စွမ်းအားကြီးတိုက်ပွဲအခင်းအကျင်းအားချိုးဖောက်ခြင်း
Vol. 94 Ch. 1402
ချူးယွင်ဖန်းသည် သံလိုက်နှင့်တူသည်။ အားလုံးကို ပတ်ဝန်းကျင်ထဲ၌ ပိတ်ထားနိုင်သည်။ ၎င်းကိုသေအောင်ထိ တွန်းအားပေးတိုက်ခိုက်နေသော အဆက်မပြတ်တိုက်ခိုက်မှုများကိုလည်း သူ၏အကွာအဝေးအတွင်း၌ပင် ပိတ်ထား၏။
"မကောင်းဆိုးဝါး.... သူက မကောင်းဆိုးဝါးပဲ။ တဝေမှာ ဘယ်လိုလုပ် သူ့လိုမကောင်းဆိုးဝါးမျိုး ရှိနေရတာလဲ။"
ယဲ့ဖေးက မယုံကြည်နိုင်စွာဖြင့် ဆိုလိုက်သည်။ ထိုသို့အခြေအနေမျိုးက အမှန်တကယ်ဖြစ်လာသည်ကို မယုံကြည်နိုင်ပေ။ ထိုအချိန်တွင် အနည်းငယ်မျှ နောင်တရနေပြီဖြစ်၏။ ချူးယွင်ဖန်းကို ပြဿနာရှာမည့်မင်းကြီး၏အကြံအစည်ကို လက်မခံခဲ့သင့်ပေ။ ချူးယွင်ဖန်းကို ဝိုင်းပြီးသတ်မည့်အစီအစဉ်က မှားယွင်းသည့်ရွေးချယ်မှုဖြစ်သွားလေပြီ။ တိုင်းပြည်၏ရှုထောင့်မှကြည့်လျှင် ထိုသို့ထိန်းချုပ်၍မရသောသူကို တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်ရမည်။ သို့သော်လည်း အမှန်တွင် မိမိတို့ဘက်က ချူးယွင်ဖန်း၏အင်အားနှင့်အမြန်နှုန်းကို မှားယွင်းတွက်ချက်ခဲ့မိခြင်းသာ ဖြစ်၏။ ချူးယွင်ဖန်းကို သတ်မည့်အစီအစဉ်ကျရှုံးသည်မှစ၍ အမှားကြီးဖြစ်သွားလေပြီ။ ထိုသို့အမှားကြီးက တဝေအားပျက်စီးခြင်းကို ဦးတည်သွားစေတော့သည်။
ထိုသို့သစ္စဖောက်အတွေးမျိုးက တစ်ခါမှစိတ်ထဲတွင် ပေါ်မလာဖူးပေ။ အစက မဖြစ်နိုင်သော်လည်း တိုက်ပွဲမြေပြင်အခြေအနေကြောင့် ထိုသို့အတွေးမျိုး ပေါ်လာသည်။ မိမိသည် တဝေ၏တပ်အားလုံးကို ထိန်းချုပ်ခဲ့ပြီး အတော်လေးမြင့်သောရာထူးနှင့်အာဏာကို ရထားသည်။ သို့သော်လည်း ထို့ကြောင့်ပင် တဝေ၏နောက်ဆုံးအခြေအနေဖြစ်သည်ကို နားလည်လိုက်သည်။
ကျင်ကျန်းဟန်၏ကျူးကျော်မှုများဖြင့် အသားကျနေသော်လည်း ယခုတွင်မူ လူတစ်ယောက်တည်းနှင့်သာ တိုက်နေရသည်။
ချူးယွင်ဖန်းကို ရင်ဆိုင်ရန်က မည်မျှခက်ခဲပြီးကြောက်စရာကောင်းသည်ကို အားလုံးသိကြသည်။ သို့သော်လည်း ထို့ကြောင့်ပင် ရှေ့တန်းကျိုးသွားသည်နှင့် နောက်ဆက်တွဲများက စိတ်ကူးကြည့်၍ပင်မရနိုင်ပေ။ ချူးယွင်ဖန်းနှင့် ဝေ့ဝူယ၏စစ်သည်များက မြို့တော်ကို ဦးတည်ချီတက်ကြတော့သည်။ ထိုအချိန်၌ နန်းမြို့တော်တွင် ခုခံရန်စစ်သည်များမရှိတော့ပေ။ ထိုအတွေးဖြင့်ပင် ယဲ့ဖေး၏အကြည့်များက သွေးဆာနေသည့်သတ်ဖြတ်လိုသည့်အကြည့်များဖြင့် ရဲရဲတောက်သွားသည်။
"မဖြစ်သေးဘူး။ တဝေအတွက်ပဲဖြစ်ဖြစ် သူ့ကိုဒီမှာပိတ်ထားရမယ်။ ငါသေသွားရင်တောင်မှ မင်းတော့ အေးအေးဆေးဆေးမနေစေရဘူး။"
ယဲ့ဖေးက အော်လိုက်၏။
"ငါ့ကိုပါ မင်းနဲ့အတူ ဆွဲချချင်ရင် မင်းမှာ အဲ့လိုအရည်အချင်းရှိလား ကြည့်ရသေးတာပေါ့။"
ချူးယွင်ဖန်း၏အေးစက်ပြီးခက်ထန်လှသောစကားများသည် ဉာဏ်အလင်းပွင့်သွားစေသည်။
"ငရဲကိုသွားလိုက်တော့...."
ယဲ့ဖေးက ထိုသို့အော်ပြီး လက်ထဲမှလှံတံကို ဝှေ့ယမ်းလိုက်သည်။ လှံတံက ကောင်းကင်ကို ထိုးခွင်းသွားပြီး ချူးယွင်ဖန်း၏မျက်နှာကို ချိန်ရွယ်ထားသည်။ အမြန်နှုန်းက ညင်သာပြီး လှံတံတိကျသည်။ ချက်ချင်းပင် ထိုလှံက ချူးယွင်ဖန်းရှေ့သို့ ရောက်နှင့်ပြီးဖြစ်သည်။
ချူးယွင်ဖန်းကမူ မော့ပင်မကြည့်ဘဲ လက်ကို ဝှေ့ယမ်းလိုက်သည်။ အင်္ကျီလက်စက သံအင်္ကျီလက်စအဖြစ်ပြောင်းသွားပြီး ယဲ့ဖေး၏လှံတံထိပ်ကို ခံလိုက်၏။
ဘုန်း....
လှံတံက တုန်လှုပ်သွားပြီး ကြောက်စရာကောင်းသောစွမ်မးအားက ဆူပွက်လာသည်။ နှစ်ဖက်၏ရင်ဆိုင်တိုက်ခိုက်ခြင်းသည် ဗဟိုချက်ဖြစ်သွားပြီး အရပ်မျက်နှာပေါင်းစုံကို ဖြာထွက်သွားကာ စစ်သည်ရာချီကို သေသွားစေ၏။ ခပ်လှမ်းလှမ်းအကွာအဝေးတစ်ခုတွင် ရှိကြသော်လည်း နှစ်ဖက်လုံး၏တိုက်ပွဲနောက်ဆက်တွဲက ချက်ချင်းပင် ဘေးဘက်များဆီသို့ ရောက်သွား၏။ ထိုသူများ မရှောင်လိုက်နိုင်ပေ။ စစ်သည်သန်းချီက ထိုနေရာကို ဝန်းရံထား၏။ သူတို့၏ရည်ရွယ်ချက်က ချူးယွင်ဖန်းကို ထောင်ဖမ်းပြီး ဖမ်းရန်ဖြစ်၏။ ကပ်ဘေးကြီးကြီးမားမားကို ခံစားရလျှင်ပင် ချူးယွင်ဖန်းကို လုံးဝအလွတ်ခံကြမည်မဟုတ်ပေ။
ရှေ့တန်းက နန်းတွင်းကိုယ်ရံတော်များဖြစ်သည်။ နောက်ဆုံးတစ်ယောက် ကျန်သည်အထိ တိုက်ခိုက်ကြလျှင်ပင် အညံ့ခံကြလိမ့်မည်မဟုတ်ပေ။ သူတို့သည် သံမဏိစစ်တပ်ဖြစ်ကာ သံမဏိစိတ်ဓာတ်ပိုင်ဆိုင်ထားကြသူများဖြစ်၏။ ယခင်က ချူးယွင်ဖန်းရင်ဆိုင်ဖူးသောလူအုပ်နှင့် အတူတူပင် ဖြစ်သည်။ တိုက်ပွဲ၌ လူတစ်ယောက်ကျန်သည်အထိတိုက်ကာ တစ်ယောက်မှ မလွတ်နိုင်ပေ။
ယဲ့ဖေးက ခြေလှမ်းပေါင်းများစွာဆုတ်ပြီးမှ မိမိဘာသာ တည်ငြိမ်အောင် လုပ်လိုက်ရသည်။
"မြစ်နေဝင်ချိန်သုတ်သင်...."
ထိုအချိန်ကို အခွင့်ကောင်းယူပြီး ချူးယွင်ဖန်း၏လက်တစ်ဖက်က လေဟာနယ်ထဲမှ မိုးကြိုးလုံးတစ်လုံးကို ဆွဲထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မိုးကြိုးလုံးကြီးက ဓားရှည်အဖြစ် ပြောင်းလဲသွားသည်။ ဓားအလင်းက လေထဲတွင် ဝင်းလက်သွားပြီး လေကို ခွင်းလိုက်၏။ ချက်ချင်းဆိုသလိုပင် ဓားအလင်းက မီတာရာချီရောက်လာပြီး စွမ်းအားကြီးစစ်တပ်အခင်းအကျင်းကို ခုတ်ပိုင်းပစ်လိုက်လေသည်။
ဘုန်း....
ဓားချက်ကျလာသည်နှင့် အခင်းအကျင်းသခင် (၃၆) ယောက်သည် ထပ်ပြီး တောင့်ခံမထားနိုင်တော့ပေ။ သူတို့သည် တိုက်ခိုက်မှုအားလုံးကို အားတင်း၍ တင်းခံထားရသည်။ သို့သော်လည်း ခန္ဓာကိုယ်၏အင်အားက ချူးယွင်ဖန်းကို မယှဉ်နိုင်ပေ။ သူတို့၏အားက တစ်ဖက်သူကို ဆံချည်မျှင်တစ်မျှင်ပင် မထိခိုက်စေသကဲသို့ မျက်မှောင်တစ်ချက်ပင် ကြုတ်မသွားစေပေ။ သို့သော်လည်း ၎င်းတို့ဘက်ကမူ ထိုအားကိုပြန်ခုခံရန် စွမ်းအားများစွာ ထုတ်သုံးထားရသည်။ တိုက်ခိုက်မှုများက အဆက်မပြတ်ဖြစ်ပေါ်နေပြီး ဆူနာမီရေလှိုင်းလုံးများကဲ့သို့ပင် ဖြစ်၏။ ယခုတွင်မူ နောက်ဆုံးကောက်ရိုးမျှင်ကို လက်လွှတ်ရတော့မည်သာဖြစ်၏။ အားတင်းထားခံသည်မှန်သမျှ ပြိုလဲရပေတော့မည်။
ကျင့်စဉ်အနိမ့်ဆုံးရှိသူသည် အခင်းအကျင်းကို ဆက်မထိန်းထားနိုင်သည့် ပထမဆုံးသူဖြစ်သည်။ သူသည် ပါးစပ်မှ သွေးများအန်ထွက်လာပြီး အခင်းအကျင်းက ယိုင်နဲ့သွားရသည်။ အခြားတစ်ယောက်ဖြင့် ချက်ချင်းလူစားထိုးလိုက်သော်လည်း စွမ်းအားကြီးစစ်တပ်အခင်းအကျင်းက ချက်ချင်းပင်လူတစ်ယောက်လစ်လပ်သွားသဖြင့် တစ်ဆင့်လျှော့ကျသွားသည်။ သို့သော် ချူးယွင်ဖန်းကမူ မတုန်မလှုပ်အခြေအနေဖြင့် တည်ငြိမ်နေလေသည်။ ဦးနှောက်တစ်ခုလုံးက စူပါကွန်ပျူတာတစ်ခုလုံးကဲ့သို့ တိကျသေချာစွာတွက်ချက်နိုင်သည်။ တိုက်ခိုက်သူအားလုံးက သူ၏အကြည့်အောက်တွင် ကျရှုံးနေရသည်။ ထိုသို့အခွင့်အရေးကို ဘယ်လိုလွတ်ခံရမလဲ?
မျက်စိတစ်မှိတ်အတွင်းတွင်ပင် နောက်ထပ်ဓားချက်က ကျရောက်လာ၏။
"မြစ်နေဝင်ချိန်သုတ်သင်...."
ဘုန်း....
နောက်ထပ်ကြောက်စရာကောင်းသောဓားအလင်း ဖြာထွက်လာသည်နှင့် အခင်းအကျင်းတစ်ခုလုံးသည် ရုတ်တရက်ပင် တုန်လှုပ်သွားသည်။ ယခုတစ်ခေါက်တွင် တစ်ယောက်တည်းမကဘဲ အားအနည်းဆုံးဖြစ်သော လူနှစ်ကျော်သည် လွင့်ထွက်သွားတော့၏။ ထိုသခင်များသည် သွေးများအန်ထွက်၍ နောက်သို့လန်ထွက်သွားကြ၏။ ဖြစ်ပျက်သည်က မြန်ဆန်လှသည်။ ချူးယွင်ဖန်းထံမရှုံးခင်တွင် ပြန်တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
ထိုအချိန်တွင် ချူးယွင်ဖန်း၏တတိယမြောက်မြစ်နေဝင်ချိန်သုတ်သင်ဓားချက်ကထပ်မံကျရောက်လာပြီး အခင်းအကျင်းကို ခုတ်ပိုင်းပစ်လိုက်တော့၏။
ယခုတစ်ခေါက်တွင် ကျန်နေသောအခင်းအကျင်းသခင်များအားလုံးသည် ဆက်ပြီး မတောင့်ခံနိုင်ကြတော့ပေ။ အားလုံးသွေးအန်၍ ဆုတ်သွားကြရတော့သည်။ တိုက်ခိုက်မှုကို မခုခံနိုင်ကြတော့ပေ။
စွမ်းအားကြီးစစ်တ်ပ်အခင်းအကျင်းတစ်ခုလုံးသည် မှန်ကဲ့သို့ ကွဲကြေသွားရ၏။ လေထဲတွင် ပေါက်ကွဲသွားပြီး ဆက်ပြီးထိန်းမထားနိုင်တော့ပေ။
ထိုအချိန်၌ ချူးယွင်ဖန်းက လက်တစ်ဖက်မြှောက်၍ လက်ထဲ၌ မရေမတွက်နိုင်သည့်ဓားအလင်းများကို စုစည်းလိုက်သည်။ ဘေးနားတွင်ရှိသောယဲ့ဖေးက နောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီး အမြန်ပင် အော်ဟစ်လိုက်တော့၏။
"မဖြစ်ဘူး...."
သူ၏စကားဆုံးသည်နှင့် ချူးယွင်ဖန်းဓားအလင်းများက ဖြာကျလာ၏။ လေထဲတွင် ဓားအလင်း (၃၆) ချက်ပေါ်လာပြီး ထိုရွှေအမတေအဆင့်သခင် (၃၆) ယောက်ကို ခုတ်ပိုင်းပစ်လေတော့၏။