အကြောင်းအကျိုးကံကြမ္မာ
Vol. 35 Ch. 406
"သံကြိုးတွေရဲ့စွမ်းအားကို ဖိနှိပ်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်...မဟုတ်ရင် ငါက ဒီနေရာမှာပဲ လိမ်လိမ်မာမာ နေနေရလိမ့်မယ်... ဟား ဟား ဟား ငါ သွားတော့မယ်... ကံပါရင် ပြန်တွေ့ကြတာပေါ့"
အနှစ်သာရအမြူတေထံ၌ အတွေးတစ်ချက် ထွက်ပေါ်လာပြီး နောက်ထပ်အချိန်တခဏတွင် သံကြိုးများ၏ တချွမ်ချွမ်မြည်သံနှင့်အတူ အခန်းထဲမှ ရုတ်တရက် ထွက်ခွာသွားသည်။ သူသည် ပုံရိပ်ယောင်လေဟာနယ်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားသည့်အလား မည်သည့် အရိပ်အယောင်မျှ မကျန်ရစ်ခဲ့ချေ။
အပြာရောင်တိမ်တိုက်အရှင်၏မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ နောက်ထပ်အချိန်တခဏတွင် သူ၏ရှေ့ရှိ ကံကြမ္မာမြစ်သည် လေပြင်းမုန်တိုင်း တိုက်ခတ်ခံလိုက်ရသည့်အလား ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများဖြင့် မရပ်မနား တုန်ခါနေပေ၏။
"မြစ်က... ဆူပွက်နေတာလား"
အကယ်၍ သူ အလျင်အမြန် မထိန်းချုပ်ပါက အကောင်းဆုံးအနေဖြင့် ကံကြမ္မာစွမ်းအင်မြစ် ပြိုလဲကာ သူ၏ ကျင့်ကြံဆင့် လုံးလုံးလျားလျား ပျက်စီးသွားနိုင်ကာ အဆိုးဆုံးအနေဖြင့် သူ နေရာမှာပင် သေဆုံးသွားနိုင်သည်။ ဤအကြောင်းကို သိလိုက်ရသဖြင့် အပြာရောင်တိမ်တိုက်အရှင်သည် မလှုပ်ရှားရဲတော့ဘဲ ချက်ချင်းဆိုသလိုပင် ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံလိုက်၏။
ယခုအချိန်မှသာ အရာအားလုံးသည် နတ်ဆိုးဘုရင်၏အစီအစဉ်များဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။
ဤနှင်းနတ်ဆိုးအရှင်သည် သူ တွေးထင်ထားသည်ထက် ပို၍ရက်စက်ကြမ်းကြုတ်သည်။ ပထမဦးဆုံး သူသည် သံကြိုးများကို အသုံးပြုပြီး သူ၏ကိုယ်ပိုင် အနှစ်သာရအမြူတေကို ချုပ်နှောင်ထားခြင်းဖြင့် အပြာရောင်တိမ်တိုက်အရှင်အား သံကြိုးအတွင်းမှ စွမ်းအားများကို ချိတ်ပိတ်ထားရန် ဖိအားပေးခဲ့သည်။
သံကြိုးများ၏ချည်နှောင်မှု မရှိတော့သဖြင့် သူ၏ခန္ဓာကိုယ်ကို ဖောက်ခွဲလိုက်ခြင်းနှင့်အတူ သူ၏စွမ်းအား တစ်စိတ်တစ်ပိုင်းကိုလည်း ပေါင်းစပ်လိုက်ခြင်းကြောင့် အပြာရောင်တိမ်တိုက်အရှင်ကို အချိန်တိုအတွင်း ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ သူသည် ထိုစွမ်းအားများကို အသုံးပြု၍ ကံကြမ္မာမြစ်၏ ထိန်းချုပ်မှုမှ အောင်မြင်စွာ ဖောက်ထွက်ကာ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။
"မင်းမှာ ခန္ဓာကိုယ်မရှိမှတော့ မင်းရဲ့ကျင့်ကြံဆင့်က ကောင်းကင်ဘုံအထိ ရောက်နေရင်တောင် မင်း ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူး... ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ အကြောင်းအကျိုးကံကြမ္မာရှိနေသမျှ ကာလပတ်လုံး မင်း လွတ်မြောက်နိုင်မယ်လို့ ငါ မယုံဘူး..."
အပြာရောင်တိမ်တိုက်အရှင်သည် အသက်ပြင်းပြင်းနှစ်ချက်ရှိုက်ပြီးနောက် နောက်ဆုံးတွင် ပြန်လည်၍သက်သာလာသည်။ သူ၏မျက်နှာအမူအယာသည် အိုးဖင်ကဲ့သို့ မည်းမှောင်နေပေ၏။
အကယ်၍ တစ်ဖက်လူသည် အလွန်အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကွင်းလေးကွင်းနတ်ဆိုးဘုရင် ဖြစ်နေလျှင်ပင် သူ၏နတ်ဆိုးအမြူတေကို ဗုဒ္ဓဂိုဏ်း၏သံကြိုးများဖြင့် ထွင်းဖောက်ခံထားရသည်။ ထို့ပြင် ထိုနတ်ဆိုးဘုရင်သည် ခန္ဓာကိုယ်ကို ဖောက်ခွဲကာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ခြင်းကြောင့် သူသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားပေမည်။ အကြောင်းအကျိုးကံကြမ္မာ၏ ဆက်နွယ်မှု ရှိနေသမျှ ကာလပတ်လုံး ထိုနတ်ဆိုးဘုရင်သည် သူ၏လိုက်လံဖမ်းဆီးမှုမှ မလွဲမသွေ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
သို့ရာတွင် ပထမဆုံးအနေဖြင့် သူ ပြန်လည်သက်သာလာရန် လိုအပ်သည်။
ယခုတစ်ကြိမ်တွင် နတ်ဆိုးဘုရင်ကို အောင်မြင်စွာ ထွက်ပြေးခွင့်ပေးလိုက်ရခြင်းကြောင့် သူ၏ စွမ်းအားများ ကြီးစွာထိခိုက်ခဲ့ရုံသာမက ကံကြမ္မာမြစ်သည်လည်း ထိခိုက်သွားခဲ့ပြီး ပြိုလဲပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။
အတ္တကင်းစင်ခြင်း ကံကြမ္မာသည် သူ့ကိုယ်သူ မေ့လျော့ထားရန် လိုအပ်သော်လည်း အစောပိုင်းက သူသည် စိတ်ခံစားချက်များ၏လွှမ်းမိုးခြင်းကို ခံလိုက်ရပေ၏။ သူ့ထံ၌ ဒေါသများ ထွက်ပေါ်လာကာ သူ၏ စိတ်အခြေအနေသည် မတည်မငြိမ်ဖြစ်ပြီး ရူးသွပ်လုနီးပါး ဖြစ်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏စွမ်းအားသည် ကြီးမားပြီး ကျင့်ကြံဆင့်သည် လုံလောက်စွာ နက်ရှိုင်းသဖြင့် ထိုအရာကို ဖိနှိပ်ထိန်းချုပ်နိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက အတွင်းစိတ်နတ်ဆိုးပျံ့နှံ့လာပြီး နှလုံးမီးတောက်ကို ထွန်းညှိလိုက်ပါက သူ တစ်ချက်တွေးလိုက်ရုံဖြင့် ပြာအဖြစ် လောင်ကျွမ်းသွားနိုင်ပြီး ထာဝရပျက်သုဥ်းခြင်းသို့ ဦးတည်သွားပေလိမ့်မည်။
သူ ပြန်လည်ကုစားနေသည်မှာ အချိန်မည်မျှ ကုန်လွန်သွားကြောင်း မသိရသော်လည်း နောက်ဆုံးတွင် စွမ်းအင်မြစ်သည် တည်ငြိမ်သွားပြီး သူ၏ဒဏ်ရာများအားလုံး ပြန်လည်ကောင်းမွန်သွားသည်။ သူသည် အခန်းထဲ၌ ညင်သာပေါ့ပါးစွာ လျှောက်လှမ်းပြီးနောက် အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် လျှောက်လှမ်းလာသော အကြီးအကဲကျန်းလီကို မြင်တွေ့လိုက်ရသည်။
"ငါ ဆေးဖက်ဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီးသွားပြီ....အနှစ်သာရအမြူတေက ဘယ်မှာလဲ...ငါ့ကို မြန်မြန်ပေးတော့...ငါက မင်းအတွက် ဗောဓိသတ္တရွှေဆေးလုံးကို ဖော်စပ်ပေးမယ်..."
"အဲ့ဒီကိစ္စက..."
အပြာရောင်တိမ်တိုက်အရှင်၏မျက်နှာ နီမြန်းသွားသည်။
"တောင်းပန်ပါတယ်...အခုလောလောဆယ် ငါ့မှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေတာကြောင့် အဲ့ဒါကို အရင်လုပ်လိုက်အုံးမယ်...ငါ ပြန်လာမှပဲ တောင်းပန်တော့မယ်"
ထိုသို့ ပြောဆိုပြီးနောက် သူသည် လေထုထဲသို့ ခုန်တက်သွားပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပျောက်ကွယ်သွားသည်။
အချိန်တခဏအကြာတွင် သူသည် ထျန်းလီမြို့ပြင်ရှိ တောင်ထိပ်တစ်ခုသို့ ရောက်ရှိသွားသည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ဗောဓိသတ္တရှစ်ပါး၏ရုပ်ထုများက သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။ သူတို့အားလုံးသည် ဗုဒ္ဓအရှင်၏လက်အောက်ရှိ ဗောဓိသတ္တရှစ်ပါးပင်။
အပြာရောင်တိမ်တိုက်အရှင်က ဗောဓိသတ္တရုပ်ထုများ၏ရှေ့တွင် ဒူးထောက်ရင်း သူ၏လက်ညှိုးဖြင့် သူ၏မျက်ခုံးနှစ်ခုကြားကို ညင်သာစွာ ထိတွေ့လိုက်၏။
ဝီ....
လေတိုးသံတစ်သံ ထွက်ပေါ်လာပြီး ဗောဓိသတ္တရှစ်ပါး၏မျက်ခုံးနှစ်ခုကြားမှ အလင်းစက်များ ထွက်ပေါ်လာကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားသည်။ နောက်ထပ်အချိန်တခဏတွင် အပြာရောင်တိမ်တိုက်အရှင်သည် ကြီးမားသော အမှောင်ခန်းတစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပုံရိပ်ယောင်လေဟာနယ်ထဲတွင် ထိုင်နေကြသော ဗောဓိသတ္တရှစ်ပါးက အေးစက်စက်အကြည့်ဖြင့် သူ့ကို ငုံ့ကြည့်နေပေ၏။
"ဗောဓိသတ္တတို့ကို အရိုအသေပြုပါတယ်၊ အပြာရောင်တိမ်တိုက်က ထွက်ပြေးသွားတဲ့ နှင်းနတ်ဆိုးအရှင်ကို ရှာဖွေဖို့အတွက် အကြောင်းအကျိုးကံကြမ္မာရဲ့ စွမ်းအားကို ငှားရမ်းချင်ပါတယ်..."
အပြာရောင်တိမ်တိုက်အရှင်က လက်အုပ်ချီကာ ပြောဆိုလိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
"ခွင့်ပြုတယ်...."
ဗောဓိသတ္တတစ်ပါး၏ ကြည်လင်အေးမြသော အသံ ထွက်ပေါ်လာပြီးနောက် စွမ်းအင်မြစ်တစ်စင်း ထွက်ပေါ်လာသည်။ ထို့နောက် ဆံခြည်မျှင်ကဲ့သို့ သေးငယ်သော ရေစီးကြောင်းလေးတစ်ခု သည် စွမ်းအင်မြစ်ထဲမှ ခွဲထွက်လာပြီး သူ၏ လက်ဝါးပေါ်သို့ ကျဆင်းလာပေ၏။
"ဒါက မင်းနဲ့နှင်းနတ်ဆိုးအရှင်ကြားက အကြောင်းအကျိုး ကံကြမ္မာပဲ....သူ ပုန်းခိုနေတဲ့ နေရာကို ရှာတွေ့ဖို့ မင်းက ရေစီးကြောင်းရဲ့နောက်ကို လိုက်သွားပါ..."
ဗောဓိသတ္တ၏အသံက ဆက်လက်၍ ထွက်ပေါ်လာသည်။
အပြာရောင်တိမ်တိုက်အရှင်က သက်ပြင်းတစ်ချက်ချပြီး ထပ်မံ၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။ နောက်ထပ်အချိန်တခဏတွင် သူ၏စိတ်စွမ်းအား ပြန်လည်ရောက်ရှိလာပြီး ဗောဓိသတ္တရုပ်ထုများ၏ရှေ့တွင် ဒူးထောက်ရက်သား ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
သူသည် ရုပ်တုများကို သိမ်းဆည်းလိုက်ပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အစောပိုင်းက ရေစီးကြောင်းငယ်လေးသည် သူ၏ မြင်ကွင်းအတွင်း၌ ထွက်ပေါ်လာပြီး အဆုံးကို မမြင်နိုင်သော အဝေးတစ်နေရာသို့ တန်းတန်းမတ်မတ် ဆန့်တန်းသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။
သူသည် လေထုထဲသို့ ခုန်တက်လိုက်ပြီး ရေစီးကြောင်းဆန့်တန်းသွားရာ လမ်းကြောင်းအတိုင်း အလျင်အမြန် လိုက်သွားလိုက်သည်။
ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာ၏ အလွန်စွမ်းအားကြီးသော ကံကြမ္မာခွဲတစ်ခုဖြစ်သည့်အတွက် တစ်ဖက်လူနှင့်လမ်းကြောင်းဆုံမိသည်နှင့် ဤနည်းလမ်းဖြင့် လွယ်လင့်တကူ ရှာဖွေနိုင်ပေမည်။
ထို့ကြောင့် တစ်ဖက်လူ ထွက်ပြေးသွားလျှင်ပင် သူ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။
ရေစီးကြောင်း၏လမ်းညွှန်မှုသည် မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားကာ အပြာရောင်တိမ်တိုက်အရှင်သည် လျင်မြန်စွာ ရွေ့လျားရင်း မကြာမီမှာပင် အဆုံးသတ်သို့ ရောက်ရှိသွားသည်။
သူ၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာသည်မှာ ကျယ်ဝန်းသော လမ်းမကြီးတစ်ခု ဖြစ်ပြီး မြင်းလှည်းများ ဝင်ထွက်သွားလာနေကာ နေရာတိုင်းတွင် ခြေရာများဖြင့် ပြည့်နှက်နေသည်။
"သူက ဘယ်ကို ထွက်ပြေးသွားတာလဲ"
အပြာရောင်တိမ်တိုက်အရှင်သည် မျက်မှောင်ကြုတ်လိုက်၏။
သူတို့၏အကြားရှိ အကြောင်းအကျိုးဆက်နွယ်မှုသည် အလွန်ခိုင်မာသဖြင့် လောကကြီး၏အစွန်အဖျားအထိ ထွက်ပြေးလျှင်ပင် ပြတ်တောက်သွားမည် မဟုတ်ချေ။ ယခု၌မူ ထိုရေစီးကြောင်းသည် မြို့ထဲသို့ဝင်သွားပြီး မကြာမီမှာပင် ပျောက်ဆုံးသွားသည်မှာ အလွန်ထူးဆန်းနေပေ၏။
"သူက တခြားလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးထားတာများလား"
ထိုအတွေးက ရုတ်တရက် အပြာရောင်တိမ်တိုက်အရှင်၏ခေါင်းထဲသို့ ဝင်ရောက်လာသည်။
နတ်ဆိုးဘုရင်၏ခန္ဓာကိုယ်သည် ပျက်စီးသွားပြီဖြစ်ရာ အနှစ်သာရအမြူတေသာ ကျန်ရှိတော့သည်။ သူသည် ကြာရှည်အသက်ရှင်ရန်နှင့် အရှိန်အဝါကို ဖုံးကွယ်ထားရန်အတွက် တခြားလူတစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးထားမှသာ ဖြစ်နိုင်ပေမည်။
သို့ရာတွင် နတ်ဆိုးဘုရင်သည် တခြားခန္ဓာကိုယ်တစ်ခုကို အပိုင်စီးထားလျှင်ပင် သူတို့အကြား၌ အကြောင်းအကျိုးကံကြမ္မာဆက်နွယ်မှု ရှိနေဆဲဖြစ်သောကြောင့် သူ၏လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
အကြောင်းအကျိုးကံကြမ္မာဆိုသည်မှာ အရှိန်အဝါမဟုတ် ခြေရာလက်ရာ မဟုတ်ဘဲ စိတ်ဝိညာဉ်ဆိုင်ရာ ရောယှက်မှုတစ်မျိုးပင်။ သူကိုယ်တိုင် ထိခိုက်နစ်နာခဲ့ရသည့်အပြင် တစ်ဖက်လူ၏ခန္ဓာကိုယ်သည်လည်း သူ့ကြောင့် ပျက်စီးခဲ့ရသည်။ ထိုကြောင့် သူတို့အကြားရှိ ပတ်သက်ဆက်နွယ်မှု အတိုင်းအတာသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင် ကြီးမားလေရာ မည်သည်ကြောင့် ရိုးရှင်းစွာ ပြတ်တောက်သွားနိုင်မည်နည်း။
နတ်ဆိုးဘုရင်၏စိတ်ဆန္ဒကို ဖျက်ဆီးပြီး အနှစ်သာရအမြူတေကို သန့်စင်ကာ သူကို အမြစ်ပြတ်သုတ်သင်လိုက်မှသာ ထိုအကြောင်းအကျိုးကံကြမ္မာ၏ဆက်နွယ်မှု ပျောက်ကွယ်သွားပေမည်။
"ဆက်ရှာမယ်...ငါသူ့ကို ရှာမတွေ့နိုင်ဘူးဆိုတာ ငါ မယုံဘူး..."
အပြာရောင်တိမ်တိုက်အရှင်၏မျက်နှာအမူအယာ တင်းမာခက်ထန်နေကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ပြဒါးကဲ့သို့ ပြန့်ကျဲသွားပြီး သံသယဖြစ်ဖွယ်သဲလွန်စများကို နေရာအနှံ့အပြား၌ ရှာဖွေလိုက်သည်။ အချိန်အတော်ကြာ ရှာဖွေပြီးနောက် သူသည် မည်သည့်အရာကိုမျှ မတွေ့ရှိဘဲ ထူးခြားသည့် ကိစ္စတစ်ခုကိုသာ သတိပြုမိသွားသည်။
"ဒါက... ဆေးပညာဂိုဏ်းကနေ ငါ့ရဲ့အိမ်ကိုပြန်တဲ့ လမ်းပဲ"
အပြာရောင်တိမ်တိုက်အရှင်က မှတ်မိသွားသည်။
သူသည် အိမ်တော်မှနေ၍ ဆေးပညာဂိုဏ်းသို့ သွားစဉ်က ဤလမ်းအတိုင်း သွားခဲ့ဖူးသဖြင့် အလွန်ရင်းနှီးကျွမ်းဝင်နေပေ၏။
ထျန်းလီမြို့တွင် ထောင်သောင်းချီသော လမ်းများရှိနေသည့်တိုင် ပျောက်ဆုံးမှုသည် ဤနေရာ၌ ဖြစ်ပွားခဲ့ခြင်းသည် တိုက်ဆိုင်မှုသက်သက် ဖြစ်နိုင်မည်လော....
ရုတ်ချည်းဆိုသလိုပင် အပြာရောင်တိမ်တိုက်အရှင်က လေးလေးနက်နက် စဥ်းစားတွေးတောလိုက်မိသည်။
...
အချိန်ကို နှစ်နာရီခန့် နောက်ပြန်ဆုတ်လိုက်လျှင်...
ကျန်းရွှမ်သည် မြင်းလှည်းပေါ်တွင် ထိုင်နေပြီး ခုန်းရှီ ၏ စကားများကြောင့် သူ့ထံတွင် စိတ်လှုပ်ရှားမှုများ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
ဗုဒ္ဓဂိုဏ်းနှင့်နတ်ဆိုးဂိုဏ်းတို့သည် ရန်သူများ ဖြစ်နေကြသည်မှာ အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ် မဟုတ်ချေ။ အဆင့်မြင့်နတ်ဆိုးများ၏ အနှစ်သာရအမြူတေနှင့် ဆေးဖော်စပ်ရန်ဟူသည်မှာ ဗုဒ္ဓဂိုဏ်းမှလွဲလျှင် တခြားမည်သူမျှ ဤမျှထိ ရက်စက်နိုင်မည် မဟုတ်ချေ။
သို့ရာတွင် ဤကိစ္စများသည် သူနှင့် အလွန်အလှမ်းကွာဟပြီး သက်ဆိုင်ခြင်းမရှိချေ။
ယခုချိန်၌ သူ လုပ်ဆောင်ရမည်မှာ ကောင်းကင်ဘုံသောကကံကြမ္မာ၏ ပို၍မြင့်မားသော နယ်ပယ်ကို အလျင်အမြန် နားလည်သဘောပေါက်ပြီး ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် သို့မဟုတ် နဝမအဆင့်အထိ ချိုးဖျက်ဝင်ရောက်ရန်ပင်။
အသက်ပင်လယ်နယ်ပယ်သို့ သူ ရောက်ရှိသွားပါက ထျန်းလီမြို့၌ဆိုလျှင်ပင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းသည် အတိုင်းအတာတစ်ခုအထိ ရှိလာပေမည်။
သူသည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ဝင်ရောက်ကာ ကောင်းကင်ဘုံကံကြမ္မာကို လေ့လာရန် အာရုံစိုက်လိုက်၏။ ထိုအချိန်မှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားတစ်ရပ်က သူ၏ကျင့်ကြံဆင့်ကို ချိတ်ပိတ်လိုက်သည်။
နောက်ထပ်အချိန်တခဏတွင် သူ၏အသိစိတ် ဝေဝါးသွားပြီး တခြားနယ်မြေတစ်ခုသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရကာ လုံးဝန်းသော အနှစ်သာရအမြူတေတစ်ခုသည် သူ၏မြင်ကွင်းအတွင်း၌ ထွက်ပေါ်လာပေ၏။
"ကောင်စုတ်လေး...မင်း ကံဆိုးသွားပြီ... ဒီနေ့ မင်းက ငါ့ရဲ့လက်ခံခန္ဓာကိုယ်ဖြစ်လာပြီးတော့ ငါ့ရဲ့ ဝါးမြိုတာကို ခံရတော့မယ်"
ထို့နောက် အမျိုးသားအသံနှင့် အမျိုးသမီးအသံ ရောနှောထားကာ မကောင်းဆိုးရွားတစ်ကောင်၏အသံနှင့်တူသည့် ထူးဆန်းသော အသံတစ်သံက သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။