အခန်း (၁၃၄)
Vol. 11 Ch. 134
အိုးယဲ့ဇီသည် ရှေ့သို့ နှစ်လှမ်းတိုးပြီးမှ တစ်ဖန် နောက်လှည့်ကာ- "ဒီတစ်ခါတော့ တကယ်သွားပြီ"
လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းပြလိုက်ကာ အရေးမကြီးသည့် ဟန်ဖြင့် "သွားပါ၊ ခင်ဗျားကို နေပါလို့ စကားတစ်ခွန်းမှ မပြောပါဘူး၊ ဆရာသမားတစ်ယောက်ကို ခက်ခဲအောင် မလုပ်ချင်ပါဘူး"
အိုးယဲ့ဇီ “….”
သူသည် ရှေ့သို့ နောက်ထပ်တစ်လှမ်းတိုးပြီးမှ ခေါင်းကို နောက်လှည့်ကာ- "တကယ်သွားပြီနော်၊ တစ်ခါသွားရင် ပြန်မလာတော့ဘူး"
လင်းပိုင်ဖန်- "သွားတော့လေ၊ အချိန်ဆွဲမနေနဲ့"
အိုးယဲ့ဇီ “….”
တစ်ခြားတစ်ဖက်က သူ့ကို နေဖို့ တောင်းဆိုလိုသည့် အရိပ်အယောင် မရှိသည်ကို မြင်သောအခါ အိုးယဲ့ဇီသည် နောက်ဆုံးတွင် မျှော်လင့်ချက်ကို လက်လျှော့လိုက်ရလေတော့သည်။
သို့သော်လည်း သူသည် ဖြည်းဖြည်းလေး လမ်းလျှောက်သွားနေခဲ့သည်။
ပုံမှန်ဆိုလျှင် သူသည် အရှိန်အဟုန်နှင့် လှုပ်ရှားတတ်ပြီး တစ်လှမ်းတည်းဖြင့် ၆ ပေလောက်အထိ ရောက်နိုင်ပြီး ခြေလှမ်းအနည်းငယ်အတွင်း မျက်စိအောက်မှပင် ပျောက်ကွယ်သွားတတ်သည်။
သို့သော် ယခုမူ ခြေလှမ်းပေါင်းများစွာ လှမ်းပြီးသော်လည်း ၆ ပေတောင် မပြည့်သေးဘဲ အမျိုးသမီးတစ်ဦးထက်ပင် နှေးကွေးနေလေသည်။
လမ်းလျှောက်ရင်း သူသည် လင်းပိုင်ဖန်နှင့် အစောင့် ဗိုလ်ချုပ်၏ စကားပြောဆိုမှုကို နားထောင်ဖို့ နားစွင့်နေသည်။
ဗိုလ်ချုပ်- "အရှင်မင်းကြီး၊ ဒီမီးတောင်ဝကို ဘယ်လို စီမံခန့်ခွဲသင့်ပါသနည်း"
လင်းပိုင်ဖန်- "အိုးယဲ့ဇီဆရာကြီးပြောတာ မကြားလိုက်ဘူးလား၊ ဒီနေရာက လက်နက်လုပ်ဖို့ အလွန်ကောင်းတဲ့နေရာပဲ။ ဥက္ကာခဲသံကိုတောင် ဒီနေရာမှာ အရည်ကျိုပြီး နတ်လက်နက်တွေ ထုလုပ်နိုင်တယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ ဒီနေရာကို ကြိုးဝိုင်းထားရမယ်၊ တခြားသူတွေ ချဉ်းကပ်တာကို တားဆီးရမယ်။ ဒီကို လာပြီး နတ်လက်နက်တွေ ထုလုပ်ဖို့နဲ့ တိုင်းပြည်ရဲ့ အကြီးမြတ်ဆုံး ပန်းပဲဆရာတွေကို ရှာဖို့ စီစဉ်ထားတယ်"
အိုးယဲ့ဇီသည် ဒါကိုကြားတော့ မကျေမနပ် ဖြစ်သွားခဲ့သည်။
သူနဲ့ ယှဉ်နိုင်တဲ့ ပန်းပဲဆရာ တစ်ယောက်ယောက်များ ဒီကောင်းကင်အောက်မှာ ရှိသေးလို့လား။
မင်းက သူတို့ကို ဖိတ်ခေါ်ပြီး ငါ့ကိုကျ မဖိတ်ဘူးပေါ့။
ဒါက ဘယ်လိုဆုံးဖြတ်ချက်မျိုးလဲ။
ဗိုလ်ချုပ်- " အမိန့်တော်ကို နာခံပါ့မယ်။ ဒါပေမဲ့ အရှင်မင်းကြီး၊ ဒီမီးတောင်ဝက တစ်နှစ်ပတ်လုံး ပူပြင်းနေပြီး ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတွေတောင် အတွင်းမှာ အကြာကြီး မနေနိုင်ပါဘူး။ ဒါကြောင့် သင့်တော်တဲ့ ပန်းပဲဆရာကို ရှာမတွေ့မှာကို စိုးရိမ်မိပါတယ်"
အိုးယဲ့ဇီက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
‘အမှန်ပဲ…
အဲဒီနေရာက အရမ်းပူပြင်းပြီး လောင်ကျွမ်းနေလို့ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့်ရဲ့ အထွတ်အထိပ် ကျွမ်းကျင်သူတွေတောင် အကြာကြီး မနေနိုင်ဘူးဆိုရင် လက်နက်လုပ်ဖို့ဆိုတာက ဝေးရော။
သူ့လို ချီဖွဲ့တည်ခြင်းအဆင့် ပန်းပဲဆရာတစ်ယောက်သာ အတွင်းမှာ နတ်လက်နက်တွေ ထုလုပ်နိုင်တာ ဖြစ်သည်။
ဒါကြောင့် ငါ့ကို လာပြီး တောင်းဆိုလိုက်ပါ။
ရိုးသားတဲ့ လေသံနဲ့ တောင်းဆိုလိုက်ပါ၊ ငါ မချင့်မရဲနဲ့ သဘောတူပေးလိုက်မယ်’
လင်းပိုင်ဖန်- "စိတ်မပူပါနဲ့၊ မောင်းမင်းက သင့်တော်တဲ့လူကို ရှာရုံပဲ။ ချီဖွဲ့တည်ခြင်းအဆင့် ပန်းပဲဆရာတွေက ရှားပါးပေမယ့် ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ပန်းပဲဆရာတွေကတော့ အများကြီးပဲ။ သူတို့ရဲ့ စွမ်းအားကို မြှင့်တင်ပေးပြီး ချီဖွဲ့တည်ခြင်းအဆင့်ကို ရောက်အောင် ကူညီပေးနိုင်တဲ့ အံ့ဖွယ် ဆေးတွေ ငါ့မှာရှိတယ်။ အဲဒါနဲ့ဆိုရင် ငါကိုယ်တော်အတွက် နတ်လက်နက်တွေ ထုလုပ်ပေးနိုင်တဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပန်းပဲဆရာတွေ ရလာလိမ့်မယ်"
အိုးယဲ့ဇီ- " F**k"
လင်းပိုင်ဖန်- " ဒါဆို အခု လက်နက်လုပ်မယ့်နေရာနဲ့ ပန်းပဲဆရာတွေ ရပြီဆိုတော့ ပစ္စည်းမရှိလို့ မရဘူးလေ။ ဒါကြောင့် ရတနာခန်းမက လက်နက်လုပ်တဲ့ ပစ္စည်းတွေကို ဒီကိုရွှေ့ပြီး ပန်းပဲဆရာကို လေ့ကျင့်ခိုင်းလိုက်"
အိုးယဲ့ဇီ- "ချီးတဲ့မှပဲ"
သူသည် စိတ်ကို မထိန်းနိုင်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သူ အဖိုးတန်ရတနာများကဲ့သို့ မြတ်နိုးထားသော ထိုပစ္စည်းများကို သူ့လောက် မကျွမ်းကျင်သော လူတွေကို လေ့ကျင့်ဖို့အတွက် ပေးအပ်ရမည်တဲ့လား။
အရမ်းဖြုန်းတီးလွန်းတယ်၊ ဒါဟာ နတ်ဘုရားတွေကို စော်ကားနေတာပဲ။
ဗိုလ်ချုပ်က တုံ့ဆိုင်းသွားပြီး- "အရှင်မင်းကြီး၊ ဒါ အရမ်း ဖြုန်းတီးရာ မရောက်ဘူးလား"
အိုးယဲ့ဇီက အားရပါးရ ခေါင်းညိတ်လိုက်သည်။ မေးခွန်းက ကောင်းတယ်၊ ဖြုန်းတီးလို့ မရဘူး။
လင်းပိုင်ဖန်- "ဖြုန်းတီးတော့ရော ဘာဖြစ်လဲ။ ဒီပစ္စည်းတွေက ငါကိုယ်တော့်မှာ အများကြီးရှိတယ်၊ ဖြုန်းတီးတာ မဖြုန်းတီးတာက အရေးမကြီးဘူး။ ဒီပစ္စည်းတွေကိုသုံးပြီး အိုးယဲ့ဇီထက် မလျော့တဲ့ ကျွမ်းကျင်မှုရှိတဲ့ ပန်းပဲဆရာကြီးတစ်ယောက်ကို ပျိုးထောင်နိုင်မယ်ဆိုရင် တန်တယ်လို့ ငါ ထင်တယ်"
အိုးယဲ့ဇီ- "ငါ့လခွေးတဲ့မှ"
လင်းပိုင်ဖန်- "ဒါ့အပြင်ကိုမှ သူက ငါကိုယ်တော်အတွက် အလုပ်လုပ်နေတာဆိုတော့ သူ့ကို အခက်တွေ့အောင် မလုပ်သင့်ဘူး။ ချက်ချင်းပဲ ဒီနားမှာ ကြီးမားပြီး ကောင်းမွန်လှတဲ့ နေအိမ်တစ်လုံး ဆောက်ခိုင်းလိုက်၊ ဆရာသမား နေဖို့အတွက် သီးသန့်ပဲ"
အိုးယဲ့ဇီ- “….”
လင်းပိုင်ဖန်- "ဒါ့အပြင်၊ သူ့ရဲ့ တစ်နေ့တာ စားရေးသောက်ရေးကိုလည်း ဂရုစိုက်ရမယ်။ ငါကိုယ်တော် စားတာကို သူလည်း စားရမယ်"
အိုးယဲ့ဇီ- “….”
လင်းပိုင်ဖန်- "အဲ့ဒီပန်းပဲဆရာတွေက အရက်ပြင်းတွေ သောက်ရတာ ကြိုက်တယ်လို့ ကြားဖူးတယ်၊ ဒါကြောင့် အရက်ကောင်းတွေ မပြတ်အောင် ထားရှိရမယ်။ ငါကိုယ်တော် ချက်တဲ့ အရက်ပြင်းတွေကို သူတို့ မသောက်ချင်တော့တဲ့အထိ ဖြစ်အောင် အကန့်အသတ်မရှိ ထားပေးရမယ်"
အိုးယဲ့ဇီ- “…”
လင်းပိုင်ဖန်- "ဒါ့အပြင်၊ ရှိသေးတယ်..."
ထို့နောက် လင်းပိုင်ဖန်သည် အကျိုးကျေးဇူးများနှင့် အခွင့်အရေးများစွာကို စာရင်းပြုစုကာ ပြောပြခဲ့သည်။
ချောင်းနားထောင်နေသော အိုးယဲ့ဇီကတော့ ဒေါသတွေဖြင့် တုန်ယင်နေလေသည်။
သူ့ထက် အရည်အချင်းနိမ့်ကျသော ထိုပန်ရံဆရာတွေသည် သူထက် ပိုကောင်းမွန်လှသော နေထိုင်မှု၊ စားသောက်မှုတို့ကို ရရှိတော့မည်တဲ့လား။
သူ အဖိုးတန်ရတနာများကဲ့သို့ မြတ်နိုးထားသော ပစ္စည်းများကို အသုံးပြုခွင့်ရပြီး သူ ကိုယ်တိုင် လက်နက်လုပ်လိုသည့် နေရာတွင် ပန်းပဲပညာကို လေ့ကျင့်ခွင့်ရမည်တဲ့လား။
နောက်ဆုံးမှာတော့ သူသည် မျက်လုံး အပြူးသားဖြင့် သူတို့တွေ နတ်လက်နက်တွေ ထုလုပ်ပြီး သူ့ကို ကျော်လွန်သွားသည်ကို ကြည့်နေရတော့မှာတဲ့လား။
ဒါကတော့ လွန်သွားပြီ၊ လုံးဝကို ဒေါသထွက်စရာပဲ။
လူသားတွေရဲ့ သည်းခံနိုင်စွမ်းက ကန့်သတ်ချက်နဲ့ ရှိတယ်ကွ…
ပြန်လှည့်ကာ ပြေးလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်- "တော်တော့၊ နောက်ထပ် စကားတစ်ခွန်းမှ မပြောနဲ့တော့"
လင်းပိုင်ဖန်က အံ့အားသင့်သွားပြီး- " ဆရာကြီး၊ ဘာလို့ ပြန်လာတာလဲ"
အိုးယဲ့ဇီက ဒေါသတကြီး အော်ဟစ်လိုက်ကာ- "ငါသာ ပြန်မလာရင်၊ အဖိုးတန်ပြီး ရှားပါးတဲ့ ပစ္စည်းတွေ အားလုံး မင်းကြောင့် လုံးဝ ပျက်စီးသွားလိမ့်မယ်"
လင်းပိုင်ဖန်က စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး- "ဒါပေမဲ့ အဲဒါတွေကို အသုံးမပြုဘဲထားရင်လည်း ဖြုန်းတီးတာပဲ မဟုတ်ဘူးလား"
"တော်လိုက်တော့၊ ငါ လုပ်မယ်" အိုးယဲ့ဇီက ဆက်လက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
လင်းပိုင်ဖန်- "ဒါပေမဲ့ ဆရာကြီး၊ ခင်ဗျားမှာ ထူးဆန်းတဲ့ စိတ်နေစိတ်ထားရှိပြီး ပစ္စည်းမပေးရင် မလုပ်ပေးဘူးလို့ ကြားဖူးတယ်..."
အိုးယဲ့ဇီက- "မင်းရဲ့ ရတနာခန်းမမှာ အကောင်းစား ပစ္စည်းတွေ မရှိဘူးလား"
လင်းပိုင်ဖန်- "ပိုက်ဆံမလုံလောက်ရင်လည်း မလုပ်ဘူးလို့ ခင်ဗျားပြောတယ်လေ။ ငါကိုယ်တော့်မှာ ပိုက်ဆံ သိပ်မရှိဘူး..."
အိုးယဲ့ဇီက- "ငါ့ကို ပိုက်ဆံပေးဖို့ မလိုဘူး။ ငါ့ကိုယ်ပိုင် ပိုက်ဆံကို ထည့်လို့ မရဘူးလား"
လင်းပိုင်ဖန်- "ခင်ဗျားက တစ်ယောက်ယောက်ရဲ့ ရုပ်ရည်ကို မကြိုက်ရင်လည်း မလုပ်ဘူးလို့ ပြောသေးတယ်..."
အိုးယဲ့ဇီက- "အခု၊ မင်းက အရမ်းကြည့်လို့ ကောင်းမေတယ်"
လင်းပိုင်ဖန်က ထပ်ပြောကာ- "စိတ်တွေ မကောင်းတဲ့အခါလည်း မလုပ်ဘူးလို့ ပြောသေးတယ်၊ အရမ်းပျော်နေတဲ့အခါလည်း မလုပ်ဘူးလို့လည်း ရှိတယ်ဆို..."
အိုးယဲ့ဇီက ဆက်လက် အော်ဟစ်ကာ- "အခု ငါ အရမ်း စိတ်ရှုပ်ထွေးနေတယ်၊ အဲဒါ မင်းအတွက် လုံလောက်ပြီလား"
လင်းပိုင်ဖန်- "ဒါပေမဲ့"
အိုးယဲ့ဇီက ဒေါသတကြီးဖြင့်- "ဘာလို့ ဒီလောက် အချိန်ဆွဲနေရတာလဲ။ ငါက ပိုက်ဆံတောင် စိုက်ပေးမယ်ဆိုတာကို မင်းက မလိုချင်သေးဘူးလား"
လင်းပိုင်ဖန်က မကျေမနပ်ဖြစ်ကာ "သေရင်တောင်မှ ငါကိုယ်တော့်ရဲ့ အလုပ်ကို မလုပ်ပေးဘူးလို့ ခင်ဗျားပဲ ပြောခဲ့တာလေ"
"ငါ ပြောခဲ့တာလား?"
အိုးယဲ့ဇီက မျက်တောင်ခတ်လိုက်ပြီး- "သေရင်တောင်မှ မင်းကို အလုပ် မလုပ်ပေးဘူးလို့ ငါပြောခဲ့တယ်၊ ဒါပေမဲ့ ကြည့်၊ ငါမသေသေးဘူး။ အဓိကအချက်က၊ ငါ သေတဲ့အထိ မင်းကို အလုပ် မလုပ်ပေးဘူးဆိုတာပဲ။ အခု ငါ အသက်ရှင်နေတဲ့အတွက် သေရင်တောင်မှ အလုပ် မလုပ်ပေးဘူးဆိုတဲ့ အခြေအနေက မသက်ဆိုင်တော့ဘူး။ ငါ မသေဘဲ အသက်ရှင်နေလို့ မင်းကို အလုပ် လုပ်ပေးတာ၊ အဲ့ဒါ ဘာဖြစ်လဲ။ ငါ ဘယ်နေရာမှာ မှားနေလို့လဲ ပြောစမ်း"
လင်းပိုင်ဖန်က လက်မထောင်ပြလိုက်ကာ- "ဆရာကြီး၊ ခင်ဗျားရဲ့ အတွေးအမြင်က အရမ်းကို နက်နဲလွန်းတယ်၊ ငါကိုယ်တော်ကို လက်ခံသွားစေပြီ"
"မင်း သိရင် ကောင်းတယ်"
အိုးယဲ့ဇီက- "အရမ်းကြီးလည်း ကျေနပ်မနေနဲ့ဦး၊ ငါ မင်းအတွက် အလုပ်လုပ်ပေးရတာကို တကယ်မကြိုက်ဘူး။ အဲဒီကောင်းမွန်တဲ့ ပစ္စည်းတွေ အလဟဿဖြစ်သွားတာကို ငါ မမြင်ရက်လို့ပဲ။ အဲဒီပစ္စည်းတွေက ငါ့လိုလူရဲ့ လက်ထဲမှာသာ သူတို့ရဲ့ စွမ်းအားအစစ်အမှန်ကို ပြသနိုင်မှာ"
လင်းပိုင်ဖန်က ခေါင်းကို ထပ်ခါတလဲလဲ ညိတ်ကာ- "မှန်ပါတယ်၊ မှန်ပါတယ်"
"ဆရာကြီး၊ ခင်ဗျား ငါကိုယ်တော်အတွက် အလုပ်လုပ်ရင် အလကားလုပ်ပေးလို့တော့ မဖြစ်ဘူးလေ။ ပိုက်ဆံလည်း စိုက်ထုတ်စရာ မလိုပါဘူး၊ ငါကိုယ်တော် တစ်လကို ငွေတေး ၁၀,၀၀၀ ပေးမယ်။ နတ်လက်နက်တွေ ထုလုပ်နိုင်ခဲ့ရင်လည်း နောက်ထပ် ဆုကြေးတွေ ထပ်ပေးမယ်။ ဘယ်လိုလဲ"
အိုးယဲ့ဇီ၏ မျက်လုံးများက အရောင်တောက်ပလာကာ- "ဒါလည်း ရတာပဲလား"
"ဒါ့အပြင်၊ ဒီနေရာက အရမ်းဝေးလံပြီး အိမ်ခြေ မရှိတာကြောင့် နေထိုင်ဖို့ အဆင်မပြေဘူး။ ခင်ဗျား တောင်းဆိုတဲ့အတိုင်း ခြံဝန်းတစ်ခု ချက်ချင်း ဆောက်ခိုင်းလိုက်ပါ့မယ်။ ခင်ဗျား ဘယ်ပုံစံလိုချင်လဲ၊ ငါကိုယ်တော် ဆောက်ပေးမယ်။ ဘယ်လိုလဲ"
အိုးယဲ့ဇီ၏ မျက်လုံးများက ထပ်မံ တောက်ပလာကာ- "တကယ် လုပ်ပေးမှာလား"
"စားရေးသောက်ရေးအတွက်လည်း မပူစေရဘူး။ ငါကိုယ်တော်က ခင်ဗျားအတွက် တစ်နေ့သုံးနပ်၊ အသားငါး ပေါများစွာနဲ့ စီစဉ်ခိုင်းပေးထားမယ်၊ သောက်စရာတွေလည်း အလုံအလောက် ရှိစေရမယ်၊ အထူးသဖြင့် ခင်ဗျား အကြိုက်ဆုံး အရက်ပြင်းကို တစ်ပတ်ကို ဆယ်အိုး ပို့ပေးမယ်၊ ဘယ်လိုလဲ"
အိုးယဲ့ဇီ၏ မျက်လုံးများက တစ်ဖန် အရောင်တောက်ပလာကာ- "မဆိုးဘူးပဲ"
"ဒါ့အပြင်၊ ဆရာကြီးတစ်ယောက်တည်း ဒီမှာနေရတာ အဆင်မပြေဘူး။ အစေခံတွေကို ခေါ်လာပြီး ခင်ဗျားကို လုပ်ကျွေးပြုစုခိုင်းလိုက်မယ်၊ နေ့စဉ် လိုအပ်ချက်တွေနဲ့ အစားအသောက်တွေကို ဂရုစိုက်ခိုင်းလိုက်မယ်။ ခင်ဗျားက လက်နက်လုပ်တာကိုပဲ အာရုံစိုက်ရုံပဲ၊ တခြားကိစ္စတွေ အားလုံးကို အစေခံတွေဆီ ချန်ထားလိုက်ပါ၊ ဘယ်လိုလဲ"
အိုးယဲ့ဇီ၏ မျက်လုံးများက ယခုအခါ နေလုံးတစ်လုံးကဲ့သို့ တောက်ပနေကာ- "ဘယ်လိုလုပ်ပြီး ငြင်းနိုင်မှာလဲ၊ ဟား…."
လင်းပိုင်ဖန်က ပြတ်သားစွာ လက်ခုပ်တီးလိုက်ကာ- "ဒါဆို ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဆုံးဖြတ်လိုက်ပြီ"
"ကောင်းပြီ၊ ဝမ်းသာစွာနဲ့ပဲ ဆုံးဖြတ်လိုက်ပြီ" အိုးယဲ့ဇီကပါ အားရပါးရ ရယ်မောလိုက်သည်။
ထို့နောက် အိုးယဲ့ဇီသည် သူ၏ အစီအစဉ်ကို လင်းပိုင်ဖန်အား ပြောပြခဲ့သည်။ သူသည် ဥက္ကာခဲနှင့် ရတနာခန်းမမှ အခြားပစ္စည်းအချို့ကို အသုံးပြု၍ ပြိုင်ဘက်ကင်း နတ်လက်နက်တစ်ခုကို ထုလုပ်ရန် ရည်ရွယ်ထားသည်။ ဤလုပ်ငန်းစဉ်သည် သုံးလခန့်၊ ခန့်မှန်းခြေအားဖြင့် ရက်ပေါင်း ၁၀၀ ခန့် ကြာမည်ဟု ခန့်မှန်းရသည်။
လင်းပိုင်ဖန်က ခေါင်းကို ထပ်ခါတလဲလဲ ညိတ်ပြပြီး သူ၏ အပြည့်အဝ ထောက်ခံမှုကို ဖော်ပြလိုက်သည်။
ဤသို့ဖြင့် လင်းပိုင်ဖန်သည် အိုးယဲ့ဇီကို အောင်မြင်စွာ ဖျောင်းဖြနိုင်ခဲ့ပြီးတော့ မဟာရှ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သိမ်းသွင်းနိုင်ခဲ့လေသည်။
ထိုအချိန်တွင် မြောက်ဘက်မှ နောက်ထပ် သတင်းကောင်းတစ်ခု ရောက်လာခဲ့သည်။
မြောက်ပိုင်းရှိ ဗိုလ်ချုပ် အန်းလုရှန်နှင့် ရှီစစ်မင်တို့သည် မဟာယွဲ့စစ်တပ်၏ ဖိအားအောက်တွင် နောက်ဆုံးတွင် တိုးတက်မှု ရရှိကာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်လာခဲ့ကြသည်။
သူတို့အပါအဝင် မဟာရှတွင် ယခုအခါ ချီဖွဲ့တည်ခြင်းအဆင့် ၁၁ ဦး ရှိပြီဖြစ်သည်။