← Chapters

ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ဝင်ရောက်ခြင်း

Vol. 35 Ch. 407

ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ဝင်ရောက်ခြင်း

Vol. 35 Ch. 407

ကျန်းရွှမ်၏စိတ်နှလုံးသား မွန်းကြပ်သွားပြီး အလျင်အမြန် လှမ်းကြည့်လိုက်သည်။

သူ၏မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်မှာ တောက်ပနေသော ရွှေရောင် အနှစ်သာရအမြူတေတစ်လုံးဖြစ်ပြီး ထိုအရာ၏အသံတွင် ညှို့ငင်နိုင်စွမ်းများ ရောယှက်နေသည်။ နတ်ဆိုးစွမ်းအင်များသည် သူ၏အနီးတွင် ရစ်ပတ်လွှမ်းခြုံနေပြီး အဆုံးမဲ့တွင်းနက်ကြီးထဲသို့ ဆွဲခေါ်သွားရန် ကြိုးစားနေသည့်အလား သူ၏စိတ်ဝိညာဉ်ကို တင်းကြပ်စွာ ချည်နှောင်ထားသည်။

"နတ်ဆိုးလား...."

ကျန်းရွှမ် ကြက်သေသေသွားသည်။

သူသည် နတ်ဆိုးကျင့်ကြံသူတစ်ဦးနှင့် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော်လည်း ဒဏ္ဍာရီများကို ကြားခဲ့ဖူးသည်။ သူ၏ရှေ့မှ အနှစ်သာရအမြူတေသည် အချိန်မရွေး ပေါက်ကွဲနိုင်သော ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေသည့် မီးတောင်တစ်ခုနှင့် တူညီသည်။ သူ၏မြေခွေးညှို့ငင်ကံကြမ္မာသည် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ထိုအသံ၏ညှို့ငင်ဖမ်းစားမှုကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်း ရှိသောကြောင့်သာ မဟုတ်လျှင် သူထံ၌ ခုခံနိုင်စွမ်း မရှိတော့ဘဲ လုံးလုံးလျားလျား ကျဆုံးသွားနိုင်သည်။

"ထျန်းလီတော်ဝင်မြို့တော်ထဲမှာ နတ်ဆိုးတစ်ကောင်က ဘယ်လိုလုပ်ပြီး ရှိနေတာလဲ....ပြီးတော့ ဘာလို့ ငါ့ဆီကို ရောက်လာတာလဲ"

ကျန်းရွှမ်သည် နားမလည်နိုင် ဖြစ်နေပေ၏။

ထျန်းလီအင်ပါယာသည် လောကကြီးအတွင်းတွင် အစွမ်းထက်ဆုံးအင်ပါယာဖြစ်ပြီး ဧကရာဇ်ဖူရှန်းသည် ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သူပင်။ သူ၏လက်အောက်တွင် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာပိုင်ရှင် အမြောက်အများကို ထိန်းချုပ်ထားပေ၏။

ထိုကဲ့သို့ ပြင်ဆင်မှုများနှင့်အတူ နေရာတိုင်းတွင် ဝင်္ကပါများ ရှိနေပြီး ထိပ်သီးကျင့်ကြံသူများ တိမ်စိုင်များကဲ့သို့ ပေါများသည်။ သဘောတရားအရဆိုလျှင် နတ်ဆိုးကျင့်ကြံသူများသည် ဤမြို့တော်အတွင်းသို့ လွယ်လင့်တကူ ဝင်လာရဲမည် မဟုတ်ချေ။ သို့ရာတွင် ယခု ချိန်၌ နတ်ဆိုးတစ်ကောင်သည် မြို့ထဲသို့ ဝင်လာရုံသာမက သူ့ဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိလာသည်မှာ အလွန်ထူးဆန်းနေပေ၏။

ယခုအချိန်သည် မေးခွန်းထုတ်နေရမည့်အချိန် မဟုတ်ကြောင်း သိသဖြင့် ကျန်းရွှမ်သည် ညှို့ငင်ခံရတော့မည့် သူ၏စိတ်ကို အတင်းအကြပ်ဖိနှိပ်ပြီး ခေါင်းမော့လိုက်သည်။

"စီနီယာ...နတ်ဆိုးကျင့်ကြံသူ တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးလိုက်ရင်တောင် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ဖိနှိပ်ဖို့ ခက်ခဲလိမ့်မယ်....တခြားနေရာတွေမှာဆိုရင် စီနီယာက ဂရုမစိုက်ဘဲ နေနိုင်ပေမဲ့ ထျန်းလီမြို့မှာတော့ နတ်ဆိုးစွမ်းအင်တွေ ယိုစိမ့်ထွက်လာတာနဲ့ ထိပ်သီးကျင့်ကြံသူတွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ခံရမှာဖြစ်ပြီးတော့ စီနီယာလည်း နှိမ်နင်းခံရလိမ့်မယ်..."

ပထမဦးဆုံးအနေဖြင့် သူသည် ထိုနတ်ဆိုးကို တည်ငြိမ်အောင် လုပ်ဆောင်ရမည်။

"သာမန် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ပဲရှိတဲ့ကောင်က ငါ ခန္ဓာကိုယ်အပိုင်စီးတာကို ခံနေရတာတောင် စကားကို ရှင်းရှင်းလင်းလင်း ပြောနိုင်သေးတယ်လား"

ကျားမ မကွဲပြားသော အသံတစ်သံ ထွက်ပေါ်လာသည်။

ဤ အနှစ်သာရအမြူတေသည် အပြာရောင်တိမ်တိုက်အရှင်၏လက်မှ လွတ်မြောက်လာသော နှင်းနတ်ဆိုးအရှင်ပင်။ အရေးမပါသော ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူလေးတစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးလိုက်ခြင်းဖြင့် ထိုလူ၏စိတ်ဝိညာဉ်ကို လျင်မြန်စွာ ဖျောက်ဖျက်နိုင်မည် သို့မဟုတ် အောင်မြင်စွာ ညှို့ငင်နိုင်မည်ဟု သူ ထင်မှတ်ခဲ့သည်။ သို့ရာတွင် မမျှော်လင့်ဘဲ တစ်ဖက်လူသည် ထိုကဲ့သို့ ရှင်းလင်းပြတ်သားစွာ ခွဲခြမ်းစိတ်ဖြာပြီး ပြောဆိုနိုင်ပေ၏။

ဤသည်မှာ သူသည် မြို့ထဲမှ မထွက်ချင်၍ မဟုတ်ချေ။ ထျန်းလီမြို့ရိုးများတွင် အလွန်စွမ်းအားကြီးသော ဝင်္ကပါများ ရှိနေသောကြောင့်ပင်။ ထိုအရာများသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ ပြင်းထန်သောအရှိန်အဝါကို လွယ်လင့်တကူ ရှာဖွေတွေ့ရှိသွားနိုင်သည်။ ထို့ပြင် အရေးအကြီးဆုံးအချက်မှာ သူ ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် အမြန်ဆုံး ပြန်လည်သက်သာလိုပေ၏။ ထျန်းလီမြို့ထဲတွင်သာ သူသည် ဤကဲ့သို့ အခြေအနေမျိုးကို ရှာတွေ့နိုင်ပေမည်။ အကယ်၍ သူ ထွက်ပြေးလိုက်ပါက မည်သူမျှ လိုက်မဖမ်းလျှင်ပင် သူ ဤအတိုင်း သေဆုံးသွားနိုင်သည်။

"မင်းကို မသတ်ဖို့က ကိစ္စမရှိပါဘူး... ဒါပေမဲ့ မင်းရဲ့ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံမှုလောက်နဲ့ ငါ့ရဲ့ ကြီးမားတဲ့ မှော်စွမ်းအားတွေကို ခံနိုင်ရည်ရှိမယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"

နှင်းနတ်ဆိုးအရှင်က အော်ဟစ်လိုက်သည်။

ဤသည်က သူသည် တစ်ဖက်လူကို အထင်သေးသောကြောင့် မဟုတ်ချေ။ အနှစ်သာရအမြူတေအတွင်းမှ စွမ်းအားများ ထွက်ပေါ်လာသည်နှင့် ဤကဲ့သို့ နိမ့်ပါးသော ကျင့်ကြံဆင့်သာ ရှိသောလူသည် မသေဆုံးလျှင်ပင် နတ်ဆိုးအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားပေမည်။

ဤသည်မှာ အဖြူရောင်ဝတ်စုံပေါ်သို့ မင်စက်ကျသွားသည့် အလားပင်။ တစ်ဖက်လူသည် မည်မျှထိ သန့်ရှင်းပြီး တည်ငြိမ်နေပါစေ နတ်ဆိုးစွမ်းအင်များကြောင့် အစွန်းအထင်းများ ကျန်ရစ်ခဲ့ပေမည်။

"ကျွန်တော် တောင့်မခံနိုင်မှာ သေချာပေါက်ပဲ.... ဒါပေမဲ့ ကျွန်တော့်မှာ ထူးခြားချက်တချို့ ရှိနေတယ်....စီနီယာရဲ့ အနှစ်သာရအမြူတေက ကျွန်တော့်ရဲ့အသိစိတ်ပင်လယ်ထဲကို ဝင်လာဖို့ ဆန္ဒရှိမယ်ဆိုရင် နတ်ဆိုးစွမ်းအင်ကို ဖုံးကွယ်ထားနိုင်မယ့် နည်းလမ်း ကျွန်တော်မှာ ရှိတယ်..စီနီယာ ရှိနေတာကို ဘယ်သူမှ သိကြမှာ မဟုတ်ဘူး"

ကျန်းရွှမ်က အလျင်အမြန် ပြောဆိုသည်။

"အသိစိတ်ပင်လယ်ထဲကို ဝင်ရမယ်...ဟုတ်လား..."

နှင်းနတ်ဆိုးအရှင် ဇဝေဇဝါဖြစ်သွားသည်။

အသိစိတ်ပင်လယ်ဆိုသည်မှာ ကျင့်ကြံသူတစ်ယောက်အတွက် အရေးအကြီးဆုံးနေရာပင်။ ပုံမှန်အရဆိုလျင် သူ ထိုနေရာသို့ ဝင်လိုလျှင်ပင် တစ်ဖက်လူသည် ပြင်းပြင်းထန်ထန် ခုခံသင့်သည် မဟုတ်လော။ ထိုအစား မည်သည်ကြောင့် သူသည် ဖိတ်ခေါ်နေရသနည်း။

နှင်းနတ်ဆိုးအရှင်၏ ဇဝေဇဝါဖြစ်နေမှုကို မြင်ပုံရသော ကျန်းရွှမ်က အားနာသောအမူအယာဖြင့် မော့ကြည့်လိုက်၏။

"ကျွန်တော့်ရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်လွန်းတော့ စီနီယာကို ခုခံချင်ရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး...ဒီလိုဖြစ်နေမှတော့ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်တာက ပိုကောင်းပါတယ်...ကျွန်တော်က စီနီယာ ပြောသမျှကို လိုက်နာပြီးတော့ စီနီယာရဲ့ဒဏ်ရာတွေကို ကုသဖို့ ဆေးဝါးတွေ ရှာပေးပါ့မယ်....နတ်ဆိုးစွမ်းအင်တွေ ယိုစိမ့်မသွားအောင် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်က သေရမှာကို မကြောက်ရဖို့ပဲ လိုတာပါ..."

"အင်း..."

နှင်းနတ်ဆိုးအရှင်က စိတ်ကျေနပ်သွားပြီး အနှစ်သာရအမြူတေ အနည်းငယ် တုန်ခါသွားကာ ညှို့ငင်နိုင်စွမ်းရှိသော လေသံဖြင့် ပြောဆိုသည်။

"ဒီလို တွေးခေါ်တတ်တာကို ကြည့်ရင် မင်းက ဉာဏ်ကောင်းသားပဲ...ကောင်းပြီလေ....မင်းက ငါ့ရဲ့စွမ်းအားတွေ ပြန်ရအောင် ကူညီပေးနိုင်သရွေ့ မင်းကို စည်းစိမ်ဥစ္စာနဲ့ ဂုဏ်သိက္ခာတွေ ပေးဖို့ ငါ ဝန်မလေးဘူး"

"စီနီယာကို ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ် စိတ်လှုပ်ရှားသွားသည်။

"ကျွန်တော်က စီနီယာအတွက်ဆိုရင် ဘာမဆိုရင်ဆိုင်ပြီးတော့ စိတ်ရောကိုယ်ပါဆောင်ရွက်ပေးပါ့မယ်"

နှင်းနတ်ဆိုးအရှင်၏ ကျားမ မကွဲပြားသော အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

"ကောင်းပြီလေ...အခု မင်းရဲ့အသိစိတ်ပင်လယ်ကို ဖွင့်ထားလိုက်တော့... ငါ ဝင်လာတော့မယ် နည်းနည်းလေးမှ ခုခံတာမျိုး မရှိဖို့ မျှော်လင့်တယ် ... မဟုတ်ရင် ငါက မင်းရဲ့စိတ်ဆန္ဒတွေကို ချက်ချင်းဖျက်ဆီးပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်မယ်"

"စီနီယာ စိတ်ချပါ...ကျွန်တော် လုံးဝခုခံမှာ မဟုတ်ဘူး"

ကျန်းရွှမ်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

သူ၏ရိုးသားမှုကို မြင်တွေ့ချိန်၌ နှင်းနတ်ဆိုးအရှင်သည် တွေဝေတုံ့ဆိုင်းမနေတော့ချေ။ အတွေးတစ်ချက်နှင့်အတူ အနှစ်သာရအမြူတေကို သယ်ဆောင်ထားသော ကြီးမားသည့် စိတ်ဆန္ဒတစ်ခုသည် အသိစိတ်ပင်လယ်ထံသို့ လျင်မြန်စွာ တိုးဝင်သွားတော့သည်။

သူသည် အမှန်တကယ်ကိုပင် အတားအဆီးမရှိဘဲ ကျယ်ပြောသော သမုဒ္ဒရာကြီးတစ်ခုဆီသို့ ရောက်ရှိသွားသည်။

"အဲ့ဒါက ဘာကြီးလဲ"

သူသည် မျောလွင့်နေရင်း တစ်ဖက်လူ၏ စိတ်ဆန္ဒမှ ဗဟိုချက်ကို ရှာဖွေရန် ရှေ့သို့ဆက်တိုးသွားစဥ်မှာပင် ကြီးမားသော အဆောက်အအုံကြီးတစ်လုံးက သူ၏မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။

ဤအရာသည် နန်းတော်ကြီးတစ်ခုနှင့် တူညီပြီး ကြီးကျယ်ခမ်းနားကာ အသိစိတ်ပင်လယ်၏အထက်တွင် မျောလွင့်နေသည်။ ထိုအရာမှနေ၍ နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။

"စာကြည့်တိုက်လား... သူ့ရဲ့အသိစိတ်ပင်လယ်ထဲမှာ ဒီလိုအရာမျိုး ရှိနေတာလား"

နှင်းနတ်ဆိုးအရှင်သည် စူးစမ်းလိုစိတ်ဖြင့် ထိုအဆောက်အအုံအနီးသို့ ချဥ်းကပ်သွားပြီး အထဲသို့ ညင်သာစွာ ဝင်ရောက်သွားသည်။ ထိုနေရာတွင် မရေမတွက်နိုင်သော စာအုပ်များ အလွှာလိုက်ရှိနေကာ သူ့ကို ကြိုဆိုနေသည်။ တစ်ဖက်လူတွင် မည်သည်ကြောင့် ဤပစ္စည်းမျိုး ရှိနေရသနည်းဟု သူ တွေးတောနေစဉ်မှာပင်တောက်ပသော စွမ်းအားတစ်ရပ်က အထက်မှ ဆင်းသက်လာသည်။ ဤသည်မှာ ဝါးကျည်တောက်ထဲသို့ ငါးရှဉ့်တစ်ကောင် ရုတ်တရက် ဝင်သွားသည့်အလားပင်။

ဘုန်း.....

ပုံရိပ်ယောင်လေဟာနယ်ထဲမှ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင်သူ၏စိတ်ဆန္ဒသည် တုန်ခါသွားကာ ပြိုလဲကျလုနီးပါး ဖြစ်သွားပေ၏။

"ဒါက ဘာစွမ်းအားလဲ....မင်းက တကယ်တော့ ဘယ်သူလဲ"

နှင်းနတ်ဆိုးအရှင်သည် ရူးသွပ်မိုက်မဲသော်လည်း သူ လှည့်စားခံလိုက်ရကြောင်း နားလည်သဘောပေါက်သွားသည်။ အနှစ်သာရအမြူတေသည် တုန်ခါသွားပြီး ပြင်ပသို့ ထွက်ပြေးရန် ကြိုးစားသော်လည်း စာကြည့်တိုက်တစ်ခုလုံးသည် ကြီးမားသော လှောင်အိမ်ကြီးတစ်ခုအလား သူ့အပေါ်သို့ ပြင်းထန်သော စိတ်ဆန္ဒဖြင့် ဖိနှိပ်ထားသည်။ ထိုကြောင့် သူ ထွက်ပြေးခြင်းသည် စိတ်ကူးယဉ်အိမ်မက်တစ်ခု ဖြစ်လာကြောင်း သူ တွေ့ရှိလိုက်ရသည်။

ဤစိတ်ဆန္ဒသည် ကောင်းကင်နှင့်မြေပြင်ကြားမှ ဖြစ်တည်လာသည့်အလားဖြစ်ကာ သူသည် နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်နေရသည့်အလားပင်။ ထိုကြောင့် ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော သူ၏ ကျင့်ကြံဆင့်ဖြင့်ပင် ထိုစိတ်ဆန္ဒကို ယှဉ်ပြိုင်နိုင်ခြင်း မရှိချေ။

"ငါက ကျန်းရွှမ်ပဲ..."

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ သူ၏ပုံရိပ်သည် ရုတ်တရက် နှင်းနတ်ဆိုးအရှင်၏ရှေ့၌ ထွက်ပေါ်လာသည်။

ဤအနှစ်သာရအမြူတေသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ထွက်ပေါ်လာသည်နှင့် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ခုခံနိုင်မည်မဟုတ်ကြောင်း သူနားလည်သဘောပေါက်သွားခဲ့သည်။ သို့ရာတွင် အကယ်၍ သူသည် ထိုနတ်ဆိုးကိုလှည့်စားပြီး ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းသို့ ဝင်ရောက်စေကာ ကောင်းကင်လမ်း၏စွမ်းအားကိုအသုံးပြုလိုက်ပါက သူ ထိုနတ်ဆိုးကို လွယ်လင့်တကူ နှိမ်နှင်းနိုင်ပေမည်။

ယခုကြည့်ရသလောက် သူ၏အစီအစဉ်သည် အလုပ်ဖြစ်သွားပုံပင်။

သူ၏ကောင်းကင်ဘုံစာကြည့်တိုက်သည် ကမ္ဘာသစ်၏ကောင်းကင်လမ်းမှ ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပေ၏။ သို့ရာတွင် ထိုအရာသည် ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ဤကမ္ဘာ၏ကောင်းကင်လမ်းနှင့် ပေါင်းစပ်ပြီး သိသိသာသာပြောင်းလဲသွားခဲ့သည်။ အကယ်၍ သူသည် ရင်းမြစ်ကမ္ဘာတစ်ခုလုံး၏စွမ်းအားကိုအသုံးမပြုနိုင်သည့်တိုင် တစိတ်တစ်ပိုင်းကပင်လျှင် ဤနတ်ဆိုး ခုခံကာကွယ်နိုင်မည့်အရာမျိုးမဟုတ်ချေ။

ထို့ပြင် ဤနတ်ဆိုးသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းသို့ ဝင်ရောက်လာသည်မှာ သူ၏ကမ္ဘာသစ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် ထပ်တူထပ်မျှပင်။ ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သော သူ့အနေဖြင့်တစ်ဖက်နတ်ဆိုးသည် အထွတ်အထိပ်အခြေအနေ၌ ရှိနေပါက သူ သတ်ဖြတ်ရန် ခက်ခဲပေမည်။ သို့ရာတွင် ထိုနတ်ဆိုးထံ၌ အနှစ်သာရအမြူတေတစ်ခုသာ ကျွမ်းကျင်တော့သဖြင့် အကယ်၍ သူသည် ထိုအရာမျှကို မဖြေရှင်းနိုင်ပါက အလွန်အရှက်ရဖွယ်ကိစ္စတစ်ရပ် ဖြစ်သွားပေလိမ့်မည်။

"မင်း....မင်းက နိမ့်ကျတဲ့ ကြယ်စင်မြစ်နယ်ပယ်ကျင့်ကြံသူလေးလေ....ဘယ်လိုလုပ်ပြီးတော့မင်းမှာ ဒီလိုမျိုး အစွမ်းထက်တဲ့ မှော်ရတနာမျိုး ရှိနေတာလဲ....မင်းက အထွတ်အထိပ်တည်ရှိမှုကြီးတယောက်ယောက်ရဲ့ မျိုးဆက်လား"

နှင်းနတ်ဆိုးအရှင်၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီနေသည်။

သူသည် ကောင်းကင်ဘုံစာကြည့်တိုက်ကို မည်သည့်အရာဖြစ်ကြောင်းမသိရှိသဖြင့် မှော်ရတနာတစ်ခုဟုသာ တွေးထင်လိုက်သည်။

ဤကဲ့သို့ရတနာတစ်ခုကို သန့်စင်ရန်အတွက် တစ်စုံတစ်ယောက်၏ကျင့်ကြံဆင့်သည်အနည်းဆုံးအနေဖြင့် နတ်ဆိုးဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေရန် လိုအပ်သည်။

"အခု မင်းမှာ မေးခွန်းထုတ်နိုင်တဲ့ အခွင့်အရေးမျိုး မရှိဘူး"

ကျန်းရွှမ်သည် အာဏာရှင်တစ်ယောက်အလားသူ၏လက်များကို နောက်ပစ်ပြီး မတ်တတ်ရပ်နေပေ၏။

"အခု ငါ မင်းကို မေးမယ်... မင်း ကောင်းကောင်းမွန်မွန် အဖြေပေးပါ....မဟုတ်လို့ကတော့ မင်းကစိတ်ဝိညာဉ်လွင့်ထွက်သွားတာ ပြန့်ကျဲသွားတာတွေနဲ့ ချက်ချင်းကြုံတွေ့ရပြီးတော့ ဘယ်တော့မှ ပြန်လည်ဝင်စားနိုင်မှာ မဟုတ်တော့ဘူး"

"မင်း...."

နှင်းနတ်ဆိုးအရှင်သည် အော်ဟစ်လိုက်ပြီးနောက် သူ၏အနှစ်သာရအမြူတေ အက်ကွဲသွားသည်။

ဝှစ်....

အလွန်အစွမ်းထက်သော စွမ်းအားတစ်ခုသည် မမြင်နိုင်သော လက်တစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး ရုတ်တရက် ကျရောက်လာသည်။ "ဖြောင်း"ခနဲ အသံနှင့်အတူ အနှစ်သာရအမြူတေသည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ချေ။

All Chapters