အနှစ်သာရဆေးလုံးအား သန့်စင်ခြင်း
Vol. 35 Ch. 415
ဤအချိန်တွင် အနှစ်သာရအမြူတေ၏ စွမ်းအားဖြင့် လူအသွင်ပြောင်းလဲထားသော နှင်းနတ်ဆိုးအရှင်၏မျက်နှာပေါ်၌ မထီမဲ့မြင်ပြုသည့် အရိပ်အယောင်အစား ကြည်ညိုလေးစားမှုများသာ ရှိနေပြီး မာနထောင်လွှားသည့် အငွေ့အသက်မျိုးကို တစိုးတစိမျှ မတွေ့ရတော့ချေ။
"မင်း..."
ကျန်းရွှမ် ကြက်သေသေသွားသည်။
ယခင်တစ်ကြိမ်က သူသည် တစ်ဖက်လူကို သူအနိုင်ယူခဲ့သော်လည်း ထိုနတ်ဆိုးသည် စိတ်ရောကိုယ်ပါ အညံ့ခံခဲ့ခြင်း မရှိကြောင်း သူ အတပ်ပြောနိုင်နေသေးသည်။ သို့ရာတွင် နေ့ဝက်ခန့်သာ ကြာမြင့်သွားပြီးနောက် ဤနတ်ဆိုးအရှင်ထံတွင် ယခုလောက်ထိ ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
သို့ရာတွင် နတ်ဆိုးအရှင် ဤပုံစံမျိုးဖြစ်နေခြင်းက ပို၍ကောင်းမွန်ပေ၏။ ဤသည်မှာ သူ မေးခွန်းများကို မေးမြန်းရသည်မှာ ပို၍လွယ်ကူစေပြီး အလိမ်အညာခံရခြင်းမှ ရှောင်ရှားနိုင်ပေမည်ဖြစ်သည်။ ထိုသို့တွေးတောပြီးနောက် သူသည် ဝေ့ဝိုက်မနေတော့ဘဲ တဲ့တိုးမေးမြန်းလိုက်သည်။
"ငါ အခု အပြာရောင်တိမ်တိုက်အရှင်နဲ့ တွေ့နေရတယ်... သူက ငါ့ကို ကံကြမ္မာကူးပြောင်းစေချင်နေတယ်....အဲ့ဒါကို သူ မရိပ်မိစေဘဲ ငါ ကံကြမ္မာကူးပြောင်းသွားသလိုမျိုး ဘယ်လိုဟန်ဆောင်ရမလဲ"
နှင်းနတ်ဆိုးအရှင်က ထိုပုဂ္ဂိုလ်သည် ဤနေရာကို ရှာတွေ့သွားလိမ့်မည်ဟု တွေးထင်မထားခဲ့သဖြင့် တွေဝေတုံ့ဆိုင်းသွားပြီးနောက် ပြောဆိုလိုက်၏။
"ဗုဒ္ဓကံကြမ္မာ ကူးပြောင်းခြင်းနည်းစနစ်က အရမ်းအစွမ်းထက်တယ်... ကျွန်တော်တောင်မှ ဒါကို ခုခံဖို့ ရုန်းကန်ရလိမ့်မယ်....ဒါပေမဲ့ သခင်ကတော့ မတူဘူး...နည်းလမ်းကို မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် သခင့်အတွက်က မခက်ခဲပါဘူး..."
ကျန်းရွှမ် စိတ်ဝင်စားသွားပြီး မေးမြန်းလိုက်သည်။
"ဘာလို့ အဲ့ဒီလို ပြောတာလဲ"
နှင်းနတ်ဆိုးအရှင်က ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးသည်။
"ဗုဒ္ဓကံကြမ္မာကူးပြောင်းခြင်းဆိုတာက အခြေခံအနေနဲ့ အကြောင်းအကျိုး ကံကြမ္မာကို ပြန်ပြီးဖွဲ့စည်းတာပဲ.... ကံကြမ္မာကူးပြောင်းခံရတယ်ဆိုတဲ့ အကျိုးတရားကို အသုံးပြုပြီးတော့ ကံကြမ္မာကူးပြောင်းတာကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းတရားဆီ ပြန်ပြီးအခြေခံတာပါ...အဲ့ဒါကို သခင့်ရဲ့စိတ်ဝိညာဉ်ထဲမှာ ဗုဒ္ဓအမှတ်အသားကို ထည့်သွင်းပြီးတော့ လုပ်ဆောင်လိမ့်မယ်...ဒါက သခင်ရဲ့စိတ်နှလုံးသားထဲမှာ သခင်က ဗုဒ္ဓဂိုဏ်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ ကံကြမ္မာပါလာတယ်လို့ ခံစားရစေတယ်"
"ကျွန်တော်ကတော့ ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး.... ဘာလို့လဲဆိုတော့ အကြောင်းအကျိုးကံကြမ္မာက ဒုတိယတန်းစား ကံကြမ္မာတွေထဲမှာ အထွတ်အထိပ်မှာ ရှိနေလို့ပဲ...ပြီးတော့ ကျွန်တော့်ရဲ့ကျင့်ကြံဆင့်က အများကြီး နိမ့်ကျတယ်....သူနဲ့ထိပ်တိုက်ရင်ဆိုင်ရရင် ကျွန်တော်က မလွဲမသွေ ဝါးမြိုခံရလိမ့်မယ်... ဒါပေမဲ့ သခင်ကတော့ မတူဘူး...ကောင်းကင်ဘုံသောကကံကြမ္မာက အကြောင်းအကျိုးကံကြမ္မာထက် အများကြီးသာလွန်တယ်....ဒီကံကြမ္မာကို ကျော်လွန်နိုင်လောက်တဲ့ စွမ်းအားမျိုး သခင့်မှာ ရှိပြီးတော့ တိုက်စားမခံရသရွေ့ အားစိုက်ဖို့တောင် လိုမှာမဟုတ်ဘူး"
ကျန်းရွှမ်က ရုတ်တရက် နားလည်သဘောပေါက်သွားပြီး မေးမြန်းလိုက်၏။
"ဒါဆိုရင် ငါ ဘာလုပ်ရမလဲ"
နှင်းနတ်ဆိုးအရှင်က အချိန်တခဏကြာမျှ စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"တကယ်လို့ သခင့်မှာ ကျွန်တော်နဲ့တူညီတဲ့ ကျင့်ကြံဆင့်နယ်ပယ်မျိုး ရှိမယ်ဆိုရင် လှည့်ကွက်တွေမပါဘဲနဲ့ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်လိမ့်မယ်... ဒါပေမဲ့ ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံဆင့်နဲ့ အသက်ပင်လယ်နယ်ပယ် နဝမအဆင့်မှာရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကံကြမ္မာကူးပြောင်းခြင်းနည်းစနစ်ကို ခုခံဖို့ဆိုတာ အရမ်းခက်ခဲတယ်... ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး....နည်းလမ်းက နည်းနည်းကြမ်းတမ်းပြီးတော့ အန္တရာယ်များတာလေးပဲ ရှိတာပါ..."
ကျန်းရွှမ်က ပြောဆိုလိုက်၏။
"မင်း ပြောကြည့်စမ်း..."
နှင်းနတ်ဆိုးအရှင်က တုံ့ပြန်အဖြေပေးသည်။
"ကျွန်တော့်ရဲ့ အနှစ်သာရအမြူတေထဲမှာ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းနဲ့ စွမ်းအားတွေအားလုံး ပါဝင်နေတယ်.....တကယ်လို့ သခင်က အဲ့ဒါကို သန့်စင်ပြီးတော့ အသက်သွင်းလိုက်နိုင်ရင် အချိန်တိုအတွင်းမှာ အသက်ပင်လယ်နယ်ပယ်နဝမအဆင့် စွမ်းအားကို ပွင့်အံ့ပြီးထွက်ပေါ်လာစေနိုင်တယ်... ပြီးတော့ အရှင်က ကောင်းကင်ဘုံသောကကံကြမ္မာကို အကြောင်းအကျိုးကံကြမ္မာ အသွင်ဆောင်ပြီး အသုံးပြုလိုက်မယ်ဆိုရင် အပြာရောင်တိမ်တိုက်အရှင် မပြောနဲ့....ဗောဓိသတ္တတစ်ပါးကိုယ်တိုင် ရောက်လာရင်တောင် သတိထားမိမှာ မဟုတ်ဘူး"
"အနှစ်သာရဆေးလုံးကို သန့်စင်ရမယ်... အသက်ပင်လယ်နယ်ပယ် နဝမအဆင့် စွမ်းအားကို ပွင့်အံ့ထွက်ပေါ်စေရမယ်....ဟုတ်လား..."
ကျန်းရွှမ် ကြက်သေသေသွားသည်။
နှင်းနတ်ဆိုးအရှင်က ခေါင်းညိတ်လိုက်သည်။
"နတ်ဆိုးဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းတစ်ခုလုံးက အနှစ်သာရအမြူတေထဲမှာ ကိန်းအောင်းနေတာပါ... ဒါပေမဲ့ အဲ့ဒီစွမ်းအားက အရမ်းပြင်းထန်တာကြောင့် သခင့်ရဲ့ စိတ်ဝိညာဉ်က မထိန်းချုပ်နိုင်မှာကို ကျွန်တော် စိုးရိမ်မိတယ်... တကယ်လို့ သခင်က ဒီစွမ်းအားတွေကို မထိန်းချုပ်နိုင်ရင် တန်ပြန်ဒဏ်ကို ခံရနိုင်ခြေများပြီးတော့ နတ်ဆိုးလမ်းကြောင်းထဲကို ရောက်သွားနိုင်တယ်..."
ယခင်ကဆိုလျှင် သူသည် နတ်ဆိုးဖြစ်သွားနိုင်သည့် အန္တရာယ်ကို ထုတ်ဖော်ပြောဆိုမည် မဟုတ်ဘဲ တစ်ဖက်လူကို ကြိုးစားခိုင်းမိပေမည်။ အကြောင်းအရင်းမှာ တန်ပြန်ဒဏ် ဖြစ်ပေါ်လာပါက သူသည် တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီး ရုပ်ခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းနိုင်မည့် အခွင့်အရေးအား ရရှိမည်ဖြစ်သောကြောင့်ပင်။
သို့ရာတွင် တစ်ဖက်လူ၏ပါရမီကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးနောက် သူသည် စိတ်ရင်းအတိုင်း အညံ့ခံခဲ့ပြီး ထိုကဲ့သို့ သေးသိမ်သည့် လှည့်ဖြားလိုသော အတွေးများကို ဆက်လက်၍ တွေးတောဝံ့ခြင်း မရှိတော့ချေ။
ပထမတန်းစား ကံကြမ္မာကို ဆုပ်ကိုင်နိုင်သူသည် ကြီးမြတ်သော ကံကြမ္မာကို ပိုင်ဆိုင်ထားသူပင်။ ဤကဲ့သို့ လူစားမျိုးသည် သူ၏လက်ချက်ဖြင့် မည်သည်ကြောင့် လွယ်လင့်တကူ ပျက်စီးသွားနိုင်မည်နည်း။ ဤသည်မှာ ကြက်တစ်ကောင်ကို ခိုးရန်ကြိုးစားရင်း ဆန်တစ်အိတ်လုံး ဆုံးရှုံးရသကဲ့သို့ ဖြစ်သွားပါက သူသည်သာ ဆိုးဆိုးရွားရွား သေဆုံးရပေလိမ့်မည်။
"အနှစ်သာရအမြူတေ သန့်စင်ရမယ့်နည်းလမ်းငါ့ကို ပြောပြပါ"
နှင်းနတ်ဆိုးအရှင်၏အတွေးများကို မြင်တွေ့လိုက်ရသဖြင့် ကျန်းရွှမ်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်လိုက်၏။
"ဟုတ်ကဲ့"
နှင်းနတ်ဆိုးအရှင်သည် အပိုစကားမပြောတော့ဘဲ အနှစ်သာရအမြူတေအား သန့်စင်နိုင်မည့်နည်းလမ်းကို ပြောဆိုလိုက်သည်။
ကျန်းရွှမ်၏အတွေးများ လှုပ်ခတ်သွားပြီး မကြာမီမှာပင် ထိုနည်းလမ်းကို သူ၏လက်ဖမိုးကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်သွားတော့သည်။ ကောင်းကင်ဘုံစာကြည့်တိုက်၏ အကူအညီဖြင့် ဤနည်းလမ်းတွင် ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ သူ၏နက်နဲသိမ်မွေ့သော စိတ်ဆန္ဒသည် အနှစ်သာရအမြူတေထံသို့ ချက်ချင်း ပျံ့နှံ့သွားတော့သည်။
ဝုန်း.....
သူ၏စိတ်ဆန္ဒ ကျရောက်သွားသည်နှင့် သူ့ထံသို့ တိုးဝင်လာသော နတ်ဆိုးချီစွမ်းအားလှိုင်းများကို ချက်ချင်း ခံစားလိုက်ရပြီး သူ့အား လုံးလုံးလျားလျား ဝါးမြိုတော့မည့်အလားပင်။
"ခုခံစမ်း..."
ကျန်းရွှမ်က မျက်ခုံးပင့်လိုက်ပြီးနောက် သူ၏စိတ်ဆန္ဒသည် တောင်တန်းကြီးတစ်ခုအလား မတုန်မလှုပ် ခိုင်မာတောင့်တင်းသွားပေ၏။
အကယ်၍ သူသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်သက်သက်သာ ရှိနေမည်ဆိုလျှင် အသက်ပင်လယ်နယ်ပယ် နဝမအဆင့်တွင်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အနှစ်သာရအမြူတေကို သန့်စင်ဝံ့ခြင်းရှိမည် မဟုတ်ချေ။ သို့ရာတွင် သူသည် ကမ္ဘာသစ်၏အရှင်သခင်ပင်။ သူ၏စိတ်ဝိညာဉ်သည် ကမ္ဘာသစ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ထားပြီးလေပြီ။ သူ၏ လက်ရှိခန္ဓာကိုယ်သည် ထိုစွမ်းအားကို ခံနိုင်ရည်မရှိနိုင်သော်လည်း ကမ္ဘာတစ်ခု၏ အရှင်သခင်အနေဖြင့်မူ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်ချေ။
သူ တွေးထင်ထားသည့်အတိုင်းပင် ကမ္ဘာသစ်နှင့် ပေါင်းစပ်ပြီးနောက် အနှစ်သာရအမြူတေအတွင်းရှိ နတ်ဆိုးချီများသည် အစွမ်းထက်သော်လည်း သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။
"ဒီအနှစ်သာရအမြူတေကို သန့်စင်ဖို့ ပထမဆုံးအဆင့်က အမြူတေရဲ့ဗဟိုချက်ထဲကို ဝင်ရောက်နိုင်ဖို့ပဲ..."
သန့်စင်မည့် နည်းလမ်းကို စဉ်းစားရင်း ကျန်းရွှမ်က အနှစ်သာရအမြူတေ၏ အတွင်းပိုင်းကို ကြည့်လိုက်မိသည်။
အပြင်ဘက်မှကြည့်လျှင် အနှစ်သာရအမြူတေသည် စားပွဲတင်တင်းနစ်ဘောလုံး အရွယ်အစားမျှသာရှိသည်။ သို့ရာတွင် သူ၏စိတ်ဆန္ဒ ဝင်ရောက်သွားသည့်အချိန်တွင် ထိုအရာသည် ကမ္ဘာတစ်ခုအလား ကျယ်ပြန့်ပြီး ကြီးမားသော အရှိန်အဝါများ ရှိနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ နတ်ဆိုးစွမ်းအင်များသည် သူ့အပေါ် သက်ရောက်မှု မရှိတော့သော်လည်း သူ အမြူတေ၏ဗဟိုချက်သို့ ရောက်ရှိရန်မှာ အခက်အခဲတချို့ ရှိနေဆဲပင်။
ဤသည်မှာ တစ်စုံတစ်ယောက်သည် ရေဆန်လမ်းကို ကူးခတ်နေရသည့်အလားပင်။ ရေစီးကြောင်းသည် ထိုလူကို ဒဏ်ရာမရရှိစေနိုင်သော်လည်း ကြီးမားသော ဟန့်တားမှုကို ပေးစွမ်းနေဆဲဖြစ်ပေ၏။
"လမ်းတလျှောက်မှာရှိတဲ့ နတ်ဆိုးချီတွေကို သန့်စင်ပြီးတော့ ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်မယ့် နည်းလမ်းမျိုးရှိရင် ကောင်းမှာပဲ..."
ကျန်းရွှမ်၏စိတ်ထဲတွင် အကြံဥာဏ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ပုံမှန်အနေနဲ့ဆိုရင် နတ်ဆိုးစွမ်းအားတွေကို သန့်စင်ဖို့ဆိုတာ နည်းလမ်းအမျိုးမျိုး လိုအပ်ပေမယ့် ဗုဒ္ဓဂိုဏ်းက ဒါကို ဖြေရှင်းနိုင်တယ်... အဲ့ဒါကြောင့် အပြာရောင်တိမ်တိုက်အရှင်ရဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားကို သုံးကြည့်ရမယ်"
နတ်ဆိုးချီစွမ်းအင်ကို ပုံမှန်အတိုင်း သန့်စင်နိုင်ရန်အတွက် ဆေးလုံးအမျိုးမျိုးနှင့် ကောင်းကင်ရတနာများ လိုအပ်သည်။ ထိုသို့မဟုတ်ပါက သူ၏ကိုယ်ပိုင်စိတ်ဆန္ဒကို အသုံးပြုပြီး သန့်စင်ရမည်ဖြစ်ရာ အချိန်ကုန်လူပန်း ဖြစ်စေပေမည်။ ထိုမျှသာမက သူ အမှားအယွင်းအနည်းငယ် လုပ်ဆောင်မိသည်နှင့် နတ်ဆိုးစွမ်းအးများ၏ ဝင်ရောက်စီးနင်းမှုကို ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။ သို့ရာတွင် သူသည် အပြာရောင်တိမ်တိုက်အရှင်၏ ကံကြမ္မာမြစ်ကို သောကပိုးချည်အား အသုံးပြုပြီး ချိတ်ဆက်ထားပြီးလေပြီ။ သူ စုဆောင်းထားသော ကောင်းကင်ကံကြမ္မာစွမ်းအားကို အသုံးချပြီး ဤနေရာရှိ အမြူတေဗဟိုချက်ထံသို့ တန်းတန်းမတ်မတ်သွားနိုင်သော လမ်းကြောင်းတစ်ခု ဖောက်လုပ်ကောင်း ဖောက်လုပ်နိုင်ပေလိမ့်မည်။
သူ ထိုသို့တွေးတောလိုက်ခြင်းနှင့်အတူ သူ၏စိတ်ဝိညာဥ်စွမ်းအားများ လှုပ်ခတ်သွားပြီး သောကပိုးချည်တစ်မျှင် ချက်ချင်းထွက်ပေါ်လာသည်။ နောက်ထပ်တစ်ခဏတွင် ဗုဒ္ဓကောင်းကင်ကံကြမ္မာစွမ်းအားများ အရှိန်အဟုန်ဖြင့် တလိမ့်လိမ့်စီးလာသည်။ ထိုအရာများသည် နတ်ဆိုးစွမ်းအားများနှင့် ထိတွေ့မိသည်နှင့် စွမ်းအားနှစ်ရပ်လုံး ပျောက်ကွယ်သွားပြီး ဖျော့တော့တော့အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြသည်။
ဗုဒ္ဓကောင်းကင်ကံကြမ္မာစွမ်းအားကို သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် သံချပ်ကာအဖြစ် ဖွဲ့စည်းလိုက်ပြီး ကျန်းရွှမ်က ရှေ့သို့တက်လှမ်းသွားလိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူသည် ရှေ့သို့လျင်မြန်စွာ ပျံသန်းသွားနိုင်ပြီး မည်သည့်ဟန့်တားမှုမျိုးကိုမျှ မခံစားရတော့ချေ။
ဗုဒ္ဓဂိုဏ်း၏ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ပါးမှ စုဆောင်းထားသော ကောင်းကင်ကံကြမ္မာစွမ်းအားဟု ဆိုသည့်အတိုင်း အမှန်တကယ်ကို အသုံးဝင်ပေ၏။
အသက်ဆယ်ရှိုက်ကျော်စာ ကြာမြင့်ပြီးနောက် ကျန်းရွှမ်သည် နတ်ဆိုးစွမ်းအင်များ ပို၍သိပ်သည်းသော အနှစ်သာရအမြူတေ၏ ဗဟိုချက်သို့ ရောက်ရှိလာခဲ့သည်။ သို့ရာတွင် ဗုဒ္ဓ ကောင်းကင်ကံကြမ္မာစွမ်းအား၏ ကာကွယ်မှုအောက်တွင် သူသည် မည်သည့်ဖိအားကိုမျှ မခံစားရချေ။
လေဟာနယ်အမှတ်အသားတစ်ခုကို ချန်ထားခဲ့ပြီးနောက် သူသည် အလယ်ဗဟိုအကျဆုံး အလင်းစက်ထံသို့ သူ၏လက်ချောင်းများဖြင့် ထိတွေ့လိုက်သည်။
ဝုန်း.....
အချိန်တခဏချင်းမှာပင် အနှစ်သာရအမြူတေသည် သူ၏ စိတ်ဝိညာဉ်အမှတ်အသားကို လက်ခံရရှိသွားပြီး သန့်စင်ခြင်း အပြည့်အဝပြီးစီးသွားခဲ့သည်။
"ဒါက..."
အနှစ်သာရအမြူတေကို သန့်စင်ရာတွင် ဤအမြူတေကို အသုံးပြုသည့်အတွက် ပေးဆပ်ရမည့် တန်ဖိုးကိုလည်း ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။
နှင်းနတ်ဆိုးအရှင် ပြောခဲ့သည့်အတိုင်းပင် ဤအမြူတေကို အသုံးပြုလိုက်သည်နှင့် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် စွမ်းအားကို သူယာယီပိုင်ဆိုင်နိုင်ပေမည်။ သို့ရာတွင် သူ၏ လက်ရှိရုပ်ခန္ဓာကိုယ်နှင့် မရီဒါန်းများသည် ဤစွမ်းအားကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ အထူးသဖြင့် သူ၏နှလုံးသားသည် ထိုစွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်သေးမီမှာပင် ပေါက်ကွဲသွားနိုင်သည်။
ဤသည်မှာ တိုက်လေယာဉ်၏အင်ဂျင်ကို ကားတစ်စီးပေါ်သို့ တပ်ဆင်လိုက်သည့်အလားပင်။ ထိုကဲ့သို့ အသုံးပြုခြင်းသည် အလုပ်ဖြစ်နိုင်သော်လည်း တစ်ခါသုံးမျှသာ ဖြစ်သွားနိုင်ပြီး တွက်ချက်၍မရနိုင်လောက်သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။
ထို့ပြင် ဤအနှစ်သာရအမြူတေကို အသုံးပြုလိုက်တိုင်း နတ်ဆိုးစွမ်းအင်များက သူ၏စိတ်ထဲသို့ ဝင်ရောက်လာပေမည်။ သူ၏စိတ်ပေါ် ထိုနတ်ဆိုးစွမ်းအင်များ သက်ရောက်မှု မရှိစေရန်အတွက် ကြီးမားသော ဗုဒ္ဓစွမ်းအားဖြင့် ဖြေရှင်းရန် လိုအပ်သည်။ ကောင်းကင်ဘုံသောကကံကြမ္မာသည် အပြာရောင်တိမ်တိုက်အရှင်၏ ကံကြမ္မာမြစ်နှင့် ချိတ်ဆက်ထားသော်လည်း ဗုဒ္ဓကောင်းကင်ကံကြမ္မာစွမ်းအားကို ပမာဏများစွာ အသုံးပြုလိုက်ပါက တစ်ဖက်လူ ရိပ်မိသွားနိုင်ခြေ အလွန်များပြီး မလိုလားအပ်သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာစေနိုင်သည်။
"ထားလိုက်တော့.... လောလောဆယ်မှာ ငါ ဒါကို မသုံးတာ ပိုကောင်းလိမ့်မယ်"
ဤသည်ကို နားလည်သဘောပေါက်သွားသဖြင့် ကျန်းရွှမ်၏စိတ်ဝိညာဉ် ပြန်လည်၍ရောက်ရှိလာပြီး သူ၏ရှေ့မှ ကြီးမားသော ဗုဒ္ဓပုံရိပ်ယောင်ကြီးကို နောက်တစ်ကြိမ် မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများ ဝေဝါးသွားခဲ့သည်။
သူသည် အနှစ်သာရအမြူတေ၏ စွမ်းအားအပြည့်အဝကို ငှားရမ်းနိုင်ခြင်း မရှိသော်လည်း တစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီး ကံကြမ္မာကူးပြောင်းသွားသကဲ့သို့ ဟန်ဆောင်ရန်မှာမူ ဖြစ်နိုင်ခြေ ရှိနေဆဲပင်။