အခန်း (၁၃၁)
Vol. 11 Ch. 131
“ဗိုလ်ချုပ်၊ လူတစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်”
ဗိုလ်ချုပ်ကျောက်က ဒေါသတကြီး အော်လိုက်ကာ- “ငါ့ကို မနှောင့်ယှက်စမ်းနဲ့ ငါ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး”
“ဘာကိစ္စများလဲ၊ ကျုပ် လာတွေ့တာတောင် ဗိုလ်ချုပ်ကျောက်က မတွေ့နိုင်ဘူးလား၊ ကျုပ်ရဲ့ အဆင့်အတန်းက ဗိုလ်ချုပ်ကျောက်ရဲ့ မျက်စိရှေ့မှာ အရမ်းနိမ့်ကျနေလို့ မမြင်နိုင်တာများလား ဟမ်” အနည်းငယ် မိန်းမအသံ ဆန်နေသော အသံတစ်ခုက လွင့်မျောလာလေသည်။ တစ်ခါတစ်ရံ အဝေးကနေ ကြားရလိုက်၊ တစ်ခါတစ်ရံ အနီးကနေ ကြားရလိုက်နှင့် အသံက လေထဲတွင် ပျံ့လွင့်နေလေသည်။
ဗိုလ်ချုပ်ကျောက်သည် ထိုအသံကို ရင်းနှီးနေသည်ဟု ခံစားလိုက်ရပြီး ခေါင်းလှည့်ကြည့်လိုက်သောအခါ တုန်လှုပ်သွားပြီး မျက်နှာဖြူဖျော့သွားခဲ့သည်- “မိန်းမစိုးဟောင်၊ ခင်ဗျား ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”
ရောက်လာသူမှာ အသားအရေ ဖြူဖျော့ကာ ဆံပင်တွေ ဖြူစပြုနေသည့် အသက်အရွယ်ရနေပြီဖြစ်သော နန်းတွင်း မိန်းမစိုးအို တစ်ဦး ဖြစ်သည်။ ထိုသူသည် ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရုံသာမကပဲ ဧကရာဇ်မင်းမြတ်၏ အယုံကြည်ဆုံးလူလည်း ဖြစ်သည်။
“ကျုပ် ဘာလို့ ဒီရောက်လာရတာလဲ ဗိုလ်ချုပ်ကျောက်က မသိသေးဘူးလား”
မျက်တောင်တစ်ခတ်အတွင်းမှာပင် မိန်းမစိုးဟောင်သည် ဗိုလ်ချုပ်ကျောက် ရှေ့သို့ ပေပေါင်း တစ်ရာကျော် အကွာအဝေးကို ဖြတ်ကျော် ရောက်ရှိလာခဲ့ပြီး၊ မျက်လုံးထဲတွင် အပြုံးရိပ် မပါသော အပြုံးဖြင့် ပြောလိုက်သည်- “ဗိုလ်ချုပ်ကျောက်၊ ဧကရာဇ်မင်းမြတ်က ရှန်၊ အန်း နဲ့ ဖန် သုံးနိုင်ငံကို တိုက်ခိုက်ဖို့ ခင်ဗျားကို အမိန့်ပေးခဲ့တယ်။ ခင်ဗျား တကယ်ပဲ အနိုင်ယူနိုင်ခဲ့ပေမယ့် စစ်သား ၄၀၀,၀၀၀ ကို ဆုံးရှုံးခဲ့ရပြီး ဘာမှလည်း ပြန်မရခဲ့ဘူး။ ဒီအတွက် အရှင်မင်းမြတ်ရဲ့ ယုံကြည်မှုတွေကို ခင်ဗျား စိတ်ပျက်အောင် လုပ်မိလိုက်ပြီ”
“အခု အရှင်မင်းမြတ်က အရမ်းကို အမျက်ဒေါသတွေ ထွက်နေပြီ၊ နန်းတော်တစ်ခုလုံးကလည်း ခင်ဗျားကို မကျေနပ်ကြတော့ဘူး။ ဒါကြောင့် အပြစ်ဒဏ်ကို ခံယူဖို့ ခင်ဗျားကို ပြန်ခေါ်ဖို့အတွက် ကျုပ်ကို အထူးအမိန့်ပေးပြီး စေလွှတ်လိုက်တာပဲ၊ ဗိုလ်ချုပ်ကျောက်၊ ပစ္စည်းတွေကို ထုပ်ပိုးပြီး ကျုပ်နဲ့အတူ ပြန်လိုက်ခဲ့ပါ”
ဗိုလ်ချုပ်ကျောက်၏ ရင်ထဲတွင်တော့ ခါးသီးမှုတွေ ပြည့်နှက်နေပြီး- “ကောင်းပြီ၊ မိန်းမစိုးဟောင်၊ ခင်ဗျားနောက်ကို ကျုပ် လိုက်ခဲ့မယ် ဒါပေမဲ့ ဒီနေရာကိုတော့…”
“ဒီနေရာအတွက် တာဝန်ယူရမယ့်သူတွေ ရှိပါတယ်၊ ဗိုလ်ချုပ်ကျောက် စိတ်ပူစရာမလိုပါဘူး”
အဲ့ဒီနောက် ဗိုလ်ချုပ်ကျောက်သည် ဤဝမ်းနည်းဖွယ်ရာ နေရာကို နှုတ်ဆက်ကာ မိမိ၏ လုပ်ရပ်များအတွက် အပြစ်ဒဏ်ကို ရင်ဆိုင်ရန် ပြန်လိုက်သွားလေတော့သည်။
ဗိုလ်ချုပ်ကျောက်ကို နေရာပြောင်းလိုက်သည့်အတွက် မဟာယွဲ့၏ စစ်သည် ၄၀၀,၀၀၀ ပါသော တပ်ကြီး အဆုံးသတ်သွားခဲ့ရသည်။ ကာကွယ်ရေးတပ်ဖွဲ့တွေ မရှိတော့သဖြင့် လင်းပိုင်ဖန်သည် အန်လုရှန် အား မဟာရှနိုင်ငံ၏ နယ်နိမိတ်များကို မိုင် ၂၀၀ ကျော်အထိ ရှေ့သို့ တိုးချဲ့ကာ နယ်မြေဧရိယာကို စတုရန်းမိုင် ၂၀၀,၀၀၀ ခန့် တိုးချဲ့ရန် အမိန့်ပေးခဲ့လိုက်သည်။
ထို့နောက် သူသည် မြေယာတွေ ရှင်းလင်းခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် လူများကို ဆက်လက် အမိန့်ပေးခဲ့ပြီး မြေဆီလွှာကို အကျိုးရှိရှိ အသုံးပြုခဲ့သည်။
ထိုအချိန်တွင်တော့ လက်ဗလာဆရာကြီးသည် ပန်းပဲဆရာကြီး လေးဦးကို ခေါ်ဆောင်ကာ လင်းပိုင်ဖန်ထံ ဂါရဝပြုရန် ရောက်ရှိလာခဲ့လေသည်။
“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
လင်းပိုင်ဖန်က ပြုံးကာ- “ဆရာကြီးတို့၊ ဒီလောက် အခမ်းအနားတွေ လုပ်စရာမလိုပါဘူး၊ ခင်ဗျားတို့ ဒီကို ခရီးဝေးကနေ ကြွရောက်လာပြီး ငါကိုယ်တော်ရဲ့ ပူပန်မှုတွေကို ဝေမျှကာ၊ အခက်အခဲတွေကို ဖြေရှင်းပေးတာဟာ ငါကိုယ်တော်ကို အတိုင်းမသိ ဝမ်းမြောက်စေပါပြီ၊ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ငါကိုယ်တော်က ခင်ဗျားတို့ကို ရက်ရက်ရောရော ဆုချမှာပါ” ဟု ပြောလိုက်သည်။
ဤစကားများကို ကြားလိုက်ရသောအခါ လူတိုင်း၏ ရင်ထဲတွင် အားတက်သရော ဖြစ်သွားပြီး- “ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး”
ထို့နောက် လင်းပိုင်ဖန်သည် ဥက္ကာခဲကို ရှေ့သို့ သယ်ဆောင်လာရန် လူများကို အမိန့်ပေးလိုက်သည်။
ဤကျောက်တုံးသည် အလွန်လေးလံပြီး နန်းတော်အစောင့် ဆယ်ယောက်ကျော် မတာတောင်မှ ယိုင်းယိုင်နေလေသည်။
မြေပြင်ပေါ်သို့ ချလိုက်သောအခါ “ဒုန်း” ခနဲ အသံကြီး ထွက်ပေါ်လာခဲ့သည်။
“ဒါက ကောင်းကင်ကနေ ကျလာတဲ့ ဥက္ကာခဲပဲ၊ အလေးချိန် ဂျင် ၅၀၀၀ရှိပြီး မဖျက်ဆီးနိုင်ဘူး၊ ချီဖွဲ့တည်ခြင်းအဆင့် အားကုန်သုံးရင်တောင်မှ အနည်းငယ်လေးတောင် အမှတ်အသား ချန်ထားနိုင်ခြင်း မရှိဘူး၊ ဒါကို အရည်ဖျော်ပြီး နတ်လက်နက်အဖြစ် ထုလုပ်နိုင်မယ့် နည်းလမ်း ခင်ဗျားတို့မှာ ရှိလား”
“ဘယ်သူမဆို ဒါကို ပြုလုပ်နိုင်ရင်၊ ငါကိုယ်တော် ရက်ရက်ရောရော ဆုချမယ်”
ပန်းပဲဆရာကြီး လေးဦးတို့သည် ချက်ချင်းပင် ဝိုင်းအုံကာ ထိုပစ္စည်းကို သေသေချာချာ စစ်ဆေးလိုက်ကြသော်လည်း နောက်ဆုံးတွင် ခေါင်းများသာ ခါလိုက်ကြသည်။
“ပစ္စည်းကတော့ အရည်အသွေးကောင်းပါတယ်၊ ဒါပေမဲ့ အရမ်းမာကြောလွန်းတဲ့အတွက် ထုလုပ်ဖို့က မဖြစ်နိုင်ပါဘူး”
“ဟုတ်တယ်၊ ဒီပစ္စည်းက ကောင်းကင်ကနေ ဆင်းသက်လာတာ ဖြစ်တဲ့အတွက် ကောင်းကင်မီးနဲ့ ထုလုပ်ပြီးသား ဖြစ်နေပြီ။ အဲဒီ ကောင်းကင်မီးရဲ့ အပူချိန်က ကျုပ်တို့ သာမန်လက်နက်တွေ ထုလုပ်ဖို့အတွက် သုံးတဲ့ အပူချိန်ထက် အများကြီး ပိုများတယ်။ ဒါကြောင့် ဒါကို အရည်ဖျော်ဖို့ဆိုရင် ပိုပြီးမြင့်မားတဲ့ အပူချိန် လိုအပ်တယ်”
“အရှင်မင်းကြီး၊ ကျုပ်တို့မှာ ဒီအတွက် နည်းလမ်း မရှိပါဘူး၊ ပိုပြီး အရည်အချင်းရှိတဲ့သူကိုသာ ရှာလိုက်ပါတော့”
လင်းပိုင်ဖန်၏ အကြည့်တွေ မှောင်မှိုင်းသွားပြီး- “ဆရာကြီးတို့၊ ခင်ဗျားတို့ ခရီးဝေးက လာခဲ့ကြတာပဲလေ၊ ငါကိုယ်တော်ရဲ့ စိုးရိမ်မှုတွေကို မဖြေရှင်းပေးနိုင်ခဲ့ပေမယ့် ခင်ဗျားတို့ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်၊ တစ်ဦးကို ငွေတေး တစ်ထောင်စီ ဆုချလိုက်တယ်၊ အချိန်မဆွဲဘဲ သွားနိုင်ပါပြီ”
“ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး” ပန်းပဲဆရာကြီး လေးဦးတို့လည်း ထွက်ခွာသွားခဲ့ကြလေသည်။
လင်းပိုင်ဖန်သည် လက်ဗလာဆရာကြီးကို ဆွဲခေါ်ပြီး မေးလိုက်သည်- “လက်ဗလာဆရာကြီး၊ တခြားသူတွေ ထပ်ရှိသေးလား”
“တကယ်တော့ နောက်တစ်ယောက် ရှိပါသေးတယ်…၊ သူသာဆိုရင် လုပ်နိုင်ပါလိမ့်မယ်” လက်ဗလာဆရာကြီး၏ အသံတွင် တုံ့ဆိုင်းမှုများ ရှိနေခဲ့သည်။
“ ခင်ဗျား သိတယ်ဆိုရင် ဘာလို့ သူ့ကိုပါ ခေါ်မလာတာလဲ” လင်းပိုင်ဖန်က ဒေါသထွက်သည့် လေသံဖြင့် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ သူ့ကို ဖိတ်ခေါ်ဖို့က မလွယ်ဘူးလေ”
လက်ဗလာဆရာကြီးက အပြုံးဖြင့်- “အဲဒီလူရဲ့ နာမည်က အိုးယဲ့ဇီ၊ သူက ဓားလုပ်ရာမှာ အတော်ဆုံးပဲ၊ သိုင်းလောကက လူတွေ အများကြီးက သူ့ကို လိုက်ရှာကြပြီး နတ်လက်နက်တွေ ထုလုပ်ပေးစေချင်ကြတယ်”
“ဒါပေမယ့် အဲ့ဒီလူက အရမ်းကို ထူးဆန်းတယ်၊ ထုလုပ်မယ့် ပစ္စည်းမရှိရင် မလုပ်ဘူး၊ အခကြေးငွေ မလုံလောက်ရင်လည်း မလုပ်ဘူး၊ သူက အခြားသူကို မကြိုက်ရင်လည်း မလုပ်ဘူး၊ စိတ်မပါရင် မလုပ်ဘူး၊ စိတ် အရမ်းကောင်းနေရင်လည်း မလုပ်ဘူး…၊ တိုတိုပြောရရင် သူ့ကို ဓားထုလုပ်ခိုင်းဖို့ဆိုတာ အရမ်းခက်တယ်”
လင်းပိုင်ဖန်လည်း ကြောင်အသွားပြီး- “ ဘယ်လိုတောင် စိတ်ကူးပေါက်ရာ လုပ်တတ်တဲ့သူလဲ၊ သူ့အနေနဲ့ အသတ်ခံရမှာ မကြောက်ဘူးလား”
လက်ဗလာဆရာကြီးက ခေါင်းခါကာ- “သူ လုံးဝကို မကြောက်ဘူး၊ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်ကိုက ကြယ်တာယာချီ အဆင့် ရှိနေပြီး သူ့ကို အနိုင်ယူနိုင်တဲ့သူက သိပ်မရှိဘူးလေ”
“ဒီလိုဆိုတော့ သူ့ရဲ့ ခွန်အားကြောင့်ပဲ ရဲတင်းနေတာပေါ့”
“နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုလည်း ရှိသေးတယ်…”
လက်ဗလာဆရာကြီး၏ အသံက တိုးသွားပြီး- “ကျုပ် တစ်ချိန်က သူ့ဆီကနေ အဖိုးတန်ဓားတစ်လက်ကို ခိုးယူခဲ့ဖူးတယ်၊ သူက ကျုပ်ကို ခုနစ်ရက် ခုနစ်ညလုံး လိုက်လံ ရှာဖွေခဲ့တယ်၊ အဲဒီဓားကိုသာ ကျုပ် ပြန်မပေးခဲ့ရင် သူ အချိန် ဘယ်လောက်ပဲကြာပါစေ ဆက်လိုက်နေနိုင်တယ်၊ သူက ခေါင်းအရမ်းမာလွန်းတယ်၊ ဒါကြောင့် သူ့ရဲ့ အကူအညီကို တောင်းဖို့က တကယ်မလွယ်ဘူး”
လင်းပိုင်ဖန်မှာ ပြောစရာ စကားများ ပျောက်ရှသွားခဲ့သည်။
သူတို့နှစ်ဦးကြားမှာ ဒီလို ရန်ငြိုးတွေ ရှိခဲ့တာကိုး၊ ဒါကြောင့် လက်ဗလာဆရာကြီးက သူ့ကို အကူအညီမတောင်းတာက အံ့သြစရာ မရှိဘူးပဲ။
ဒါပေမယ့် အကူအညီတောင်းဖို့က ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပေ၊ တောင်းဖို့ကို ကြောက်နေတဲ့ ကိစ္စပဲ ဖြစ်သည်။
ထိုအချိန်တွင် လင်းပိုင်ဖန်၏ စိတ်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ မေးလိုက်သည်- “ခင်ဗျားပြောတဲ့ ဒီလူက ဘယ်လိုပုံစံမျိုးလဲ”
“သူက အရပ်သိပ်မမြင့်ဘူး၊ ဒါပေမဲ့ ကြွက်သားတွေနဲ့ သန်မာထွားကြိုင်းတယ်၊ ခန္ဓာကိုယ်က ကြေးနီနဲ့ သွန်းထားသလိုပဲ ဆံပင်တွေက ဖရိုဖရဲဖြစ်နေပြီး၊ အဝတ်အစားတွေက ပေါ့ပေါ့ပါးပါးနဲ့ အများအားဖြင့် ကြီးမားတဲ့ သံတူကြီးတစ်ချောင်းကို သယ်ဆောင်ထားတတ်တယ်၊ အဲဒီတူက အလွန် ကြောက်စရာကောင်းပြီး ဂျင် တစ်ထောင်လောက် လေးမယ် ထင်တယ်၊ တစ်ချက်ဝှေ့လိုက်တာနဲ့ တောင်တွေ ပြို၊ မြေတွေကွဲနိုင်တယ်၊ အင်ပါယာချီ အဆင့် ကျွမ်းကျင်သူတွေတောင်မှ သူနဲ့ ရင်ဆိုင်ရရင် ခေါင်းကိုက်ကြရတယ်”
လင်းပိုင်ဖန်သည် မျက်တောင် တစ်ချက်ခတ်လိုက်ကာ လက်ဗလာဆရာကြီး၏ ပခုံးကို ပုတ်ပြီး- “ခင်ဗျား ခဏလောက် ပုန်းနေဖို့ နေရာရှာတာ ကောင်းမယ် ထင်တယ်”
“ဘာလို့ ပုန်းရမှာလဲ” လက်ဗလာဆရာကြီးမှာ နည်းနည်း ရှုပ်ထွေးသွားခဲ့သည်။
“ခင်ဗျား ပြောနေတဲ့သူက ဒီကို လာနေပုံရတယ်”
စကားမဆုံးသေးခင်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်ခုက အဝေးမှ ထွက်ပေါ်လာလေသည်။
“လက်ဗလာဆရာကောင်စုတ်၊ မင်းရဲ့ သေခြင်းတရားကို ရင်ဆိုင်ဖို့ ထွက်ခဲ့စမ်း”
လက်ဗလာဆရာကြီး၏ မျက်နှာမှ သွေးရောင်တွေ ပျောက်သွားပြီး- “ အရှင်မင်းကြီး ပြောတာမှန်တယ်၊ အဲဒီလူက ကျုပ်ကို တကယ် လာသတ်နေတာပဲ၊ ကျုပ် ထွက်ပြေးရတော့မယ်၊ နှုတ်ဆက်ပါတယ်”
“ဝှစ်” ခနဲ အသံနှင့်အတူ သူသည် နန်းတော်ထဲမှ ထွက်ပြေးသွားခဲ့သည်။
ခဏအကြာတွင် လက်ဗလာဆရာကြီး ဖော်ပြခဲ့သည့်အတိုင်းပင် မုတ်ဆိတ်မွှေးများ ဖရိုဖရဲနှင့် သန်မာထွားကြိုင်းသော လူကြီးတစ်ဦး လူတိုင်းရှေ့သို့ ရောက်လာခဲ့သည်။
ထိုသူသည် အရပ်က သိပ်မမြင့်သော်လည်း ခြေလက်အင်္ဂါများသည် အလွန်သန်မာကြံ့ခိုင်နေပြီး၊ ကြွက်သားများက ရှေးဦးသားရဲတစ်ကောင်ကဲ့သို့ ဖောင်းကြွနေလေသည်။ သူ၏ လက်ထဲတွင် ကြီးမားသော သံတူကြီးကို ကိုင်ဆောင်ထားပြီး၊ ခြေလှမ်းတိုင်းတွင် မြေပြင်က တုန်ခါနေကာ မြင်သူတိုင်းကို ကျောချမ်းစေလေသည်။
သူသည် ထွက်ပြေးနေသည့် လက်ဗလာဆရာကြီးကို ကြည့်ပြီး ဟိန်းခနဲ အော်လိုက်လေသည်- “ သူခိုးကောင် ကမ္ဘာ့အဆုံးထိ ပြေးရင်တောင်မှ ငါ မင်းကို သေချာပေါက် ဖမ်းပြီးတော့၊ ငါ့ဓားအတွက် ပူဇော်ပစ်မယ်”
ထို့နောက် သူသည် ဆက်လက်ပြီး လိုက်လံ ရှာဖွေနေလေသည်။
သို့သော် ညနေ နေဝင်ချိန်က ရောက်လာခဲ့လေပြီ။ လက်ဗလာဆရာကြီးက ပြန်မလာသေးသော်လည်း အိုးယဲ့ဇီကတော့ ပြန်ရောက်လာခဲ့သည်။
သူသည် နန်းတော်တံခါးဝသို့ ရောက်လာပြီး “တံခါးကို ဖွင့်၊ ငါ အိုးယဲ့ဇီက မဟာရှရဲ့ ဧကရာဇ်နဲ့ တွေ့ခွင့် တောင်းဆိုတယ်” ဟု အော်လိုက်လေသည်။
“အရှင်မင်းကြီး၏ အမိန့်အရ၊ အိုးယဲ့ဇီကို ဝင်ခွင့် ပြုလိုက်”
ခဏအကြာတွင် အိုးယဲ့ဇီသည် လင်းပိုင်ဖန်ရှေ့တွင် ရပ်နေလေသည်။
လင်းပိုင်ဖန်က- “ခင်ဗျား ရောက်လာတာက ဘာ အရေးတကြီး ကိစ္စများ ရှိလို့လဲ”
အိုးယဲ့ဇီက ပေါ့ပေါ့ပါးပါး နှာခေါင်းကို ကလော်နရင်း ပြောလိုက်သည်- “ဘာမှတော့ မဟုတ်ပါဘူး၊ အဲဒီ ခိုးသူလေးက ခင်ဗျားဆီ ရောက်နေတယ်လို့ ကြားလိုက်လို့ပဲ၊ သူ ဘယ်ကိုပဲ ပြေးပြေး၊ ဒီကို ပြန်လာမှာ သေချာတယ်တယ်လေ၊ ဘုန်းကြီးက ပြေးနိုင်ပေမယ့် ဘုရားကျောင်းကတော့ မပြေးနိုင်ဘူးလေ၊ ဒါကြောင့် ကျုပ် ဒီမှာပဲ သူ့ကို စောင့်နေလိုက်တော့မယ်၊ ကျုပ်ကို ဂရုစိုက်မနေပါနဲ့၊ သူ့ကို ဖမ်းမိတာနဲ့ ကျုပ်ဘာသာ ပြန်သွားမှာပါ”
“မင်း ဘယ်လိုတောင် ရဲတင်းနေတာလဲ” အရာရှိတွေက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့်- “အိုးယဲ့ဇီ၊ ခင်ဗျားက ဧကရာဇ်မင်းတစ်ပါးရဲ့ အာဏာကို အထင်သေးပြီး ငါကိုယ်တော်ရဲ့ လူကိုပါ သတ်ဖို့ ကြိုးစားနေတယ်၊ ငါကိုယ်တော်က ဒါကို လျစ်လျူရှုထားမယ်လို့ ထင်နေတာလား”
“မင်း လျစ်လျူမရှုရင်တောင်မှ ကျုပ်ကို ဘာများလုပ်နိုင်မှာလဲ” အိုးယဲ့ဇီသည် သူ၏ တူကို ဝှေ့ယမ်းကာ သူ၏ ကြွက်သားများကို ပြသလိုက်လေသည်။
လင်းပိုင်ဖန်က အမိန့်ပေးလိုက်ကာ- “ဖမ်းကြစမ်း”
“အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး”
မိန်းမစိုးလျှူ၊ ပိုင်ဇူ၊ အရက်ဓားအင်မော်တယ် နှင့် အခြားသူများ စတင် လှုပ်ရှားလာကြသည်။
အိုးယဲ့ဇီသည် သိုင်းပညာ အဆင့်မြင့်သော်လည်း ကျွမ်းကျင်သူ အများအပြားကို တစ်ပြိုင်နက်တည်း မခုခံနိုင်သဖြင့် သူ၏ လေသံသည် နောက်ဆုံးတွင် ပျော့ပျောင်းသွားပြီး- “ မင်းလို ဧကရာဇ်လေးမှာ ဒီလောက် ကျွမ်းကျင်သူတွေ ရှိနေမယ်လို့ မထင်ထားဘူး၊ ကျုပ် ပေါ့ဆသွားပါတယ်၊ မဟာရှရဲ့ ဧကရာဇ်လေး၊ ကျုပ်တို့ အပေးအယူ လုပ်ကြမလား”
“ညှိနှိုင်းစရာ ဘာမှမရှိဘူး၊ အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား” လင်းပိုင်ဖန်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
အိုးယဲ့ဇီလည်း ဒေါသထွက်သွားပြီး- “ မဖြစ်နိုင်ဘူး၊ ဒီလိုဆိုမှတော့ ငါ့ရဲ့ လေမိုးကြိုးတူသိုင်းကို မြည်းစမ်း ကြည့်လိုက်”
သူ၏ ကြီးမားသော သံတူကြီးကို ပြင်းထန်စွာ အားဖြင့် ဝှေ့ယမ်းလိုက်ရာ လေပြင်းတွေကို ဖန်တီးလိုက်လေသည်။ သူ၏ ကြယ်တာယာချီ တွေလည်း အပြင်ဘက်သို့ ပြန့်ကျဲသွားပြီး မည်သူ့ကိုမှ အနီးကပ်ခွင့် မပေးပေ။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အိုးယဲ့ဇီသည် ခြေနှစ်ဖက်ဖြင့် မြေပြင်ကို တွန်းကန်ကာ ဒုံးပျံကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ မာန ထောင်လွှားနေသော အသံက နောက်တွင် ကျန်ခဲ့သည်- “ငါ့ကို ဖမ်းနိုင်မယ့်လူက မမွေးသေးပြီး၊ ငါ သွားပြီ၊ ဟား…ဟား…”
ထိုစဉ်မှာပင် ကြီးမားလှတဲ့ ရွှေရောင် လက်ဖဝါးကြီးတစ်ခုက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ယင်ကောင်တစ်ကောင်ကို ရိုက်ချလိုက်သကဲ့သို့ အိုးယဲ့ဇီကို ရိုက်ချလိုက်သည်။
“ ဒုန်း”
အိုးယဲ့ဇီခင်ဗျာ လေထဲကနေ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ကျခဲ့သည်။
“ ဒုန်း “
မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းကြီးတစ်ခု ပေါ်လာခဲ့သည်။
အိုးယဲ့ဇီသည် တွင်းထဲတွင် လဲလျောင်းနေပြီး သူ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်ကာ မျက်နှာမှာ နာကျင်မှုကြောင့် ရုပ်ပျက်နေလေသည်- “အိုး..၊ ချီးပဲ နာလိုက်တာကွာ”