← Chapters

တကယ့်ကို သူ ဖြစ်နေတာပါလား

Vol. 35 Ch. 412

တကယ့်ကို သူ ဖြစ်နေတာပါလား

Vol. 35 Ch. 412

"အော် မီ တော ဖော....ကြယ်တာရာယဇ်ပုရောဟိတ်အရှင်က အားနာစရာကောင်းလောက်အောင် ယဉ်ကျေးလွန်းနေပြီ...ငါ ကူညီနိုင်တာရှိရင် ငြင်းဆန်မှာ မဟုတ်ပါဘူး.."

အပြာရောင်တိမ်တိုက်အရှင်က နူးညံ့သိမ်မွေ့သော အပြုံးဖြင့် ပြောဆိုသည်။

ဤရှောက်မင်သည် ထုံးတမ်းစဉ်လာများကို ဦးစီးပြီး မိုး မြေနှင့် နတ်ဘုရားများကို ယဇ်ပူဇော်သည့် အခမ်းအနားများအားလုံးကို ထိန်းချုပ်ထားသူဖြစ်သဖြင့် သူ့ကို ကြယ်တာရာယဇ်ပုရောဟိတ်အရှင်ဟု ခေါ်ဆိုကြခြင်းပင်။

ရှောက်မင်က ဦးညွှတ်အရိုအသေပြုလိုက်၏။

"ဒါက ဒီလိုပါ... ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာက ပြန်လည်မွေးဖွားလာပြီးတော့ တခြားလူတစ်ယောက်ရဲ့ သန့်စင်တာကို ခံလိုက်ရတယ်လို့ ကျွန်တော်တို့ ကြားသိခဲ့ရတယ်... ဒါ့ပြင် ဗုဒ္ဓဂိုဏ်းမှာ အကြောင်းတရားနဲ့အကျိုးတရားကို ခြေရာခံနိုင်တဲ့ ပြိုင်ဘက်ကင်းကံကြမ္မာစွမ်းအားရှိတယ် ဆိုတာကိုလည်း ကျွန်တော်တို့ ကြားသိခဲ့ရတယ်...ဒါကြောင့် အရှင့်ဆီကနေ အကူအညီတောင်းခံဖို့ အထူးတလည် ရောက်လာခဲ့တာပါ... တကယ်လို့ သူ့ကို ရှာတွေ့ခဲ့မယ်ဆိုရင် ကျွန်တော်တို့က ကြီးမားတဲ့ဆုလာဘ်တွေကို ရက်ရက်ရောရော ပေးအပ်မှာပါ"

"ကြယ်တာရာယဇ်ပုရောဟိတ်အရှင်က ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာရဲ့ ဆက်ခံသူကို ရှာဖွေတဲ့နေရာမှာ ငါရဲ့အကူအညီကို လိုချင်တာလား"

အပြာရောင်တိမ်တိုက်အရှင်သည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

ရောက်ရှိလာသော ဧည့်သည်များ မည်သူမည်ဝါဖြစ်သည်ကို သူ ကြားလိုက်ရချိန်ကတည်းက သူ၏စိတ်ထဲ၌ ဤကိစ္စကို ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း ဤမျှထိ တိုက်ရိုက်ပြောလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

"အမှန်ပဲ...."

ရှောက်မင်က ခေါင်းညိတ်ပြသည်။

သာမန်အခြေအနေမျိုးတွင် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ၏ အတက်အလက်များဖြစ်သော ထုံးတမ်းကျင့်ဝတ်ငါးမျိုးအနေဖြင့် အဓိက ကောင်းကင်ကံကြမ္မာကို ရှာဖွေရန်မှာ အလွန်ခက်ခဲသည်။ သို့ရာတွင် အကျိုးအကြောင်းကံကြမ္မာမှာမူ မတူညီပေ။ ထိုကံကြမ္မာ အကြောင်းတရားကို သိရှိသည်နှင့် အကျိုးတရားကို ခြေရာခံနိုင်သဖြင့် သူတို့ကို အကူအညီပေးနိုင်ပေမည်။

ထို့ကြောင့် အပြာရောင်တိမ်တိုက်အရှင်သည် ဤနေရာ၌ တည်းခိုနေသည်ဟု သူတို့ ကြားသိသည်နှင့် ချက်ချင်းရောက်လာကြခြင်း ဖြစ်သည်။

"အော် မီ တော ဖော....ငါက ကူညီချင်ပေမယ့် ကံမကောင်းတာက ငါနဲ့ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကြားမှာ ကံစပ်ဆက်မှု မရှိဘူး...ဒါကြောင့် ငါက ကူညီချင်ရင်တောင် ကူညီပေးနိုင်မှာ မဟုတ်ဘူး"

မျက်လွှာချထားသော အပြာရောင်တိမ်တိုက်အရှင်၏မျက်နှာအမူအယာသည် တည်ငြိမ်နေပြီး လိမ်ညာပြောဆိုလိုက်ရသည့်အတွက် ရှက်ရွံ့သည့် အရိပ်အယောင်မျိုး တစိုးတစိမျှပင် ရှိမနေချေ။

"အရှင်အနေနဲ့ အဲ့ဒီဆက်ခံသူနဲ့ ကံစပ်ဆက်မှု မရှိပေမယ့် ကျွန်တော်တို့မှာတော့ ရှိပါတယ်...အရှင်အနေနဲ့ ဒီလူကို ရှာဖွေဖို့အတွက် ကျွန်တော်တို့ရဲ့ ဆက်နွယ်မှုကို အသုံးပြုလို့ရမလား"

ရှောက်မင်က နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။

နောက်ထပ်အချိန်တခဏတွင် ခြေဗလာနှင့် အမျိုးသမီးတစ်ဦးသည် ရှေ့သို့ထွက်လာပြီး သူမ၏လက်ကို ဖြန့်လိုက်သည်။ သူမ၏လက်ဝါးပေါ်၌ ဇင်ဓမ္မပုတီးစေ့တစ်လုံးရှိနေကာ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး အခန်းတစ်ခန်းလုံးကို လင်းထိန်သွားစေသည်။

"ဒါက ငါတို့ဗုဒ္ဓဂိုဏ်းရဲ့... စိတ်ငြိမ်ဇင်ဓမ္မပုတီးစေ့ မဟုတ်လား"

အပြာရောင်တိမ်တိုက်အရှင်သည် ထိတ်လန့်သွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။

အဆင့်မြင့်ဘုန်းတော်ကြီးများ အစဥ်အမြဲကိုင်ဆောင်ထားလေ့ရှိသော စိတ်ငြိမ်ဇင်ဓမ္မပုတီးစေ့သည် သူတို့၏ကောင်းကင်ကံကြမ္မာစွမ်းအားများကို စုပ်ယူထားသည်။ ထိုအရာသည် မူလဘူတစိတ်ဝိညာဉ်ကို ငြိမ်သက်စေကာ အာရုံထွေပြားမှုများကို ဖယ်ရှားပေးနိုင်သဖြင့် ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူများအတွက် များစွာအထောက်အကူ ဖြစ်စေသည်။

ထို့ပြင် ထိုရတနာကို အစွမ်းကုန်ထုတ်သုံးလိုက်ပါက နတ်ဆိုးကျင့်ကြံသူများကို ကြီးမားသော ထိခိုက်မှုများ ဖြစ်စေနိုင်သည်။

အကယ်၍ အပြာရောင်တိမ်တိုက်အရှင်သာ နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေကို ထုတ်ယူစဉ်က ဤပစ္စည်းကို ပိုင်ဆိုင်ထားခဲ့မည်ဆိုလျှင် တစ်ဖက်လူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသွားခြင်းအား ကြိုတင်တားဆီးနိုင်ခဲ့ကောင်း တားဆီးနိုင်ပေလိမ့်မည်။

"အမှန်ပဲ.....ကျွန်တော်တို့မောင်နှမတွေက ဒါကို မတော်တဆ ရရှိထားတာပါ...တကယ်လို့ အရှင်သာ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုရင် ဒီစိတ်ငြိမဇင်ဓမ္မပုတီးစေ့ကို မူလပိုင်ရှင်တွေလက်ထဲကို ပြန်ပေးအပ်ပေးမှာဖြစ်ပြီးတော့ ပိုပြီးထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်ပေါ်စေမှာပါ"

ရှောက်မင်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ကြယ်တာရာယဇ်ပုရောဟိတ်ဆရာသခင်က ဒီလိုပြောလာမှတော့ ဒီဘုန်းကြီးအိုအနေနဲ့ ဆက်ပြီးငြင်းဆန်နေရင် မကောင်းတော့ဘူး..."

အပြာရောင်တိမ်တိုက်အရှင်က အရေးမစိုက်သော အမူအယာဖြင့် ပြောဆိုသည်။

"ဒါပေမဲ့ ငါက ဇင်ဓမ္မပုတီးစေ့ကို ယူမှာမဟုတ်ပါဘူး.....တိုက်တိုက်ဆိုင်ဆိုင်နဲ့ မင်းတို့အဖွဲ့ကို ဒုက္ခပေးရမယ့် ကိစ္စတစ်ခု ငါ့မှာ ရှိနေတယ်"

"အခက်အခဲမရှိပါဘူး အရှင်...ကျေးဇူးပြုပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောပါ"

ရှောက်မင်က ပြောဆိုလိုက်၏။

အပြာရောင်တိမ်တိုက်အရှင်က သူ၏ခေါင်းကိုမော့ပြီး ပြောဆိုသည်။

"ဒီဘုန်းကြီးအို ထျန်းလီမြို့တော်ကို ရောက်လာတာက မဟာနတ်ဆိုးတစ်ကောင်ကို ဖမ်းဆီးဖို့ပဲ...ဒီသတ္တဝါက ကောက်ကျစ်စဉ်းလဲပြီးတော့ လှည့်ဖြားတတ်တယ်...မင်းတို့အနေနဲ့ သူ့ကို ရှာဖွေရာမှာ ကူညီပေးနိုင်မယ်ဆိုရင် ငါက အရမ်းကျေးဇူးတင်မိမှာပါ"

သူသည် ထွက်ပြေးသွားသော အနှစ်သာရအမြူတေကို မည်ကဲ့သို့ ရှာဖွေရမည်အား စိတ်ပူနေခဲ့သည်။ ယခုချိန်တွင်မူ သူတို့သည် သူ့အား အကူအညီ လာပေးနေကြလေပြီ။

ထုံးတမ်းစဉ်လာကံကြမ္မာငါးပါးကို ထိန်းချုပ်ထားသူများအနေဖြင့် ထျန်းလီအင်ပါယာ၏ အုပ်ချုပ်မှုအောက်တွင် မရှိသော်လည်း အနီးကပ်ဆက်နွယ်မှု ရှိပေ၏။ သူတို့ကို ဦးဆောင်၍ ရှာဖွေခိုင်းလိုက်မည်ဆိုလျှင် နတ်ဆိုးချီ စိမ့်ထွက်နေသော နေရာများကို ရှာဖွေရာ၌ ပို၍လွယ်ကူသွားစေနိုင်သည်။

"အရှင်ကိုယ်တိုင် လှုပ်ရှားရလောက်အောင် ဘယ်သူကများ လုပ်ဆောင်နိုင်တာလဲ...အဲ့ဒီနတ်ဆိုးက ဘယ်သူလဲဆိုတာ သိခွင့်ရမလား"

ရှောက်မင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးသည်။

"မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ်ရဲ့ တပည့်ရင်း နှင်းနတ်ဆိုးအရှင်ပဲ...မင်းတို့ စိတ်ချပါ.... ငါက သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးပါပြီ....သူက အနှစ်သာရအမြူတေ အသွင်ပြောင်းပြီးတော့ ထွက်ပြေးသွားခဲ့တာပါ.....ဒီဘုန်းကြီးအိုက တိုက်ရိုက်ကူညီပြီး ဖမ်းဆီးပေးဖို့ တောင်းဆိုတာ မဟုတ်ပါဘူး.... မြို့ထဲမှာ နတ်ဆိုးချီ စိမ့်ထွက်နေတဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်ပေးရုံနဲ့တင် ငါက ကျေးဇူးတင်မိမှာပါ...."

"ဒီကိစ္စက ရိုးရှင်းပါတယ်"

ရှောက်မင်တို့မောင်နှမများသည် အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြ၏။

"ကျွန်တော်တို့ သဘောတူပါတယ်"

"ကောင်းပြီလေ... တွက်ချက်မှု စတင်နိုင်ဖို့အတွက် ကျေးဇူးပြုပြီးတော့ ကံစပ်ဆက်မှုပစ္စည်းကို ပေးပါ"

အပြာရောင်တိမ်တိုက်အရှင်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ဟုတ်ကဲ့"

ရှောက်မင်က သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ဝတ်ရုံရှည်တစ်ထည်က သူ၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

"ဒါက ကျွန်တော်တို့ရဲ့ ဘိုးဘေးဆရာသခင် ကျိုးကျီ ဝတ်ဆင်ခဲ့တဲ့ ဝတ်ရုံပါ....အဲ့ဒီလူက ကံကြမ္မာအမွေအနှစ်ကို ရရှိထားတာကြောင့် ဘိုးဘေးဆရာသခင်နဲ့ အားကောင်းတဲ့ ကံစပ်ဆက်မှု ရှိနေလိမ့်မယ်....အရှင်က ကူညီပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"

အပြာရောင်တိမ်တိုက်အရှင်က ဝတ်ရုံကို လှမ်းယူလိုက်သော်လည်း ချက်ချင်းရှာဖွေခြင်း မပြုချေ။ ထိုအစား သူက ခပ်ဖျော့ဖျော့အပြုံးဖြင့် ရှောက်မင်တို့ကို ကြည့်လိုက်သည်။

"အကျိုးအကြောင်းကံကြမ္မာကို အသုံးပြုဖို့ဆိုတာ ဗောဓိသတ္တရုပ်ပွားတော်တွေဆီက ကောင်းချီးမင်္ဂလာကိုယူဖို့ လိုအပ်ရုံတင်မကဘူး... ငါ့ရဲ့ စိတ်အခြေအနေကို ထိန်းညှိပြီးတော့ အာရုံစူးစိုက်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့လည်း လိုအပ်တယ်...မင်းတို့က ငါ့ကို ယုံကြည်တယ်ဆိုရင် ဒီမှော်ဝတ်ရုံကို ငါ့ဆီမှာ ထားခဲ့ပါ... မနက်ဖြန် ဒီအချိန်ကျရင် ရလဒ်ကို အသိပေးပါ့မယ်"

"အရှင်ရဲ့ နာမည်ဂုဏ်သတင်းက လောကတခွင်လုံးမှာ ပျံ့နှံ့နေတာပါ... ကျွန်တော်တို့ အရှင့်ကို ယုံကြည်ပါတယ်"

ရှောက်မင်က ခေါင်းညိတ်လိုက်ပြီး သူ၏အပေါင်းအပါများကို လက်ဟန်ပြလိုက်သည်။

"သွားကြစို့..."

"ဟုတ်ကဲ့..."

တခြားလူလေးယောက်သည်လည်း အပြာရောင်တိမ်တိုက်အရှင်ကို ထပ်မံ၍ အရိုအသေပြုလိုက်ပြီး နောက်သို့လှည့်ထွက်သွားကြသည်။

အခန်းထဲမှ ထွက်လာသည်နှင့် ခြေဗလာနှင့် မိန်းကလေးက နောက်သို့ပြန်လှည့်ကြည့်ပြီး မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"ခေါင်းဆောင်... ဘိုးဘေးဝတ်ရုံကို ဒီလိုထားခဲ့တာက တကယ်ပဲ အဆင်ပြေပါ့မလား"

ရှောက်မင်က ခေါင်းခါယမ်းလိုက်၏။

"မင်း ဘာမှစိတ်မပူနဲ့...အပြာရောင်တိမ်တိုက်အရှင်က ဗုဒ္ဓဂိုဏ်းရဲ့ အဆင့်မြင့်ဘုန်းကြီးတော်တစ်ပါးပါ....သူက ဝတ်ရုံတစ်ထည်လောက်ကို မက်မောနေမှာ မဟုတ်ဘူး"

ရေလှိုင်းအင်္ကျီလက်နှင့် အမျိုးသမီးက ရယ်မောပြီး ပြောဆိုသည်။

"ဝတ်ရုံတစ်ထည်ပဲလေ...ဘာမှ စိုးရိမ်စရာမရှိပါဘူး.....အဓိကပြဿနာက ကောင်းကင်ကံကြမ္မာ ဆက်ခံသူပဲ....ကျွန်မတို့ရဲ့ ကျင့်ကြံခြင်းအားလုံးက သူ့အပေါ်မှာ မူတည်နေတယ်...သူပုန်းအောင်းဖို့ ကြိုးစားရင် ကျွန်မတို့ရဲ့ရှေ့တည့်တည့်မှာ သူ မတ်တတ်ရပ်နေရင်တောင် သိနိုင်မှာမဟုတ်ဘူး....အကျိုးအကြောင်းကံကြမ္မာကသာ သူ့ကိုရှာတွေ့ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်..."

ခြေဗလာနှင့်မိန်းကလေးက မေးမြန်းသည်။

"သူ့ကို တွေ့ရင် ဘာလုပ်ကြမလဲ"

ရေလှိုင်းအင်္ကျီလက်နှင့် အမျိုးသမီးက တုံ့ပြန်အဖြေမပေးမှာပင် သံချပ်ကာဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားက အေးစက်စက် နှာမှုတ်လိုက်သည်။

"ဟမ့် ဘာလုပ်ရမှာလဲ...ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာက အမြဲတမ်း ငါတို့ပိုင်ဆိုင်ခဲ့တာ... အဓိကအမွေအနှစ်ကလည်း ငါတို့ပဲ ပိုင်ဆိုင်သင့်တာပေါ့...ငါတို့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ဘာမှမသိနားမလည်တဲ့ လူသစ်တစ်ယောက်ရဲ့ ထိန်းချုပ်တာကို ခံရမှာလား....အဲ့ဒီလူကို တွေ့တာနဲ့ သူက ကောင်းကင်ကံကြမ္မာကို လိမ်လိမ်မာမာ လက်လွှဲပေးမယ်ဆိုရင် သူ့ကို အသက်ချမ်းသာပေးနိုင်တယ်...တကယ်လို့ သူက ငြင်းဆန်မယ်ဆိုရင်တော့... သူ့ကို သတ်ဖြတ်ပြီးတော့ ကံကြမ္မာကို ဆွဲထုတ်ယူရလိမ့်မယ်"

"သူ့ရဲ့စိတ်ဝိညာဉ်ကို ငါ့အတွက် ချန်ထားပေးအုံး....ငါ သူ့ကို ကောင်းကောင်း နှိပ်စက်ချင်သေးတယ်"

ဝိညာဉ်ဆင့်ခေါ်ခြင်းအလံကို ကိုင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသား၏မျက်လုံးများ တောက်ပလာပြီး သရော်တော်တော်ပြုံးလိုက်သည်။

ခြေဗလာနှင့်မိန်းကလေးသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းသွားပြီးနောက် မည်သည့်စကားမျှ ဆက်မပြောတော့ချေ။

ကံကြမ္မာအတက်အလက်များသည် အဓိကကံကြမ္မာ၏အမိန့်ကို နာခံရစမြဲပင်။ သူတို့သည် ထုံးတမ်းစဥ်လာ ပုံစံငါးမျိုး သူတော်စင်အရှင်များအဖြစ် နာမည်ကျော်ကြားပြီး လူအများ၏ ရိုသေလေးစားခြင်းကို ခံရသူများပင်။ သူတို့သည် မမြင်ဖူး မတွေ့ဖူးသော ဂျူနီယာတစ်ယောက်၏အမိန့်ကို မည်သည်ကြောင့် နာခံနိုင်ကြမည်နည်း။

...

"ဒါကို လွယ်လွယ်ကူကူ ရလိုက်တာပဲ"

သူ၏ရှေ့ရှိ ဝတ်ရုံကို ကြည့်ရင်း အပြာရောင်တိမ်တိုက်အရှင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ၏ ဆက်ခံသူနှင့် သူ၏ ကံစပ်ဆက်မှုသည် အလွန်အားနည်းပြီး တစ်ဖက်လူသည် ထျန်းလီမြို့တော်တွင် ရှိနေသည်ဟုသာ သူ ဟောကိန်းထုတ်နိုင်ခဲ့သည်။ သူသည် ထိုကိစ္စကို ဖြည်းဖြည်းချင်း စုံစမ်းရှာဖွေလျှင် အချိန်အတော်ကြာ ယူရလိမ့်မည်ဟု တွေးထင်ထားခဲ့ပေ၏။

သူ အိပ်ချင်နေစဥ်တွင် ခေါင်းအုံးလာပေးသကဲ့သို့ ကိစ္စမျိုး ရှိနေလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။ ဤပုံစံငါးမျိုးသူတော်စင်အရှင်များက ဤမျှထိအရေးကြီးသော ပစ္စည်းကို သူ့ထံ ယူလာပေးခဲ့သည်။

ဤပစ္စည်း၏ အကူအညီဖြင့်ဆိုလျှင် ထိုလူ၏ တည်နေရာအတိအကျကို သူ သေချာပေါက် ရှာဖွေနိုင်ပြီး မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားသိမြင်နိုင်ပေမည်။

ထိုအချိန်ကျလျှင် သူသည် ထိုလူကို ဗုဒ္ဓဂိုဏ်းထံသို့ တိုက်ရိုက်ဖမ်းခေါ်သွားပြီး ဗုဒ္ဓအရှင်ထံ သတင်းပို့နိုင်ပေမည်။

အပြာရောင်တိမ်တိုက်အရှင်က သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ခြံဝင်းအတွင်းရှိ ဝင်္ကပါ အသက်ဝင်လာပြီး အရှိန်အဝါများအားလုံးကို ဖုံးကွယ်လိုက်သည်။ ထို့နောက် သူသည် ဗောဓိသတ္တရုပ်ထုရှစ်ဆူကို နောက်တစ်ကြိမ် ပြန်လည်၍ထုတ်ယူလိုက်၏။

သူသည် ဝတ်ပြုပူဇော်မှု အခမ်းအနားများကို လုပ်ဆောင်ပြီးနောက် ဝတ်ရုံပေါ်တွင် ဖျော့တော့သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အထက်သို့ မြင့်တက်သွားကာ ခန်းမ၏အပြင်ဘက်သို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

"ဒီအကျိုးအကြောင်းကံကြမ္မာက တကယ့်ကို သိပ်သည်းတာပါလား..."

နှင်းနတ်ဆိုးအရှင်နှင့် ချိတ်ဆက်မှုထက်ပင် ပို၍တောက်ပနေသော အလင်းတန်းကို မြင်လိုက်ရသဖြင့် အပြာရောင်တိမ်တိုက်အရှင်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူသည်လည်း လေထုထဲသို့ ခုန်တက်ကာ ပျံသန်းလိုက်သည်။

မီတာအနည်းငယ်ခန့် ပျံသန်းပြီးချိန်၌ သူသည် အလိုအလျောက် ရပ်တန့်သွားပေ၏။

အလင်းတန်းသည် သူ၏ခြံဝန်းငယ်လေးထဲမှ ပျံ့လွင့်သွားပြီး နံဘေးရှိခြံဝင်းထဲသို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်ကို သူ မြင်တွေ့လိုက်ရသည်။ ထို့နောက် ထိုအလင်းတန်းသည် အရိပ်အယောင်မကျန်ရှိဘဲ ချက်ချင်းပျောက်ကွယ်သွားပေ၏။

"ဒါက တကယ့်ကို သူဖြစ်နေတာပါလား..."

အပြာရောင်တိမ်တိုက်အရှင်က သူ၏မုတ်ဆိတ်ကိုပွတ်သပ်ရင်း တည်ကြည်လေးနက်သော အမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။

All Chapters