ကျေနပ်စရာကောင်းသောအောင်ပွဲ
Vol. 94 Ch. 1405
ယဲ့ဖေးတစ်ယောက် မျက်လုံးအပြူးသားဖြစ်သွားရသည်။ ခန္ဓာကိုယ်၌စုစည်းထားသည့် နတ်စွမ်းအားများက ချက်ချင်းလျော့ကျလာသည်။ အသက်ဓာတ်ကခန္ဓာကိုယ်ကထွက်သွားသည်ကို ခံစားမိလာသည်။ မယုံနိုင်သေးပေ။ တဝေတစ်ခုလုံးကို ကိုင်လှုပ်နိုင်သည့် ကြောက်စရာကောင်းသောမကောင်းဆိုးဝါးချူးယွင်ဖန်းကို ပါ အပါခေါ်သွားနိုင်ရန်အတွက် နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်ပါသော်လည်း အချည်းနှီးသာဖြစ်သွား၏။ ချက်ချင်းပင် ချူးယွင်ဖန်းသတ်တာခံရမည်ဟု မည်သူထင်မည်နည်း။ ချူးယွင်ဖန်းက မိမိရှေ့၌ မည်သို့မည်ပုံပေါ်လာသည်ကိုပင် မမြင်လိုက်ပေ။ ချူးယွင်ဖန်း၏ဓားက နှလုံးတည့်တည့်ကို ထိသွားသည်ကိုသာ သိလိုက်၏။ ခွန်အားကလည်း ဖြည်းဖြည်းချင်းနည်းလာသည်။
အတိတ်ကအဖြစ်အပျက်များကိုလည်း မျက်လုံးထဲ၌ ပြန်မြင်ယောင်လာ၏။ သူသည် တစ်ချိန်က မရေမတွက်နိုင်သောတဝေစစ်သည်များကြားမှ အမည်မရှိစစ်သည်လေးတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းမှ ထူးချွန်လာသည့်မိမိအရည်အချင်းကို အားကိုးပြီး ဖြည်းဖြည်းချင်းတက်လှမ်းခဲ့သည်။ ထို့နောက်တွင် မင်းသားတစ်ပါး၏မျက်နှာသာပေးမှုခံရကာ စစ်တပ်ထဲ၌ ပြောရေးဆိုခွင့်ရှိသူဖြစ်လာတော့သည်။ လက်ရှိမင်းကြီးက ထီးနန်းကို ဆက်ခံပြီးနောက်ပိုင်းတွင် ယဲ့ဖေးသည် တစ်လောကလုံးကို ကိုင်လှုပ်နိုင်သည့်စစ်သူကြီးဖြစ်လာတော့သည်။ ယခုဘဝ၌မူ သူသည် ဆင်းရဲခြင်းဖြင့် နေဖူးသကဲ့သို့ အောင်မြင်ကျော်ကြားခြင်းနှင့်လည်း စံမြန်းဖူးခဲ့သည်။ အထက်၌ လူတစ်ယောက်သာရှိပြီး လက်အောက်၌ လူထောင်ချီသောင်းချီများစွာရှိသည့်ရာထူးကို ပိုင်ဆိုင်ခဲ့လေသည်။ နောင်တတရားမရှိတော့လေပြီ။
"အရှင်မင်းကြီး....ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် အရင်သွားနှင့်ပါတော့မယ်..."
ယဲ့ဖေး၏အတွေးများက ဖြည်းဖြည်းချင်း လွင့်မျောသွားကာ နောက်ဆုံးတွင် အတွေးစတို့က ပျောက်ကွယ်သွားလေသည်။
ချူးယွင်ဖန်းတစ်ယောက် သက်ပြင်းချလိုက်မိသည်။ သူ့အတွက်မူ ယဲ့ဖေးက အညံ့ခံပြီး တဝေ၏အုပ်ချုပ်မှုကို တည်ငြိမ်အောင်လုပ်သည်က အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သို့သော်လည်း ယဲ့ဖေးအတွက်မူ တိုက်ပွဲ၌သေလိုက်ခြင်းက အကောင်းဆုံးအဆုံးသတ်ဖြစ်နေသည်။ ချူးယွင်ဖန်းလည်း ဘာမှမပြောတော့ပေ။ ယဲ့ဖေး၏အလောင်းကို တောင်တောင်မြစ်ချောင်းပန်းချီကားထဲသို့ ထည့်လိုက်ပြီး စွမ်းအားများစုပ်ယူ၍ ဗြဟ္မသစ်ပင်ထဲသို့ စီးဆင်းသွားစေသည်။
ထိုအချိန်တွင် သူပုန်စစ်တပ်က အတော်လေးအန္တရာယ်များသောအခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ချူးယွင်ဖန်းက မြှင့်တင်ပေးထားသောစိတ်ဓာတ်ကိုသုံးပြီးဖြစ်သည်။ ထိုစိတ်ဓာတ်ကလည်း ကြာကြာမခံပေ။ မိမိတို့ဘက်က အရေအတွက်များစွာ သေသွားပြီဖြစ်သည်။ နန်းတွင်းစစ်တပ်မှ စစ်သည်တစ်သိန်းက ချီတက်လာနေပြီး ကြောက်စရာကောင်းသောသတ်ဖြတ်မှုကို ဆက်ကျူးလွန်နေကြသည်။ လူအုပ်လေးသာရှိသည့်ပုန်ကန်သူတပ်သည် မိမိတို့ထက်များသောတပ်၏ဒဏ်ကို ဆက်မခံနိုင်ကြတော့ပေ။ တဖြည်းဖြည်းဖြင့် တိုက်ပွဲအားလုံးက အရှုံးသို့ ရောက်လာလေပြီ။
တပ်အလယ်၌ရှိသောဝေ့ဝူယသည် ဘာကိုမှမစဉ်းစားနေပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ထောင်ချောက်ထဲဝင်သွားသောကြောင့်ဖြစ်သည်။ နန်းတွင်းတပ်က ထိပ်ဆုံးနတ်စွမ်းအားအဆင့်များသည် ပူးပေါင်းပြီး အလယ်ကို ဝိုင်းတိုက်နေကြသည်။ ခေါ်လာသောလက်ရွေးစင်အားလုံး သေသွားသော်လည်း သူတို့က စစ်တပ်၏အလယ်ကိုသာ ထိုးစစ်ဆင်နေသည်။ ဝေ့ဝူယသည် အန္တရာယ်ကြီးဖြစ်နေ၏။ နည်းနည်းတိုက်လျှင်ပင် ခြေလှမ်းတိုင်း အတိုက်ခံနေရ၏။ ထိုသို့သာဆက်ဖြစ်နေလျှင် သေရန်သာရှိတော့၏။
"ဘာလို့ သခင်လေးချူးက ခုထိရောက်မလာသေးတာလဲ။"
ဝေ့ဝူယသည် နောက်သို့ ကန်ခံလိုက်ရပြီး သွေးများအန်ကျလာသည်။ ကန်ချက်ကြောင့် ခေါင်းကလည်း ချာချာလည်အောင်မူးသွားသည်။ ရန်သူဘက်က စစ်သူကြီးများက အခွင့်အရေးကို လက်လွှတ်မခံကြပေ။ ချက်ချင်းပင် နောက်မှလိုက်ကြ၏။ ဝေ့ဝူယသည် နိုင်နိုင်ခြေကို မမြင်သောကြောင့် မျက်နှာက ဖျော့တော့သွား၏။
ထိုအချိန်၌ ကောင်းကင်မှ မြှားမိုးရွာချလာသည်။ ချက်ချင်းပင် ဝေ့ဝူယနောက်လိုက်လာသောစစ်သူကြီးများကို မှန်သွားပြီး မြေပြင်ပေါ်၌ အတုန်းအရုန်းလဲသွားကြတော့သည်။ ထိုထဲမှအချို့သည် နတ်စွမ်းအားအထွတ်အထိပ်အဆင့်များ ဖြစ်ကြသည်။ သာမန်ရွှေအမတေတစ်ယောက်သည်ပင် ၎င်းတို့ကို သတ်ရန် မလွယ်ကူလှပေ။ သို့သော်လည်း ထိုသူများက မြေပြင်ပေါ်၌ မြှားစိုက်ပြီး ခန္ဓာကိုယ်တစ်ဝက်က သွေးများထွက်ပြီး ရုပ်ပျက်ဆင်းပျက်ဖြင့် သေသွားကြရသည်။
"ငါတို့ အသက်ရှင်ပြီ။"
ဝေ့ဝူယက ထိုအခါမှ သက်ပြင်းချလိုက်မိတော့သည်။ ထိုအချိန်တွင် ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ၌ ပျော်ရွှင်အံ့အားသင့်စရာကောင်းသောမြင်ကွင်းကို မြင်လိုက်ရသည်။ အနက်ရောင်ဝတ်ရုံဝတ်ထားသောလူတစ်ယောက်သည် စစ်တပ်အထဲ၌ ပျံဝဲလာသည်။ လက်ထဲ၌ မိုးကြိုးလေးကို ကိုင်ထားသည်။ ထိုမြှားများကို သူကပစ်နေခြင်းဖြစ်၏။
"သခင်လေးချူး...."
ဝေ့ဝူယက ဝမ်းပန်းတသာဖြင့် အော်ခေါ်လိုက်သည်။ တပ်ကူပေးရန် အပြေးလာနေသောစစ်သားများကိုပင် ဂရုမစိုက်နိုင်တော့ပေ။ နန်းတွင်းစစ်တပ်၏စစ်သူကြီးများကိုလည်း ကိုယ်ရံတော်များက နှိမ်နင်းနေသည်။
ချူးယွင်ဖန်းထွက်ပေါ်လာခြင်းသည် သူနှင့်ယဲ့ဖေးကြားက တိုက်ပွဲက အနိုင်အရှုံးသဲကွဲခဲ့သည်ကို ဆိုလိုနေပေသည်။ မည်သူရှုံးပြီး မည်သူနိုင်သွားသည်က ရှင်းလင်းလို့နေ၏။ ထိုသို့စဉ်းစားမိကာ ဝေ့ဝူယသည်မိမိဘာသာ မထိန်းချုပ်နိုင်တော့ပေ။ ချူးမျိုးနွယ်ကို ကယ်တင်ရန် စွန့်စားလိုက်သည်ကတည်းကပင် သူသည် အကြောက်တရားဖြင့် နေထိုင်ခဲ့ရသည်။ ပုန်ကန်သူတစ်ယောက်အနေဖြင့် နိုင်လျှင်နိုင် မနိုင်လျှင်သေမည်သာ ဖြစ်၏။ အခြားဖြစ်နိုင်ခြေမရှိတော့ပေ။ နိုင်နိုင်ရန်အခွင့်အရေးက အတော်လေးနည်းသည်။ ယခုတွင်မူ ချူးယွင်ဖန်း နိုင်သွားပြီဖြစ်သဖြင့် မိမိတို့လည်း နိုင်တော့မည်ဖြစ်၏။
အမှန်ပင် နိုင်သွားလေပြီ....
ပြင်းထန်သောတိုက်ပွဲက ဆက်လက်ဖြစ်နေပြီး နန်တွင်းညီလာခံ၌ စစ်သည်သန်းချီရှိလျှင်ပင် အခြေအနေကို ပြောင်းနိုင်တော့မည်မဟုတ်ပေ။
အဆက်မပြတ်ကျဆင်းလာသော မြှားမိုးက ဝေ့ဝူယကို ကယ်တင်ပေးပြီးနောက်တွင် ချူးယွင်ဖန်းက ရပ်မနေပေ။ ချက်ချင်းပင် တိုက်ပွဲမြေပြင်၏တစ်ဖက်ကို ကြည့်လိုက်ပြီး ထိုဘက်သို့ မြှားများဖြင့် အဆက်မပြတ်ပစ်နေ၏။
ရွှီး
ရွှီး
ရွှီး
မြှားချက်တိုင်းက မလွဲပေ။ မြှားချက်တစ်ချက်ဆိုလျှင် နတ်စွမ်းအားအဆင့်တစ်ယောက် ကျသည်။ ထို့ကြောင့် ပုန်ကန်သူတပ်များ စိတ်သက်သာရာရသွားတော့၏။
အဆက်မပြတ်တိုက်ခိုက်မှုများကိုခံနေရသော ချူးဟုန်ချိုင်သည် အတော်လေးဆိုးဝါးသောအခြေအနေသို့ ကျရောက်နေလေပြီ။ ယခင်တိုက်ပွဲများ၌ တစ်ခုမှမကြုံဖူးသောအခြေအနေမျိုးဖြစ်၏။ နောက်ပိုင်းတွင် ချူးယွင်ဖန်း၏အကူအညီဖြြင့် နတ်စွမ်းအားအဆင့်သို့ အလွယ်တကူရောက်သွားသည်။ သို့သော်လည်း ချူးယွင်ဖန်းနှင့်မတူစွာ သူသည် သေခြင်းတရားနှင့်နီးစပ်သောတိုက်ပွဲများစွာကို ရင်ဆိုင်ရဖူးသည်။ သို့သော်လည်း ထိုသို့တိုက်ပွဲမျိုးကိုမူ တစ်ခါမှမကြုံဖူးပေ။
သူ၏ပထမတိုက်ပွဲက ကြောက်စရာကောင်းလှသည်။ သူ့အတွက်မူ အတိုင်းအတာတစ်ခုအထိ အချိန်ဆွဲထားရသည်။ မိမိဘာသာ အားတင်းထားရသည်။ သို့သော်လည်း သူ့ထက်အားကောင်းသောနန်းတွင်းအစောင့်တပ်ဖြင့်ရင်ဆို်ငရသောအခါတွင်မူ မခုခံနိုင်တော့ပေ။
သွေးထွက်သံယိုတိုက်ပွဲပြီးနောက်တွင် ချူးဟုန်ချိုင်တစ်ယောက် ချောင်ပိတ်သွားလေသည်။ တိုက်ပွဲအလယ်၌ ဘာမှစဉ်းစားချိန်မရလိုက်ပေ။ ရုတ်တရက်ပင် ဆက်၍တောင့်မခံထားနိုင်တော့ဟု စဉ်းစားနေစဉ်တွင်ပင် မြှားများ ရွာကျလာသည်။ ပြိုင်ဘက်များသည် မြှားမှန်၍ မြေပြင်ပေါ်သို့ ပစ်လဲကျသွားတော့၏။
"ဖန်းကော?"
ချူးဟုန်ချိုင်က ချက်ချင်းပင် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
ချူးယွင်ဖန်းကလွဲ၍ ဘယ်သူဖြစ်မှာလဲ?
ထိုအခါမှသာ ချူးဟုန်ချိုင်တစ်ယောက် သက်ပြင်းချနိုင်တော့၏။ ချူးယွင်ဖန်းနိုင်သည်ဆိုသည်က မိမိတို့နိုင်သည်ဟု ဆိုလိုနေခြင်းပင်။ အင်အားက အတော်လေးသာသွားသောအခြေအနေမျိုးဖြစ်ကာ ချူးယွင်ဖန်းကသာ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။ ထိုသို့အခြေအနေမျိုးက နေရာတိုင်း၌ ဖြစ်ပျက်နေသည်။ မကြာခင်တွင်ပင် တိုက်ပွဲမြေပြင်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားတော့သည်။
ချူးယွင်ဖန်းနိုင်လျှင် အားလုံးနိုင်တော့မည်သာ ဖြစ်၏။