အခန်း (၁၃၆)
Vol. 11 Ch. 136
အဲဒီနောက်မှာတော့ အန်လုရှန်ဟာ စစ်သားအသစ်တွေ စုဆောင်းတာ၊ မြင်းတွေဝယ်ယူတာတွေနဲ့ စစ်သားသစ်တွေကို လေ့ကျင့်ပေးတာတွေကို စတင်လုပ်ဆောင်ပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ရှီစစ်မင်ကို စစ်သည် အဟောင်းတွေကို လေ့ကျင့်မှုတွေ ပိုလုပ်ဖို့၊ ရိက္ခာနဲ့ အထောက်အပံ့တွေကို ပြင်ဆင်ဖို့နဲ့ ရှေ့လာမယ့် ကြီးကျယ်လှတဲ့ လုပ်ငန်းကြီးအတွက် အသင့်ဖြစ်စေဖို့ အမိန့်ပေးခဲ့လိုက်သည်။
နှစ်ဦးစလုံးဟာ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေခဲ့ကြသည်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ပုန်ကန်မှုသာ အောင်မြင်ခဲ့မယ်ဆိုရင် သူတို့ဟာ ဧကရာဇ်မင်းမြတ်ရဲ့ ဝတ်ရုံကို ဝတ်ဆင်ရပြီး၊ ဧကရာဇ်တွေ ဖြစ်လာကာ၊ ကမ္ဘာပေါ်ရှိ အရာအားလုံးကို အာဏာစက်ဖြင့် ချုပ်ကိုင်နိုင်ပြီး အဆုံးမဲ့ ဘုန်းတန်ခိုးနဲ့ ကြွယ်ဝချမ်းသာမှုတွေကို ပိုင်ဆိုင်ရမှာ ဖြစ်လို့ပါပဲ။
တစ်ဖက်မှာတော့ နောက်ထပ် အကျင့်ပျက် အရာရှိတစ်ဦးဖြစ်တဲ့ ဟီရှန်းဟာလည်း အလုပ်ရှုပ်နေပြီး၊ လက်ရှိအခြေအနေတွေကို လင်းပိုင်ဖန်ထံ ကြိုးစားပမ်းစား တင်ပြနေသည်။
ဒီအချိန်မှာ ဟီရှန်းဟာ အဓိကအားဖြင့် အရေးကြီးတဲ့ လုပ်ငန်းကြီးများစွာတို့ကို တာဝန်ယူကာ လုပ်ဆောင်နေရသည်။
၎င်းတို့ထဲမှာ လယ်ယာစိုက်ပျိုးဖို့အတွက် မြေရိုင်းတွေ ရှင်းလင်းတာတွေ၊ သံသတ္တုတွေ တူးဖော်တာနဲ့ ဘိလပ်မြေအိမ်တွေ ဆောက်လုပ်တာအပြင်၊ နန်းတော်အသစ် ဆောက်တာနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံတော်အဆင့် အထည်အလိပ်လုပ်ငန်းတို့ကို စီစဉ်တာတွေ ပါဝင်နေသည်။
အားလုံးဟာ အရမ်းအရေးကြီးတဲ့ လုပ်ငန်းတွေဖြစ်ပြီး၊ အခုအချိန်အထိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
အဲဒါတွေကို နားထောင်ပြီးတဲ့နောက် လင်းပိုင်ဖန်ဟာ အလွန်ပင် ကျေနပ်သွားပြီး- “အမတ်ဟီ၊ မောင်မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဒီကိစ္စတွေကို မောင်မင်းကို အပ်နှံခဲ့တာ အမှန်ကန်ဆုံးပဲ။ မောင်မင်းရဲ့ အောင်မြင်မှုတွေကို အခု မှတ်ထားလိုက်မယ်၊ မောင်မင်းရဲ့ စွမ်းဆောင်မှုတွေအတွက် နောက်မှ ဆုချမယ်” လို့ ဆိုလိုက်သည်။
ဟီရှန်းက ဝမ်းသာအားရစွာနဲ့ “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
သူ အလျင်စလို ပြေးလာပြီး အစီရင်ခံရတဲ့ အကြောင်းရင်းက အရှင်မင်းကြီးကို သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို သိရှိစေချင်တာပဲ မဟုတ်ပေဘူးလား။
သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အရှင်မင်းကြီး သိမှသာ သူဟာ ဆက်လက် ရာထူးတိုးမြှင့်ခံရပြီး အဆင့်အတန်း တိုးတက်လာနိုင်မှာပဲ မဟုတ်လား။
“တကယ်တော့ အကြီးမားဆုံးသော အောင်မြင်မှုတွေကို အရှင်မင်းကြီးကိုသာ ပေးရမှာပါ။ အရှင်မင်းကြီးရဲ့ ဉာဏ်ပညာရှိလှတဲ့ ဦးဆောင်မှုတွေအောက်မှာ ကျွန်တော်မျိုးတို့ ဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တာပါ။ အရှင်မင်းကြီးရဲ့ စွမ်းဆောင်မှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဒီကျွန်တော်မျိုးဟာ ဒီအလုပ်တွေကို ပြေးလွှား လုပ်ဆောင်ရုံကလွဲလို့ ဘာမှ မလုပ်ရပါဘူး။ ဒါဟာ ဘာမှ မဟုတ်ပါဘူး”
ဟီရှန်းဟာ ရိုကျိုးစွာ ပြောဆိုရင်း လင်းပိုင်ဖန်ကို တစ်ချိန်တည်းမှာပဲ ချီးမြှောက်နေခဲ့သည်။
လင်းပိုင်ဖန်ဟာ အလွန်ကို ကျေနပ်သွားပြီး-“အမတ်ဟီ၊ နန်းတွင်းက အရပ်ဘက်နဲ့ စစ်ဘက် အရာရှိတွေ အားလုံးထဲမှာ မောင်မင်းဟာ စကားအပြောအဆိုလည်း အကောင်းဆုံး၊ လုပ်ရည်ကိုင်ရည်လည်း အကောင်းဆုံးပဲ၊ အခုဆိုရင် အလုပ်အားလုံးကို ချောမွေ့စွာနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီဆိုတော့ ငါကိုယ်တော်တို့ စီမံကိန်းအသစ်တွေ စတင်နိုင်ပြီ” လို့ ပြောလိုက်သည်။
ဟီရှန်းမှာ ကြောင်အသွားပြီး-“အရှင်မင်းကြီး၊ အခု ဘာများလုပ်မလို့ပါလဲ” လို့ မေးလိုက်သည်။
လင်းပိုင်ဖန်က ပြုံးကာ - “အမတ်ဟီ၊ မောင်မင်းလည်း သိတဲ့အတိုင်းပဲ၊ ငါကိုယ်တော်တို့ နိုင်ငံရဲ့ ရေလမ်းကြောင်းတွေဟာ အခုဆို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီ။ ဒါဟာ ဆည်မြောင်းအတွက်သာမက မြို့တွေအကြား အဆက်အသွယ်နဲ့ ကုန်သွယ်ရေးကိုလည်း မြှင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ ငါတို့မှာ အခု သင်္ဘောတွေ လိုအပ်နေအတွက် ကုန်သွယ်ရေးနဲ့ ပတ်သတ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အများကြီး ထိခိုက်စေတယ်။ ဒါကြောင့် ငါကိုယ်တော် သင်္ဘောတွေ ဆောက်ဖို့ စီစဉ်နေတယ်။ အမတ်ဟီ၊ ဒီအပေါ် မောင်မင်းရဲ့ သဘောထားက ဘယ်လိုလဲ” လို့ မေးလိုက်တယ်။
ဟီရှန်းဟာ လုံးဝကို ဆွံ့အသွားခဲ့သည်။
‘ဘုရားရေ! သူ့ရဲ့ လက်ရှိ အလုပ်တွေကိုတောင် မပြီးသေးဘူး၊ အခု နောက်ထပ် စီမံကိန်းကြီး တစ်ခု ရောက်လာပြန်ပြီ။
အရှင်မင်းကြီးက လူတွေကို အလုပ်တွေ ဘယ်လိုမျိုး ပေးရမယ် ဆိုတာကို တကယ်ကို သိတာပဲ’
“အရှင်မင်းကြီး၊ အရှင့်ရဲ့ အဆိုပြုချက်က သေချာပေါက် ကောင်းပါတယ်၊ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ဒါဟာ အခက်အခဲတွေ ရှိနေပါတယ်”
“ဘယ်လို အခက်အခဲတွေလဲ” လင်းပိုင်ဖန်က မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ သင်္ဘောတည်ဆောက်ဖို့အတွက် အရည်အချင်းရှိသူတွေ ကျွန်တော်မျိုးတို့မှာ မရှိလို့ပါပဲ” ဟု ဟီရှန်းက ခါးသီးစွာ ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော်မျိုးတို့ နိုင်ငံဟာ ကုန်းတွင်းနိုင်ငံဖြစ်ပြီး ပင်လယ်နဲ့ ထိစပ် မနေပါဘူး၊ မြစ်တွေကလည်း တစ်စင်း၊ နှစ်စင်းပဲ ရှိတယ်ဆိုတော့ သင်္ဘောအရေအတွက်ကလည်း သိပ်မရှိနေဘူး။ ရှိတဲ့ သင်္ဘောအများစုကလည်း ရိုးရှင်းတဲ့ လှေငယ်လေးတွေဖြစ်ပြီး ငါးဖမ်းဖို့အတွက်သာ အသုံးပြုနိုင်ကာ သယ်ဆောင်နိုင်စွမ်းကလည်း နည်းပါးပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့ သင်္ဘောတွေကို တည်ဆောက်ချင်တယ်ဆိုရင် တခြားနိုင်ငံတွေက ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ရမှာပါ”
လင်းပိုင်ဖန်က အသံ ကျယ်လောင်စွာဖြင့်- “ဒါဆိုလည်း ဖိတ်ခေါ်ကြတာပေါ့၊ ဘယ်လောက်ပဲ ကုန်ကျပါစေ၊ သူတို့ကို ခေါ်လာရမယ်၊ မဟာရှနိုင်ငံဟာ သင်္ဘောတွေ မရှိလို့ မဖြစ်ဘူး”
“ဒီက ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါ့မယ်၊ အရှင်မင်းကြီး လူ ဘယ်နှစ်ယောက်လောက် ခန့်ထားဖို့ စီစဉ်ထားပါသလဲ”
လင်းပိုင်ဖန်က ပေါ့ပေါ့ပါးပါးနဲ့ “အနည်းဆုံး လူ ရှစ်ရာကနေ တစ်ထောင်အထိ ခန့်ထားသင့်တယ်။ ပြီးတော့ ငါတို့မှာရှိတဲ့ လူဦးရေထဲကနေ အလုပ်သမား ထောင်ပေါင်းများစွာကို ထုတ်ယူပြီး သောင်းဂဏန်းလောက်ရှိတဲ့ သင်္ဘောကျင်းတစ်ခုကို ဖွဲ့စည်းပြီး သင်္ဘောတည်ဆောက်ရေးကိုသာ အာရုံစိုက်လုပ်ဆောင်မယ်” ဟု ပြောလိုက်သည်။
ဟီရှန်းဟာ နောက်တစ်ကြိမ် ထိတ်လန့်သွားပြီး- “လူက အရမ်းများတာပဲ၊ အရှင်မင်းကြီး၊ သင်္ဘော ဘယ်နှစ်စင်းလောက် ဆောက်ဖို့ စီစဉ်ထားပါသလဲ” လို့ မေးလိုက်သည်။
“ဒါပေါ့၊ များလေ ကောင်းလေပဲ။ ဘာလို့လဲဆိုတော့ ငါကိုယ်တော်တို့ရဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် ရေလမ်းကြောင်းတွေ မပါဘဲ မဖြစ်နိုင်သလို သင်္ဘောတွေမပါဘဲလည်း မဖြစ်နိုင်ဘူး၊ ငါတို့မှာ သင်္ဘောကြီး အစီး တစ်ထောင်လောက်ရှိတဲ့ ရေတပ်ကြီး ရှိလာတဲ့အခါကျမှ ငါကိုယ်တော် ကျေနပ်နိုင်မယ်”
ဟီရှန်းဟာ နောက်တစ်ကြိမ် ဆွံ့အသွားခဲ့သည်။
သင်္ဘောကြီးတွေ ထောင်ပေါင်းများစွာတောင်မှလား?
အရှင်မင်းကြီးရဲ့ အတွေးတွေက ကြီးလွန်းနေပြီ
ဒီလို ရေတပ်ကြီးဆိုတာက အင်ပါယာတစ်ခုရဲ့ အတိုင်းအတာလောက်ထိ ရှိနေပြီဖြစ်သည်။
ကျွန်တော်မျိုးတို့ရဲ့ ကုန်းတွင်း မဟာနိုင်ငံကြီးက အဲဒီလောက် အများကြီး လိုအပ်လို့လား။
ဒီလောက် အနည်းငယ်ပဲ ရှိတဲ့ မြစ်တွေနဲ့ဆိုရင် သင်္ဘောကြီး နှစ်ရာ၊ သုံးရာလောက်ဆို လုံလောက်တာထက်တောင်မှ ပိုနေပြီ ဖြစ်သည်။
“ဒါ့အပြင်ကိုမှ ချမ်းသာလိုလျှင် ဦးစွာ လမ်းတွေ အရင်ဆောက်ရမယ်၊ ငါကိုယ်တော်တို့ရဲ့ မဟာရှနိုင်ငံမှာ မြို့တွေအားလုံးကို လမ်းတွေနဲ့ ချိတ်ဆက်ထားပေမဲ့ လမ်းတွေက ရွှံ့ထူပြီး မညီမညာ ဖြစ်နေတဲ့အတွက် သွားလာရတာ အလွန် အဆင်မပြေဘူး။ ဒါကြောင့် လမ်းတွေ ဆောက်ဖို့ကိုလည်း ငါကိုယ်တော် စီစဉ်နေတယ်”
လင်းပိုင်ဖန်က ပြုံးပြီး ရှေ့ကို ကိုင်းညွှတ်လိုက်ကာ- “အမတ်ဟီ၊ လမ်းတွေ ဆောက်လုပ်ရေးအတွက် ဘိလပ်မြေကို သုံးမှာကို မောင်မင်း ဘယ်လို ထင်လဲ” ဟု မေးလိုက်သည်။
လမ်းဆောက်လုပ်ရေးအတွက် ဘိလပ်မြေကို သုံးမလို့လား?
ဟီရှန်းဟာ နောက်တစ်ကြိမ် စိတ်ရှုပ်ထွေးသွားခဲ့ပြန်သည်။
“ဟုတ်တယ်၊ လမ်းတွေ ဆောက်လုပ်ဖို့အတွက် ဘိလပ်မြေကို သုံးမယ်”
လင်းပိုင်ဖန်က ပြုံးကာ- “အမတ်ဟီ၊ ဘိလပ်မြေရဲ့ ဂုဏ်သတ္တိတွေကို မောင်မင်း အနေနဲ့ ရင်းနှီးကျွမ်းဝင်သင့်တယ်။ သူဟာ လျင်မြန်စွာနဲ့ မာကျစ်သွားပြီး၊ မာကျစ်သွားရင်လည်း သန်မာပြီးတော့ ပြေပြစ်တယ်။ လမ်းတွေ ဆောက်လုပ်ဖို့အတွက် အကောင်းဆုံး ပစ္စည်းတစ်ခုပဲ” လို့ ပြောလိုက်သည်။
ဟီရှန်းက- “အရှင်မင်းကြီး၊ ဒါဟာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ပရောဂျက်ရဲ့ အရွယ်အစားက ကြီးမားသွားပါလိမ့်မယ်”
“အရွယ်အစားက ကြီးမားသွားတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ လုပ်ကို လုပ်ရမယ်”
လင်းပိုင်ဖန်က- “ဘိလပ်မြေလမ်းတွေနဲ့ဆိုရင် သယ်ယူပို့ဆောင်ရေးက ပိုမို လွယ်ကူလာရုံသာမကပဲ၊ စစ်ဘက်အတွက်လည်း အကျိုးရှိလိမ့်မယ်၊ နောက်ဆိုရင် စစ်တပ်တွေ ရွှေ့ပြောင်းတာနဲ့ ရိက္ခာတွေ သယ်ယူပို့ဆောင်တာဟာ အများကြီး ပိုအဆင်ပြေလာလိမ့်မယ်” လို့ ကြေညာလိုက်တယ်။
“အရှင်မင်းကြီး မိန့်ကြားတာ မှန်ပါတယ်၊ ဒါပေမယ့်လည်း၊ လက်ရှိ ကျွန်တော်မျိုးမှာ တာဝန်တွေ အရမ်းများလွန်းလို့ အရာအားလုံးကို စီစဉ်နိုင်မှာ မဟုတ်ဘဲ အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို မပြည့်မီမှာ စိုးရိမ်ရပါတယ်”
လင်းပိုင်ဖန်က စိုးရိမ်တကြီးနဲ့- “အမတ်ကြီးမှာ တာဝန်တွေ တကယ်ကို များနေတာပဲ။ မောင်မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ဝေမျှပေးမယ့်သူ တစ်ယောက်ကို ငါကိုယ်တော် ရှာပေးရမယ်၊ အခုကစပြီး မောင်မင်းက ဘဏ္ဍာရေးဌာနရဲ့ ကိစ္စတွေကိုသာ အာရုံစိုက် လုပ်ဆောင်ပါ။ ဆောက်လုပ်ရေး ဌာနအတွက်ကိုတော့ ငါကိုယ်တော်...”
ဟီရှန်းမှာ တုန်လှုပ်သွားပြီး အလျင်အမြန်နဲ့- “အရှင်မင်းကြီး၊ လုံးဝ မလိုအပ်ပါဘူး။ ဒီက ကျွန်တော်မျိုး တာဝန်အားလုံးကို ယူနိုင်ပါတယ်” လို့ အလောတကြီး ပြောလိုက်သည်။
လင်းပိုင်ဖန်က- “ဒါဆိုရင် ပင်ပန်းလွန်းမနေဘူးလား” ဟု စိုးရိမ်စွာ ပြောလိုက်သည်။
“လုံးဝ မပင်ပန်းပါဘူး၊ ဒီက ကျွန်တော်မျိုးက စိန်ခေါ်မှုတွေကို နှစ်သက်ပါတယ်” ဟု ဟီရှန်းက အသံ ကျယ်လောင်စွာနဲ့ ပြောလိုက်ပေမဲ့လည်း သူ့နှလုံးသားထဲမှာတော့ တိတ်တဆိတ် မျက်ရည်ကျနေခဲ့သည်။
နန်းတော်တစ်ခုလုံးက အရပ်ဘက်နဲ့ စစ်ဘက် အရာရှိတွေထဲမှာ သူတစ်ယောက်တည်းကသာ ဌာနနှစ်ခုရဲ့ အာဏာကို ကိုင်စွဲထားပြီး၊ ရာထူးမြင့်မားကာ သိသာထင်ရှားလှတဲ့ အခွင့်အာဏာ ရှိနေပြီး အရာရှိတွေထဲမှာ နံပါတ်တစ် ဖြစ်နေခဲ့သည်။
သူနဲ့ တွေ့ဆုံသူတိုင်းဟာ သူ့ကို အမတ်ဟီလို့ လေးစားစွာ ခေါ်ဝေါ်ရသည်။
ဒီလို အာဏာမျိုးက စွဲလမ်းစေပြီး၊ ဒီလို အဆင့်အတန်းက လူကို မျက်စိကျိန်းစေခဲ့သည်။
သူ့လက်ထဲက အာဏာကိုလည်း မစွန့်လွှတ်ချင်သလို သူ့ရဲ့ ရာထူးကိုလည်း မဆုံးရှုံးချင်ပေ။ သူဟာ အံကို ကြိတ်ကာ၊ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခံနိုင်ရည်ရှိရှိနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့သာ တတ်နိုင်တော့သည်။
လင်းပိုင်ဖန်က သနားစိတ်နဲ့- “အမတ်ဟီ၊ မောင်မင်း တကယ်ပဲ ပင်ပန်းနေတာပဲ၊ ဒါပေမဲ့ နှစ်သစ်ကူးကာလ ဖြစ်နေတဲ့အတွက် ဒီကိစ္စက အရေးတကြီးတော့ မဟုတ်နေဘူး။ ငါကိုယ်တော်တို့ လာမယ့်နှစ် အစပိုင်းလောက်မှသာ ကိုင်တွယ်လို့ ရတယ်။ မောင်မင်းကို အခု ပြောတာက ကြိုတင်ပြီး ပြင်ဆင်ထားစေချင်ရုံ သက်သက်ပဲ”
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” ဟီရှန်းဟာ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ပြန်ခဲ့လိုက်သည်။
ပြီးနောက် လင်းပိုင်ဖန်ဟာ လီလင်းဖူကို ခေါ်လိုက်ပြီး “အမတ်လီ၊ အကြွင်းမဲ့ ပျော်ပွဲရွှင်ပွဲ ပွဲတော်ကြီးအတွက် ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ” လို့ မေးလိုက်တယ်။
လီလင်းဖူက အရိုအသေပေးကာ- “အရှင်မင်းကြီး၊ အရာအားလုံးကို စနစ်တကျနဲ့ ပြင်ဆင်နေပါတယ်၊ ဒီ အကြွင်းမဲ့ ပျော်ပွဲရွှင်ပွဲ ပွဲတော်ကြီးအတွက် ပြင်ဆင်ဖို့အတွက် ဒီက ကျွန်တော်မျိုးဟာ နေရာအနှံ့အပြားက နာမည်ကြီး စားဖိုမှူးတွေကို ဖိတ်ခေါ်ပြီး အကောင်းစား ဟင်းပွဲတွေကို ပြင်ဆင်စေပြီး၊ တစ်နိုင်ငံလုံးက အကောင်းစား အရက်တွေကို စုဆောင်းထားပါတယ်။ ဒါ့အပြင်ကိုမှ အရှင်မင်းကြီးနဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေဟာ ပျော်ရွှင်မှုမှာ နစ်မြောပြီး၊ အိမ်ပြန်ဖို့တောင် မေ့လျော့သွားသည်အထိ ပျော်ရွှင်စေဖို့အတွက် ဖျော်ဖြေရေးမျိုးစုံကိုလည်း ထည့်သွင်းထားပါသေးတယ်။ ဒါပေမယ့် ကုန်ကျစရိတ်က တော်တော်လေး မြင့်မားနေပြီး၊ စုစုပေါင်း ငွေတေး ၃၀၀,၀၀၀ အထိ ရှိနေပါတယ်” ဟု အစီရင်ခံလိုက်သည်။
လင်းပိုင်ဖန်က လက်ခါပြလိုက်ပြီး- “ကုန်ကျစရိတ် နည်းနည်းများတာ အရေးမကြီးဘူး၊ အရေးအကြီးဆုံးက ပျော်ရွှင်ရဖို့ပဲ”
“မှန်ပါတယ်၊ အရှင်မင်းကြီး။ ဒီက ကျွန်တော်မျိုးက အရှင်မင်းကြီးကို မမေ့နိုင်စရာ ပွဲတော်ကြီးကို တင်ဆက်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းပါ့မယ်”
“ဒါ့အပြင် မောင်မင်း ကိုင်တွယ်ဖို့အတွက် နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်”
“အရှင်မင်းကြီး အမိန့်ပေးတော်မူပါ”
လင်းပိုင်ဖန်က ပြုံးလိုက်ပြီး- “အခုဆိုရင် ငါကိုယ်တော်တို့ရဲ့ မဟာရှနိုင်ငံဟာ ကြီးပွားတိုးတက်နေပြီး လူဦးရေက ဆယ်သန်းနီးပါးတောင် ရှိနေပြီ၊ လူဦးရေ များလာတာနဲ့အမျှ ကိုင်တွယ်ရမယ့် ကိစ္စတွေ ပိုများလာတယ်၊ ဒါပေမဲ့ အရာရှိ အရေအတွက်ကတော့ သိပ်မတိုးလာဘူး၊ ဒါဟာ နန်းတွင်းရဲ့ လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေတယ်။ ဒါကြောင့် လာမယ့် နွေဦးမှာ ငါကိုယ်တော်ဟာ တစ်နိုင်ငံလုံးက အရည်အချင်းရှိသူတွေကို နိုင်ငံအတွက် အသုံးပြုနိုင်ဖို့အတွက် နန်းတွင်း စာမေးပွဲ ကျင်းပဖို့ အမိန့်ထုတ်ပြန်ချင်တယ်” လို့ ပြောလိုက်သည်။
လီလင်းဖူဟာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ ဒါဟာ အလွန်ကောင်းမွန်တဲ့ သတင်းတစ်ခုပင် ဖြစ်သည်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဌာနကသာ ဒီကိစ္စကို တာဝန်ယူရမှာဖြစ်လို့ပါပဲ။
ဒီလောက်ထိ ကြာအောင် အလုပ်လုပ်ပြီးတဲ့ နောက်မှာတော့ သူဟာ နောက်ဆုံးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ ကြုံလိုက်လို့ပင် ဖြစ်သည်။
ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်သရွှေ့ သူ့အနေဖြင့် ရာထူးတိုးမြှင့်ခံရပြီး အဆင့်အတန်းတွေ တိုးတက်လာဖို့အတွက် မျှော်လင့်လို့ရပြီဖြစ်သည်။
“ဒီက ကျွန်တော်မျိုး အမိန့်တော်ကို နာခံပါတယ်” လီလင်းဖူဟာ မျက်နှာမှာ အပြုံးနဲ့ ထွက်ခွာသွားခဲ့သည်။
နောက်တစ်ဆင့်မှာတော့ လင်းပိုင်ဖန်ဟာ ဌာနအသီးသီးက အရေးပါတဲ့ အရာရှိတွေကို ခေါ်ယူပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ညွှန်ကြားချက်တွေ ပေးကာ လာမယ့်နှစ်အတွက် အလုပ်တွေ ပြင်ဆင်ထားဖို့ကို အားလုံးကို မိန့်ကြားခဲ့သည်။
အဲဒီအချိန်တွင် အိုးယဲ့ဇီဟာ ဝမ်းမြောက်ဝမ်းသာနဲ့ ပြေးလာပြီးတော့- “အရှင်မင်းကြီး၊ ဒါက ကျွန်တော်မျိုး ထုလုပ်ထားတဲ့ နတ်လက်နက်ပါ။ ကြည့်ရှုတော်မူပါ” လို့ ဆိုလိုက်သည်။
လင်းပိုင်ဖန်မှာ အံ့သြသွားပြီးတော့- “သုံးလလောက် အချိန်ယူရမယ် မဟုတ်လား။ ခင်ဗျား ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြီးအောင် လုပ်နိုင်ခဲ့တာလဲ” လို့ မေးလိုက်သည်။
“ကောင်းကင်ကနေ ကျလာတဲ့ ဥက္ကာခဲက အရည်မပျော်သေးပါဘူး။ အဲဒါကို ထုလုပ်ဖို့အတွက် နောက်ထပ် နှစ်လလောက် စောင့်ရပါဦးမယ်၊ ပုံသွင်းဖို့က တစ်လ ထပ်ယူရဦးမယ်၊ စောင့်ရတာ အရမ်းကြာတဲ့အတွက် ပျင်းလာတာနဲ့ အရှင်ရဲ့ ပစ္စည်းတွေနဲ့ နတ်လက်နက်တချို့ကို ထုလုပ်လိုက်တာပါ”
အိုးယဲ့ဇီဟာ ပြောဆိုနေစဉ်အတွင်း သူ့ရဲ့ မာနကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ကမ္ဘာပေါ်မှာ ဒီလို တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လေ့ကျင့်ဖို့ကို တတ်နိုင်တဲ့သူက သူတစ်ယောက်တည်းသာ ရှိတဲ့ အတွက်ကြောင့်ပင် ဖြစ်သည်။