← Chapters

ကံကြမ္မာကူးပြောင်းခြင်း

Vol. 35 Ch. 413

ကံကြမ္မာကူးပြောင်းခြင်း

Vol. 35 Ch. 413

အကြောင်းနှင့်အကျိုး ရှိနေသဖြင့် ဆက်နွယ်မှုများ ရှိနေစမြဲပင်။ ယခင်က ဘေးအိမ်မှ ကျန်းရွှမ်ချင်းသည် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ၏ ဆက်ခံသူဖြစ်နိုင်သည်ဟု သူ ခန့်မှန်းခဲ့ရုံသာရှိသည်။ ယခုချိန်တွင်မူ သူ ရာနှုန်းပြည့် သေချာသွားခဲ့လေပြီ။

ခုန်းရှီမင် ဟုတ်မဟုတ်ဆိုသည်နှင့် ပတ်သက်၍မူ သူတို့နှစ်ယောက် အတူရှိနေသည့်အချိန်တွင် ကျန်းရွှမ်ချင်းက ဦးဆောင်သူဖြစ်နေသည်မှာ သိသာထင်ရှားသည်။ ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာဆက်ခံသူကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုးသည် အရေးမပါသည့် လူတစ်ယောက်အပေါ် ဤကဲ့သို့ပုံစံမျိုးနှင့် မည်သည်ကြောင့် ဆက်ဆံနိုင်မည်နည်း။

"နှင်းနတ်ဆိုးအရှင်ကို လက်လွှတ်လိုက်ရပေမယ့် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာရဲ့ သတင်းကို အတည်ပြုနိုင်ခဲ့တယ်... အရာရာတိုင်းကို ကံကြမ္မာက ကြိုတင်သတ်မှတ်ထားပြီးသားပဲ.....ဒီလိုဖြစ်လာမှတော့ ငါက သူ့ကို ဗုဒ္ဓအရှင်ဆီ အရင်ဆုံး လွှဲပြောင်းပေးလိုက်မယ်"

အပြာရောင်တိမ်တိုက်အရှင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးကို ဆုံးရှုံးလိုက်ရသဖြင့် ဗုဒ္ဓအရှင်က သူ့ကို သေချာပေါက် အပြစ်တင်ပေလိမ့်မည်။ ယခုချိန်၌ သူသည် ဤလူကို ခေါ်ဆောင်သွားနိုင်မည်ဆိုလျှင် သူ၏အမှားများကို ပြန်လည်၍ချေဖျက်နိုင်ပေမည်။

ဤအတွေးနှင့်အတူ သူ၏မျက်လုံး တောက်ပသွားပြီး သူ့၏ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားများသည် ပြဒါးများအလား ဘေးအိမ်၏ခြံဝင်းထံသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။

...

အခန်းထဲတွင် ကျန်းရွှမ်သည် ပလ္လင်ခွေ ထိုင်နေလေ၏။ သူသည် အဆင့်တက်ထားသည်မှာ မကြာသေးသဖြင့် စွမ်းအားများသည် သူ၏မရီဒါန်းများထဲတွင် ရေစီးကြောင်းတစ်ခုအလား တလိမ့်လိမ့်စီးဆင်းနေသည်။

ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သည် ကြယ်လေးပွင့် ကံကြမ္မာဆရာသခင်တစ်ယောက်နှင့် ညီမျှသည်။

ဤသည်မှာ ကံကြမ္မာဆရာသခင်တစ်ယောက်၏လေ့ကျင့်မှုတွင် အရေးပါဆုံး အဆင့်များအနက်မှ တစ်ခုဖြစ်ပြီး ကိုယ်ပိုင်ကံကြမ္မာကို ပြီးပြည့်စုံစွာ ထိန်းချုပ်ပြီး ပြန်လည်၍ပုံသွင်းခြင်းပင်။ ဤနယ်ပယ်၌ ကံကြမ္မာဆရာသခင်တစ်ယောက်သည် လွင့်မျောနေသော ကံကြမ္မာအတက်အလက်များမှ ခွဲထွက်ပြီး သူတို့၏ ယုံကြည်ချက်ကို တိတိကျကျ သတ်မှတ်ကာ ရာနှုန်းပြည့် ကြိုးပမ်းအားထုတ်ရန် လိုအပ်သည်။

ကံကြမ္မာတည်ထောင်ခြင်းဆိုသည်မှာ နာမည်နှင့်လိုက်ဖက်အောင်ပင် တစ်စုံတစ်ယောက်သည် သူ၏ကံကြမ္မာကို အတည်ပြုသတ်မှတ်ခြင်းပင်။ တစ်စုံတစ်ယောက်သည် ကံကြမ္မာကို တည်ထောင်ပြီးသွားပါက ပြောင်းလဲ၍ မရတော့ပေ။ ကံကြမ္မာကို အတင်းအကြပ် ပြောင်းလဲမည်ဆိုပါက ထိုလူသည် အကောင်းဆုံးအနေဖြင့် ဒဏ်ရာအပြင်းအထန် ရရှိနိုင်ပြီး အဆိုးဆုံးအနေဖြင့် မသန်စွမ်းသူတစ်ယောက် ဖြစ်သွားနိုင်သည်။ ထိုလူသည် ပြန်လည်မကောင်းမွန်နိုင်တော့ခြင်း သို့မဟုတ် ချက်ချင်းသေဆုံးသွားခြင်းတို့ပင် ဖြစ်သွားနိုင်ပေ၏။

ထိုသို့ အရေးကြီးသောကြောင့် ဤနယ်ပယ်ကို ချိုးဖောက်ဝင်ရောက်လိုက်သည်နှင့် ကျန်းရွှမ်သည် ကောင်းကင်ဘုံသောကကံကြမ္မာနှင့် ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ သူ ယခင်က ကျင့်ကြံခဲ့သော လေဟာနယ်ကံကြမ္မာနှင့် မိုတောက်ကံကြမ္မာများသည် ချက်ချင်းဖယ်ထုတ်ခံလိုက်ရပြီး ယခင်ကဲ့သို့ ဟန်ချက်ညီခြင်း မရှိတော့ချေ။

ဤကံကြမ္မာစွမ်းရည်များနှင့်နည်းစနစ်များကို ကောင်းကင်ဘုံသောကကံကြမ္မာ၏ အကူအညီဖြင့် သူ အသုံးပြုနိုင်သေးသော်လည်း လက်အောက်ငယ်သားတစ်ယောက်မှတဆင့် အမိန့်ပေးနေရသည့်အလား အတားအဆီးတစ်ခု ရှိနေသည်ကို ခံစားမိပေ၏။

ပွင့်ပွင့်လင်းလင်း ပြောဆိုရလျှင် ကောင်းကင်ဘုံသောကကံကြမ္မာသည် တမူထူးခြားသော နည်းစနစ်တစ်ခုနှင့် တူညီသည်။ သူ ထိုကံကြမ္မာကို ကျင့်ကြံနေသရွေ့ တခြားကံကြမ္မာများ၏ နည်းစနစ်များကို ထုတ်ဖော်အသုံးပြုနိုင်သော်လည်း ထိုအရာများကို အသန့်စင်ဆုံးပုံစံဖြင့် လေ့ကျင့်နိုင်တော့မည် မဟုတ်ချေ။

သို့ရာတွင် ကျန်းရွှမ်အတွက်မူ ဤသည်မှာ ပြဿနာမရှိချေ။ ကိစ္စအမြောက်အများကို တပြိုင်နက်တည်း လုပ်ဆောင်ခြင်းမှာ ကောင်းမွန်သည့်အရာ မဟုတ်ပေ။ သူသည်လောဘကြီးသူတစ်ယောက် မဟုတ်ချေ။ ကောင်းကင်ဘုံသောကကံကြမ္မာသည် သူ့အတွက် ပို၍သင့်တော်ပြီး အဆင့်ပိုမြင့်သဖြင့် လက်လွှတ်ခံမည် မဟုတ်ပေ။

သူသည် အသက်ပြင်းပြင်းရှိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက စွမ်းအားများကို နောက်တစ်ကြိမ် ပြန်လည်စုစည်းရန် ဟန်ပြင်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူ၏စိတ်ဝိညာဉ်ထဲတွင် မူးဝေသည့်အရိပ်အယောင်ကို ခံစားလိုက်ရပြီး နောက်ထပ်အချိန်တခဏတွင် သူ၏အသိစိတ် အခန်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူ၏ရှေ့တွင် ကြီးမားကျယ်ပြန့်သော စွမ်းအင်မြစ်ကြီးတစ်စင်း ထွက်ပေါ်လာပြီး ထူးခြားသည့် ရေလှိုင်းစည်းချက်သံများက သူ၏နားထဲတွင် ပဲ့တင်ထပ်နေသည်။

ကျန်းရွှမ် ကြက်သေသေသွားသည်။

သူသည် အခန်းထဲတွင် ကျင့်ကြံနေခဲ့သော်လည်း မည်သည်ကြောင့် ဤနေရာသို့ ရောက်လာခဲ့သနည်း....

သူသည် ဇဝေဇဝါဖြစ်နေသော အကြည့်ဖြင့် မြစ်ပြင်ကျယ်ကြီးထံသို့ ဂရုတစိုက် ကြည့်လိုက်၏။

မြစ်ပြင်သည် ကြီးမားကျယ်ပြန့်ပြီး ရေများ လှိုင်းထန်နေသည်။ သူသည် ရေမျက်နှာပြင်ပေါ်ကို သူ၏ခြေထောက်ဖြင့် အသာအယာ ထိတွေ့လိုက်သည်နှင့် ဗုဒ္ဓမန္တန်တီးတိုးရွတ်ဆိုသံတစ်သံက သူ၏နားထဲသို့ ချက်ချင်းဝင်ရောက်လာပြီး သူ၏စိတ်ဝိညာဉ်ကို အဆက်မပြတ် ရိုက်ခတ်နေသည်။

"ဒါက... ဗုဒ္ဓဂိုဏ်းက အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးရဲ့ ကံကြမ္မာမြစ်လား"

ကျန်းရွှမ်သည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားသည်။ ကျန်းရွှမ်၏ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး နောက်သို့လှည့်ထွက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကြီးမားသော ဗုဒ္ဓပုံရိပ်ယောင်ကြီးတစ်ခုက သူ၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ယောင်ကြီးသည် ပေတစ်ရာခန့်မြင့်မားပြီး လက်အုပ်ချီသည့်လက်ဟန်ကို ပြုလုပ်ထားသည်။ သူ၏ခန္ဓာကိုယ်လုံးမှနေ၍ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ထားပြီး ခမ်းနားထည်ဝါမှုနှင့် တည်ကြည်လေးနက်မှုကို ပေးစွမ်းနေသည်။ သူ၏မျက်ခုံးများ တွဲကျနေပြီး သူ၏မျက်လုံးများတွင် သနားကြင်နာခြင်း အရိပ်အယောင်များ ထင်ဟပ်နေသဖြင့် ကြည့်လိုက်သည်နှင့် ငြိမ်းချမ်းမှုကို ခံစားရစေသည်။

"မင်းက ရင်းမြစ်ကမ္ဘာကို ခရီးရှည်ကြီးနှင်ပြီး လာခဲ့တာ ဘာအတွက်လဲ....မင်း ပိုပြီးသန်မာအားကောင်းလာဖို့ မဟုတ်လား....မင်း ကံကြမ္မာကူးပြောင်းလိုက်တာနဲ့ ဗုဒ္ဓဂိုဏ်းရဲ့ အထွတ်အထိပ်အရင်းအမြစ်တွေကို ရယူနိုင်မှာဖြစ်ပြီးတော့ အချိန်တိုအတွင်းမှာ မင်းက အသက်ပင်လယ်နယ်ပယ် ဒါမှမဟုတ် အဲ့ဒီထက်မြင့်တဲ့အဆင့်ကိုတောင် တက်လှမ်းနိုင်လိမ့်မယ်"

"ဗုဒ္ဓဂိုဏ်းက မင်းရဲ့ကျင့်ကြံမှုကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်တဲ့အပြင် အကူအညီတွေလည်း ပေးနိုင်တယ်"

"လောကမှာရှိတဲ့ အရာအားလုံးက လွင့်ပြယ်သွားတဲ့ တိမ်တိုက်တွေလိုပါပဲ.... စစ်မှန်တဲ့အတ္တကသာ ထာဝရတည်မြဲတဲ့အရာပဲ... ဘာလို့ အရေးမပါတဲ့ ကိစ္စတွေအတွက် စိုးရိမ်ပူပန်နေမှာလဲ"

...

အချိန်တခဏအတွင်းမှာပင် ကျန်းရွှမ်၏စိတ်ထဲတွင် အတွေးမျိုးစုံ ဖြတ်သန်းသွားပြီး ရှုပ်ထွေးကာ ထိတ်လန့်နေသော သူ့၏စိတ်အခြေအနေ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။

သူ့ကိုယ်သူ သတိမထားမိဘဲ သူ့၏လက်သည် လက်အုပ်ချီသည့်လက်ဟန် ဖြစ်သွားပြီး သဘောတူကြောင်း ခေါင်းညိတ်ရန် ဟန်ပြင်လိုက်မိသည်။

မြစ်အထက်ရှိ လေထုအတွင်းတွင် အပြာရောင်တိမ်တိုက်အရှင်သည် ပျံဝဲနေပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ဤကောင်စုတ်လေးသည် ခေါင်းညိတ်လိုက်တာနဲ့ သူ၏တပည့် ဖြစ်လာပြီး ဗုဒ္ဓကံကြမ္မာသို့ လိုလိုလားလား ကူးပြောင်းလာပေလိမ့်မည်။

တခြားလူတွေကို ကံကြမ္မာပြောင်းလဲရာ၌ ဗုဒ္ဓဂိုဏ်း၏စွမ်းအားသည် လောကကြီးတခွင်လုံးတွင် ပြိုင်ဘက်ကင်းပင်။ ဗုဒ္ဓဂိုဏ်းသည် နတ်ဆိုးအရှင်များကိုတောင် အဆင့်မြင့်ဘုန်းတော်ကြီးများအဖြစ် လွယ်လင့်တကူ ပြောင်းလဲပေးနိုင်တာ သာမန်လူများကို ဆိုဖွယ်ရာပင် မရှိချေ။

ဤလူငယ်လေးသည် ပါရမီမဆိုးပေမယ့် အသက်နှစ်ဆယ်ကျော်အရွယ်ခန့်သာ ရှိသေးပြီး လောကကြီး၏အတွေ့အကြုံ မရှိသလောက်နီးပါးပင်။ သူ၏စိတ်ဆန္ဒသည် ခိုင်မာအုံးမည် မဟုတ်သဖြင့် ဤကဲ့သို့ သွေးဆောင်မှုကို တောင့်ခံနိုင်မည် မဟုတ်ချေ။

ယခုချိန်တွင် ဤကိစ္စသည် အဆုံးသတ်တော့မည့်ပုံပင်။

အပြာရောင်တိမ်တိုက်အရှင် စဥ်းစားတွေးတောနေစဉ်မှာပင် လက်အုပ်ချီသည့်လက်ဟန်ပြုလုပ်ပြီး ခေါင်းညိတ်ရန် ဟန်ပြင်နေသော ကျန်းရွှမ်သည် ဗုဒ္ဓ၏ရွတ်ဆိုသံအတွင်းမှ အတွေးတစ်ခုက သူ၏စိတ်ထဲသို့ ထွင်းဖောက်ဝင်ရောက်လာသည်ကို ရုတ်တရက် သတိပြုလိုက်မိသည်။

"အတ္တမရှိခြင်း...အတ္တကိုမေ့ပျောက်ခြင်း.... သံယောဇဉ်အားလုံးကို စွန့်လွှတ်ခြင်း... ဒါမှသာ မဟာတာအိုကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပြီးတော့ အဆုံးစွန်သော လွတ်လပ်မှုကို ခံစားရရှိနိုင်မယ်....."

ကျန်းရွှမ်၏ အနည်းငယ်တွေဝေနေသော စိတ်အခြေအနေ လှုပ်ခတ်သွားပြီး ချက်ချင်းဆိုသလိုပင် သူ အသိပြန်ဝင်လာခဲ့သည်။

ဤအချိန်တွင် သူသည် ကံကြမ္မာတည်ထောင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်ဘုံသောကကံကြမ္မာနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ထားပြီးလေပြီ။ သူ၏ရှေ့မှ ဗုဒ္ဓပုံရိပ်ယောင်သည် သူ့အား ကောင်းကင်ဘုံသောကကံကြမ္မာကို စွန့်လွှတ်ခိုင်းသည်မှာ သူ့၏အသက်ကို စွန့်လွှတ်ခိုင်းသည်နှင့် ထပ်တူထပ်မျှပင်။ ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စတစ်ရပ် ဖြစ်ပေ၏။

"ငါ့ကို ကံကြမ္မာကူးပြောင်းစေချင်တာလား"

ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ကံကြမ္မာတည်ထောင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီး သူ၏ရုပ်ခန္ဓာကိုယ်ကို ကောင်းကင်ဘုံသောကကံကြမ္မာနှင့် ပြီးပြည့်စုံစွာ ချိတ်ဆက်ထားသည်။ ထိုသို့မဟုတ်လျှင် ဤကဲ့သို့ တစ်စုံတစ်ယောက်မှ ကံကြမ္မာကူးပြောင်းပေးရန် ကြိုးစားမှုကို ခုခံနိုင်ရန် သူ့အတွက် အလွန်ခက်ခဲကာ တစ်ဖက်လူ၏နောက်လိုက် ဖြစ်သွားနိုင်ပေ၏။

ဤသည်မှာ မည်သူ ဖြစ်သနည်း.....

ဤအချိန်အတောအတွင်းသည် သူသည် မည်သူ့ကိုမှ ရန်စစော်ကားခြင်းမပြုဘဲ အေးအေးဆေးဆေးနေခဲ့သည်။ ဤလူသည် မည်သည်ကြောင့် ယခုကဲ့သို့ ပြုလုပ်သနည်း။

ထို့ပြင် သူ့ထံတွင် မည်သည့်ရည်ရွယ်ချက်မျိုး ရှိနေသနည်း။

အပြာရောင်တိမ်တိုက်အရှင်....

လူတစ်ယောက်ကို တွေးမိပြီးနောက် သူ၏မျက်လုံးများ စူးရှတောက်ပသွားပေ၏။

သူ့၏လက်ရှိစွမ်းအားက အလွန်သန်မာအားကောင်းခြင်း မရှိသော်လည်း ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သို့ ရောက်ရှိနေလေပြီ။ တစ်ဖက်လူသည် သူ့ကို ပုံရိပ်ယောင်နယ်ပယ်တစ်ခုထဲသို့ ဆွဲခေါ်ပြီး ကံကြမ္မာပြောင်းလဲလုနီးပါးဖြစ်အောင် သူ၏စိတ်ကို လွယ်လင်တကူ နှောင့်ယှက်နိုင်ခဲ့သည်။ ဤသို့ပြုလုပ်နိုင်သည်မှာ ထိုအဆင့်မြင့်ဗုဒ္ဓဂိုဏ်းဝင် ဘုန်းတော်ကြီးမှလွဲ၍ တခြားမည်သူမျှ မရှိမည်ကို သူစိုးရိမ်မိသည်။

ဖြစ်နိုင်တာက... တစ်ဖက်လူက ငါ နှင်းနတ်ဆိုးအရှင်ကို ဖမ်းထားတာသိလို့ ငါ့ကို လာပြီး တိုက်ခိုက်တာများလား....

မဟုတ်ဘူး....အဲ့ဒါက မဖြစ်နိုင်ဘူး...

နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေကို ရောက်ရှိလာစဥ်အချိန်မှစ၍ ကောင်းကင်ဘုံစာကြည့်တိုက်ထဲ၌ သူ သိမ်းဆည်းထားခဲ့သည်။ အပြာရောင်တိမ်တိုက်အရှင်ကို မဆိုထားနှင့် ဗုဒ္ဓအရှင်ကိုယ်တိုင်ပင်လျှင် ထိုအရာကို အာရုံခံနိုင်မည်ဟု သူ တွေးထင်မထားမိချေ။ ထို့ပြင် အကယ်၍ ထိုကိစ္စကြောင့်သာဖြစ်နေလျှင် သူ့အား တိုက်ရိုက်တောင်းဆိုနိုင်ပြီး ယခုကဲ့သို့ စိတ်ဝိညာဥ်စွမ်းအားဖြင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် မလိုအပ်ချေ။

သို့ရာတွင် မည်သည့်အကြောင်းပြချက်မျိုး ရှိနေပါစေ သူ့အား ထောင်ချောက်ထဲသို့ ကျရောက်လုနီးပါးဖြစ်အောင် လျှို့ဝှက်တိုက်ခိုက်သည်မှာ သူ၏သည်းခံနိုင်စွမ်းကို ထိပါးလာခြင်းပင်။

"အပြာရောင်တိမ်တိုက်အရှင်ရဲ့စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်....အခု ငါက သူ့ရဲ့ပုံရိပ်ယောင်နယ်ပယ်ထဲကို ရောက်နေပြီးတော့ ကံကြမ္မာမြစ်ကိုလည်း ပိတ်ဆို့ထားတာကြောင့် ငါ ထွက်ပြေးဖို့ ကြိုးစားရင်တောင် အရာထင်မှာ မဟုတ်ဘူး...ငါ ဘေးကင်းလုံခြုံနိုင်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်"

ကျန်းရွှမ်သည် သူ၏အခြေအနေကို နားလည်သဘောပေါက်သွားကာ သူသည် အလျင်စလို ဆုံးဖြတ်ချက်မချဘဲ တိတ်တဆိတ် စဉ်းစားတွေးတောလိုက်သည်။

သူသည် နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေကို ချိတ်ပိတ်ထားနိုင်တာက ထိုနတ်ဆိုး၏ရုပ်ခန္ဓာကိုယ် ပျက်စီးသွားသည့်အပြင် ကောင်းကင်ဘုံစာကြည့်တိုက်ထဲ၌ သူသည် ပြိုင်ဘက်ကင်းသောကြောင့်ပင်။ သို့ရာတွင် ယခုချိန်၌မူ သူသည် ရန်သူ၏နယ်မြေထဲတွင် ရောက်နေရုံသာမက သူ၏ကျင့်ကြံဆင့်စွမ်းအားသည်လည်း မလုံလောက်ချေ။ သူ ယခုထက်ပို၍ သန်မာအားကောင်းလျှင်ပင် ဤနေရာမှ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

"ဗုဒ္ဓကံကြမ္မာကို ကူးပြောင်းပါ.... မဟာတာအိုကို မျက်ဝါးထင်ထင် ရှုမြင်ပါ....အဆုံးစွန်သော လွတ်လပ်မှုကို ရယူပါ...တွေးကြည့်လို့မရနိုင်တဲ့ ပျော်ရွှင်မှုတွေကို မင်း ရလာလိမ့်မယ်..."

သူ တွေဝေတုံ့ဆိုင်းနေသည့်အချိန်မှာပင် အပြာရောင်တိမ်တိုက်အရှင်၏ ဇင်ဓမ္မဟောပြောမှုများက လေထုထဲတွင် ပဲ့တင်ထပ်လာသည်။

ထိုအသံများသည် သူ၏နားထဲတွင် တဖြည်းဖြည်းချင်း ကျယ်လောင်လာပြီး သူ၏စိတ်ဝိညာဉ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ဤသည်မှာ ကျန်းရွှမ်၏ ကြည်လင်လာသည်မှာ မကြာသေးသော စိတ်ကို နောက်တစ်ကြိမ် ထပ်မံ၍ရှုပ်ထွေးသွားစေသည်။

သူ အရှုံးပေးလိုက်ရတော့မည့် အချိန်မှာပင် အတွေးတစ်ခုက သူ၏စိတ်ထဲတွင် ဖြတ်ပြေး သွားသည်။

"အပြာရောင်တိမ်တိုက်အရှင်ရဲ့ကံကြမ္မာမြစ်က အနည်းဆုံး သတ္တမအဆင့် ဒါမှမဟုတ် အဋ္ဌမအဆင့်ကိုတောင် ရောက်နေပြီ... အရင်တုန်းကတော့ ငါ ဒါကို လေ့လာဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး... ဒါပေမဲ့ တကယ်လို့ ငါသာ ကောင်းကင်ဘုံသောကကံကြမ္မာနဲ့ ချိတ်ဆက်နိုင်မယ်ဆိုရင် ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို ရယူနိုင်မလား"

All Chapters