← Chapters

အခန်း (၁၃၂)

Vol. 11 Ch. 132

အခန်း (၁၃၂)

Vol. 11 Ch. 132

လင်းပိုင်ဖန်က - "သူ့ကို နှိမ်နင်းဖို့ ဆရာတစ်ယောက်ကို ခေါ်ထားပြီးပြီ၊ မြန်မြန် ဖမ်းကြ"

"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး"

နောက်တစ်နေ့တွင် လင်းပိုင်ဖန်သည် အိုးယဲ့ဇီအား လာရောက်တွေ့ဆုံရန် ထောင်ထဲသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် အိုးယဲ့ဇီ၏ သိုင်းပညာအားလုံးသည် ချိတ်ပိတ်ခံထားရပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အလေးချိန် ဂျင် ရာနှင့်ချီသည့် သံကြိုးများဖြင့် တင်းကျပ်စွာ ချည်နှောင်ခံထားရသဖြင့် လှုပ်ရှားရန်ပင် အလွန်ခက်ခဲနေလေသည်။

လင်းပိုင်ဖန်ကို မြင်သောအခါ အိုးယဲ့ဇီသည် နွေးထွေးစွာ ကြိုဆိုခြင်းမရှိဘဲ - "မင်း ငါ့ကို သတ်ချင်ရင် သတ်၊ အရေခွံခွာချင်ရင်လည်း ခွာလိုက်။ ငါ့မျက်နှာ တစ်ချက်လေး ပျက်သွားရင် ငါဆိုတဲ့ကောင်က ယောက်ျား မဟုတ်တော့ဘူး"

"ခင်ဗျားကို သတ်လိုက်ရင် တကယ်ကို အလဟသ ဖြစ်သွားမှာပေါ့"

လင်းပိုင်ဖန်က ပြုံးလျက် - "ဆရာကြီး အိုးယဲ့ဇီဟာ အင်မတန် ကျွမ်းကျင်လှတဲ့ ပန်းပဲဆရာတစ်ဦး ဖြစ်ပြီးတော့၊ အထူးသဖြင့် နတ်ဓားတွေ ထုလုပ်ရာမှာ ကျွမ်းကျင်တယ်လို့ ကြားရတယ်။ ငါကိုယ်တော် အရမ်းကို လေးစားပါတယ်၊ ဒါကြောင့် ခင်ဗျားကို လက်နက်တချို့ ထုလုပ်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်"

လက်ခုပ်တီးလိုက်ပြီး အမိန့်ပေးလိုက်သည် - "ယူခဲ့"

နန်းတော်အစောင့်အချို့သည် ကောင်းကင်မှ ကျရောက်လာသော ဥက္ကာခဲတစ်လုံးကို မနိုင်မနင်း သယ်ဆောင်လာကြသည်။

"ဒီသံတုံးပဲ"

လင်းပိုင်ဖန်က ရယ်မောကာ - "ဒါက ကောင်းကင်ကနေ ကျလာတာ၊ အလေးချိန် ဂျင် ၅၀၀၀ ရှိပြီး မပျက်စီးနိုင်ဘူး။ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အစွမ်းကုန် အားထုတ်ရင်တောင်မှ အမှတ်အသား တစ်ခုတောင်မှ မကျန်ဘူး"

"အရင်တုန်းက ပန်းပဲဆရာကြီး တော်တော်များများကို ခိုင်းကြည့်ဖူးတယ်၊ ဒါပေမဲ့ သူတို့အားလုံး ထုလုပ်ဖို့ မစွမ်းနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ဆရာကြီး အိုးယဲ့ဇီကတော့ ထုလုပ်နိုင်တယ်လို့ ကျွန်တော် ကြားရတဲ့အတွက် ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်"

အိုးယဲ့ဇီသည် ရုန်းကန်၍ သံတုံးပေါ် လှဲချလိုက်ကာ ခေါက်လိုက်၊ ပုတ်လိုက်၊ ဂရုတစိုက် စမ်းသပ် ခံစားကြည့်လိုက်သည်။

ထို့နောက် သူသည် ဝမ်းမြောက်စွာဖြင့် အော်ဟစ်လိုက်လေသည် - "ဒါက လက်နက် ထုလုပ်ဖို့အတွက် တကယ်ကို အကောင်းစား ပစ္စည်းပဲ။ သံအေးလို မာကျောပြီး ကျောက်တုံးလို လေးလံတယ်။ ကောင်းကင်က မီးတွေနဲ့ လောင်မြိုက်ထားပေမဲ့လည်း ထိလိုက်ရင် အရေပြားကို အေးနေစေတယ်။ ငါဆိုတဲ့သူက နှစ်ပေါင်းများစွာ လက်နက်တွေကို သန့်စင်ထုလုပ်လာခဲ့တာ၊ ဒီလို အကောင်းစား ပစ္စည်းမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ထုလုပ်လို့ပြီးတာနဲ့ ဒါဟာ ပြိုင်ဘက်ကင်းတဲ့ နတ်လက်နက် ဖြစ်လာမှာ အသေအချာပဲ"

"ငါကိုယ်တော်လည်း ဒီလိုပဲ ထင်တယ်၊ ဒါကြောင့် ဆရာကြီးကို စမ်းသပ်ကြည့်ဖို့ တောင်းဆိုချင်တာပါ" လင်းပိုင်ဖန်က ပြုံးကာ ပြောလိုက်သည်။

အိုးယဲ့ဇီသည် ကျယ်လောင်စွာ ရယ်မောပြီးတော့ ဂုဏ်ယူစွာဖြင့် - "မင်း တကယ်ကို လူအမှန်ကို ရှာတွေ့လိုက်တာပဲ။ မိုးကောင်းကင်အောက်မှာ၊ ငါကလွဲလို့ ဒီသံတုံးကို သန့်စင်ပြီး နတ်လက်နက်အဖြစ် ထုလုပ်နိုင်တဲ့သူ မရှိဘူး"

"တကယ်လား" လင်းပိုင်ဖန်က မေးခွန်းထုတ်လိုက်သည်။

"မင်းက ငါ့ကျွမ်းကျင်မှုကို သံသယဝင်နေတာလား" အိုးယဲ့ဇီသည် စိတ်ဆိုးသွားပုံရသည်။

"အခြား ဆရာတွေ မအောင်မြင်ခဲ့ကြဘူး၊ ခင်ဗျားကရော ဘယ်လိုလုပ် အောင်မြင်မှာလဲ"

"အဲဒါက သူတို့ နည်းလမ်းကို မသိလို့ပဲ၊ နည်းလမ်းလည်း မရှိလို့ပဲ။ ငါ မင်းကို ရှင်းပြပေးမယ်"

လင်းပိုင်ဖန်၏ စကားကြောင့် အိုးယဲ့ဇီ၏ စိတ်အားထက်သန်မှုတွေ မြင့်တက်လာခဲ့သည် - "ဒီ ဥက္ကာခဲ အပိုင်းအစကို ကောင်းကင်မီးနဲ့ ထုလုပ်ထားတာ၊ မပျက်စီးနိုင်ဘူး။ ဒါကို အရည်ပျော်အောင်လုပ်ဖို့ဆိုရင် ကောင်းကင်မီးနဲ့ ယှဉ်နိုင်တဲ့ မီးလျှံကို ရှာရမယ်။ ဘယ်လို မီးလျှံမျိုးက ကောင်းကင်မီးနဲ့ ယှဉ်နိုင်တယ်ဆိုတာကို မင်းသိလား"

လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ - " မသိဘူး"

"အရူးပဲ။ အပေါ်မှာရှိတဲ့ အရာကို အောက်က အရာနဲ့ပဲ ရင်ဆိုင်ရမယ်။ ဒါကြောင့် မြေကြီးအောက်က မီးကို အသုံးပြုမှသာ ဒါကို သန့်စင်နိုင်မယ်"

လင်းပိုင်ဖန်သည် စဉ်းစားခန်း ဝင်သွားပြီးတော့ - "မြေကြီးအောက်က မီး? ခင်ဗျား မီးတောင် ပေါက်ကွဲမှုက ထွက်လာတဲ့ မီးလျှံကို ပြောနေတာလား"

"အတိအကျပဲ၊ မင်း တကယ်ကို မြန်မြန်ဆန်ဆန် နားလည်သွားတာပဲ"

အိုးယဲ့ဇီက ချီးမွမ်းပြီး ဆက်ပြောလိုက်သည် - "ဒါကို ကျောက်ရည်ပူမီး၊ ဆိုလိုတာက မြေအပူနဲ့ အရည်ပျော်အောင် လုပ်ရမယ်။ လုပ်ငန်းစဉ်က လေးဆယ့်ကိုးရက်လောက် ကြာမယ်"

"ဒါက သိပ်မခက်ခဲပါဘူး။ အရည်ပျော်ဖို့အတွက် မီးတောင်ဝ တစ်ခုကို ရှာ၊ ပြီးရင် ပန်းပဲဆရာတချို့ကို လက်နက်အဖြစ် ထုလုပ်ခိုင်းလိုက်။ ဒါဆို မဖြစ်နိုင်ဘူးလား။ ဘာလို့ ခင်ဗျားကိုပဲ အားကိုးရမှာလဲ" လင်းပိုင်ဖန်က ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

အိုးယဲ့ဇီတစ်ယောက် ဒေါသထွက်သွားကာ….

"ကောင်လေး။ မင်း ဘာသိလို့လဲ။ နတ်လက်နက်တစ်ခု ထုလုပ်ဖို့အတွက် မြေအပူရှိန်မှာ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေ ရှိသေးတယ်။ ပထမဆုံးအနေနဲ့ အပူချိန်က လုံလောက်စွာ မြင့်မားရမယ်၊ ပြီးတော့ စဉ်ဆက်မပြတ်၊ တည်ငြိမ်ဖို့လည်း လိုအပ်သေးတယ်"

"ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ၊ ဒီမြေအပူရှိန်ကို လူက ထိန်းချုပ်လို့ မရဘူး။ ရုတ်တရက် ပေါက်ကွဲနိုင်သလို မြန်မြန်ဆန်ဆန်လည်း အေးသွားနိုင်တယ်။ အဲဒါကြောင့် အပူချိန်ကို ထိန်းချုပ်လို့ မရဘူး။ အပူချိန်ကို ထိန်းချုပ်လို့ မရရင် ထုလုပ်လိုက်တဲ့ လက်နက်ရဲ့ အရည်အသွေးကိုလည်း အများကြီး ထိခိုက်လိမ့်မယ်"

"ဒီလို မြေကြီးအပူရှိန်က တကယ်ကို ရှားပါးတယ်"

အိုးယဲ့ဇီသည် ခေါင်းကို ခါပြီး သက်ပြင်းချလိုက်ကာ - "ငါ ကမ္ဘာအနှံ့ကို ခရီးသွားခဲ့ပြီးပြီ၊ ငါ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မီးတောင် အရေအတွက်ကို လက်ချိုးရေလို့တောင် ရနိုင်တယ်"

"ဒီလိုကိုး" လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်သည်။

"မြေကြီးရဲ့ အောက်ကမီးအတွက် လိုအပ်ချက်တွေ ရှိသလို၊ ပန်းပဲဆရာအတွက်လည်း အရမ်း မြင့်မားတဲ့ တောင်းဆိုချက်တွေ ရှိသေးတယ်"

အိုးယဲ့ဇီသည် အလေးအနက်ထားကာ ပြောလိုက်သည် - "ဒီပစ္စည်း အရည်ပျော်ပြီးနောက်မှာ မီးရဲ့ ဘေးနားမှာ ထုလုပ်ရမယ်၊ မဟုတ်ရင် မြန်မြန်ဆန်ဆန်နဲ့ ပြန်မာသွားလိမ့်မယ်။ ဒီလုပ်ငန်းစဉ်က အတိုဆုံး ရက်အနည်းငယ်ကနေ အရှည်ဆုံး တစ်လအထိ ကြာနိုင်တယ်"

"ဒါပေမဲ့ သွေးနဲ့ အသားနဲ့ ဖွဲ့စည်းထားတဲ့ လူ့ခန္ဓာကိုယ်က သေမျိုးဘောင်ကနေ ဘယ်လိုလုပ် မြေမီးရဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိမှာလဲ။ ခန္ဓာကိုယ် လေ့ကျင့်ခြင်း အဆင့်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ ကျွမ်းကျင်သူတောင်မှ ဒီမီးလျှံတွေကို ထိလိုက်တာနဲ့ ချက်ချင်း ပြာဖြစ်သွားလိမ့်မယ်"

" ကြယ်တာယာချီအဆင့် ကျွမ်းကျင်သူ တစ်ဦးတောင်မှ ဒီလို ပူပြင်းတဲ့ ပတ်ဝန်းကျင်မှာ အလွန်အမင်း မသက်မသာ ခံစားရလိမ့်မယ်။ ငါ တစ်ယောက်တည်းသာလျှင် ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ကြယ်တာယာချီကို ပိုင်ဆိုင်ထားရုံသာမက ကြေးနီနဲ့ သံလို မာကျောတဲ့ ခန္ဓာကိုယ်ကိုလည်း ကျင့်ကြံထားသူ ဖြစ်တဲ့အတွက် ဒီလို အခြေအနေတွေကို ခံနိုင်ရည်ရှိပြီး နတ်လက်နက်တွေ ထုလုပ်နိုင်တာပဲကွ"

"ကောင်လေး၊ အခု မင်း ငါ့ရဲ့ အရည်အချင်းတွေကို သိပြီ မဟုတ်လား၊ ဟား…ဟား.."

"ဒါဆို ဒီလိုပေါ့ ။ ပန်းပဲဆရာကြီးတွေထဲမှာ ဆရာကြီး အိုးယဲ့ဇီကသာ တကယ်ကို အလေးစားရဆုံးပဲပေါ့"

လင်းပိုင်ဖန်က ပြုံးလျက် - "ဒီ ကောင်းကင်က ဥက္ကာခဲ အပိုင်းအစကို ခင်ဗျားရဲ့ လက်ထဲ အပ်လိုက်ပြီ။ အလုပ်ပြီးမြောက်တာနဲ့ ခင်ဗျားကို လွတ်လပ်ခွင့် ပေးရုံသာမကဘဲ၊ ရက်ရက်ရောရောနဲ့ ဆုလည်း ချပေးအုံးမယ်။ ရာထူးကြီးတွေနဲ့ လစာကောင်းတွေ ဆိုတာက ခင်ဗျားရဲ့ လက်ထဲကနေ ပြေးမလွတ်သေရဘူး"

"ထွီ။ မဖြစ်နိုင်ဘူး"

အိုးယဲ့ဇီ၏ မျက်နှာသွင်ပြင်မှာ ပြောင်းလဲသွားပြီး ဒေါသတကြီးဖြင့် - "မင်း ငါ့ကို ဒီမှာ ထောင်လည်း ချထားသေးတယ်၊ ပြီးတော့ မင်းက အဲဒီသူခိုးရဲ့ သခင်ပဲ။ ငါတို့ရဲ့ ခံယူချက်တွေ မတူတဲ့အပြင် လမ်းတွေလည်း မတူဘူး။ မင်းကို အစေခံရမယ့်အစား ငါ အသေသာခံလိုက်မယ်"

"ငါကိုယ်တော် သတ်မယ်ရင်တောင် မလုပ်ပေးနိုင်ဘူးလား"

"လာခဲ့လေ၊ လုပ်လိုက်စမ်းပါ" အိုးယဲ့ဇီ သည် မျက်စိကို မှိတ်လိုက်ပြီး သေဖို့ အသင့်ပြင်ထားလိုက်သည်။

ရုတ်တရက် လင်းပိုင်ဖန်က ပြုံးလိုက်ပြီး - "နောက်တာပါ ဆရာကြီး အိုးယဲ့ဇီ။ ခင်ဗျားကို ဘယ်လိုလုပ် သတ်ရက်နိုင်မှာလဲ။ ခင်ဗျားရဲ့ သတ္တိနဲ့ သေခြင်းတရားကို မကြောက်တဲ့ စိတ်ဓာတ်ကို ငါကိုယ်တော် အရမ်းလေးစားတယ်"

"အစောင့်တွေ၊ လာပြီး ဆရာကြီးကို ချည်နှောင်ထားတာတွေကို ဖြေပေးလိုက်"

"အမိန့်တော်အတိုင်းပါ၊ အရှင်မင်းကြီး" ထောင်မှူးက ရှေ့သို့ တက်လာပြီး အိုးယဲ့ဇီ၏ သံကြိုးများကို ဖွင့်ပေးလိုက်သည်။

လင်းပိုင်ဖန်က သူ့ရဲ့ သိုင်းပညာတွေ ပိတ်ဆို့ထားတာကိုလည်း ဖွင့်ပေးခဲ့ပြီး သူ့ရဲ့ တူကိုလည်း ပြန်ပေးလိုက်သည်။

အိုးယဲ့ဇီလည်း အံ့အားသင့်သွားပြီး - "မင်း ငါ့ကို လွှတ်ပေးတော့မှာလား"

လင်းပိုင်ဖန်က ပြုံးပြီး ခေါင်းညိတ်သည် - "ခင်ဗျားကို လွှတ်ပေးရုံသာမကဘဲ၊ အတူတူလည်း သောက်ချင်ပါသေးတယ်"

"မင်း ငါ့ကို လွှတ်ပေးလိုက်တာနဲ့ပဲ ကျေးဇူးတင်ပြီး မင်းခိုင်းတာ လုပ်ပေးမယ်လို့တော့ မထင်လိုက်နဲ့" အိုးယဲ့ဇီက ခေါင်းမာမာနဲ့ စိန်ခေါ်သလိုမျိုး ပြောလိုက်သည်။

"အဲဒါတွေက အနာဂတ်အတွက်ပေါ့။ အရင်ဆုံး သောက်ကြရအောင်"

ထို့နောက်တွင် လင်းပိုင်ဖန်သည် ခမ်းနားလှသော ပွဲတော်တစ်ခုကို စီစဉ်ခဲ့ပြီး အိုးယဲ့ဇီ နှင့် အခြားသူများအားလုံးကို အတူတကွ စားသောက်ရန် ဖိတ်ကြားခဲ့သည်။

လင်းပိုင်ဖန်သည် အထူးနေရာတွင် ထိုင်ပြီး အရက်ခွက်ကို မြှောက်ကာ အိုးယဲ့ဇီအား ပြုံးလျက် ပြောလိုက်သည် - " ဆရာကြီး အိုးယဲ့ဇီ၊ ငါတို့ အခုဆိုရင် တိုက်ခိုက်ရင်းနဲ့ အချင်းချင်း သိကျွမ်းခဲ့ကြပြီလို့ ပြောလို့ရပြီ။ ဒီတစ်ခွက်ကို သောက်ပြီးရင် ငါတို့ရဲ့ မကျေနပ်မှုတွေကို ဖြေရှင်းလိုက်ကြရအောင်"

အိုးယဲ့ဇီ၏ မျက်နှာသည် တင်းမာသွားပြီး သူ၏ အရက်ခွက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

လင်းပိုင်ဖန်က လှောင်ပြောင်လိုက်ကာ- "ဘာဖြစ်လို့လဲ။ မသောက်ရဲဘူးလား"

"ငါ့အသက်ကိုတောင် ဂရုမစိုက်တာ၊ တခြား ဘာကို ကြောက်ရမှာလဲ" အိုးယဲ့ဇီသည် အရက်ခွက်ကို ကောက်ယူပြီး တစ်မော့တည်း မော့ချလိုက်သည်။

သူ၏ မျက်လုံးများ ချက်ချင်း လင်းလက်လာပြီး - "ကောင်းလိုက်တဲ့ အရက်။ စပ်ပြီးတော့ နည်းနည်း ပြင်းတယ်။ ဒါပေမဲ့ အရမ်းလည်းမွှေးတယ်။ တစ်မော့တည်း သောက်လိုက်တာနဲ့ တစ်ကိုယ်လုံးကို လန်းဆန်းသွားတာပဲ"

အရက်ဓားအင်မော်တယ်ကလည်း သူ၏ အရက်ခွက်ကို ကိုင်ရင်း ပြုံးကာ - "ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်နဲ့ ဖော်စပ်ထားတဲ့ ပေါင်းခံအရက်ပဲ။ တကယ်ပဲ မွှေးတယ်၊ ဒါပေမဲ့ လည်ချောင်းကို ပူလောင်စေပြီး မြန်မြန် မူးစေတယ်။ ကျွန်တော်ကတော့ ဒီ ပန်းပေါင်းစုံအရက်ကို ပိုကြိုက်တယ်။ ပန်းရနံ့လေးနဲ့ လည်ချောင်းကို ချောမွေ့စေတယ်။ အရသာက ချိုပြီး နှစ်သက်စရာလည်း ကောင်းတယ်"

အိုးယဲ့ဇီက ပမာမခန့်ဖြင့် - " မင်း ပြောနေတဲ့ အရက်တွေက မိန်းမတွေ သောက်တဲ့ အရက်တွေပဲ၊ ခွက်တစ်ထောင် သောက်ရင်တောင် မမူးနိုင်ဘူး၊ ပျော်စရာမရှိဘူး။ ဒီလို ပေါင်းခံအရက်မျိုးကိုသာ ယောက်ျားကောင်းတစ်ယောက်က သောက်သင့်တာ"

စကားဆုံးသည်နှင့် သူသည် နောက်ထပ် ခွက်များစွာကို ဆက်တိုက် ငှဲ့ထည့်ပြီး မျက်နှာ နီရဲသည်အထိ သောက်ချကာ ဘယ်လောက်ထိ လန်းဆန်းသွားကြောင်းကို အကြိမ်ကြိမ် အော်ဟစ်နေလေသည်။

သူ အလွန်ကို မြန်ဆန်စွာ သောက်လိုက်တာကြောင့် ပေါင်းခံအရက်ပုလင်း တစ်လုံးလုံး ကုန်သွားခဲ့သည်။

ကုန်သွားပြီးနောက်တွင်ပင် သူသည် ထပ်မံ၍ သောက်ချင်စိတ်တွေ ရှိနေသေးသည်။

သူသည် သူ့ကိုယ်သူ ကျေနပ်စေရန် နောက်ထပ် ပုလင်းအနည်းငယ် တောင်းချင်သော်လည်း သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို သတိရလိုက်ကာ ပြောဖို့ ရှက်ရွံ့နေလေသည်။

ထိုအချိန်တွင် လင်းပိုင်ဖန်က ပြုံးကာ မေးလိုက်သည် - "ဆရာကြီး အိုးယဲ့ဇီ၊ ကမ္ဘာကျော်တဲ့ ပန်းပဲဆရာကြီး တစ်ဦးအနေနဲ့ ခင်ဗျားက ပန်းပဲပစ္စည်းတွေ အကြောင်းကို အများကြီး သိမှာပဲ၊ ဟုတ်တယ် မလား"

"ဟုတ်တာပေါ့၊ ကောင်းကင်အောက်မှာ ငါ အိုးယဲ့ဇီ မသိတဲ့ ပန်းပဲပစ္စည်း တစ်ခုမှ မရှိဘူး" အိုးယဲ့ဇီက ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။

"ဒါဆို အရမ်းကောင်းတယ်။ ငါကိုယ်တော့်မှာ ပန်းပဲပစ္စည်းတွေ အများကြီး ရှိတယ်။ ခင်ဗျား ဒါတွေကို ကြည့်ပေးလို့ ရမလား"

"လက်နက်တွေ သန့်စင်ဖို့ ပစ္စည်းတွေ အများကြီး ရှိတာလား"

"အများကြီး၊ အများကြီးပဲ။ နန်းတော်တစ်ခုလုံး ပြည့်လောက်အောင်ကို များတယ်" လင်းပိုင်ဖန်က ရယ်မောကာ ပြောလိုက်သည်။

အိုးယဲ့ဇီ၏ မျက်လုံးများ လင်းလက်သွားပြီး - "သွားမယ်၊ သွားကြည့်ရအောင်"

ခဏ အကြာတွင် သူတို့သည် နန်းတော်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ဒီနန်းတော်ကို လင်းပိုင်ဖန်က "ရတနာခန်းမ" လို့ နာမည်ပေးထားပြီး အဖိုးတန် ပစ္စည်းအချို့ကို သိုလှောင်ဖို့အတွက် သီးသန့် အသုံးပြုဖို့ ဆောက်လုပ်ထားတာဖြစ်သည်။

All Chapters