အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုး
Vol. 35 Ch. 408
"ငါက နှင်းနတ်ဆိုးအရှင်... ကြယ်ရှစ်ပွင့် ကံကြမ္မာဆရာသခင်...အသက်ပင်လယ်နယ်ပယ် အထွတ်အထိပ်မှာရှိတဲ့ ကျင့်ကြံသူ တစ်ယောက်.....ကောင်းကင်ဘုံက ပေးသနားထားတဲ့ သက်တမ်းကိုပင် ငါက ယှဉ်ပြိုင်နိုင်တယ်.... ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်မှာပဲရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ငါ့ကို ဖိနှိပ်နိုင်တယ်ဆိုတာကို ငါ လုံးဝမယုံကြည်နိုင်ဘူး"
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ အနှစ်သာရအမြူတေသည် ပြင်းထန်စွာ လည်ပတ်သွားပေ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် နတ်ဆိုးစွမ်းအင်များသည် မီးတောက်များအလား အရပ်မျက်နှာအဘက်ဘက်သို့ ပွင့်အံ့ထွက်သွားသည်။
အရိုးစားနတ်ဆိုး အကာအကွယ်....
ဤသည်မှာ နတ်ဆိုးဂိုဏ်း၏ အလွန်အစွမ်းထက်သော တိုက်ခိုက်ရေးနည်းစနစ်ဖြစ်ပြီး ဗုဒ္ဓဂိုဏ်း၏ မဟာကရုဏာမန္တန်နှင့် အနည်းငယ် ဆင်တူသည်။ အနှစ်သာရအမြူတေမှ ထွက်ပေါ်လာသော နတ်ဆိုးစွမ်းအင်များသည် ကျင့်ကြံသူ၏ရင်းမြစ်စွမ်းအင်ကို တိုက်စားနိုင်ရုံသာမက ထိုလူ၏စိတ်ဝိညာဉ်ကိုလည်း အမှုန့်ဖြစ်သွားသည်အထိ ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။
ဤနည်းစနစ်ကို ရုတ်တရက် အသုံးပြုလိုက်ချိန်၌ ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူများကို မဆိုထားနှင့် အကြီးအကဲကျန်းလီကဲ့သို့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်လျှင် ပြင်းထန်သောစွမ်းအားများကြောင့် ရှောင်တိမ်းရပေမည်။
"ချုပ်နှောင်...."
မလှမ်းမကမ်းတွင် လွင့်မျောနေသော ကျန်းရွှမ်သည် စကားလုံးနှစ်လုံးကို သာမာန်ကာလျှံကာ ရေရွတ်လိုက်သည်။
ဝှစ်....
နတ်ဆိုးစွမ်းအင်မီးတောက်များသည် မမြင်နိုင်သော ပိုက်ကွန်ကြီးတစ်ခုဖြင့် စုစည်းခံလိုက်ရသည့်အလားပင်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မြင်ကွင်းတစ်ခုလုံးကို နောက်ပြန်ရစ်လိုက်သည့်အလား ထိုမီးတောက်များအားလုံး အနှစ်သာရအမြုတေထဲသို့ ပြန်လည်၍ စုပ်ယူခြင်းခံလိုက်ရသည်။
ဤစွမ်းအား၏ရိုက်ခတ်မှုကြောင့် ဒဏ်ရာရထားပြီးဖြစ်သော နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေသည် စတင်၍တုန်ခါလာပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
"မင်း... မင်း..."
သူ၏အသံသည် မယုံကြည်နိုင်မှုများဖြင့် တုန်ရီနေပေ၏။
ပွင့်အံ့ထွက်သွားသော အရိုးစားနတ်ဆိုးအကာအကွယ်ကို ပြန်လည်၍ဖိနှိပ်ခံရခြင်းသည် ပေါက်ကွဲသွားသော မီးရှူးမီးပန်းတစ်ခုကို ပြန်လည်စုစည်းလိုက်သည့်အလားပင်။ ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူတစ်ဦးကို မဆိုထားနှင့် နတ်ဆိုးဧကရာဇ်ကဲ့သို့ အစွမ်းထက်တည်ရှိမှုများပင်လျှင် ဤအရာကို လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ ဤလူသည် အမှန်အားဖြင့် မည်သူဖြစ်သနည်း။ မည်သည်ကြောင့် သူသည် ဤမျှ ထိ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားသနည်း။
အရေးအကြီးဆုံးအချက်မှာ အစမှအဆုံးအထိ တစ်ဖက်လူသည် လှုပ်ရှားခြင်းပင် မပြုဘဲ စကားတစ်ခွန်းသာ ပြောဆိုခဲ့ခြင်းပင်။
"ငါ့ဆီမှာ အညံ့ခံစမ်း...အဲ့ဒီလိုဆိုရင် ငါက မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
နှင်းနတ်ဆိုးအရှင်၏အံ့အားသင့်နေမှုကို ကျန်းရွှမ်သည် လျစ်လျူရှုထားပြီး ဤသည်ကို အသေးအဖွဲကိစ္စတစ်ခုအဖြစ် သတ်မှတ်ကာ လုံးလုံးလျားလျား ဂရုမစိုက်သည့်ပုံစံပင်။
"အိပ်မက်မက်နေလိုက်..."
အနှစ်သာရအမြူတေသည် ရူးသွပ်မှုများ သယ်ဆောင်လာကာ ကျားမမကွဲပြားသော အသံမှ စူးရှသည့် အမျိုးသမီးအသံအဖြစ် သိသိသာသာပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။
ဝှစ်....
အစွမ်းထက်သော စိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာပြီး လေထုထဲတွင် ထက်ရှသော ဓားချီတစ်လှိုင်းအဖြစ် ပြောင်းလဲသွားပေ၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လေဟာနယ်ကို ဖြတ်ကျော်ပြီး ကျန်းရွှမ်၏ရှေ့သို့ ရောက်ရှိလာကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်လာသည်။
ဤသည်မှာ နှင်းနတ်ဆိုးအရှင်၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သော ကောင်းကင်ဖြိုခွင်းသတ်ဖြတ်ခြင်းနည်းစနစ်ပင်။
ဤနည်းစနစ်သည် စိတ်ဆန္ဒကို ဓားချီအဖြစ် အသုံးပြုပြီး လေဟာနယ်ကို ထွင်းဖောက်ကာ တစ်ဖက်လူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်မည့် စွန့်စားသော တိုက်ခိုက်မှုပင်။
ဤတိုက်ခိုက်မှု အောင်မြင်သွားပါက အပြာရောင်တိမ်တိုက်အရှင်ကဲ့သို့ အစွမ်းထက်သူတစ်ယောက်ပင်လျှင် တိုက်ရိုက်သေဆုံးသွားနိုင်သည်။
ဤနည်းစနစ်သည် အစွမ်းထက်သော်လည်း အားနည်းချက်တစ်ခု ရှိပေ၏။ ဤသည်မှာ စွမ်းအားများအားလုံးကို အကုန်အစင် အသုံးပြုရခြင်ပင်။ ထိုကြောင့် ပထမတစ်ချက် လွဲချော်သွားပါက ဒုတိယအကြိမ် တိုက်ခိုက်ရန် ခက်ခဲပေလိမ့်မည်။
တစ်ဖက်လူ၏စွမ်းအားအရ သေချာပေါက် ရှောင်တိမ်းလိမ့်မည်ဟု တွေးထင်ခဲ့သော်လည်း သူသည် မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ နေရာမှာပင် ငြိမ်သက်စွာ မတ်တတ်ရပ်နေလိမ့်မည်ဟု နှင်းနတ်ဆိုးအရှင် မျှော်လင့်မထားမိချေ။
နှင်းနတ်ဆိုးအရှင်၏ စိတ်နှလုံးသားအတွင်းတွင် ဝမ်းသာမှုများ မြင့်တက်လာပြီး သူ၏စိတ်ဆန္ဒဖြင့် ဖန်တီးထားသော ဓားချီဖြင့် ကျန်းရွှမ်၏ မျက်ခုံးနှစ်ခုကြားကို ဦးတည်၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
"ပျက်စီးစမ်း..."
ထိုအချိန်မှာပင် တစ်ဖက်လူ၏ တည်ငြိမ်သော အသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ဝှစ်...
ဓားချီသည် ကျန်းရွှမ်၏ မျက်ခုံးနှစ်ခုကြားနှင့် ဆံချည်တစ်ထောက်စာမျှသာ ကွာဝေးတော့သော်လည်း ထိုအကွာအဝေးသည် ဖြတ်ကျော်၍ မရနိုင်သော ချောက်ကမ်းပါးကြီးတစ်ခုအလားပင်။ ထို့နောက် အလွန်အစွမ်းထက်သော စွမ်းအားတစ်ရပ်သည် လေဟာနယ်ထဲမှ ပျံ့နှံ့လာပြီး နှင်းနတ်ဆိုးအရှင်ကို တူဖြင့်ထုလိုက်သကဲ့သို့ ရိုက်ချလိုက်ရာ ထိုဓားချီသည် မိုးစက်မိုးပေါက်များအလား ကြေမွှပျက်စီးသွားပေ၏။
နှင်းနတ်ဆိုးအရှင်သည် အပြာရောင်တိမ်တိုက်အရှင်၏ အသက်ပင်လယ်မှ လွတ်မြောက်ရန် သူ၏ခန္ဓာကိုယ်ကို ဖောက်ခွဲခဲ့ခြင်းနှင့် ကံကြမ္မာမြစ်ကို နှောင့်ယှက်ခဲ့ခြင်းကြောင့် ကြီးမားသော ပျက်စီးမှုကို ခံစားခဲ့ရပြီးဖြစ်သည်။ ထိုကြောင့် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရခြင်းသည် သူ၏စိတ်ဝိညာဉ်ကို သိသိသာသာ အားနည်းသွားစေသည်။ ဤသည်မှာ သေကွင်းသေကွက်ကို ရိုက်နှက်ခံလိုက်ရသော အဆိပ်ပြင်းမြွေတစ်ကောင်နှင့် တူညီနေကာ မည်သည့်ခုခံကာကွယ်နိုင်စွမ်းမျှ မရှိတော့ပေ။
"မင်း ဆက်ပြီးတိုက်ခိုက်ချင်သေးလား"
ထိုစကားကိုပြောဆိုရင်း ကျန်းရွှမ်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ဧကရာဇ်ဖူရှန်းကိုယ်တိုင် ရောက်ရှိလာသည့်အလား ကြီးမားသော ဖိအားအရှိန်အဝါကို နှင်းနတ်ဆိုးအရှင် ခံစားလိုက်ရသည်။
"ငါ အရှုံးပေးပါပြီ..."
အနည်းငယ် အက်ကွဲနေသော နှင်းနတ်ဆိုးအရှင်၏စိတ်ဝိညာဉ်သည် အနှစ်သာရအမြူတေထဲသို့ ပြန်ဝင်သွားပေ၏။
"အဲ့ဒီလို လုပ်စမ်းပါ..."
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူ၏လက်ကို ဖြည်းညှင်းစွာ ဆန့်တန်းလိုက်ရာ မလှမ်းမကမ်းရှိ နတ်ဆိုးစွမ်းအင်များ ပြည့်နှက်နေသော အမြူတေသည် သူ၏လက်ထံသို့ ချက်ချင်းမျောလွင့်လာသည်။
ထိုအမြူတေသည် သူ၏လက်ဝါးပေါ်သို့ ကျရောက်တော့မည့်အချိန်မှာပင် မမျှော်လင့်သောကိစ္စတစ်ရပ် ဖြစ်ပွားလာသည်။
မရေမတွက်နိုင်သော သံကြိုးများသည် ရုတ်တရက် ထွက်ပေါ်လာပြီး လျင်မြန်စွာ ပျံ့နှံ့သွားကာ ကျန်းရွှမ်ကို လုံးလုံးလျားလျား လွှမ်းခြုံလိုက်သည်။
ဤအချိန်တွင် တစ်ချိန်က ကံကြမ္မာမြစ်ထဲ၌ လှောင်ပိတ်မိနေသော နတ်ဆိုးဘုရင် ကြုံတွေ့ခဲ့ရသကဲ့သို့ ကျန်းရွှမ်၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်နှစ်ခုလုံး ချည်နှောင်ခြင်းခံလိုက်ရသည်။
"ဟား ဟား ဟား....မင်း ဒါကို မမျှော်လင့်ထားဘူး မဟုတ်လား....ဒါက ဗုဒ္ဓရဲ့ အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးပဲ... ငါ့ရဲ့ အစွမ်းအထက်ဆုံးအချိန်မှာတောင် ငါ ဒါကို ခံနိုင်ရည်မရှိခဲ့တာ...မင်းလိုကောင်က ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်မှာလဲ...မင်းသေလိုက်တော့"
နှင်းနတ်ဆိုးအရှင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရယ်မောလိုက်၏။
သူသည် အရိုးစားနတ်ဆိုးအကာအကွယ်နှင့် ကောင်းကင်ဖြိုခွင်းနည်းစနစ်တို့ကို အသုံးပြုခဲ့ပြီး သူ့ကိုယ်သူ ပြင်းထန်စွာ ထိခိုက်စေသည်အထိ လုပ်ဆောင်ခဲ့ခြင်းမှာ ဤတိုက်ကွက်အတွက် ပြင်ဆင်ရန်ပင်။
နတ်ဆိုးနှိမ်နင်းခြင်းကြိုးသည် သူ၏ ကောင်းကင်ရတနာ မဟုတ်ချေ။ သူ ထွက်ပြေးလာစဉ်၌ အနှစ်သာရအမြူတေနှင့်အတူ ပါလာခြင်းသာ ဖြစ်ပေ၏။ သဘောတရားအရ သူသည် ထိုအရာကို အသက်သွင်း၍ မရနိုင်သော်လည်း သူ၏ယခင်တိုက်ခိုက်မှုနှစ်ခုသည် တစ်ဖက်လူကို နတ်ဆိုးစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။ ထိုကြောင့် တစ်ဖက်လူသည် အနှစ်သာရအမြူတေ၏အနီးသို့ ရောက်ရှိသွားသည်နှင့် ထိုရတနာသည် အလိုအလျောက် အသက်ဝင်လာပြီး တိုက်ခိုက်လိုက်ခြင်းပင်။
"အော်... မင်းမှာ ကောင်းကင်ရတနာတစ်ခု ပါလာတာကိုး...မဆိုးဘူး.... မဆိုးဘူး"
နတ်ဆိုးနှိမ်နင်းခြင်းကြိုး၏ ဖိအားအောက်တွင် တစ်ဖက်လူ လျင်မြန်စွာ ကျဆုံးသွားမည်ဟု သူ ယုံကြည်နေချိန်မှာပင် တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဘုန်း...ဘုန်း...ဘုန်း..ဘုန်း...
ထို့နောက် နှင်းနတ်ဆိုးအရှင်၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင် သူ၏ အထွတ်အထိပ်အချိန်၌ပင် မဖျက်ဆီးနိုင်ခဲ့သော သံကြိုးများသည် တစ်စစီ စတင်၍ကြေမွှပျက်စီးသွားသည်။ ထိုအရာများသည် သန့်စင်သော စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲကာ အနှစ်သာရအမြူတေထဲသို့ ပြန်ဝင်သွားပေ၏။ ထိုကောင်းကင်ရတနာသည် တုတ်ဖြင့် အရိုက်ခံလိုက်ရသော ခွေးပေါက်လေးအလား အလွန်သနားစဖွယ် ကောင်းနေပေ၏။
"မင်းက ဘယ်သူလဲ..."
နှင်းနတ်ဆိုးအရှင် အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံ့သွားသည်။
သူသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး သူ၏ မူလစွမ်းအားမှ ဆယ်ပုံတစ်ပုံအောက်သာ ရှိတော့သည့်အတွက် တစ်ဖက်လူကို အနိုင်မယူနိုင်ခြင်းအား သူ နားလည်နိုင်သည်။ သို့ရာတွင် ယခုအချိန်၌ ဤသည်မှာ ဗုဒ္ဓ၏ အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးပင်။
အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံသူများပင်လျှင် ဤပြိုင်ဘက်ကင်း ကောင်းကင်ရတနာ၏စွမ်းအားကို တောင့်ခံနိုင်ကြမည် မဟုတ်ချေ။ သို့ရာတွင် ယခုချိန်၌ ထိုအရာသည် တစ်ဖက်လူ၏ စကားတစ်ခွန်းအောက်တွင် တစစီ ကြွေမွှပျက်စီးသွားခဲ့သလော။
ဤမြင်ကွင်းကို သူကိုယ်တိုင် မြင်တွေ့လိုက်ရသည့်တိုင် မယုံကြည်နိုင် ဖြစ်နေဆဲပင်။
"မင်း အရှုံးမပေးဘူးဆိုရင် ငါက မင်းကို သန့်စင် လိုက်တော့မယ်....အချိန်သိပ်ကြာမှာ မဟုတ်ပါဘူး..."
နှင်းနတ်ဆိုးအရှင်၏ အဓိပ္ပာယ်မဲ့သော စကားများကို ပြန်မပြောတော့ဘဲ ကျန်းရွှမ်က သူ၏လက်ချောင်းများကို ဆန့်ထုတ်ပြီး အနှစ်သာရအမြူတေကို ထိတွေ့လိုက်၏။
"မလုပ်ပါနဲ့... ငါ အရှုံးပေးပါပြီ...ငါ့ရဲ့ စိတ်ဝိညာဉ်ကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်...သခင်ကြီးရဲ့ အစေခံအဖြစ်နေဖို့ ဆန္ဒရှိပါတယ်..."
တစ်ဖက်လူသည် လက်ချောင်းများဖြင့် တစ်ချက်တောက်လိုက်ရုံဖြင့် သူ၏စိတ်ဝိညာဉ် အမှန်တကယ်ကို ပြန့်ကျဲသွားနိုင်ကြောင်း သိထားသဖြင့် နှင်းနတ်ဆိုးအရှင်သည် ထပ်မံ၍တွန့်ဆုတ်မနေရဲတော့ဘဲ အလျင်အမြန် အော်ဟစ်လိုက်သည်။
ဤတစ်ကြိမ်တွင် အမျိုးသမီးအသံ မဟုတ်တော့ဘဲ တည်ငြိမ်သော အမျိုးသားလေသံသာ ထွက်ပေါ်လာသည်။
ကျန်းရွှမ်က သူ၏လက်ချောင်းများကို ရပ်တန့်လိုက်ပြီးနောက် မကြာမီမှာပင် သန့်စင်သောစိတ်ဆန္ဒတစ်ရပ်က အနှစ်သာရအမြူတေထဲမှ ထွက်ပေါ်လာသည်ကို မြင်တွေ့မိသည်။ အကယ်၍ သူသာ ထိုစိတ်ဆန္ဒကို သန့်စင်လိုက်ပါက နတ်ဆိုးဘုရင်၏စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်ပေမည်။
"အဲဒီလို လုပ်စမ်းပါ.. "
ကျန်းရွှမ်က သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ထိုစိတ်ဆန္ဒသည် သူ၏အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီး လွယ်ကူစွာ သန့်စင်ခြင်း ခံလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ်သည် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားကျယ်ပြန့်သော တစ်ဖက်လူ၏စိတ်ဝိညာဉ်ကို ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ ကောင်းကင်ဘုံစာကြည့်တိုက်အတွင်း၌ ဖြစ်နေပေ၏။ အကယ်၍ ဤကိစ္စသည် ပြင်ပ၌သာ ဖြစ်ပွားပါက နတ်ဆိုးဘုရင်၏ စိတ်ဝိညာဥ်စွမ်းအားမှ တစိတ်တဒေသကို ထုတ်လွှတ်လိုက်လျှင်ပင် သူ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
တစ်ဖက်လူ၏စိတ်ဝိညာဉ်ကို သန့်စင်ပြီးနောက် ကျန်းရွှမ်သည် အနှစ်သာရအမြူတေကို သူ၏လက်ဖြင့် နောက်တစ်ကြိမ် ဖမ်းဆုပ်လိုက်သည်။
ထိုအမြူတေသည် ကြီးမားခြင်း မရှိသော်လည်း ထိုအရာတွင်းရှိ စွမ်းအားသည် သန့်စင်ကာ သမုဒ္ဒရာတစ်စင်းကဲ့သို့ အကန့်အသတ်မဲ့ ကြီးမားကျယ်ပြန့်သည်။
"အရမ်း အစွမ်းထက်တာပဲ...."
သူ၏စိတ်နှလုံးသား တုန်ခါသွားသည်။
အကယ်၍ သူသာ ထိုအရာအတွင်းရှိ စွမ်းအားကို သန့်စင်နိုင်ပါက သူ၏ကျင့်ကြံဆင့်သည် အသက်ပင်လယ်နယ်ပယ် သို့မဟုတ် ထို့ထက်မြင့်မားသောအဆင့်သို့ အလွယ်တကူ ရောက်ရှိသွားနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ဤနတ်ဆိုးသည် ပြဿနာတက်မည်ကို ကြောက်ရွံ့ပြီး သူ့ကို တိုက်ရိုက်မတိုက်ခိုက်ခဲ့ချေ။ ထိုကြောင့် သူသည် ဤနတ်ဆိုးကို စာကြည့်တိုက်ထဲသို့ ဝင်ရောက်လာရန် လှည့်စားနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ မည်မျှပင် ဉာဏ်ကောင်းစေကာမူ နတ်ဆိုးဘုရင်တစ်ပါးကို အနိုင်ရရန် အခွင့်အရေးရှိမည် မဟုတ်ပေ။
"သခင်ကြီး..."
သူ၏စိတ်ဆန္ဒကို သန့်စင်ခံရပြီးနောက် နှင်းနတ်ဆိုးအရှင်ထံတွင် ယခင်က ဖီဆန်လိုစိတ်များ ပျောက်ကွယ်သွားသည်။ သူ၏စိတ်ဝိညာဉ် ထွက်ပေါ်လာပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်၏။
ကျန်းရွှမ် ခေါင်းညိတ်ပြပြီး နှင်းနတ်ဆိုးအရှင်ကို ကြည့်လိုက်သည်။
"ပြောစမ်း....မင်းက ဘယ်သူလဲ...ငါ့ကို သတ်ဖို့ ဘယ်သူက လွှတ်လိုက်တာလဲ"
ဤနတ်ဆိုး ထွက်ပေါ်လာသည်မှာ အလွန်ထူးဆန်းနေသည်။ လမ်းပေါ်တွင် လူအမြောက်အများ ရှိနေသည့်အနက်မှ သူ့ကို ရွေးချယ်လိုက်ခြင်းသည် ကြိုတင်ပြင်ဆင်ထားသော အကြံအစည်တစ်ခုနှင့် တူညီနေပေ၏။