← Chapters

ကောင်းကင်ဘုံသောကကံကြမ္မာ၏ အတက်အလက်များ

Vol. 35 Ch. 410

ကောင်းကင်ဘုံသောကကံကြမ္မာ၏ အတက်အလက်များ

Vol. 35 Ch. 410

ကျန်းရွှမ်သည် နေအိမ်သို့ ပြန်ရောက်လာကာ ပိုင်ကျိုးဝမ်ကို ပြန်လွှတ်လိုက်ပြီးနောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီး တပည့်သုံးဦးကို ရွှမ်ကမ္ဘာထဲမှ လွှတ်ပေးလိုက်သည်။

ထို့နောက် သူသည် စွန်းချန်ကို ခေါ်ဆောင်ကာ သူ ရရှိထားသော အကျိုးပြုရမှတ်တချို့ကို ခွဲဝေပေးပြီး သူတို့အား အဆင့်ငါးမြို့သားများ ဖြစ်လာအောင် ကူညီပေးလိုက်သည်။

ထိုကိစ္စများကို ပြုလုပ်ပြီးချိန်တွင် သူသည် ကြမ်းပြင်ကို ခြေတစ်ချက်ဆောင့်နင်းလိုက်ရာ ခြံဝင်းအတွင်းရှိ ဝင်္ကပါ ချက်ချင်း အသက်ဝင်လာပြီး ပတ်ဝန်းကျင်နှင့် သီးခြားခွဲထုတ်လိုက်သည်။ ထို့နောက် ကျန်းရွှမ်က သူ၏တပည့်သုံးယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"လျှူမင်ယွဲ့က အဆင့်တက်သွားပြီဆိုတော့ ငါ စကားတွေအများကြီး မပြောတော့ဘူး... ယုရှောင်ယွီနဲ့ ဟုန်ရီ.. မင်းတို့နှစ်ယောက်က ကြယ်စင်မြစ်နယ်ပယ်ကို ရောက်တော့မယ်... မင်းတို့ အောင်မြင်ဖို့ဆိုရင် မှန်ကန်တဲ့ ကောင်းကင်ကံကြမ္မာကို ရွေးချယ်ဖို့ လိုအပ်တယ်... မင်းတို့ ဘယ်လို စဉ်းစားထားလဲ"

လျှူမင်ယွဲ့သည် မိုတောက်ကံကြမ္မာကို နားလည်သဘောပေါက်ထားပြီး ကျီးလန်တောင်ကြားတွင် ရှိစဉ်ကပင် ကြယ်စင်မြစ်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် သူမ၏စွမ်းအားသည် အပြည့်အဝ တည်ငြိမ်သွားခဲ့လေပြီ။

ယုရှောင်ယွီနှင့်ဟုန်ရီတို့ကမူ နတ်ဘုရားနယ်မြေအတွင်းတွင် သူတို့ကိုယ်သူတို့ ထိန်းညှိပြီးနောက် ကြီးမားသော တိုးတက်မှုများကို ရရှိခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးသည် ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီး အချိန်မရွေး အဆင့်တက်နိုင်သည့် အနေအထားတွင် ရှိနေသည်။

ယခုအချိန်သည် သူတို့၏ အဓိကကံကြမ္မာကို ရွေးချယ်ရမည့်အချိန်ပင်။

သူ့ထံတွင် မြေခွေးညှို့ငင် ကံကြမ္မာနှင့် လေဟာနယ်ကံကြမ္မာတို့ ရှိနေသည်။ အကယ်၍ သူတို့သည် ထိုကံကြမ္မာများကို မသင်ယူလိုဘဲ တခြားအရာများကို ရွေးချယ်လိုလျှင်ပင် သူသည် သူတို့အား ပို၍ကောင်းမွန်သော လမ်းညွှန်မှုနှင့်စီစဉ်မှုများကို ပြုလုပ်ပေးနိုင်ပေ၏။

"ကျွန်တော်က ဆရာ နားလည်သဘောပေါက်ထားတဲ့ ကံကြမ္မာကိုပဲ အဓိကထားပြီး လေ့လာချင်ပါတယ်"

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ဟုန်ရီက ပြောဆိုသည်။

"ကျွန်မလည်း အတူတူပါပဲ...ဆရာက ဘယ်ကံကြမ္မာကိုပဲ တတ်ကျွမ်းပါစေ ကျွန်မလည်း အဲ့ဒါကိုပဲ လေ့ကျင့်မယ်...အဲ့ဒီလိုလုပ်ရင် ဆရာက ကျွန်မတို့ကို ပိုပြီးကောင်းအောင် လမ်းညွှန်ပေးနိုင်လိမ့်မယ်..."

ယုရှောင်ယွီကလည်း ခေါင်းညိတ်ပြီးထောက်ခံလိုက်ရာ သူမ၏လှုပ်ရှားမှု ပြင်းထန်သဖြင့် သူမ၏ခန္ဓာကိုယ်ပေါ်မှ ခေါင်းလောင်းလေးများ တချွင်ချွင်မြည်သွားသည်။

သူတို့သည် ဤလမ်းကြောင်းကို ရွေးချယ်လိမ့်မည်ဟု ထင်မှတ်မထားမိသဖြင့် ကျန်းရွှမ်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါယမ်းလိုက်၏။

"ငါ့ရဲ့ ကောင်းကင်ကံကြမ္မာက အရမ်းခက်ခဲတယ်....လေ့ကျင့်ဖို့ သိပ်မလွယ်ဘူး"

"ကျွန်တော်က အခက်အခဲကို မကြောက်ပါဘူး"

ဟုန်ရီ၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်။

"ကျွန်တော် ကြောက်တာက... ဆရာ့ကို စိတ်ပျက်စေမိမှာကိုပါ..."

သူသည် သာမန်နောက်ခံမှ လာသူဖြစ်ပြီး ပါရမီအရည်အချင်း အလွန်အမင်းညံ့ဖျင်းသည်။ သူ၏ဆရာသာ မရှိခဲ့လျှင် ရင်းမြစ်ရေအိုင်နယ်ပယ်၏အထွတ်အထိပ်အဆင့်သို့ သူ ရောက်ရှိရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ ဤဘဝတွင် ရင်းမြစ်ရေအိုင်နယ်ပယ်၏ ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်သို့ ရောက်လျှင်ပင် သူ့အတွက် အကန့်အသတ် ဖြစ်နေလေပြီ။

နှစ်လမပြည့်မီမှာပင် သူသည် ယခင် အကန့်အသတ်များကို ကျော်ဖြတ်နိုင်ခဲ့ပေ၏။ ထိုကြောင့် သူသည် မည်သည့်အခက်အခဲကိုမဆို သာမန်စိန်ခေါ်မှု အသေးအဖွဲလေးအဖြစ်သာ ရှုမြင်တော့ပြီး သူ၏ဆရာနှင့် အဆက်အသွယ် ပြတ်သွားမည်ကိုသာ သူ ကြောက်ရွံ့မိသည်။

"ကျွန်မလည်း အတူတူပဲ"

ယုရှောင်ယွီကလည်း ခေါင်းညိတ်လိုက်သည်။

"မင်းတို့မှာ ဒီလိုဆန္ဒမျိုးရှိနေမှတော့ ငါ နားလည်သဘောပေါက်ထားတဲ့ ကံကြမ္မာကို ထုတ်ဖော်ပြသမယ်.... မင်းတို့ တတ်နိုင်သလောက် လေ့လာကြည့်ကြတော့... တကယ်လို့ မင်းတို့ နားမလည်နိုင်ရင်တော့ ဘာမှမတတ်နိုင်ဘူး..."

သူတို့၏ ခိုင်မာပြတ်သားသော သဘောထားကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် စကားဆက်မပြောတော့ဘဲ သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ အေးစက်ငရဲဓားသည် သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။

သူသည် ထိုဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ဘုံသောဓားသိုင်းကွက်များ ထွက်ပေါ်လာပြီး လေထုထဲတွင် ကြိုးမျှင်များ ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ငါးဖမ်းပိုက်ကွန်တစ်ခုအလား လွှမ်းခြုံသွားသည်။

"ကြီးကျယ်ခမ်းနားလိုက်တဲ့ ဓားနည်းစနစ်ပါလား..."

လျှူမင်ယွဲ့က ကူကယ်ရာမဲ့စွာဖြင့် မှတ်ချက်ချလိုက်၏။

မူလက သူမ၏ဆရာသည် ဆေဘာဓားနည်းစနစ်ကို အဓိကထားသည်ဟု ထင်ခဲ့သော်လည်း ယခုမှပင် ဓားရှည်နည်းစနစ်ဖြစ်နေကြောင်း သိလိုက်ရသည်။ ထို့ပြင် ထိုဓားစိတ်ဆန္ဒတွင် စိတ်ဝိညာဉ်အတွင်းသို့ ထွင်းဖောက်ဝင်ရောက်နိုင်သော လွမ်းဆွတ်မှု ခံစားချက်များ ပါဝင်နေသည်။ ထိုကြောင့် တစ်စုံတစ်ယောက်၏ လှုပ်ရှားမှုနည်းစနစ်များ မည်မျှထိ လျှင်မြန်ပါစေ ထိုဓားချက်ကို ရှောင်တိမ်းရန်မှာ မဖြစ်နိုင်ချေ။

ကံမကောင်းစွာဖြင့် သူမသည် ကံကြမ္မာကျင့်ကြံမှုကို စတင်ပြီးပြီဖြစ်သောကြောင့် ယခုချိန်မှ ပြောင်းလဲရန်မှာ မဖြစ်နိုင်တော့ချေ။

သူမ၏စိတ်ပျက်အားငယ်မှုနှင့် မတူညီဘဲ ယုရှောင်ယွီနှင့်ဟုန်ရီတို့သည် ဓားနည်းစနစ်အတွင်းတွင် အလျင်အမြန် အာရုံနစ်မြောသွားကြသည်။

အထူးသဖြင့် ယုရှောင်ယွီသည် နှင်းပွင့်များနှင့်တူသော တောက်ပသည့် ဓားချီများကို မြင်လိုက်ရချိန်တွင် သူမ ပထမဆုံး ဓားနည်းစနစ်ကို စတင်လေ့လာခဲ့ရသည့် အချိန်အား ပြန်သတိရသွားသည်။

အမှန်အားဖြင့် သူမအား ဓားနည်းစနစ် သင်ကြားပေးခဲ့သူသည် သူမ၏ဖခင်ဖြစ်သူ မြို့အရှင်ယုလုံချင်းပင်။

ထိုအချိန်က သူမ၏မိခင် နာမကျန်းဖြစ်ကာ ကွယ်လွန်သွားခါစဖြစ်ပြီး သူမ အလွန်ဝမ်းနည်းကြေကွဲနေခဲ့သည်။ ထိုအချိန်မှာပင် သူမ၏ဖခင်ဖြစ်သူ ရောက်လာပြီး သူ၏ဓားကို ညင်သာဝှေ့ယမ်းလိုက်ရာ ပန်းပွင့်ဖတ်လေး တစ်ခု ပြုတ်ကျလာပြီး သူမ၏ဆံပင်ပေါ်သို့ ကျရောက်သွားသည်။

ထို့နောက် ဖခင်ဖြစ်သူက ပြောဆိုခဲ့သည်။

'ဒီပန်းပွင့်ဖတ်လေးက သမီးရဲ့အမေပဲ... သမီးဆီကို သူ့ရဲ့ လွမ်းဆွတ်သတိရမှုတွေ သယ်ဆောင်လာတာ...သမီးရဲ့ ဓားသိုင်းက ပန်းပွင့်ဖတ်လေးတွေကို မထိခိုက်စေဘဲ ညင်ညင်သာသာ ထိတွေ့နိုင်တဲ့အချိန်ရောက်ရင် သမီးရဲ့အမေက မမြင်ရတော့ရင်တောင် သူ အရမ်းပျော်နေမှာပါ"

ထိုအချိန်မှစ၍ သူမသည် ဓားနည်းစနစ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သည်။ သို့ရာတွင် သူမ၏ပါရမီသည် သာမန်သာရှိပြီး အထူးသဖြင့် သူမ၏ခန္ဓာကိုယ် ထိန်းချုပ်မှုသည် သွက်လက်ခြင်း မရှိချေ။ ထိုကြောင့် သူမ၏ဖခင်သင်ကြားပေးသော အခြေခံဓားကွက်များကို တတ်မြောက်ရန်ပင် လဝက်ခန့် ကြာမြင့်လေ့ရှိသည်။

နောက်ပိုင်းတွင် အိမ်တော်ထိန်းလျောင်က နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့သည်။ ဤသည်မှာ သူမ၏ဝတ်စုံပေါ်တွင် ခေါင်းလောင်းလေးများကို ချည်နှောင်ပေးလိုက်ခြင်းပင်။ သူမ၏ လှုပ်ရှားမှုမှန်ကန်တိုင်း ထိုခေါင်းလောင်းလေးများ အသံမြည်လာသည်။ နောက်ပိုင်းတွင် သူမ၏တိုးတက်မှုသည် အမှန်တကယ်ကို လျှင်မြန်လာခဲ့ပြီး သူမ၏ဝတ်စုံတွင် ခေါင်းလောင်းများတပ်၍ ဝတ်ဆင်ခြင်းမှာလည်း အကျင့်ပါလာခဲ့သည်။

အစောပိုင်းက ဆရာ ထုတ်ဖော်ပြသလိုက်သော ဓားစိတ်ဆန္ဒသည် အလွန်သိမ်မွေ့လှပပေ၏။ အချိန်တခဏအတွင်းမှာပင် သူမသည် မိခင်ဖြစ်သူက သူမကို ချစ်မြတ်နိုးစွာကြည့်နေသော နူးညံ့သောအပြုံးကို ပြန်လည်၍ မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လေပြေများ တိုက်ခတ်လာပြီး ပန်းများ ဝေဆာစွာ ပွင့်လန်းလာသည်။

ဤသည်မှာ သူမ၏မိခင်နှင့် သူမ၏လွမ်းဆွတ်မှုများအပေါ် အခြေခံလာသော ဓားစိတ်ဆန္ဒပင်။

ရုတ်တရက် ယုရှောင်ယွီသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံရသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထင်ဟပ်လာပြီး သူမ၏လက်ချောင်းကို ဓားအဖြစ် အသုံးပြုကာ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ဝှစ်....

ဓားချီအလင်းတန်းတစ်ခုက မြေပြင်ပေါ်သို့ ကျရောက်သွားပြီး ချောမွေ့သော မြေမျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်သွားသည်။

"အမ်..."

ကျန်းရွှမ်က သူ၏ဓားဆန္ဒသည် နက်နဲသိမ်မွေ့ပြီး ရှုပ်ထွေးသဖြင့် သူ၏တပည့်များ နားလည်သဘောပေါက်ရန်အတွက် အချိန်အကြာမြင့်စွာ ယူရလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သို့ရာတွင် သူမ၏ လျင်မြန်သောအောင်မြင်မှုကြောင့် သူ အံ့အားသင့်သွားပေ၏။

အတွေးတစ်ချက်ဖြင့် သူသည် ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ဝင်ရောက်ကြည့်ရှုလိုက်ရာ ကောင်းကင်ဘုံသောက စွမ်းအင်မြစ်ထဲတွင် အတက်အလက်အသစ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုမြစ်လက်တက်သည် ပုံရိပ်ယောင်လေဟာနယ်ထဲသို့ နက်ရှိုင်းစွာ တိုးဝင်သွားကာ ရေများ ဖြည်းညှင်းစွာ စီးဝင်နေသည်။

"မဆိုးဘူး... မင်း နားလည်သဘောပေါက်သွားပြီပဲ..."

ကျန်းရွှမ်က ပြုံးလိုက်သည်။

ကြည့်ရသည်မှာ ယုရှောင်ယွီ၏ပါရမီသည် အတော်အသင့် ကောင်းမွန်ပုံပင်။

သူမသည် ကောင်းကင်ဘုံကံကြမ္မာ၏ "လွမ်းဆွတ်ခြင်း"အတက်အလက်ကို နားလည်သဘောပေါက်သွားခြင်းပင်။

မြေပြင်နှင့်ပင်လယ်ပြင်များ၏ အစွန်းတွင် အကန့်အသတ်များ ရှိကောင်းရှိနိုင်သော်လည်း လွမ်းဆွတ်ခြင်းတွင် အကန့်အသတ် မရှိချေ။

လွမ်းဆွတ်ခြင်းသည် စိတ်ခံစားမှုသောကများ၏အလွန်အရေးကြီးသော အတက်အလက်တစ်ခုဖြစ်ပြီး အရိုးသားဆုံး ခံစားချက်များ ပါဝင်နေပေ၏။

ဝုန်း....

ဤကောင်းကင်ကံကြမ္မာ မြစ်လက်တက် စီးဝင်လာမှုနှင့်အတူ ကျန်းရွှမ်သည် သူ၏ရှေ့မှ စွမ်းအင်မြစ် ညင်သာစွာ တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး မြစ်ကြောင်းမှာလည်း အလိုအလျောက် ကျယ်ပြန့်သွားသည်။

"ဒါက... ကောင်းကင်ဘုံသောကကံကြမ္မာရဲ့ စတုတ္ထအဆင့်လား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။

သူ၏တိုးတက်မှုကို ပိတ်ဆို့ထားပြီး အဆင့်တက်ရန် တားဆီးထားသောအရာကို သူ ရုတ်တရက် ကျော်ဖြတ်နိုင်ခဲ့လေပြီ။

ကံကြမ္မာကျင့်ကြံသူများသည် တပည့်များကို ထားရှိကြသည်မှာ အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ် မဟုတ်တော့ချေ။ အမှန်အားဖြင့် ဤကိစ္စသည် ကံကြမ္မာကျင့်ကြံသူ၏နယ်ပယ်ကို မြှင့်တင်ပေးနိုင်သောကြောင့်ပင်။

မြစ်ကြောင်း ကျယ်ပြန့်လာသည်နှင့်အမျှ မိုးကောင်းကင်ယံပေါ်ရှိ မရေမတွက်နိုင်သော စာအုပ်များသည် လောင်ကျွမ်းသွားပြီး သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအားများအဖြစ်ပြောင်းလဲသွားသည်။ ထိုစွမ်းအားများသည် ခြောက်သွေ့နေသော နေရာများကို အလျင်အမြန် အားဖြည့်ပေးလိုက်၏။

အသက်ဆယ်ရှိုက်စာခန့် အချိန်အတွင်းမှာပင် စွမ်းအင်မြစ်သည် ယခင်ထက် နှစ်ဆခန့် ပို၍ထူထပ်သိပ်သည်းလာပြီး အရှည်မှာလည်း နှစ်ဆကျော် ရှည်လျားသွားသည်။

"ကုန်ကျစရိတ်က... များလွန်းတယ်"

စာအုပ်များ ပို၍လောင်ကျွမ်းလာသည်နှင့်အမျှ အဆင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုများ ကျန်းရွှမ်၏မျက်လုံးများမှ ပျောက်ကွယ်သွားပြီး ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များက အစားထိုးဝင်ရောက်လာ သည်။

ကျီးလန်တောင်ကြားတွင် သူသည် ကောင်းကင်ကံကြမ္မာစွမ်းအား သန်းထောင်နှင့်ချီ၍ ရရှိခဲ့သည်။ ဤသည်မှာ များပြားသည်ဟု ထင်ရသော်လည်း ဤအဆင့်တက်ခြင်းက သူ့ထံ၌ ရှိနေသော ကံကြမ္မာစွမ်းအားများအားလုံးကို ကုန်ခမ်းသွားစေလုနီးပါးပင်။

အမှန်အားဖြင့် ကောင်းကင်ဘုံသောကကံကြမ္မာ တစ်ခုတည်း အဆင့်တက်သွားခြင်း မဟုတ်ချေ။ ထိုအရာ၏ရေစီးကြောင်း ကျယ်ပြန့်ပြီး တိုးတက်လာသည်နှင့်အမျှ ယှက်နွယ်နေသော လေဟာနယ်ကံကြမ္မာ စွမ်းအင်မြစ်သည်လည်း တိုးဝင်လာသော ကောင်းကင်ကံကြမ္မာစွမ်းအားများကို အဆက်မပြတ် စုပ်ယူပြီး လျှင်မြန်စွာ အဆင့်တက်သွားသည်။

အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ပြီးနောက် ထိုကံကြမ္မာနှစ်ခုလုံးသည် စတုတ္ထအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီး တည်ငြိမ်သွားပေ၏။

"ကျင့်ကြံဆင့် ချိုးဖောက်စမ်း..."

သူ၏စိတ်အာရုံ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် ယခင်က သူ ဆေးဝါးများ စမ်းသပ်ခဲ့စဉ်တွင် စုဆောင်းထားသော ဆေးစွမ်းအားများသည် လျှင်မြန်စွာ လှည့်ပတ်လာပြီး ကြွယ်ဝသော အာဟာရများအဖြစ် ပြောင်းလဲကာ သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးလိုက်သည်။

ဝုန်း....

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်၏ အတားအဆီးများကို ချိုးဖောက်ပြီး သတ္တမအဆင့်သို့ ရောက်ရှိသွားသည်။

"ဒီလောက်ထိ ရိုးရှင်းတာလား"

အနှစ်သာရအမြူတေ အဖြစ်ရှိနေသော နှင်းနတ်ဆိုးအရှင်သည် "သခင်" ရောက်လာလျှင် ဒူးထောက်အရိုအသေပြုရန် မည်သည့်ဟန်ပန်ကို သုံးရမည်အား စဥ်းစားတွေးတောနေပေ၏။ ထိုအချိန်မှာပင် လေဟာနယ်အတွင်းရှိ ကောင်းကင်ကံကြမ္မာစွမ်းအင်မြစ်ကြီးသည် အတားအဆီးတချို့ကို ချိုးဖျက်ကာ ရုတ်တရက် အလွန်ထူထပ်သိပ်သည်းပြီး ကြီးမားလာသည်ကို မြင်တွေ့လိုက်ရသည်။

ပထမတန်းစား ကံကြမ္မာကို နားလည်သဘောပေါက်ခြင်းသည် ထိပ်သီးပါရမီရှင်တစ်ယောက်၏ လက္ခဏာရပ်ပင်။

သို့ရာတွင် ဤမျှထိ လျင်မြန်စွာ အဆင့်တက်သည်မှာမူ ပါရမီရှင်တစ်ယောက်ထက် ပို၍လွန်ကဲနေပြီ မဟုတ်လော..

'မဖြစ်ဘူး... ငါ ပိုပြီး လေးလေးနက်နက် ဒူးထောက်မှ ဖြစ်မယ်....ငါက တခြား ဘာအတွေးကိုမှ တွေးလို့မဖြစ်ဘူး'

All Chapters