တိုက်ပွဲမြေပြင်အပြင်ဘက်၌ ကင်းထောက်များစွာက စုစည်းပြီး တိုက်ပွဲရလဒ်ကို တတ်နိုင်သမျှမြန်မြန်သိချင်နေကြသည်။ ဝေ့ဝူယက နိုင်နိုင်ရန် အခွင့်အရေးမရှိဟုထင်လျှင် စောင့်ကြည့်ရန် လူပင်လွှတ်မည်မဟုတ်ပေ။

ယခုတွင်မူ ပြင်းထန်သောတိုက်ပွဲကို တွေ့လိုက်ရပြီး အံ့ဩတုန်လှုပ်မိကာ သွေးများပွက်ပွက်ဆူလာလေသည်။

လောကကြီး၌ ဒုတိယအားအကောင်းဆုံးဖြစ်သော ယဲ့ဖေး၏အင်အားက ပြောနေစရာမလိုသော်လည်း ချူးယွင်ဖန်းကမူ စစ်တပ်အခင်းအကျင်းကို တစ်ယောက်တည်းဝင်တိုက်ရဲသည်အထိ သတ္တိကောင်းလှသည်။ သူက အရင်ဆုံးခေါင်းဆောင်ကို ဖမ်းချင်နေသည်။ ထိုဗျူဟာကို သိသော်လည်း ချူးယွင်ဖန်းတစ်ဦးတည်းကသာ စစ်သည်တစ်သန်းကို ဝင်တိုက်ရဲခြင်းဖြစ်၏။ အခြားသူသာဆိုလျှင် သေနှင့်နေပြီဖြစ်သည်။

သို့သော်လည်း နှစ်ဖက်ကြားကတိုက်ပွဲက ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေမျိုး ဖြစ်နေမည်ဟု ထင်ခဲ့သော်လည်း အခြေအနေက ရုတ်တရက်ကြီး ပြောင်းလဲသွားသည်။ ရွှေရောင်စက်ဝိုင်းက ကောင်းကင်ကို ခွင်းပြီး ကျားဖြူကြီးကို ထိုးနှက်လေတော့သည်။

ယဲ့ဖေး၏သိုင်းပညာစွမ်းအားကြောင့်ဖြစ်ပေါ်လာသော ကျားကြီးသည် နောက်သို့ အကြိမ်ကြိမ်ဆုတ်သွားရသည်။ ဘုန်းခနဲအသံက ဖုံလုံးကြီးများနှင့်အတူ ထွက်ပေါ်လာ၏။ ကျားကြီးပျောက်ကွယ်သွားပြီးနောက်တွင် ယဲ့ဖေး၏မူလအသွင်အပြင် ပေါ်လာတော့သည်။ ထိုအချိန်တွင် သူသည် အတော်လေးအားနည်းနေသောအခြေအနေသို့ ရောက်သွားရသည်။ခန္ဓာကိုယ်ပေါ်က သံချပ်ကာကလည်း အတော်လေးပျက်ဆီးသွားပြီး လက်မောင်းသည်ပင် အနည်းငယ်မျှတုန်နေ၏။ လွန်စွားအားကောင်းပြီး နတ်စွမ်းအားဖြင့် မွေးဖွားလာကာ စစ်တပ်အင်အားကို ရေထဲမှငါးကဲ့သို့ အလွယ်ယူပြီး ထိပ်တန်းစစ်သူကြီးတစ်ယောက်ဖြစ်လာသည်ဟု ဆိုနိုင်သော်လည်း အားကောင်းသူတွင်လည်း ပြိုင်ဘက်က အမြဲရှိနေသည်ဟု ဆိုနိုင်ပေသည်။

သူသည် ချူးယွင်ဖန်းကဲ့သို့ ကြောက်စရာကောင်းသောလူဖြင့် ရင်ဆိုင်လိုက်ရသည်။ တိုက်ပွဲများပြီးနောက်တွင် ယဲ့ဖေးက အရေးနိမ့်သွားသည်။ ချူးယွင်ဖန်း၏ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် အားကောင်းလွန်းသည်။ အားကောင်းရုံသာမက မဖျက်ဆီးနိုင်သည့်အဆင့်မျိုးပင် ဖြစ်၏။ ယဲ့ဖေး၏ဝိညာဉ်လက်နက်ကို လက်ဗလာဖြင့် တိုက်ခိုက်ခဲ့သည်။ လက်များက အက်ရာပင်မထင်ပေ။ ကျွမ်းကျင်သူများစွာ၏တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရသည့်အခါတွင် ချူးယွင်ဖန်းက ထိုသူများကို ကြည့်ပင်မကြည့်ပေ။ ယဲ့ဖေးနားသို့ အသာချည်းကပ်လာပြီး

"ငါမင်းကို သတ်လိုက်ရင် ဒီတိုက်ပွဲက အဆုံးသတ်သွားလိမ့်မယ်။"

ယဲ့ဖေးက လှောင်ပြောင်ရယ်မောလိုက်ပြီး

"ငါ့ကိုသတ်မလို့လား။ ချူးယွင်ဖန်း မင်းပြဿနာကို သတိမထားမိဘူးလား။"

ချူးယွင်ဖန်းက ဘေးဘီကို ကြည့်လိုက်သည်။ သူသည် သူပုန်စစ်တပ်၏အတွင်းနေရာထိပင် ဝင်နေပြီးဖြစ်သည်။ သူသည် အတင်းဝင်လာခဲ့ကာ နှစ်ဦးသားကြားမှတိုက်ပွဲကြောင့် လူထောင်ချီသေဆုံးခဲ့ရသည်။ နှစ်ဖက်လုံးက ရွှေအမတေမဲ့ထိပ်ဆုံးအဆင့်များဖြစ်ကြပြီး သာမန်လူများ စိတ်မကူးနိုင်သည့်အင်အားမျိုးကို ပိုင်ဆိုင်ထားကြသည်။ နှစ်ဦးကြားကတိုက်ပွဲက မြေမဟာကိုပင် တုန်လှုပ်သွားစေသည်။ တိုက်ပွဲ၏နောက်ဆက်တွဲဖြင့်ပင် စစ်တပ်အားလုံးကို ရှင်းပစ်လိုက်နိုင်သည်။

သို့သော်လည်း ထိုအချိန်၌ ပုံရိပ်အချို့က ချည်းကပ်လာနေသည်။ စုစုပေါင်း (၃၆) ယောက်ရှိပြီး အားလုံးက ရွှေအမတေများ ဖြစ်ကြသည်။ ထို (၃၆) ယောက်က ကြီးမားသောစွမ်းအားဖြင့် အခင်းအကျင်းတစ်ခုကို ဖော်ဆောင်ကာ ချူးယွင်ဖန်းရှိရာသို့ ပျံသန်းလာကြ၏။

ထို (၃၆) ယောက်သည် စစ်တပ်အခင်းအကျင်း၏အင်အားကို ငှားယူပြီး အငွေ့အသက်ဖြင့် ကောင်းကင်နှင့်မြေကြီးကို အုပ်မိုးထားလိုက်သည်။ ထိုထဲမှအများစုက ရွှေအမတေမဲ့အဆင့်ဖြစ်ပြီး အနည်းငယ်ကသာ အလယ်အလတ်ရွှေအမတေမဲ့အဆင့်ဖြစ်ကြသည်။ မည်သည့်တစ်ဦးတစ်ယောက်ကိုမှ အားကောင်းသည်ဟု မယူဆနိုင်သော်လည်း စစ်တပ်အခင်းအကျင်း၏အကူအညီဖြင့်သာဆိုလျှင် ပို၍အားကောင်းလာနိုင်သည်။ စစ်သည်သန်းချီ၏တိုက်ပွဲစွမ်းအားဖြင့်သာဆိုလျှင် နည်းနည်းလေး လမ်းပြပေးလိုက်သည်နှင့် ကြောက်စရာကောင်းသောအင်အားကို ဖော်ဆောင်ပေးနိုင်လေ၏။

ချူးယွင်ဖန်းက ထောင်ချောက်ဆိုသည်ကို ချက်ချင်းသိလိုက်သည်။ အစကနေအဆုံးအထိ ထောင်ချောက်သက်သက်သာ ဖြစ်၏။ မိမိကို သတ်ရန်အတွက် ရန်သူစစ်တပ်ထဲသို့ရောက်အောင် မြှားခေါ်လာခြင်းဖြစ်၏။ ယဲ့ဖေး၏အပြုအမူများကလည်း ချူးယွင်ဖန်းကို ထောင်ချောက်ထဲရောက်အောင် မြှားခေါ်ခြင်းသက်သက်သာ ဖြစ်၏။ သူသည် ချူးယွင်ဖန်းကိုတိုက်ရန် မည်သည့်အခါကမှ မတွေးခဲ့ဖူးပါပေ။

All Chapters