ဒါက တကယ်တော့ အရမ်းကောင်းတဲ့ ကိစ္စပဲ
Vol. 35 Ch. 409
"ငါက နှင်းနတ်ဆိုးအရှင်ဖြစ်ပြီးတော့ သွေးနတ်ဆိုးဧကရာဇ်ရဲ့ တပည့်တစ်ယောက်ပါ.... အပြာရောင်တိမ်တိုက်အရှင်က အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးကို သုံးပြီးတော့ ငါ့ကို ဖမ်းဆီးခဲ့တာပါ... သူက ဗောဓိသတ္တအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတဲ့နေရာမှာ အထောက်အကူဖြစ်စေမယ့် ဗောဓိသတ္တရွှေဆေးလုံးအဖြစ် ငါ့ကို သန့်စင်ဖို့ ကြံရွယ်ခဲ့တယ်... ငါက သူ့ကို ဒဏ်ရာအပြင်းအထန်ရစေပြီးတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ... သခင်ကြီးနဲ့ တွေ့တာက တိုက်ဆိုင်မှုသက်သက်ပါ...ဘယ်သူ့အမိန့်ကြောင့်မှ မဟုတ်ပါဘူး..."
နှင်းနတ်ဆိုးအရှင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားရဲဘဲ အလျင်အမြန် ရှင်းပြလိုက်၏။
"ဗောဓိသတ္တရွှေဆေးလုံးကို ဖော်စပ်ဖို့လား"
ကျန်းရွှမ် အံ့အားသင့်သွားသည်။
ဤသည်မှာ သူ ဆေးပညာဂိုဏ်းတွင် ကြားခဲ့ရသော သတင်းမဟုတ်လော...
ထိုဆေးလုံးကို ဖော်စပ်လိုသောကြောင့် သူတို့ကို ပြန်လွှတ်လိုက်ခြင်းပင်။ ထိုဆေးလုံး ဖော်စပ်ရာတွင် မအောင်မြင်သောကြောင့် အဓိကပါဝင်ပစ္စည်းသည် ထွက်ပြေးလာခဲ့ခြင်း ဖြစ်နေသလော။
နှင်းနတ်ဆိုးအရှင်သည် ဤနေရာသို့ ထွက်ပြေးလာခဲ့ခြင်းမှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ အပြာရောင်တိမ်တိုက်အရှင်နှင့် သူ့အကြားတွင် အကြောင်းအကျိုးတစ်မျိုးကို ဖွဲ့စည်းထားပြီး ဖြစ်ပုံရသည်။ ဤနှင်းနတ်ဆိုးအရှင်သည်လည်း သူ့နှင့် ဆက်နွယ်မှုရှိနေသောကြောင့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူ့နှင့် တွေ့ဆုံပြီး ခန္ဓာကိုယ်အပိုင်စီးရန် ကြံစည်ခြင်းဖြစ်ပေမည်။
ယခုကြည့်ရသည်မှာ နှင်းနတ်ဆိုးအရှင်သည် အမိန့်အရ လုပ်ဆောင်ခြင်းမဟုတ်ဘဲ တိုက်ဆိုင်မှုတစ်ခုသက်သက်သာ ဖြစ်ပုံပင်။
ဤအချက်ကို သိလိုက်ရသဖြင့် ကျန်းရွှမ်သည် ဤနတ်ဆိုးဘုရင်ကို စိတ်ဝင်စားမှု လျော့ကျသွားပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
"မင်း ဒီနေရာမှာပဲ နေခဲ့တော့....ဘယ်သူမှ မင်းရဲ့ နတ်ဆိုးအရှိန်အဝါကို ရှာတွေ့မှာ မဟုတ်သလို အကြောင်းအကျိုးကံကြမ္မာလည်း မင်းကို ရှာတွေ့မှာ မဟုတ်ဘူး....နောက်ကျရင် မင်းက ငါ့အတွက် အသုံးဝင်တယ်ဆိုရင်တော့ မင်းရဲ့ စွမ်းအားတွေ ပြန်ရအောင် ကူညီပေးဖို့ ငါကဝန်လေးမှာ မဟုတ်ဘူး"
ထိုသို့ ပြောဆိုပြီးနောက် သူသည် တစ်ဖက်လူကို ဆက်လက်၍ဂရုမစိုက်ချင်တော့ဘဲ အတွေးတစ်ချက်ဖြင့် သူ၏အသိစိတ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပေ၏။
သူ၏ လက်ရှိကျင့်ကြံဆင့်အရဆိုလျှင် အနှစ်သာရအမြူတေထဲမှ စွမ်းအားကို စုပ်ယူ၍ မရသည့်အပြင် အပြည့်အဝသန့်စင်ရန်မှာလည်း မဖြစ်နိုင်သေးချေ။ ဤသို့ဖြစ်နေသောကြောင့် ထိုနှင်းနတ်ဆိုးအရှင်ကို ဤအတိုင်း ယာယီထားထားလိုက်ခြင်းသည် ပို၍ကောင်းမွန်ပေမည်။
ကျန်းရွှမ်၏စိတ်ဆန္ဒ ထွက်ခွာသွားသည်ကို မြင်တွေ့ချိန်၌ နှင်းနတ်ဆိုးအရှင်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် သူ၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်သော အမူအယာဖြင့် တင်းမာခက်ထန်သွားသည်။
"သောက်ချေးပဲ...သောက်ချေးပဲ..."
မြင့်မြတ်ပြီး အစွမ်းထက်သော နတ်ဆိုးဘုရင်ဖြစ်ကာ အချိန်မည်မျှထိကြာအောင် ကျင့်ကြံခဲ့ မှန်း မသိနိုင်သော မွန်းစတားအိုကြီးတစ်ကောင်သည် ကြယ်စင်မြစ်နယ်ပယ် ဂျူနီယာတစ်ယောက်ကို သခင်အဖြစ် အသိအမှတ်ပြုရန် ဖိအားပေးခံခဲ့ရသလော.....
သူ၏စိတ်ဝိညာဉ်ကို စတေးခဲ့ရပြီး သူ့ထံ၌ ရွေးချယ်စရာမရှိခဲ့သည့်တိုင် သူ၏စိတ်နှလုံးသားအတွင်းမှ မကျေနပ်မှုများကမူ အစစ်အမှန်ပင်။ သို့ရာတွင် သူ၏ဒေါသများကို သူ ဖွင့်ထုတ်၍ မရနိုင်ချေ။
"သူ့ရဲ့ထိန်းချုပ်မှုအောက်က လွတ်မြောက်ဖို့ အခွင့်အရေး ရှာရမယ်..."
အပြာရောင်တိမ်တိုက်အရှင်သည် ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးကို အသုံးပြုပြီး သူ့ကို ဖမ်းချုပ်ထားခဲ့သည့်တိုင် သူထွက်ပြေးနိုင်ခဲ့သည်။ ထိုကြောင့် ဤကောင်းကင်ဘုံစာကြည့်တိုက်ဟူသော အရာသည် ကြောက်မက်ဖွယ်ကောင်းသည့်တိုင် သူ့ထံ၌ အခွင့်အရေးတစ်ခုတစ်လေ ရှိနေနိုင်သည်။
သူသည် မော့ကြည့်ပြီး သူ၏ရှေ့မှ အခန်းကို သေချာစစ်ဆေးလိုက်၏။
ဤသည်မှာ အမှန်တကယ့်ကို စာကြည့်တိုက်တစ်ခုပင်။ နံရံတဝိုက်တွင် စာအုပ်များစွာ မျောလွင့်နေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးသတ်ကို မမြင်တွေ့နိုင်ချေ။
"စာကြည့်တိုက်တစ်ခုကို မှော်လက်နက်အဖြစ် သုံးလို့ရနိုင်ပါ့မလား... ဒါက ဘာလုပ်လို့ရမှာလဲ.... လူတွေကို စာအုပ်တွေနဲ့ ပစ်ပေါက်မှာလား"
နှင်းနတ်ဆိုးအရှင်က လှောင်ပြောင်လိုက်သည်။
"ဒီလူသားကျင့်ကြံသူတွေက အမြဲတမ်း ဒီလိုမျိုး လက်တွေ့မကျတဲ့အရာတွေကို ဖန်တီးကြတာပါလား..."
နတ်ဆိုးကျင့်ကြံသူများနှင့် တခြားကျင့်ကြံသူများသည် မတူညီသောစရိုက်နှစ်ခုဖြင့် တည်ရှိသူများပင်။ နတ်ဆိုးများသည် လူသားစားလိုလျှင် စားသောက်ကာ သွေးစုပ်လိုလျှင် စုပ်ယူကြသည်။ သူတို့သည် သူတို့၏ဆန္ဒအလျောက် စိတ်တိုင်းကျနေထိုင်ကြပြီး ကံကံ၏အကျိုးကို ဂရုမစိုက်ကြချေ။ ဗုဒ္ဓဂိုဏ်းမှ ဘုန်းတော်ကြီးများကဲ့သို့ 'လူသားစား'သော်လည်း သူတော်ကောင်းယောင်ဆောင်နေသည့်သူများနှင့် မတူညီချေ။
သူ၏ မျက်စိရှေ့မှ စာကြည့်တိုက်သည်လည်း လူသားကျင့်ကြံသူတစ်ယောက်၏ အရေးမပါသောဖန်တီးမှု ဖြစ်ပေမည်။
အနှစ်သာရအမြူတေသည် လေထဲတွင် မျောလွင့်ရင်း ဖြည်းညှင်းစွာ ရှေ့တိုးသွားကာ ရုတ်တရက် ရပ်တန့်သွားသည်။
"အဲ့ဒါက ဘာကြီးလဲ"
စာကြည့်တိုက်၏ အတွင်းပိုင်းရှိအထက်တွင် မြစ်နှင့်တူသောအရာ အမြောက်အများ ရှိနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
"ဒါက... ကောင်းကင်ကံကြမ္မာလား...လူတစ်ယောက်က ဒီလောက်ထိ အများကြီး ကျင့်ကြံလို့ ရတာလား"
နှင်းနတ်ဆိုးအရှင် အံ့အားသင့်သွားသည်။
မိုးကောင်းကင်ယံတွင် အရွယ်အစားအမျိုးမျိုးရှိသော မြစ်များသည် ဖြတ်သန်းသွားလာပြီး တစ်စင်းနှင့်တစ်စင်းရောယှက်နေကြကာ စုစုပေါင်းမြစ်ခြောက်စင်း ရှိနေသည်။
ထိပ်သီးမိသားစုကြီးများမှ လူငယ်မျိုးဆက်သစ်တချို့သည် ကောင်းကင်ကံကြမ္မာကို ထုတ်ယူသည့်နည်းလမ်းအား အသုံးပြုပြီး ကံကြမ္မာ အမြောက်အများကို ကျင့်ကြံနိုင်ကြသည်။ သို့ရာတွင် သူတို့သည် ကံဆိုးမိုးမှောင်ကျခြင်းနှင့် ကံကြမ္မာ၏ရိုက်ခံခံရခြင်းကို ရှောင်ရှားရန်အတွက် ကံကြမ္မာ နှစ်မျိုး သို့မဟုတ် သုံးမျိုး ကျင့်ကြံခြင်းသည်ကပင် များပြားနေလေပြီ။ ဤကောင်စုတ်သည် ကံကြမ္မာခြောက်မျိုးပင်လျှင် ကျင့်ကြံထားသဖြင့် သူ ဝါးနိုင်သည်ထက် ပိုကိုက်မိမည်ကို မကြောက်ရွံသလော။
"ဖြစ်နိုင်တာကတော့ ဒါတွေအကုန်လုံးက အဆင့်နိမ့် ကံကြမ္မာတွေပဲ ဖြစ်လိမ့်မယ်....သူက ကံကြမ္မာတွေအများကြီးကို ကျင့်ကြံထားရင်တောင် သိပ်ပြီးထူးခြားမှာ မဟုတ်ဘူး..."
နှင်းနတ်ဆိုးအရှင်ထံ၌ အတွေးတစ်ခု ထွက်ပေါ်လာသည်။
အမှန်အားဖြင့် ယခင်က ကောင်းကင်ကံကြမ္မာအမျိုးအစားများ ကျင့်ကြံခဲ့ဖူးသူများ ရှိသော်လည်း အများစုသည် အဆင့်နိမ့်ကံကြမ္မာများဖြစ်ပြီး အချိန်ကုန်စေခြင်းသက်သက်သာ ဖြစ်သည်။
ဤလူသည်လည်း ထိုနည်းအတိုင်း ဖြစ်ပေလိမ့်မည်။
ထိုအတွေးနှင့်အတူ သူ၏စိတ်ဆန္ဒသည် သေးငယ်သော ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားပြီး မိုးကောင်းကင်ယံရှိ မြစ်များကို ဂရုတစိုက် စူးစမ်းလေ့လာလိုက်သည်။
ယခုချိန်၌ ဤမြစ်များကို သူ မြင်တွေ့လိုက်ရပြီဖြစ်သောကြောင့် ဤလူသည် မည်ကဲ့သို့ ကောင်းကင်ကံကြမ္မာမျိုးကို ကျင့်ကြံထားသည်အား သူ သိရှိလိုသည်။ တစ်ဖက်လူ၏ကံကြမ္မာများသည် ရောထွေးပြီး ဖရိုဖရဲဖြစ်နေပေ၏။
"စီးဆင်းနေသော အလင်းတန်းကံကြမ္မာနဲ့ မိုတောက်ကံကြမ္မာလား"
အောက်ဆုံးစွမ်းအင်မြစ်နှစ်ခုကို နှင်းနတ်ဆိုးအရှင်က အလျင်အမြန် မှတ်မိလိုက်ပြီး လှောင်ပြောင်လိုက်သည်။
"အမှိုက်တွေ....."
စီးဆင်းနေသော အလင်းတန်းကံကြမ္မာသည် ဆေဘာဓားသိုင်း ဓားရှည်သိုင်းနှင့် လှံသိုင်းတို့တွင် အသုံးပြုနိုင်သော အရည်အချင်းကံကြမ္မာတစ်မျိုးပင်။ ထိုကံကြမ္မာသည် လွတ်လပ်စွာ ရပ်တည်နိုင်သည့် အရည်အချင်းပင် မရှိသဖြင့် ထည့်ပြောရန်ပင် မထိုက်တန်ချေ။
မိုတောက်ကောင်းကင်ကံကြမ္မာ ဆိုသည်မှာ ဓားရှည်ကံကြမ္မာ၏ အတက်အလက်များတွင် ပါဝင်ပြီး အသုံးပြုသူ ရှားပါးသည်။
ဤနှစ်ခုသည် အကောင်းဆုံးအနေဖြင့် ဆဌမတန်းစား ကံကြမ္မာများသာ ဖြစ်ပေ၏။
သူ၏ခန့်မှန်းချက်သည် အမှန်ဖြစ်ပုံပင်။ ဤလူသည် အပျော်သက်သက် ကျင့်ကြံနေခြင်းသာ ဖြစ်ပေမည်။ သူသည် ဤအဆင့်နိမ့် ကံကြမ္မာများကို ကျင့်ကြံနေသဖြင့် ကြယ်စင်မြစ်နယ်ပယ်တွင်သာ ရှိနေသည်မှာ အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။ အကယ်၍ ဤလူသာ အစွမ်းထက်နေလျှင် ထူးဆန်းနေပေလိမ့်မည်။
နှင်းနတ်ဆိုးအရှင်သည် ခေါင်းခါယမ်းလိုက်ပြီး တခြားစွမ်းအင်မြစ်လေးစင်းကို ဆက်ကြည့်လိုက်သည်။
"အရှိန်အဟုန်ကံကြမ္မာနဲ့မြေခွေးညှို့ငင်ကံကြမ္မာလား...နည်းနည်းတော့ စိတ်ဝင်စားစရာပဲ... ဒါပေမဲ့ ဒီလောက်ပါပဲ"
နှင်းနတ်ဆိုးအရှင်က ခပ်သဲ့သဲ့ရယ်မောလိုက်သည်။
ဤကံကြမ္မာနှစ်ခုသည် တခြားလူများအတွက် လက်လှမ်းမမီနိုင်သောအရာများ ဖြစ်နိုင်သော်လည်း သူကဲ့သို့ အထွတ်အထိပ်ကျင့်ကြံသူတစ်ဦး၏မျက်လုံးထဲတွင် အရေးမပါလှချေ။
အများဆုံးအနေဖြင့် ထိုကံကြမ္မာသည် ကျင့်ကြံသူတစ်ယောက်ကို အသက်ပင်လယ်နယ်ပယ် ပဉ္စမအဆင့် သို့မဟုတ် ဆဌမအဆင့် ရောက်အောင် ကူညီပေးနိုင်ရုံသာ ရှိမည်။ ဤထက်မြင့်မားသောအဆင့်သို့ ရောက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
"နောက်ဆုံးနှစ်ခုက သူ့ရဲ့ အဓိက ကောင်းကင်ကံကြမ္မာတွေ ဖြစ်လောက်တယ်..."
နောက်ဆုံးစွမ်းမြစ်နှစ်စင်းကို သူ ထပ်မံ၍ကြည့်လိုက်သည်။
ကံကြမ္မာများသည် ဘာသာစကားများအလားပင်။ တစ်စုံတစ်ယောက်သည် ဘာသာစကား ဆယ်မျိုးကို တတ်မြောက်လျှင်ပင် တစ်မျိုးကိုသာ အကောင်းဆုံး ကျွမ်းကျင်မည်ဖြစ်ပြီး ဤသည်မှာ သူ၏အခြေခံအုတ်မြစ်ပင်။ ကြွင်းကျန်သောအရာများသည် အတက်အလက်များသက်သက်သာ ဖြစ်ပေ၏။
"ဒီလောက်ထိ အထင်ကြီးစရာကောင်းတဲ့ ကောင်းကင်ရတနာ ရှိနေမှတော့ ဒီကောင်ရဲ့ အဓိကကျင့်ကြံမှုကံကြမ္မာက အနည်းဆုံး တတိယတန်းစားလောက်တော့ ရှိသင့်တယ်..."
နှင်းနတ်ဆိုးအရှင်က သူ၏စိတ်ထဲတွင် ခန့်မှန်းရင်း ရှေးဟောင်းသင်္ကေတများဖြင့် ပြည့်နှက်နေသော စွမ်းအင်မြစ်တစ်စင်းအပေါ်သို့ သူ၏ အကြည့် ကျရောက်သွားသည်။
ဤမြစ်သည် ကျဉ်းမြောင်းပြီး သေးငယ်ကာ ထူးခြားမှုမရှိသည့်အပြင် အစွမ်းထက်သော ကံကြမ္မာတစ်ခု၏ ကြီးကျယ်ခမ်းနားမှုလည်း မရှိချေ။ နှင်းနတ်ဆိုးအရှင်သည် အထင်သေးသောအမူအရာဖြင့် သူ၏စိတ်ဆန္ဒကို ထိုမြစ်အပေါ် သို့ အာရုံစိုက်လိုက်စဉ်တွင် သူ၏ အနှစ်သာရအမြူတေသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပေ၏။
"ဒါ... ဒါက..."
သူ၏မျက်စိရှေ့တွင် ထွက်ပေါ်လာသည်မှာ ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာတစ်ခုဖြစ်သော လေဟာနယ်ပင်။
ဖြစ်နိုင်သည်မှာ ဤလူသည် အချိန်ကာလ သူတော်စင်၏ တရားမဝင်သား ဖြစ်နေသလော....
ဤသည်မှာ ဖြစ်နိုင်ချေ ရှိပေ၏။ ထိုသို့မဟုတ်လျှင် သူသည် ဤကဲ့သို့ ကောင်းကင်ရတနာတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ဖော်အသုံးပြုနိုင်မည် မဟုတ်ချေ။
"ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာရဲ့ ဆက်ခံသူတစ်ယောက်ပဲ... တကယ်လို့ သူသာ မတော်တဆ သေမသွားဘူးဆိုရင် သူ့ရဲ့စွမ်းအားက အသက်ပင်လယ်နယ်ပယ်ကို ကျော်လွန်သွားမှာ သေချာတယ်...ငါက သူရဲ့အစေခံ ဖြစ်ရတာ အရှက်ရစရာတော့ မဟုတ်ပါဘူး"
သူသည် အစပိုင်းတွင် အံ့အားသင့်နေပြီးနောက် သက်ပြင်းချလိုက်သည်။
ယခင်က တစ်ဖက်လူ၏စွမ်းအား အလွန်နိမ့်ပါးသောကြောင့် သူ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ယခုချိန်တွင်မူ ဤလူသားသည် သူ၏သခင်ဖြစ်ရန် အနည်းငယ် သင့်တော်ပုံရသည်။
"ဒါက သူ့ရဲ့ အဓိက ကျင့်ကြံမှုကံကြမ္မာ ဖြစ်လိမ့်မယ်..."
နှင်းနတ်ဆိုးအရှင်က သူ၏စိတ်ဆန္ဒကို ပြန်ရုတ်သိမ်းရန် ဟန်ပြင်လိုက်စဉ်မှာပင် နောက်ဆုံး ကောင်းကင်ကံကြမ္မာအပေါ်သို့ သူ၏ အကြည့် ကျရောက်သွားသည်။
ဤမြစ်သည် အလွန်ကျယ်ဝန်းခြင်း မရှိသော်လည်း ထိုအရာ၏မြစ်လက်တက်များအားလုံးသည် တခြားကံကြမ္မာများနှင့် ချိတ်ဆက်ထားပြီး သံကြိုးများကဲ့သို့ ချည်နှောင်ထားသည်။
နှင်းနတ်ဆိုးအရှင်သည် အချိန်တခဏကြာ ကြက်သေသေနေပြီးနောက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏စိတ်ခံစားမှုများ မြင့်တက်လာပြီး နတ်ဆိုးစွမ်းအင်များသည် အနှစ်သာရအမြူတေအတွင်းမှ ရူးသွပ်စွာ ပွင့်အံ့ထွက်လာကာ သူ၏ထိန်းချုပ်မှု လွတ်ကင်းသွားလုနီးပါးပင်။
"လေဟာနယ်ကံကြမ္မာကိုတောင် မခုခံနိုင်အောင် ဖိနှိပ်ထားနိုင်တယ်ဆိုတော့... ဖြစ်နိုင်တာ... ဖြစ်နိုင်တာက..."
သူသည် ဤကောင်းကင်ကံကြမ္မာကို မသိသော်လည်း လေဟာနယ်ကံကြမ္မာသည် ထိုအရာ၏ရှေ့တွင် ကျိုးနွံနေသည်ကို မြင်တွေ့နိုင်သည်။
ဒုတိယတန်းစားကံကြမ္မာတစ်ခုကို ဤကဲ့သို့ ပြုမူစေနိုင်သဖြင့် ဤသည်မှာ ပထမတန်းစား ကံကြမ္မာ ဖြစ်နေသလော....
ဤလူငယ်လေးသည် ပထမတန်းစား ကံကြမ္မာကို နားလည်သဘောပေါက်ထားသူတစ်ယောက် ဖြစ်နေသလော....
ဤကဲ့သို့လူစားမျိုး၏ အနိုင်ယူခြင်းကိုခံရပြီး အစေခံ ဖြစ်လာရသည်မှာ မည်သည်ကြောင့် အရှက်ရစရာကိစ္စ ဖြစ်နိုင်မည်နည်း....
ဒါက တကယ့်ကို အရမ်းကောင်းတဲ့ကိစ္စပဲ...
မဖြစ်ဘူးး...ခုဏက ငါရဲ့အပြုအမူတွေက သိပ်မကောင်းခဲ့ဘူး...နောက်တစ်ခါ သူလာရင် ငါက ဒူးထောက်ပြီးတော့ သူ့ကို ရိုရိုသေသေ နှုတ်ဆက်ရမယ်....ငါ့ရဲ့အနှစ်သာရအမြူတေကိုတောင် သူ အသုံးပြုဖို့ ယာယီငှားပေးလို့ရတယ်...
ဘာ...မာန ဟုတ်လား...
ငါက နတ်ဆိုးမျိုးနွယ်ကလေ...အဲ့ဒီလိုအရာမျိုး မရှိဘူး....