ထုံးတမ်းစဥ်လာ သူတော်စင်အရှင်ငါးပါး
Vol. 35 Ch. 411
ကျန်းရွှမ်သည် သူ၏ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင် အလျင်အမြန် ပြုလုပ်လိုက်၏။
ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အထွတ်အထိပ်....
သူသည် ညစ်ညမ်းသော အခိုးအငွေ့များကို မှုတ်ထုတ်လိုက်ပြီးနောက် ယုရှောင်ယွီကို ကြည့်လိုက်သည်။ ထိုမိန်းကလေးသည် ယခုအချိန်တွင် ထိုးထွင်းသိမြင်မှုထဲ၌ နစ်မြောနေပြီး သူမ၏ ပတ်ဝန်းကျင်တွင် ဓားစိတ်ဆန္ဒအမျှင်တန်းများ ထွက်ပေါ်နေကာ သူမ၏အမူအကျင့်လုံးဝ ပြောင်းလဲသွားလေပြီ။
သူမ၏ အဓိကကံကြမ္မာကို နားလည်သဘောပေါက်သွားခြင်းနှင့်အတူ သူမသည် လျှူမင်ယွဲ့ကဲ့သို့ပင် ရင်းမြစ်ရေအိုင်နယ်ပယ်၏ အတားအဆီးများကို ချိုးဖျက်ကာ ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိသွားလေပြီ။
သူသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ဟုန်ရီဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုလူငယ်လေး၏မျက်နှာသည် နီမြန်းနေပြီး သူ၏နဖူးမှ ချွေးများ တသွင်သွင်စီးကျနေသည်။ သူသည် တစ်စုံတစ်ခုကို အာရုံခံနိုင်ရန် ကြိုးစားနေသော်လည်း မည်သည့် ထိုးထွင်းသိမြင်မှုကိုမျှ ရရှိပုံမပေါ်ပေ။
"မင်း စိတ်မလောနဲ့... ငါ့ရဲ့ဓားစိတ်ဆန္ဒကို ဒီမှာ ချန်ထားခဲ့မယ်....မင်း ဖြည်းဖြည်းချင်း နားလည်သဘောပေါက်အောင် ကြိုးစားပါ..."
ဤသည်မှာ ပါရမီကွာခြားချက်ဖြစ်ကြောင်း သိထားသဖြင့် ကျန်းရွှမ်သည် ဟုန်ရီကို ဖိအားမပေးခဲ့ပေ။ သူသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ပြီး ဓားချီတချို့ကို အနီးအနားရှိ ကျောက်တုံးပေါ်တွင် ချန်ထားပေးလိုက်သည်။
ကျင့်ကြံသူတစ်ယောက်၏ လေ့ကျင့်ခြင်းသည် သူကိုယ်တိုင်အပေါ်တွင်သာ မူတည်သည်။ အကယ်၍ ဆရာတစ်ယောက် ဖြစ်နေလျှင်ပင် တပည့်ဖြစ်သူအား အမြဲတစေ အဖော်ပြုမပေးနိုင်ချေ။ ထိုတပည့်သည် သူ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုအပေါ် မှီခိုအားကိုးရပေမည်။
"ငါ မင်းကို အချိန်သုံးရက်ပေးမယ်.... တကယ်လို့ သုံးရက်အတွင်းမှာ မင်း ဘာကိုမှ နားမလည်သေးဘူးဆိုရင် တခြားကံကြမ္မာကို ပြောင်းပြီးကျင့်ကြံတော့"
ကျန်းရွှမ်က သူ၏ဓားကို ပြန်လည်သိမ်းဆည်းရင်း ပြောဆိုလိုက်သည်။
ကောင်းကင်ဘုံသောကကံကြမ္မာသည် ပထမတန်းစားကံကြမ္မာပင်။ ထိုအရာ၏ အတက်အလက်များပင်လျှင် အနည်းဆုံးအနေဖြင့် ဒုတိယတန်းစားအဆင့်၌ ရှိနေနိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို နားမလည်နိုင်ပါက အချိန်ပိုပေးလျှင်ပင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ သုံးရက်ဟူသည်မှာ သေချာပေါက် လုံလောက်သည်။
"နားလည်ပါပြီ...."
ဟုန်ရီက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ထိုဓားချီများကို စူးစိုက်၍ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက် ဆက်ပြီးလေ့ကျင့်ကြတော့"
တပည့်နှစ်ယောက်ကို ရင်းမြစ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန်နှင့် ကျင့်ကြံဆင့် တိုးတက်စေရန်အတွက် ကျန်းရွှမ်က ဆေးလုံးတချို့ ပေးလိုက်ပြီးနောက် နောက်သို့လှည့်ထွက်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။
ဤတစ်ကြိမ်တွင် သူသည် ကျင့်ကြံခြင်း၌ သိသိသာသာ တိုးတက်မှု ရရှိခဲ့ပြီး ကောင်းကင်ဘုံသောကကံကြမ္မာကိုလည်း ပို၍နက်ရှိုင်းစွာ နားလည်သဘောပေါက်ခဲ့သဖြင့် ကောင်းစွာ တည်ငြိမ်အောင် လုပ်ဆောင်ရန် လိုအပ်ပေ၏။
...
ကျန်းအိမ်တော်နှင့် ဘေးချင်းကပ်ခြံဝန်းအတွင်းတွင် အပြာရောင်တိမ်တိုက်အရှင်သည် မြက်ဖျာပေါ်တွင် ခါးမတ်မတ်ထိုင်ကာ မျက်မှောင်ကြုတ်ထားသည်။ သူ၏တပည့်များသည် နံဘေးတစ်ဖက်တစ်ချက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြပြီး အသက်ပြင်းပြင်းပင် မရှူရဲကြချေ။
"ဒီလို မဖြစ်သင့်ဘူး..."
အပြာရောင်တိမ်တိုက်အရှင်က ခေါင်းခါယမ်းလိုက်၏။
သူသည် အတ္တကင်းစင်မှုကို အထူးပြုသော အတ္တကင်းစင်ဇင်ဓမ္မကို ကျင့်ကြံထားသော်လည်း ယခုအချိန်တွင် သူ ဒေါသထွက်နေသဖြင့် ထိန်းချုပ်နိုင်ရန် ကြိုးစားနေရသည်။
ဤတစ်ကြိမ်တွင် နတ်ဆိုးအနှစ်သာရအမြူတေ လွတ်မြောက်သွားရုံသာမက ဗုဒ္ဓ၏ ရတနာတစ်ပါးဖြစ်သော အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးလည်း ပျောက်ဆုံးသွားခဲ့သည်။ အကယ်၍ သူသည် ထိုအရာကို ပြန်ရှာမတွေ့ပါက ဗောဓိသတ္တအဆင့်ကို မဆိုထားနှင့် သူ၏လက်ရှိ မဟာဘုန်းတော်ကြီးအဆင့်ကိုပင် ထိန်းသိမ်းထားနိုင်ရန် မသေချာတော့ချေ။
ဤဆုံးရှုံးမှုသည် သူ့အတွက် အလွန်ကြီးမားပေ၏။
"ကံကြမ္မာကို ဖုံးကွယ်ဖို့ အင်အားပြန်လည်ပြည့်ဖြိုးဖို့ စွမ်းအားပြန်လည်ရယူဖို့တို့အတွက် ဘယ်လို ကောင်းကင်ရတနာမျိုးပဲ သုံးသုံး... နတ်ဆိုးအငွေ့အသက်ကတော့ သေချာပေါက် ထွက်လာမှာပဲ... နတ်ဆိုးအငွေ့အသက် ပေါ်လာတဲ့နေရာကို ရှာတွေ့တာနဲ့ ဒီနှင်းနတ်ဆိုးအရှင်ကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မယ်"
ထိုအတွေးများက သူ၏စိတ်ထဲတွင် ဖြတ်သန်းသွားသည်။
"ဒါပေမဲ့... ထျန်းလီမြို့က အရမ်းကျယ်ပြန့်လွန်းတယ်....ပြီးတော့ မြို့တွင်းပိုင်းနဲ့ မြို့ပြင်ပိုင်းဆိုပြီး ခွဲခြားထားသေးတယ်....ဧကရာဇ်က ဝင်္ကပါတွေနဲ့ ပိတ်ဆို့ထားတဲ့ အရေးကြီးနေရာတွေလည်း အများကြီးရှိပြီးတော့ စုံစမ်းစစ်ဆေးခွင့် မပေးထားဘူး...ဗုဒ္ဓဂိုဏ်းမှာ တပည့်တွေ ထောင်နဲ့ချီပြီးရှိရင်တောင် အရာအားလုံးကို စောင့်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
တခြားနေရာများ၌ဆိုလျှင် သူသည် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်၍ ရှာဖွေလျှင် ထိုနတ်ဆိုးဘုရင်သည် မြေအောက်မီတာတစ်ရာ၌ ပုန်းနေရင်တောင် လွယ်လင့်တကူ ရှာဖွေဖော်ထုတ်နိုင်ပေလိမ့်မည်။ သို့ရာတွင် ဤနေရာတွင်မူ သူ ထိုသို့ပြုလုပ်၍ မရနိုင်ချေ။
ဤနေရာတွင် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက်ပုဂ္ဂိုလ်များ အလွန်များပြားသည်။ အကယ်၍ သူသည် နတ်ဘုရားစိတ်အာရုံကို အတင်းအကြပ် ဖြန့်ကျက်ပြီး ထိုတည်ရှိမှုကြီးများကို ပြစ်မှားမိပါက မကြာမီမှာပင် သူ၏အိမ်တံခါးဝသို့ တစ်ယောက်ယောက် ရောက်လာပေလိမ့်မည်။
သူ့ကို မဆိုထားနှင့် ဗောဓိသတ္တ သို့မဟုတ် ဗုဒ္ဓအရှင်ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ အဆုံးမဲ့ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
သူသည် ထျန်းလီမြို့တစ်မြို့လုံးကို စောင့်ကြည့်ရန် မဖြစ်နိုင်သည့်အပြင် အကျိုးအကြောင်းကံကြမ္မာကလည်း ပြတ်တောက်သွားလေပြီ။ သူခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရသော နှင်းနတ်ဆိုးအရှင်သည် ဤအတိုင်း လွတ်မြောက်သွားတော့မည်လော။
အကယ်၍ ထိုအတိုင်းဖြစ်နေပါက သူသည် ဗောဓိသတ္တအဆင့်ကို တွေ့မြင်နေရလျှင်ပင် ရယူနိုင်ရန်မှာ အလွန်ဝေးကွာသွားပေလိမ့်မည်။
မဖြစ်ဘူး...
သူသည် မည်မျှထိ ပေးဆပ်ရပါစေ ထိုအရာများကို သူ ပြန်တွေ့အောင် ရှာဖွေရပေမည်။
အပြာရောင်တိမ်တိုက်အရှင်သည် သူ၏စိတ်ထဲတွင် စဥ်းစားတွေးတောနေစဉ်မှာပင် တပည့်တစ်ဦးက အလျင်အမြန် ပြေးဝင်လာသည်။
"ဆရာ... အပြင်မှာ ဆရာ့ကို တွေ့ချင်လို့ လာမေးနေတဲ့သူ ရှိပါတယ်"
"ငါ့ကို တွေ့ချင်တာလား...ဘယ်သူလို့ ပြောလဲ"
အပြာရောင်တိမ်တိုက်အရှင်က မျက်မှောင်ကြုတ်လိုက်သည်။
သူ ဤနေရာသို့ ရောက်နေသည်မှာ တစ်ရက်ပင် မကြာသေးသည့်အပြင် မည်သူ့ကိုမှလည်း အသိမပေးထားချေ။ သူ ယခင်က သွားတွေ့ခဲ့သော အကြီးအကဲ ကျန်းလီပင်လျှင် သူ ဤနေရာ၌ နေထိုင်သည်ကို မသိရှိချေ။ မည်သည်ကြောင့် သူ့ကို လာတွေ့သောလူ ရှိနေရသနည်း။
ထိုတပည့်က ခေါင်းခါယမ်းလိုက်သည်။
"သူတို့က ဘယ်သူတွေလဲဆိုတာ မပြောပါဘူး... စုစုပေါင်း လူငါးယောက်ပါ...သူတို့အားလုံးရဲ့ ပုံစံတွေက နည်းနည်းတော့ ထူးဆန်းနေတယ်"
"ထူးဆန်းတယ်... ဟုတ်လား...."
အပြာရောင်တိမ်တိုက်အရှင် စူးစမ်းလိုစိတ် ဖြစ်သွားသည်။
"ဟုတ်ပါတယ်...ဆရာ့ကို တွေ့ဆုံခွင့်ရဖို့ ကျွန်တော်နဲ့ စကားပြောတဲ့သူက အသက်နှစ်ဆယ်အရွယ် အမျိုးသမီးတစ်ယောက်ပဲ ..သူက အနီရောင် သတို့သမီးဝတ်စုံကို ဝတ်ထားပြီးတော့ ခြေဗလာနဲ့ပါ...သူ့ရဲ့ခြေကျင်းဝတ်မှာ ငွေရောင်ခေါင်းလောင်းလေးတွေ ပတ်ထားတယ်... သူ့ရဲ့မျက်နှာက ပြုံးရွှင်နေပြီးတော့ စကားပြောတာ အရမ်းယဉ်ကျေးတယ်...ကျွန်တော့်ကို မုန့်တွေတောင် အများကြီး ပေးလိုက်သေးတယ်... ဒုတိယတစ်ယောက်ကတော့ ဖြူဖတ်ဖြူရော်မျက်နှာရှိပြီးတော့ အသားမည်းပြီး အရယ်အပြုံး လုံးဝမရှိဘူး.... သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ သူ့ရဲ့လက်ထဲမှာ တစ်ခုခုကို ကိုင်ထားတယ်... အဲ့ဒါက... အဲ့ဒါက..."
ထိုနေရာအရောက်တွင် တပည့်ဖြစ်သူက အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းသွားပြီးမှ အတည်ပြု ပြောဆိုလိုက်သည်။
"ဝိညာဉ်ဆင့်ခေါ်ခြင်းတံခွန်တစ်ခုပဲ...."
"သတို့သမီးဝတ်စုံ... ဝိညာဉ်ဆင့်ခေါ်ခြင်းတံခွန် ...ဟုတ်လား"
ထိုတပည့်သည် လူနှစ်ယောက်အကြောင်းသာ ပြောရသေးသော်လည်း လူများအားလုံးသည် ထူးဆန်းမှုကို ခံစားနေရပြီး အံ့အားသင့်နေကြ၏။
"ကျန်တဲ့လူတွေကရော"
မြောင်နန်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
ထိုတပည့်က ဆက်လက်၍ ပြောဆိုသည်။
"ကျန်တဲ့ သုံးယောက်ထဲမှာ တစ်ယောက်က ငွေရောင်ဆံပင်ရှိပြီးတော့ ရွှေနီရောင်ဝတ်စုံ ဝတ်ထားတယ်..သူ့ရဲ့နဖူးမှာ ခြေသုံးချောင်း ရွှေကျီးကန်း သွေးကျောက်စိမ်းကို မြှုပ်ထားတယ်...နောက်တစ်ယောက်က နဂါးကြေးခွံ သံချပ်ကာ ဝတ်ထားပြီးတော့ သူ့ရဲ့ကျောပေါ်မှာ လှံတစ်ချောင်းကို လွယ်ထားတယ်...နောက်ဆုံးတစ်ယောက်ကတော့ အသက်သုံးဆယ်အရွယ်လောက်ရှိမယ့် အမျိုးသမီးပါ.. သူက ကြယ်တာရာ သင်္ကေတအက္ခရာတွေနဲ့ ပြည့်နှက်နေတဲ့ ရေလှိုင်းပုံစံလက်ရှည်အင်္ကျီကို ဝတ်ထားတယ်...သူ့ရဲ့နဖူးမှာတော့ ဟင်္သာပြဒါးအစက်လေးတစ်ခု ပါတယ်..."
"ဒါက..."
မြောင်နန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဆရာ... သူတို့က နတ်ဆိုးမျိုးနွယ်စုက လူတွေများလား"
ဤကဲ့သို့ ထူးဆန်းသော ဝတ်စားဆင်ယင်မှုများအရ နတ်ဆိုးမျိုးနွယ်စုမှလွဲ၍ တခြားမည်သူမှ မဖြစ်နိုင်ချေ။
သို့ရာတွင် ဤသည်မှာ ထျန်းလီမြို့တော်ပင်။ စွမ်းအားကြီးသော နတ်ဆိုးမျိုးနွယ်စုများပင်လျှင် ဤကဲ့သို့ ဟိတ်ဟန်ထုတ်ပြီး ရဲရဲတင်းတင်း လာရဲမည် မဟုတ်ချေ။
ထို့ထက်ပို၍ အရေးကြီးသည်မှာ အကယ်၍ နတ်ဆိုးမျိုးနွယ်စုဝင်များ ရောက်ရှိလာသည်ဆိုလျှင်ပင် တံခါးဝတွင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်စောင့်ပြီး ဝင်ခွင့်တောင်းနေမည်လော....
သူတို့သည် အိမ်တော်အတွင်းသို့ ချက်ချင်းဝင်ရောက်စီးနင်းကြပေမည်။
"သူတို့က ဘယ်သူတွေလဲဆိုတာ ငါ သိပြီ...မြန်မြန်သွားပြီး အထဲကိုဝင်လာဖို့ ဖိတ်ခေါ်လိုက်စမ်း"
အပြာရောင်တိမ်တိုက်အရှင်သည် မြောင်နင်၏စကားကို တုံ့ပြန်အဖြေမပေးဘဲ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။
"ဟုတ်ကဲ့"
တပည့်ဖြစ်သူက အလျင်အမြန် ပြေးထွက်သွားသည်။
အပြာရောင်တိမ်တိုက်အရှင်သည်လည်း ဧည့်ခန်းမဆောင်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားပေ၏။
ထိုအချိန်တွင် မြောင်ဝူက တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး သူ၏ဆရာကို မော့ကြည့်လိုက်သည်။
"ဆရာ... သူတို့က ပုံစံငါးမျိုး သူတော်စင်အရှင်တွေအရှင်တွေများလား"
"အမှန်ပဲ"
အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးသည်။
"ပုံစံငါးမျိုး သူတော်စင်အရှင်တွေ ဟုတ်လား.... အဲ့ဒါက ဘာလဲ"
မြောင်နန်က နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
မြောင်ဝူက ရှင်းပြသည်။
"သူတို့က ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာပိုင်ရှင် ကျိုးကျီရဲ့ဆက်ခံသူတွေလေ... တစ်ယောက်ချင်းစီက ကျင့်ဝတ်ထုံးတမ်း ဈာပနထုံးတမ်း စစ်ရေးထုံးတမ်း ယဉ်ကျေးသိမ်မွေ့မှုထုံးတမ်းနဲ့ အခမ်းအနားထုံးတမ်းတို့ကို ကိုယ်စားပြုကြတယ်"
"ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ...ဟုတ်လား... ဖြစ်နိုင်တာက..."
မြောင်နန် ထိတ်လန့်သွားသည်။
ဤတစ်ကြိမ်တွင် ထျန်းလီမြို့သို့ သူတို့လာခဲ့သည့် အကြီးမားဆုံး ရည်ရွယ်ချက်သည် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူကို ရှာဖွေရန်ပင်။ ယခုချိန်၌ ဤလူများသည် ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ထံသို့ လာရောက်တွေ့ဆုံကြသဖြင့် သူတို့၏ရည်ရွယ်ချက်က ရှင်းလင်းနေလေပြီ။
"သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာ အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့"
အပြာရောင်တိမ်တိုက်အရှင်က လက်ဝှေ့ယမ်းပြလိုက်သည်။
"ဟုတ်ကဲ့"
မည်သူမျှ ဆက်စကားမပြောကြတော့ဘဲ ဧည့်ခန်းမဆောင်သို့ အလျင်အမြန်လျှောက်လှမ်းသွားကြသည်။ သူတို့ နေရာယူပြီးသည်နှင့် အစောပိုင်းက တပည့်သည် လူငါးယောက်ကို ခေါ်ဆောင်လာသည်အား မြင်တွေ့မိလေ၏။
သူ ယခင်က ပြောဆိုထားသည့်အတိုင်းပင် ထိုလူငါးယောက်၏ ဝတ်စားဆင်ယင်မှုသည် ထူးဆန်းနေပြီး မည်သည့်ရှုထောင့်ကကြည့်သည့်ဖြစ်စေ လိုက်ဖက်မှု မရှိချေ။ သို့ရာတွင် သူတို့သည် ကျင့်ဝတ်ထုံးတမ်းများကို တိကျစွာ လိုက်နာကြသည်။ သူတို့၏ ခြေလှမ်းတိုင်းသည် ထုံးတမ်းစဉ်လာနှင့်အညီ ဖြစ်ပြီး ဝေဖန်ရန် အပေါက်အဟမရှိချေ။
အခန်းထဲသို့ ဝင်လာပြီးနောက် သူတို့သည် တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"ကျောက်မင်နဲ့ ညီအစ်ကိုမောင်နှမတွေက အပြာရောင်တိမ်တိုက်အရှင်ကို အရိုအသေပြုပါတယ်"
ငွေရောင်ဆံပင်ရှိကာ ရွှေနီရောင်ဝတ်စုံဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပြောဆိုသည်။
"ကြယ်တာရာ ယဇ်ပုရောဟိတ်က ယဉ်ကျေးလွန်းနေပါပြီ..."
အပြာရောင်တိမ်တိုက်အရှင်က ပြန်လည် နှုတ်ဆက်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ထို့နောက် သူက စူးရှသောအကြည့်ဖြင့် ထိုလူများကို ကြည့်လိုက်သည်။
"ငါတို့ ဗုဒ္ဓဂိုဏ်းက မင်းတို့နဲ့ သာမန်အနေနဲ့ ထိတွေ့ဆက်ဆံလေ့ မရှိဘူး.... စကားပြောဆိုတာလည်း အရမ်းရှားပါးတယ်....အခုလို ရုတ်တရက်ကြီး မင်းတို့ လာရောက်လည်ပတ်တဲ့ အကြောင်းအရင်းကို မေးခွင့်ပြုပါ"
ကျောက်မင်အမည်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက ထပ်မံ၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ကျွန်တော်တို့က အရှင့်ကို ကိစ္စတစ်ခု အကူအညီတောင်းချင်လို့ လာခဲ့တာပါ"