← Chapters

အခန်း (၁၃၅)

Vol. 11 Ch. 135

အခန်း (၁၃၅)

Vol. 11 Ch. 135

“ဒင်! ကစားသမား၏ နိုင်ငံတော် အင်အား တိုးတက်လာမှုကြောင့် သင်အား ရှောင်လီ၏ ဓားမြှောင်ပျံ ပညာရပ်ကို ဆုချလိုက်သည်”

ရှောင်လီ၏ ဓားမြှောင်ပျံသည် ဘယ်သောအခါမှ လွဲချော်ခြင်း မရှိပေ ဤသည်မှာ အမြင့်ဆုံး အမြန်နှုန်းဖြင့် ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ ခန္ဓာကိုယ် တစ်ခုလုံး၏ ခွန်အား၊ ချီစွမ်းအင် နှင့် စိတ်ဝိညာဥ်တို့ကို ပေါင်းစပ် အသုံးပြုပြီး ပစ်လွှတ်သည့် ပညာရပ်ဖြစ်သည်။ ပစ်မှတ်တိုင်းကို ထိမှန်စေနိုင်သော နတ်ဆိုးဆန်သည့် ပညာရပ် တစ်ခုဖြစ်သည်။ ဓားမြှောင်ကို မြင်လိုက်ရသူတိုင်းသည် ၎င်းတို့၏ အဆုံးသတ်နှင့် တွေ့လိုက်ရပြီလို့တောင် ပြောလို့ရသည့် ပညာရပ် ဖြစ်သည်။

လင်းပိုင်ဖန်သည် ထိုပညာရပ်ကို လျင်မြန်စွာ သင်ယူခဲ့လိုက်ပြီး ရှောင်လီ၏ ဓားမြှောင်ပျံကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့သည်။

သူ့အနေဖြင့် ဒီပညာရပ်ဟာ အမှန်တကယ်ကိုပင် အလွန်ကို အစွမ်းထက်လွန်းလှသည်ကို တွေ့ရှိလိုက်ရသည်။

ခွန်အား၊ ချီစွမ်းအင် နှင့် စိတ်ဝိညာဥ်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ခြင်းသည် သူ၏ ခွန်အား ပိုမိုအားကောင်းလာလေလေ၊ သူပစ်လွှတ်လိုက်သော ရှောင်လီ၏ ဓားမြှောင်ပျံသည် ပိုမိုအစွမ်းထက်လာလေလေ ဖြစ်သည်။

ထို့အပြင်၊ ၎င်းသည် ခန္ဓာကိုယ်ရဲ့ ခွန်အား သို့မဟုတ် အသက်ရှုခြင်းတို့ကို အာရုံစိုက်ရခြင်းမဟုတ်ဘဲ စိတ်ဆန္ဒကို အာရုံစိုက်ရခြင်းဖြစ်သည်။

သူသာ စိတ်ဆုံးဖြတ်ထားသရွေ့၊ ဤနည်းလမ်းဖြင့် ဓားမြှောင်များကိုသာမက ဓားရှည်များကိုပင် အသုံးပြုနိုင်သည်။

ဤသို့ဖြင့် သူ၏စွမ်းအားသည် အကြီးအကျယ် မြင့်တက်လာခဲ့ပေသည်။

“ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် အစွမ်းအထက်ဆုံး ရှောင်လီရဲ့ ဓားမြှောင်ပျံကို ပစ်လွှတ်လိုက်မယ်ဆိုရင် ကောင်းကင် အဆင့်ကိုတောင်မှ ဒဏ်ရာရစေနိုင်လောက်တယ်” လင်းပိုင်ဖန်သည် အလွန်ကို ကျေနပ်အားရသွားပြီးတော့ အမိန့်တော်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

“စစ်သူကြီး အန်လုရှန် နဲ့ ရှိစစ်မင် တို့ ချီဖွဲ့တည်ခြင်းအဆင့်ကို ရောက်ရှိလာခဲ့တဲ့အတွက် ငါကိုယ်တော် ဝမ်းသာမိတယ် ။ သူတို့ကို အားပေး ထောက်ပံ့ရန်အတွက် တစ်ဦးလျှင် ငွေတေး ၁၀,၀၀၀စီ ဆုချလိုက်သည်။ တပ်သား ၂၀၀,၀၀၀ ထပ်မံတိုးချဲ့ရန်အတွက် သူတို့၏ အဆိုပြုချက်ကိုလည်း ငါကိုယ်တော် သဘောတူလိုက်သည်”

“အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး”

စကားပြောရန် မဝံ့မရဲ ဖြစ်နေပုံရသော ချောင်ချောင်းကို သတိပြုမိသဖြင့် လင်းပိုင်ဖန်က မေးလိုက်သည်၊ “အမတ် ချောင်၊ ငါကိုယ်တော်ကို ပြောချင်တာများ ရှိလို့လား”

“အရှင်မင်းကြီး”

ချောင်ချောင်းသည် ဦးစွာ အရိုအသေပြုလိုက်သည်၊ “ကျွန်တော်မျိုး တစ်စုံတစ်ရာ ပြစ်မှားမိသည်ရှိသော် ခွင့်လွှတ်တော်မူပါ။ ထိုအခါမှသာ အရှင့်ကို ကျွန်တော်မျိုးက ရဲဝံ့စွာလျှောက်တင်ရဲပါမည်”

လင်းပိုင်ဖန်လည်း အံ့သြသွားပြီး- “ကောင်းပြီ၊ မောင်မင်းရဲ့ စိတ်ထဲရှိသလိုသာ လျောက်တင်လိုက်ပါ ငါကိုယ်တော် ခွင့်လွှတ်တယ်”

ချောင်ချောင်းက- “အရှင်မင်းကြီးခင်ဗျား၊ မြောက်ပိုင်းတပ်မတော်အား တပ်သား နှစ်သိန်း တိုးခွင့်ပြုခြင်းက မသင့်တော်ပါဟု ထင်မြင်မိပါသည်”

လင်းပိုင်ဖန်က - “ဘာကြောင့် မသင့်တော်တာလဲ” ဟု မေးလိုက်သည်။

“အရှင်မင်းကြီးခင်ဗျား၊ မြောက်ပိုင်းတပ်မတော်မှာ တပ်သား ၃၀၀,၀၀၀ ရှိပြီးသားဖြစ်ပါတယ်။ အကယ်၍ နောက်ထပ် ၂၀၀,၀၀၀ ခေါ်ယူပါက စုစုပေါင်း ၅၀၀,၀၀၀ အထိ ရောက်ရှိသွားမည်ဖြစ်ပြီး၊ ၎င်းသည် ကျွန်တော်မျိုးတို့ မဟာရှ တပ်မတော်၏ တစ်ဝက်ကျော်တောင် ရှိသွားမည် ဖြစ်ပါသည်။ ဒါဟာ စစ်တပ်အင်အားချိန်ခွင်လျှာကို ထိခိုက်စေနိုင်ပါတယ်”

“စစ်သူကြီး အန်လုရှန် နဲ့ ရှီစစ်မင်တို့က စွမ်းဆောင်မှု ကြီးကြီးမားမားတွေကို ပြုခဲ့တာ မှန်သော်လည်း၊ တပ်သား ငါးသိန်းကို ဦးဆောင်ဖို့အတွက်ကတော့ လူတိုင်းရဲ့ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပါဘူး”

“ဒါ့အပြင်ကိုမှ ဤကျွန်တော်မျိုးသည် စစ်သူကြီး အန်လုရှန်နှင့် ရှီစစ်မင်တို့တွင် မသင့်တော်သော ရည်ရွယ်ချက်အချို့နှင့် ကြီးမားသော ရည်မှန်းချက်တွေ ရှိနေသည်ကို သတိပြုမိပါသည်။ သူတို့၏ ခွန်အားက အရေးပါခြင်း မရှိသေးသောအခါတွင် ကျေနပ်စွာ နေနိုင်သော်လည်း၊ ယခုအခါ သူတို့သည် ချီဖွဲ့တည်ခြင်းအဆင့်သို့ ရောက်ရှိလာတဲ့အတွက် သူတို့၏ ရည်မှန်းချက်မှာ မလွဲဧကန် ကြီးထွားလာမည် ဖြစ်ပါတယ်။ တပ်သား ငါးသိန်းကို ဦးဆောင်ကာ ကြီးမားသော အာဏာကို ကိုင်စွဲထားခြင်းဖြင့်၊ နောက်ဆုံးတွင် သူတို့သည် အရှင့်မင်းကြီးအား ခြိမ်းခြောက်လာနိုင်မည်ကို ကျွန်တော်မျိုး စိုးရိမ်ပါသည်...”

ချောင်ချောင်းသည် လင်းပိုင်ဖန်ကို တစ်ချက်ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောသည်၊ “အရှင့်ရဲ့ အုပ်ချုပ်မှုကို ခြိမ်းခြောက်လာနိုင်မည်ကို စိုးရိမ်မိပါသည်” အရှင်မင်းကြီး၊ စဉ်းစားတော်မူပါ”

လင်းပိုင်ဖန်သည် ချောင်ချောင်းကို ကြည့်လိုက်သည်။

အမှန်ပင် ချောင်ချောင်း ဖြစ်ထိုက်ပေသည်။ သူ၏ အမြင်မှာ ထက်မြက်ပြီး စူးရှလှသည်။ သူသည် တစ်နည်းနည်းဖြင့် အသစ်ရောက်လာသူ ဖြစ်သော်လည်း ထိုနှစ်ဦး၏ မရိုးဖြောင့်သော ရည်မှန်းချက်များကို ခွဲခြားသိမြင်နိုင်ခဲ့သည်။

လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်- “အမတ် ချောင်၊ မောင်းမင်း အလွန်အကျွံ တွေးနေတာပါပဲ။ ဗိုလ်ချုပ် မဖြစ်ချင်တဲ့ စစ်သားက စစ်သားကောင်း မဟုတ်သလို။ ထိုနည်းတူစွာပဲ ဧကရာဇ်မဖြစ်ချင်တဲ့ ဗိုလ်ချုပ်ကလည်း ဗိုလ်ချုပ်ကောင်း မဟုတ်ပေဘူး”

ချောင်ချောင်းခင်ဗျာ တုန်လှုပ်သွားခဲ့သည်။ အရှင်မင်းကြီးသည် ထိုသို့သော အယူမှားသော စကားမျိုးကို အမှန်တကယ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

လင်းပိုင်ဖန်က ဆက်ပြောလိုက်သည်- “ဘယ်သူပဲ ဖြစ်ဖြစ်၊ သူတို့မှာ စွမ်းဆောင်ရည်နဲ့ ရည်မှန်းချက်တွေ ရှိနေသရွေ့တော့ နောက်ဆုံးမှာ သူတို့က မလွဲဧကန်ကို ပုန်ကန်မှာပဲ။ ဒါက သမိုင်းတစ်လျှောက်လုံးမှာ အမြဲလိုလို ဖြစ်ပေါ်နေတဲ့ အရာတွေပဲ။ ဒီလိုတွေကြောင့်ပဲ နိုင်ငံတွေ၊ မင်းဆက်တွေ ဘယ်လောက်တောင်မှ ပြောင်းလဲသွားတယ် ဆိုတာကို မည်သူက သိနိုင်မှာလည်း”

“ဒါ့ကြောင့်၊ တားဆီးရန် မဖြစ်နိုင်သလို ကြိုးစားရန်လည်း မလိုအပ်ဘူး။ စစ်သူကြီး အန် တစ်ယောက်ကို အနိုင်ယူလိုက်ရင်တောင်မှ နောက်ထပ် စစ်သူကြီး လင်း တစ်ယောက် ထပ်ပေါ်လာလိမ့်မယ်။ စစ်သူကြီး လင်းကို ထပ်အနိုင်ယူလိုက်ရင်လည်း နောက်ထပ် စစ်သူကြီးတစ်ဦးက ထပ်ပေါ်လာဦးမှာပဲ”

“သမိုင်းဆိုတာက ဘယ်လိုပဲ ပြောင်းလဲနေပါစေ။ အမြဲတမ်း ဒီလမ်းကြောင်းအဟောင်းကြီးကိုပဲ ပြန်ရောက်လာနေအုံးမှာပဲ”

လင်းပိုင်ဖန်က သက်ပြင်းချလိုက်ကာ- “ ဒီလိုဖြစ်နေမှတော့ ငါကိုယ်တော် အနေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ လွယ်မယ့် တစ်ယောက်ကို ဘာကြောင့် မထားရမှာလဲ။ အရိပ်ထဲကနေ ကြံစည်နေတဲ့သူ တစ်ယောက်ထက်၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေက ပေါ်ပေါ်တင်တင်နဲ့ လူတိုင်းမြင်နိုင်တဲ့သူ တစ်ယောက် ရှိနေတာက အမြဲတမ်းအတွက် ပိုကောင်းတယ် မဟုတ်ပေဘူးလား”

ချောင်ချောင်းသည် ကျောပြင်မှ ချွေးအေးများ ထွက်လာခဲ့သည်။ “အရှင်မင်းကြီးခင်ဗျား၊ ကျွန်တော်မျိုးက မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါဘူး။ တပ်သား ငါးသိန်းကို ထိန်းချုပ်ထားခြင်းက အရှင့်မင်းကြီးအား ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်ဟု ကျွန်တော်မျိုး စိုးရိမ်မိသောကြောင့်သာ သတိပေးရန် လျှောက်တင်ရခြင်းဖြစ်ပါသည်”

“တပ်သား ငါးသိန်းက အများကြီးလား?”

လင်းပိုင်ဖန်က- “ငါကိုယ်တော်ရဲ့ လက်ထဲမှာ သေဆုံးခဲ့ရတဲ့ တပ်သားအရေအတွက်က တစ်သန်းကျော်တောင် ရှိတယ်”

ချောင်ချောင်းသည် ဤဧကရာဇ်သည် ရိုးရှင်းသော ပုဂ္ဂိုလ်မဟုတ်ကြောင်း ရုတ်တရက် သတိရလိုက်သည်။

သူကိုယ်တိုင်လည်း တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့ပြီး အကြိမ်တိုင်းတွင်လည်း အောင်ပွဲခံခဲ့သည်။

သူသတ်ခဲ့သည့် လူဦးရေသည် အခြားသော ဗိုလ်ချုပ်တွေ အားလုံးပေါင်းထားသည်ထက်တောင်မှ များပြားနိုင်ပေလိမ့်မည်။

ရလဒ်ကိုသာ ကြည့်ပါက၊ အရှင်မင်းကြီးသည် အတော်လေး အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်သည်။

ချောင်ချောင်းတွင် ပြောစရာ စကား မရှိတော့ဘဲ သူ၏ကျောကို လက်ဖြင့်ထိလိုက်ရာ ချွေးများရွှဲနေကြောင်းကို တွေ့လိုက်ရသည်။

ထိုအချိန်တွင်၊ ယဥ်ကျေးမှု ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး လီလင်းဖူ ရောက်လာခဲ့ပြီး အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်၊ “အရှင်မင်းကြီးအား လျှောက်တင်ပါသည်။ နှစ်သစ်က နီးကပ်လာပါပြီ။ ဤနှစ်တွင် ကျွန်တော်မျိုးတို့၏ မဟာရှသည် ပြည်ပရှိ အင်အားကြီးရန်သူများကို တွန်းလှန်ကာ၊ ပြည်တွင်း၌လည်း စီးပွားရေးနှင့် ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းတို့ကို အသက်သွင်းနိုင်ခဲ့ပြီး၊ ကျွန်တော်မျိုးတို့၏ နိုင်ငံတော်အင်အားကို အဆပေါင်းများစွာ တိုးမြှင့်ကာ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ ဤအရာအားလုံးသည် အရှင်မင်းကြီး၏ ကြိုးပမ်းမှုကြောင့်သာ ဖြစ်ပါသည်။ ဒါ့ကြောင့်၊ ဒီက ကျွန်တော်မျိုးက နှစ်သစ် အခါသမယမှာ အရှင်မင်းကြီးအတွက် ခမ်းနားထည်ဝါလှသော ပွဲတော်တစ်ခုကို ကျင်းပလိုပါသည်”

လင်းပိုင်ဖန်လည်း အလွန်ကျေနပ်သွားပြီး- “ကောင်းပြီ။ ဒီနှစ်မှာ ငါကိုယ်တော် အနေနဲ့ ကြိုးပမ်းအားထုတ်ခဲ့ရုံသာမကပဲ အရာရှိတွေကလည်း ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြတယ်။ ဒါကြောင့်၊ အရာရှိတွေနဲ့ ဂုဏ်ပြုထိုက်သူတွေကို ဆုချဖို့အတွက် ခမ်းနားတဲ့ ပွဲတော်ကြီးတစ်ခုကို ကျင်းပရမယ်၊ ဒါမှပဲ ဘုရင် နဲ့ အမတ် တွေ ပျော်ရွှင်နိုင်လိမ့်မယ်။ ဒီကိစ္စကို ဝန်ကြီး မောင်းမင်းကိုပဲ တာဝန်ပေးအပ်လိုက်တယ်”

“ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါသည်။ ဒါပေမယ့်လည်း ပွဲတော်မှာ နာမည်မရှိသေးပါဘူး၊ အရှင်မင်းကြီးမှ ပေးသနားတော်မူပါ”

လင်းပိုင်ဖန်က ရယ်မောကာ- “ဒီပွဲတော်မှာ အမွှေးဆုံးဝိုင်၊ များပြားလှတဲ့ အသား၊ အလှဆုံး လူတွေနဲ့ အကောင်းဆုံးဖျော်ဖြေမှုတွေ ရှိရမယ်၊ ပျော်ရွှင်မှု မှန်သမျှကို ခံစားကြရမယ်။ ဒါဆိုရင် အကြွင်းမဲ့ ပျော်ပွဲရွှင်ပွဲ ပွဲတော်လို့ ဘာလို့ မခေါ်ရမှာလဲ”

“အလွန်ကောင်းမွန်တဲ့ အမည်နာမ ပါပဲ။ ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါသည်”

မြောက်ပိုင်းတပ်မတော် စခန်းချနေရာတွင်….

အန်လုရှန်သည် အမိန့်တော်ကို လက်ခံရရှိပြီးနောက် သူ၏မျက်နှာမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်၊ “အရှင်မင်းကြီးက သဘောတူလိုက်ပြီ၊ တပ်သား နှစ်သိန်း ထပ်တိုးဖို့ကို ခွင့်ပြုလိုက်ပြီ။ ဒီလိုဆိုရင် ငါတို့မှာ တပ်သား ၅၀၀,၀၀၀ အင်အားရှိတဲ့ စစ်တပ် ရှိပြီကွ၊ ဟား…ဟား”

ရှီစစ်မင်သည်လည်း အလွန်စိတ်လှုပ်ရှားနေသည်၊ “အစ်ကိုကြီး၊ အရမ်းကောင်းတယ်။ ငါတို့ရဲ့ အခွင့်အရေးက ရောက်လာပြီ”

တဲအိမ်အတွင်း၌ ထူးခြားသော ဟန်ပန်ရှိသည့် အခြားသူစိမ်းအချို့လည်း ရှိနေခဲ့သည်။

ဤသတင်းကို ကြားသောအခါ သူတို့လည်း အလွန်ပျော်ရွှင်ကြပြီးတော့ ဂုဏ်ပြုလိုက်ကြသည်။

“စစ်သူကြီး အန် ကို ဂုဏ်ပြုပါတယ်၊ အဲဒီ မိုက်မဲတဲ့ ဧကရာဇ်က ခင်ဗျားကို အကြီးအကျယ် ယုံကြည်အားကိုးတာပဲ”

“ငါ့ရဲ့ ခွန်အား တိုးတက်လာရုံသာမက တပ်သားတွေကိုလည်း ပိုပြီး ထိန်းချုပ်ခွင့်ရလာတယ်။ နှစ်ထပ်ကွမ်း မင်္ဂလာပဲ၊ ဟား…ဟား”

“တပ်သား ငါးသိန်းနဲ့ဆိုရင် လုပ်ငန်း ကြီးကြီးမားမားတွေကို အကောင်အထည်ဖော်နိုင်ပြီ”

အန်လုရှန်သည် နားထောင်ရင်း ပိုမိုပျော်ရွှင်လာပြီး အားရပါးရ ရယ်မောလိုက်သည်၊ “အားလုံးပဲ ထိုင်ကြပါ။ ဒီကိစ္စကို အသေးစိတ် ဆွေးနွေးဖို့ လိုတယ်”

လူအုပ်သည် တစ်ဦးပြီးတစ်ဦး ထိုင်လိုက်ကြပြီး သူတို့၏ အမူအရာများသည်လည်း တည်ကြည် လေးနက်သွားကြသည်။

အန်လုရှန်သည် သူ၏ အားကိုးရသူများကို အပြင်တွင် အစောင့်ချထားရန်လည်း အမိန့်ပေးခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေ သုံးဆယ်အတွင်းသို့ ဝင်ခွင့်မပြုဘဲ၊ လျှို့ဝှက် အခြေအနေတစ်ခုကို ဖန်တီးခဲ့သည်။

အန်လုရှန်က လေးနက်သော အမူအရာဖြင့်- “ခင်ဗျားတို့အားလုံး သိတဲ့အတိုင်းပဲ၊ မဟာရှက ပိုပြီးတော့တောင်မှ အင်အားကြီးမားလာတယ်။ သူတို့မှာ ကြီးမားတဲ့ စစ်တပ်ရှိရုံသာမကပဲ ကျွမ်းကျင်သူတွေလည်း အများကြီးရှိတယ်။ ငါ့ညီနဲ့ ငါ ပေါင်းပြီး တပ်သား ငါးသိန်းနဲ့ဆိုရင်တောင် မဟာရှကို ဖြုတ်ချဖို့ လုံးဝမဖြစ်နိုင်ဘူး”

“စိတ်ချပါ စစ်သူကြီး အန်၊ ခင်ဗျားအတွက် အရာအားလုံးကို ကျွန်တော်တို့ စီစဉ်ပြီးသားပါ”

အလယ်အလတ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးက ပြုံးကာ- “ငါတို့က မဟာယွဲ့ နဲ့ ဆက်သွယ်ပြီးသွားပြီ။ သူတို့ကလည်း တပ်သား ၅၀၀,၀၀၀ကို စေလွှတ်ပေးလိမ့်မယ်။ ငါတို့မှာရှိတဲ့ အင်အားတွေနဲ့သာ ပေါင်းလိုက်ရင် အင်အားကြီးမားတဲ့ စစ်သည် ၁ သန်း ရှိတဲ့ စစ်တပ်ကြီး ဖြစ်လာလိမ့်မယ်။ ဒီလို အင်အားမျိုးနဲ့ဆိုရင် အမြန်ဆုံးနဲ့ အောင်ပွဲကို ရရှိနိုင်လိမ့်မယ်”

“ဒါ့အပြင်၊ မဟာယွဲ့နဲ့ ငါတို့ရဲ့ ကြီးမြတ်တဲ့ မိသားစု တွေကလည်း ချီဖွဲ့တည်ခြင်းအဆင့်တွေကို ကူညီဖို့ စေလွှတ်ပေးပါလိမ့်မယ်။ ခင်ဗျားရဲ့ အတွင်းအပြင် ပူးပေါင်းဆောင်ရွက်မှုနဲ့သာ ပေါင်းစပ်လိုက်ရင် စစ်သူကြီး အန်၊ သူတို့ကို လုံးဝ အံ့အားသင့်သွားအောင် လုပ်နိုင်ပါလိမ့်မယ်…။ ဒီလိုဆိုရင် မဟာရှရဲ့ နယ်မြေတစ်ခုလုံးက ငါတို့ရဲ့ လက်ထဲကို မရောက်လာပေဘူးလား”

လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အောင်ပွဲခံရယ်မောလိုက်ကြသည်။

အန်လုရှန်လည်း အလွန် စိတ်ဝင်စားသွားပြီး- “ဒါဆို အကျိုးအမြတ်တွေကို ဘယ်လို ခွဲဝေကြမလဲ”

“စစ်သူကြီး အန်က ဧကရာဇ် ဖြစ်ချင်တယ်ဆိုတော့ မဟာရှရဲ့ ဧကရာဇ် ဖြစ်လာမှာပဲ၊ ဒီအပေါ်မှာ မေးစရာမရှိဘူး”

“ဒါပေမဲ့၊ အဲဒီ သတ္တုတွင်းတွေကတော့ ငါတို့ရဲ့ မြင့်မြတ်တဲ့ မိသားစုတွေ ပိုင်ဆိုင်ပါလိမ့်မယ်။ အဲဒါတွေကို ဘယ်လို တိုးတက်အောင် လုပ်မလဲ၊ ဘယ်လို အသုံးပြုမလဲဆိုတာကို ငါတို့ကပဲ အဆုံးအဖြတ် ပေးရမယ်။ ကျေးဇူးပြုပြီး စစ်သူကြီး အန် က ဝင်ရောက်မစွက်ဖက်ပါနဲ့။ ဟုတ်တာပေါ့ ငါတို့ မိသားစုတွေက အကျိုးအမြတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ခင်ဗျားနဲ့လည်း ဝေမျှပေးမှာပါ”

“မဟာယွဲ့အတွက်ကတော့ မဟာရှ နယ်မြေရဲ့ တစ်ဝက်ကို သူတို့ လိုချင်တယ်”

အန်လုရှန်က နာကျင်စွာြဖင့် “ဒါတွေအားလုံးက မဟာရှရဲ့ အတန်ဖိုးအရှိဆုံး အစိတ်အပိုင်းတွေလေ၊ ခင်ဗျားတို့အားလုံးက အကုန် ယူကြမလို့လား”

“အပေးအယူတော့ ရှိရမှာပေါ့၊ အကျိုးအမြတ် အားလုံးကို ခင်ဗျားတစ်ယောက်တည်း သိမ်းပိုက်ထားနိုင်မယ်လို့တော့ မမျှော်လင့်နဲ့လေ” တစ်ဖက်လူက သတိပေးဟန်ဖြင့် ပြုံးလိုက်ကာ “စစ်သူကြီး အန်၊ သေချာစဉ်းစားကြည့်ပါ၊ ငါတို့တွေရဲ့ အကူအညီမပါဘဲ ခင်ဗျားက မဟာရှကို ဖြုတ်ချပြီး ဧကရာဇ် ဖြစ်လာနိုင်ပါ့မလား။ ခင်ဗျားက အကျိုးအမြတ် အများကြီးကို စွန့်လွှတ်လိုက်ရတယ် ဆိုပေမဲ့၊ ခင်ဗျားဟာ အမြတ်အစွန်းတွေ ရနေတုန်းပဲ။ ရနိုင်တဲ့အရာတွေနဲ့ပဲ ကျေနပ်ရမယ်လေ”

အန်းလူရှန်မှာ ဒေါသထွက်သလို အကူအညီလည်း မဲ့နေခဲ့သည်။

သူ၏ ရည်မှန်းချက် နဲ့ ဆန္ဒတွေကို အကောင်အထည် ဖော်ရန်အတွက်၊ သူသည် ကျားလို လူတွေနှင့် အပေးအယူလုပ်ရပြီး သူ၏အကျိုးစီးပွားအချို့ကို စွန့်လွှတ်ကာ သဘောတူညီမှု ရယူရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။

“ကောင်းပြီ၊ ဒါဆိုရင် ငါတို့ရဲ့ အောင်မြင်မှုတွေ မြန်မြန်ဆန်ဆန်နဲ့ ရောက်လာပါစေ” အန်းလူရှန်သည် သူ၏ အရက်ခွက်ကို မြှောက်လိုက်သည်။

လူတိုင်းသည်လည်း ဝမ်းမြောက်စွာဖြင့် သောက်ခဲ့ကြသည်။

ထိုအခိုက်အတန့်တွင်၊ တစ်စုံတစ်ယောက်က မေးလိုက်သည်- “စစ်သူကြီး အန်၊ ဘယ်အချိန်မှာ စစ်တပ်က ချီတက်မှာလဲ”

“အခုက ဆောင်းရာသီဖြစ်ပြီး အေးတဲ့အချိန်ပဲ။ ငါတို့မှာ လုံလောက်တဲ့ စစ်သားနဲ့ မြင်းတွေက မရှိသေးဘူး၊ ဒါဟာ ချီတက်ဖို့အတွက် မသင့်တော်ဘူး။ လာမည့်နွေဦးပေါက်တဲ့အထိ စောင့်ကြရအောင်၊ ရာသီဥတု နွေးလာပြီး ငါတို့ရဲ့ အင်အားတွေ အပြည့်အဝ စုစည်းမိတဲ့အခါ။ အဲဒီအချိန်က မဟာရှကို ဖြုတ်ချဖို့ နဲ့ အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ပြီး ဧကရာဇ်အဖြစ် နန်းတက်ဖို့ အကောင်းဆုံးအချိန် ဖြစ်လိမ့်မယ်”

“အရမ်းကောင်းတယ်” လူအုပ်က လက်ခုပ်တီးကာ ထောက်ခံလိုက်ကြသည်။

All Chapters