← Chapters

ကောင်းကင်ကံကြမ္မာများ ချိတ်ဆက်ခြင်း

Vol. 35 Ch. 414

ကောင်းကင်ကံကြမ္မာများ ချိတ်ဆက်ခြင်း

Vol. 35 Ch. 414

ကျန်းရွှမ် ချက်ချင်းဆိုသလိုပင် တက်ကြွလန်းဆန်းသွားသည်။

လက်ရှိချိန်၌ သူ၏ကျင့်ကြံခြင်းလမ်းကြောင်းတွင် အတားအဆီးဖြစ်နေသည်မှာ လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအား မရှိခြင်းပင်။ ယခုချိန်၌ သူ၏ရှေ့ရှိ မြစ်ကြီးသည် ကောင်းကင်ကံကြမ္မာစွမ်းအားသက်သက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေ၏။ ထိုစွမ်းအားများတွင် ဗုဒ္ဓကံကြမ္မာ၏ဂုဏ်သတ္တိများ ပါဝင်နေသော်လည်း ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ဆွဲသွင်းနိုင်သရွေ့ စာအုပ်များအဖြစ် ပြောင်းလဲနိုင်ပြီး မည်သည့်ဂုဏ်သတ္တိမှ မပါဝင်သော သန့်စင်သည့် စွမ်းအားအဖြစ် အသွင်ပြောင်းလဲနိုင်ပေမည်။

ဤသည်မှာ ကမ္ဘာကူးပြောင်းလာသူတစ်ယောက်၏ အထူးစွမ်းရည်မှ အကျိုးသက်ရောက်မှုတစ်ခုပင်။

ထို့ပြင် တစ်စုံတစ်ယောက်၏ကံကြမ္မာမြစ်မှ စွမ်းအားများကို ထုတ်ယူလိုလျှင် သူ့ထံ၌ ကံကြမ္မာကို ဆန့်ကျင်နိုင်ပြီး တခြားလူ၏စွက်ဖက်ခြင်းကို မခံရနိုင်သော ကျင့်ကြံဆင့်စွမ်းအားမျိုး ရှိရပေမည်။ ထို့နောက် တစ်ဖက်လူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်မြစ်ကို သူ့ထံသို့ ထုတ်ဖော်ပြသပေးရန် လိုအပ်သည်။

အပြာရောင်တိမ်တိုက်အရှင်သည် သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာပြီး ကံကြမ္မာကူးပြောင်းစေရန် ကြိုးပမ်းခြင်းဖြင့် အမှတ်မထင် ဤအခွင့်အရေးကို ပေးလိုက်ခြင်းဖြစ်သည်။

သူသည် ကောင်းကင်ဘုံသောကကံကြမ္မာကို စတုတ္ထအဆင့်အထိ နားလည်သဘောပေါက်ထားပြီး ကံကြမ္မာတည်ထောင်ခြင်းကို ပြီးမြောက်ထားသူပင်။ ထိုကြောင့် သူသည် ကံကြမ္မာကို ဆန့်ကျင်နိုင်စွမ်းရှိပြီး တစ်ဖက်လူ၏စွက်ဖက်မှုမရှိအောင် နေနိုင်စွမ်းရှိသည်။ သူသည် ပြိုင်ဘက်ထက် သာလွန်သော ကံကြမ္မာကို ပိုင်ဆိုင်ထားခြင်းနှင့် ပေါင်းစပ်လိုက်လျှင် တန်ပြန်ဒဏ်ကို မခံစားရဘဲ တစ်ဖက်လူကို ဖိနှိပ်နိုင်စွမ်း ရှိပေလိမ့်မည်။

အရာအားလုံး အဆင်သင့်ဖြစ်နေလေပြီ။

ကျန်းရွှမ်၏မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး ဆံချည်တစ်မျှင်စာလောက်သာရှိသော သောကပိုးချည်တစ်မျှင်သည် သူ၏ခြေဖဝါးအောက်မှ တိတ်တဆိတ် ထွက်ပေါ်လာကာ အောက်ဘက်ရှိ မြစ်ရေနှင့် သွားရောက်ချိတ်ဆက်လိုက်သည်။

ယခင်က တခြားကံကြမ္မာများနှင့် ချိတ်ဆက်ရာတွင် သူသည် အမြဲတစေ တစ်ဖက်က စတင်မှသာ လက်ခံရယူလေ့ရှိသည်။ ဤတစ်ကြိမ်သည် သူ စတင်လှုပ်ရှားခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်လည်း ဖြစ်သောကြောင့် ပြောရမည်ဆိုလျှင် အလွန်စိတ်ကျေနပ်ဖွယ်ကောင်းသည်။

သို့ရာတွင် သူ၏ရှေ့ရှိ မြစ်ရေသည် အလွန်သန့်ရှင်းစင်ကြယ်နေပြီး မည်သည့် မလျော်ကန်မှုမျှ မရှိသော လောကီအညစ်အကြေးများကင်းဝေးသည့် ကောင်းကင်ဘုံအလွန်မှ မြစ်တစ်စင်းအလားပင်။ ထိုမြစ်ရေနှင့် ထိတွေ့မိသည်နှင့် သောကပိုးချည်သည် အရိပ်အယောင်ပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

ဤကိစ္စကို တွေးတောရသည်မှာ လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် ရိုးရှင်းမှုမရှိချေ။

ကံကြမ္မာတစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်ဂုဏ်သတ္တိများ ရှိကြသည်။ ထိုအရာနှင့် ပေါင်းစပ်လိုလျှင် တူညီသည့်အချက်ကို ရှာဖွေရပေမည်။ ထိုသို့မဟုတ်ပါက တလိမ့်လိမ့်စီးဆင်းနေသော ကံကြမ္မာမြစ်နှစ်စင်း တိုက်မိလျှင် ဆီနှင့်ရေကဲ့သို့ လျင်မြန်စွာ ကွဲကွာသွားပေလိမ့်မည်။

"ကောင်းကင်ဘုံသောကကံကြမ္မာက လေဟာနယ်ကံကြမ္မာ မိုတောက်ကံကြမ္မာ မြေခွေးညှို့ငင်ကံကြမ္မာတို့နဲ့ ချိတ်ဆက်နိုင်တယ်... ဘာကြောင့်လဲဆိုတော့ အဲ့ဒါတွေအားလုံးမှာ ပုံစံတစ်မျိုးမျိုးနဲ့ 'စိတ်ခံစားမှု' တွေ ပါဝင်နေလို့ပဲ"

မြေခွေးညှို့ငင်ကံကြမ္မာသည် တခြားလူများကို ညှို့ငင်ဖမ်းစားရန်အတွက် ပထမဆုံး တစ်ဖက်လူ၏ စိတ်ခံစားချက်ကို နှိုးဆွရပြီး ကောင်းမွန်သော အမြင်တစ်ခုကို ဖန်တီးရသည်။ ထို့နောက်မှသာ ထိုအရာကို ကောင်းကင်ဘုံသောကကံကြမ္မာနှင့် ရောယှက်နိုင်ခြင်း ဖြစ်သည်။

မိုတောက်ကံကြမ္မာသည်လည်း ထပ်တူထပ်မျှဖြစ်ကာ အရှိန်အဟုန်ကံကြမ္မာသည်လည်း စိတ်ခံစားမှုများနှင့် ဆက်စပ်နေသည်။ ကျောထောက်နောက်ခံပြုပေးမည့် စိတ်ခံစားမှုမရှိပါက ဓားနည်းစနစ်တစ်ခု သို့မဟုတ် အရှိန်အဝါတစ်ရပ်သည် မည်မျှပင် အစွမ်းထက်နေပါစေ အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။

လေဟာနယ်ကံကြမ္မာနှင့် ပတ်သက်၍မူ စိတ်ခံစားမှုနှင့် မသက်ဆိုင်သကဲ့သို့ ထင်ရသော်လည်း ဤစွမ်းအားကို ထုတ်ဖော်အသုံးပြုသည့် ကျင့်ကြံသူများသည် စိတ်ခံစားမှု၏ ချည်နှောင်မှုမှ မလွတ်မြောက်နိုင်ကြချေ။

ဤသည်မှာ သူ ဟန်ယွမ်မြို့တော်သို့ ပြန်ချင်သည့် စိတ်ဆန္ဒအလားပင်။ ထိုနေရာ၌ သူ စိတ်ပူရမည့် လူတစ်ယောက် သို့မဟုတ် အရာတစ်ခု ရှိနေခြင်းဖြစ်စေ အန္တရာယ်တစ်ခုခု ရှိနေခြင်းကိုဖြစ်စေ ဆိုလိုပေ၏။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ စိတ်ခံစားချက်ဆိုင်ရာ လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

ကောင်းကင်ဘုံစာကြည့်တိုက်ထဲရှိ လေဟာနယ်ကံကြမ္မာသည် သောကပိုးချည်၏ထိန်းချုပ်မှုကို ဤပုံစံဖြင့် ခံထားရခြင်း ဖြစ်သည်။

"ကံကြမ္မာဆိုတာ ကျင့်ကြံသူတစ်ယောက်ရဲ့ ရေစက်ပဲ....ရေစက်ပါလာရင် အချစ် အမုန်း ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ သဘာဝအလျောက် ရှိနေတယ်...ဒီအပြာရောင်တိမ်တိုက်အရှင်လည်း ခြွင်းချက်မဖြစ်သင့်ဘူး...ငါက အဲ့ဒါကို ရှာတွေ့နိုင်သရွေ့ ချိတ်ဆက်နိုင်လိမ့်မယ်..."

ထိုအတွေးများက ကျန်းရွှမ်၏စိတ်ထဲတွင် ဖြတ်သန်းသွားသည်။

ဤအချိန်တွင် ထိုအဆင့်မြင့် ဗုဒ္ဓဂိုဏ်းဝင် ဘုန်းကြီးသည် 'အတ္တကင်းစင်ခြင်း' ကံကြမ္မာကို ကျင့်ကြံနေကြောင်း သူ မြင်တွေ့လိုက်ရသည်။

ဤကံကြမ္မာအမျိုးအစားသည် ကိုယ့်ကိုယ်ကိုယ် မေ့ပျောက်ခြင်း စိတ်ခံစားမှုအားလုံးကို မေ့ပျောက်ခြင်းတို့ရှိရန် လိုအပ်ပြီး ထိုအကြောင်းအရင်းကြောင့် တခြားအရာများနှင့် ထူးကဲစွာ ကင်းကွာနေပုံ ပေါက်နေခြင်းပင်။ သို့ရာတွင် လောကီကိစ္စများနှင့် အလွန်အမင်း ကင်းကွာနေသူများ၌ပင် သူတို့၏စိတ်ဆန္ဒများ ရှိနေတက်သည်။

ကိုယ်ပိုင်စိတ်ဆန္ဒရှိလာလျှင် အာရုံထွေပြားမှုများ ပါလာပြီး ထိုအရာများမှ အချစ် အမုန်း ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ဖြစ်ပေါ်လာသောကြောင့် သောကပိုးချည်ကို မွေးဖွားပေးနိုင်သည်။

"ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင်....သူ့ရဲ့စိတ်ဆန္ဒက ဗောဓိသတ္တအဆင့်ကို ရရှိဖို့ပဲဖြစ်မယ်..."

အပြာရောင်တိမ်တိုက်အရှင်အတွက် တပည့်ဖြစ်စေ ဆရာဖြစ်စေ သေဆုံးခြင်းသည် သေဆုံးခြင်းမျှသာဖြစ်ပြီး မည်သည့် စိတ်ခံစားချက်လှုပ်ခတ်မှုကိုမျှ မဖြစ်ပေါ်စေနိုင်ချေ။ သို့ရာတွင် ဗောဓိသတ္တအဆင့်ကို မရရှိခြင်းကမူ သူ၏ဒေါသမုန်တိုင်းကို သေချာပေါက် တောက်လောင်စေပေလိမ့်မည်။

ဤသည်မှာ သူ၏အားနည်းချက်ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။

ထိုအတွေးဖြင့် သောကပိုးချည်သည် မြစ်အတိုင်း ဆန့်ထွက်သွားပြီး အချိန်တခဏအတွင်းမှာပင် သူရှိနေသည့်နေရာ၏ လက်ယာဘက်ရှိ ကြီးမားသောလှိုင်းလုံးကြီးတစ်ခုထံသို့ ရောက်ရှိသွားသည်။ ဤအရာသည် နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေ ပျောက်ဆုံးသွားမှုကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် စိတ်ခံစားချက်လှိုင်းတံပိုးပင်။

သောကပိုးချည်သည် လှုပ်ခတ်သွားပြီး ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော စိတ်ခံစားမှုများအဖြစ် ပြောင်းလဲကာ ရှေ့မှ လှိုင်းလုံးကြီးဆီသို့ ပြေးဝင်သွားသည်။ အစပိုင်းတွင် ထိုလှိုင်းလုံးကြီးများ၏ခုခံမှုကို ကြုံတွေ့ရသော်လည်း မကြာမီမှာပင် သောကပိုးချည်နှင့် ခိုင်မြဲစွာ ပေါင်းစပ်သွားပြီး နောက်ပိုင်းတွင် ခွဲခြား၍မရနိုင်အောင် ဖြစ်သွားပေ၏။

"ဒါက ဒေါသနဲ့ နောင်တပဲ..."

မကြာမီမှာပင် ကျန်းရွှမ်သည် လှိုင်းလုံးကြီးများထဲတွင် ကြွင်းကျန်ခဲ့သော စိတ်ခံစားချက်များကို သတိပြုလိုက်မိသည်။ သူသည် ထိုအရာများကို သောကပိုးချည်များဖြင့် တင်းတင်းကြပ်ကြပ် ချိတ်ဆက်ကာ ကောင်းကင်ဘုံသောကကံကြမ္မာကို တိတ်တဆိတ် အသက်သွင်းလိုက်၏။ အမှန်တကယ်ကိုပင် ကောင်းကင်ကံကြမ္မာစွမ်းအားများ ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ဝင်ရောက်လာပြီး စာအုပ်တစ်အုပ်ပြီးတစ်အုပ် ဖြစ်ပေါ်လာသည်ကို သူခံစားလိုက်ရသည်။

"ဒါက အောင်မြင်သွားပြီ..."

ကျန်းရွှမ် စိတ်လှုပ်ရှားသွားသည်။

ဤချည်မျှင်များသည် အလွန်သေးငယ်ပြီး အကြိမ်တိုင်းတွင် စီးဝင်လာသော ကောင်းကင်ကံကြမ္မာစွမ်းအား ပမာဏသည် အလွန်များပြားခြင်း မရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လျှော့တွက်၍ မရနိုင်ချေ။

လက်ရှိ အရှိန်အဟုန်အတိုင်းသာဆိုလျှင် သူ ရှာဖွေဖော်ထုတ်ခြင်းမခံရသရွေ့ တစ်ရက်လျှင် စာအုပ်တစ်သန်းလောက် ဖွဲ့စည်းရန်မှာ ပြဿနာတစ်ရပ် မဟုတ်တော့ချေ။ အရေးအကြီးဆုံးအချက်မှာ သောကပိုးချည်တွင် အလွန်အားကောင်းသော ဆန့်ထွက်နိုင်စွမ်း ရှိနေခြင်းပင်။ သူ ကောင်းကင်ကံကြမ္မာစွမ်းအားများကို အရေးတကြီး လိုအပ်လာသည့်အချိန်တိုင်း ထိုအရာကို ဆယ်ဆ အဆတစ်ရာအထိ ချဲ့ကားနိုင်သည်။ ထိုကြောင့် သူသည် အသက်တစ်ရှိုက်စာအတွင်း စာအုပ်တစ်သန်း သို့မဟုတ် ဆယ်သန်းခန့်အထိ ဖွဲ့စည်းနိုင်ရန် အလားအလာ အလွန်များပေ၏။

ဒါက အရမ်းကောင်းတာပဲ....

ဤသောကပိုးချည်များ ရှိနေသရွေ့ သူသည် ကြီးမားသော ကျောထောက်နောက်ခံတစ်ခုကို ရရှိထားသည့်အလားပင်။ သူသည် ကောင်းကင်ကံကြမ္မာစွမ်းအား မလုံလောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အရှက်ရဖွယ် အခြေအနေမျိုးအတွက် အနည်းငယ်မျှပင် စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။

"ဖုံးကွယ်စမ်း...."

အချိန်တိုအတွင်းတွင် သူ စွမ်းအားများအလွန်အကျွံ စုပ်ယူလိုက်လျှင် တစ်ဖက်လူ အလွယ်တကူ ရိပ်မိသွားနိုင်ကြောင်း သူ သိရှိထားသည်။ ထို့ကြောင့် ကျန်းရွှမ်၏အတွေးတစ်ချက် လှုပ်ရှားသွားခြင်းနှင့်အတူ သောကပိုးချည်သည် တိတ်တဆိတ် ပုန်းကွယ်သွားပြီး မည်သည့်ခြေရာလက်ရာမျှ မကျန်ရစ်တော့ချေ။

ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် ကျန်းရွှန် စိတ်သက်သာရာ ရသွားချိန်မှာပင် သူ၏ခေါင်းပေါ်၌ ကျယ်လောင်သော ဗုဒ္ဓမန္တန်ရွတ်ဖတ်သံကြီး နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်ကို ကြားလိုက်ရသည်။

"အခုချိန်မှာ ကံကြမ္မာမကူးပြောင်းရင် ဘယ်တော့မှ ကူးပြောင်းမှာလဲ"

ထိုအသံသည် မိုးခြိမ်းသံအလား ကျယ်လောင်ကာ သူ၏စိတ်ဝိညာဉ်ကို အဆက်မပြတ် တိုက်ခိုက်နေပေ၏။

နေ့ဝက်ခန့် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ကံကြမ္မာကူးပြောင်းစေရန် မစွမ်းဆောင်နိုင်သေးသဖြင့် အပြာရောင်တိမ်တိုက်အရှင် စိတ်မရှည်စပြုလာသည်။ ထိုကြောင့် သူသည် သူ၏ အသန်မာဆုံးစွမ်းအားကို ထုတ်လွှတ်လိုက်ခြင်းပင်။

"ဘာသာကူးပြောင်းရမှာလား...ဖုန်ရှုလိုက်..."

ကျန်းရွှမ်သည် သူ၏စိတ်ထဲတွင် ရေရွတ်လိုက်ပြီးနောက် အော်ငေါက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အကြံတစ်ခု ထွက်ပေါ်လာသည်။

ယခုချိန်၌ သူသည် ခုခံတိုက်ခိုက်ပြီး တစ်ဖက်လူကသာ အတင်းအကြပ် အင်အားသုံးလာခဲ့လျှင် သူ၏စွမ်းအားနှင့်ဆိုပါက လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ ဤကိစ္စကို အလိုက်သင့်စီးမျောလိုက်သည်က သူ့အတွက် ပိုကောင်းပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ကံကြမ္မာတည်ထောင်ခြင်းကို ပြုလုပ်ပြီးပြီဖြစ်ရာ ကောင်းကင်ဘုံသောကကံကြမ္မာသည် သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ပေးပေလိမ့်မည်။ ထိုကြောင့် တစ်ဖက်လူထံတွင် လှည့်ကွက်များ မည်မျှထိ ရှိနေပါစေ သူ၏မူလရည်ရွယ်ချက်ကို ထိခိုက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် တစ်ဖက်လူ မရိပ်မိအောင် သူသည် မည်ကဲ့သို့ ကံကြမ္မာကူးပြောင်းချင်ယောင်ဆောင်ရမည်နည်း....

တူညီသောအဆင့်တွင်ရှိသည့် ကျင့်ကြံသူတစ်ယောက်ကို လှည့်ဖြားခြင်းသည် သူ ကောင်းကင်ဘုံကံကြမ္မာနှင့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုပါက လွယ်လင့်တကူ အောင်မြင်နိုင်သည်။ သို့ရာတွင် တစ်ဖက်လူသည် အနည်းဆုံးအနေဖြင့် အသက်ပင်လယ်နယ်ပယ် အဋ္ဌမအဆင့် သို့မဟုတ် ထိုအဆင့်၏အထက်တွင် ရှိနေသော အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ရာ ဟန်ဆောင်လှည့်ဖြားနိုင်ရန် လွယ်ကူမည်မဟုတ်ချေ။

"နှင်းနတ်ဆိုးအရှင်.... "

ကျန်းရွှမ်က တစ်စုံတစ်ယောက်ကို တွေးတောမိသည်။

နှင်းနတ်ဆိုးအရှင်၏ အထွတ်အထိပ်အချိန်တွင် သူ၏ကျင့်ကြံဆင့်သည် အပြာရောင်တိမ်တိာက်အရှင်ထက် မနိမ့်ကျခဲ့ချေ။ သူသည် နတ်ဆိုးဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ဗုဒ္ဓဂိုဏ်း၏ မဟာရန်သူတော်ကြီး ဖြစ်သဖြင့် တစ်ဖက်လူကို လှည့်ဖြားနိုင်မည့် နည်းလမ်းများ သူ့ထံတွင် သေချာပေါက် ရှိနေရပေမည်။

ထိုသို့မဟုတ်ပါက သူသည် အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးဖြင့် ချည်နှောင်ခံထားရခြင်းမှ ချောချောမွေ့မွေ့ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ချေ။

အတွေးတစ်ချက်နှင့်အတူ သူ၏အသိစိတ်သည် ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ပြန်လည်၍ ရောက်သွားသည်။

"တကယ်လို့ ဒီကောင်က မပြောချင်ဘူးဆိုရင် သူ့ကို ပညာပေးရမယ်... အဲ့ဒါမှ အလုပ်မဖြစ်ရင် စိတ်ဝိညာဉ် ရှာဖွေရမယ်.."

မာနကြီးသော နှင်းနတ်ဆိုးအရှင်သည် ဤကဲ့သို့ လျှို့ဝှက်ချက်များကို ဖွင့်ပြောချင်မှ ပြောမည်ကို သိထားသော်လည်း ကျန်းရွှမ်သည် စိုးရိမ်ပူပန်ခြင်းမရှိချေ။

ကောင်းကင်ဘုံစာကြည့်တိုက်ထဲတွင် သူသည် အရှင်သခင်ဖြစ်သဖြင့် အညံ့ခံပြီးသား အနှစ်သာရအမြူတေတစ်ခုကို ထိန်းချုပ်ရန်မှာ ပြဿနာတစ်ရပ် မဟုတ်ချေ။

ဝှစ်...

အတွေးတစ်ချက်ဖြင့် သူ၏အစစ်အမှန်ပုံရိပ်အသွင်ကို ယူလိုက်ပြီး မာနကြီးသော နတ်ဆိုးအရှင်၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

"ငါ မင်းကို မေးစရာတစ်ခု ရှိတယ်..."

သူသည် အချိန်တခဏကြာမျှ ရပ်တန့်ပြီး စကားပြောရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် ခေါင်းမာပြီး သိမ်းသွင်းရန်ခက်ခဲသည်ဟု သူ တွေးထင်ခဲ့သော နတ်ဆိုးအရှင်သည် ရုတ်တရက် ဒူးတစ်ဖက်ထောက်လိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။ နတ်ဆိုးအရှင်၏မျက်နှာပေါ်တွင် ကြည်ညိုလေးစားမှုများ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"သခင် ရောက်လာပြီလား....ဒီလက်အောက်ငယ်သားကို ဘာလုပ်စေချင်တာလဲ....သခင်အတွက်ဆိုရင် ကျွန်တော်က ရေမီးကပ်ဘေးတွေကို ကျော်ဖြတ်ရပြီးတော့ ကျွန်တော်ရဲ့ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာဖြစ်သွားမယ်ဆိုရင်တောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါ့မယ်..."

All Chapters