အခန်း (၁၃၉)
Vol. 11 Ch. 139
ဗိုလ်ချုပ်အန်က ကောင်းကောင်း ကနိုင်တာပဲ။
အရှင်မင်းမြတ် ဗုံတီးတာက ပိုလို့တောင် ကောင်းသေးတယ်။
လူတိုင်းက အန်လုရှန်အား မနာလိုစိတ်တို့ဖြင့် ကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးသည် သူ့ကို လွန်စွာမှပင် အလိုလိုက်လွန်းနေသောကြောင့် ဖြစ်သည်။
ခွင့်မပြုဘဲ ပြန်လာခဲ့သော်လည်း အပြစ်ပေးခံရခြင်း မရှိသည့်အပြင်၊ ဆုချခြင်းလည်း ခံရပြီး ဗုံတီးခတ်ပေးခြင်းကိုပင် ခံခဲ့ရသည်။ ဤသည်မှာ အရပ်ဘက်နှင့် စစ်ဘက်မှ မှူးမတ်တွေအားလုံးထဲတွင် သူတစ်ဦးတည်းသာ ရရှိသည့် ထူးခြားသော အခွင့်အရေးပင် ဖြစ်သည်။
အန်လုရှန်သည် အပြင်ပန်းမှာတော့ မျက်ရည်တွေ ကျတဲ့အထိ ကျေးဇူးတင်နေသော်လည်း အတွင်းစိတ်ကမူ - ‘အရှင်မင်းကြီးက ငါ့ကို အခုထိ မျက်နှာသာ ပေးနေတုန်းပဲ၊ ကြီးမားတဲ့ အောင်မြင်မှုတွေက မကြာခင် ရောက်လာတော့မှာ သေချာနေပြီ’ ဟု တွေးနေခဲ့သည်။
ဗုံကို ချလိုက်ကာ လင်းပိုင်ဖန်က ပင်ပန်းနွမ်းနယ်စွာဖြင့် ပြောလိုက်သည် – “ဗိုလ်ချုပ်အန်က အလွန်ရှားရှားပါးပါး ပြန်လာတာပဲ။ ဒီ ပွဲတော်မှာ ဆက်ပြီး ပျော်မွေ့လိုက်ပါဦး။ ငါကိုယ်တော်ကတော့ ပင်ပန်းနေပြီ ဖြစ်တဲ့အတွက် ပြန်ပြီး အနားယူတော့မယ်၊ မောင်မင်းတို့တွေသာ ဆက်လက်ပြီး ပျော်ကြရွှင်ကြတော့”
ထိုသို့ဆိုကာ မိဖုရား၏ လက်ကိုဆွဲပြီး ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။
“နှုတ်ဆက်ပါတယ် အရှင်မင်းကြီး” လူအုပ်ကြီးက တစ်ညီတစ်ညာတည်း အော်ဟစ်လိုက်ကြသည်။
အန်လုရှန်ကတော့ ဆက်လက်သောက်စား ပျော်ပါးရန် နောက်တွင် ကျန်နေခဲ့သည်။
ဇိမ်ကျလွန်းလှသည့် ပွဲတော်ကြီးကို ကြည့်ကာ ဤအရာအားလုံးသည် တစ်နေ့တွင် သူ့ပိုင်ဆိုင်မှု ဖြစ်လာရမည်ဟု လျှို့ဝှက်သန္နိဋ္ဌာန်ချလိုက်သည်။
နောက်တစ်နေ့ နှစ်သစ်ရဲ့ ဒုတိယနေ့မှာတော့ မှူးမတ်တွေဟာ သူတို့ရဲ့ ရုံးပိတ်ရက်ကို တရားဝင် စတင်လိုက်ကြသည်။
အရေးပေါ်ကိစ္စ မရှိပါက မီးပုံးပွဲတော် ပြီးမှသာ ပြန်လည်စတင်မည် ဖြစ်သည်။
ဤကာလအတွင်း မှူးမတ်များသည် ဆွေမျိုးများ၊ မိတ်ဆွေများထံ သွားရောက်လည်ပတ်ခဲ့ကြသည်။
လင်းပိုင်ဖန်သည်လည်း ဆွေမျိုးမိတ်ဆွေများထံ သွားရောက်လည်ပတ်ရန် ရည်ရွယ်ထားသည်။ ဒုတိယနေ့ မနက်စောစောတွင် သူသည် ဝန်ကြီးချုပ်အိမ်တော်နှင့် စစ်သူကြီးအိမ်တော်သို့ နှစ်သစ်ကူး နှုတ်ဆက်စကား ပြောရန် သွားရောက်ခဲ့သည်။
ဝန်ကြီးချုပ် ရှောင်ကော်လျန်နှင့် စစ်သူကြီးချုပ် ချိုင်ယူလန်တို့က အလွန်ကို ဝမ်းသာအားရ ဖြစ်နေကြသည် - “အရှင်မင်းကြီး၊ ဒီကို ဘာကိစ္စ ကြွလာတာပါလဲ”
လင်းပိုင်ဖန်က ပြုံးကာ လက်များကိုယှက်၍ ပြောလိုက်သည် - “ဦးလေးတို့ နှစ်ယောက်လုံးဟာ ကျွန်တော်ရဲ့ ဦးလေးတွေပါပဲ၊ ဒီကမ္ဘာပေါ်မှာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ဆွေမျိုးနဲ့ အကြီးအကဲတွေပဲလေ။ မလာဘဲ နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဦးလေးတို့ကို နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ ကျန်းမာပါစေ၊ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးဖို့ လာခဲ့တာပါ”
“ဟား…ဟား..။ အရှင်မင်းကြီးက သိပ်ကို ကြင်နာလွန်းနေပါပြီ” ဝန်ကြီးချုပ်နှင့် စစ်သူကြီးချုပ်တို့ရဲ့ နှလုံးသားထဲမှာတော့ ပိုလို့ပင် ဝမ်းသာပျော်ရွှင်လာခဲ့ကြသည်။
သူတို့သည် နန်းတော်မှ အရပ်ဘက်နှင့် စစ်ဘက် မှူးမတ်တွေ အားလုံးထဲတွင် အရှင်မင်းကြီးကိုယ်တိုင် နှစ်သစ်ကူး ဂါရဝပြုရန် ကြွရောက်လာရသည့် ပုဂ္ဂိုလ်နှစ်ဦးပင် ဖြစ်သည်။
၎င်းသည် သူတို့နှစ်ဦးကို ဧကရာဇ်မင်းမြတ်၏ နှလုံးသားထဲတွင် အလွန်အရေးပါနေဆဲဖြစ်ကြောင်း ပြသနေသည်။
လင်းပိုင်ဖန်က လက်ခုပ်တီးလိုက်ရာ မိန်းမစိုးတစ်အုပ်င မီးခိုးငွေ့ တထောင်းထောင်း ထနေသော ဟင်းပွဲများကို ချက်ချင်း သယ်ဆောင်လာပြီး ပြောလိုက်သည် - “ဦးလေးတို့နဲ့အတူ ထမင်းလက်ဆုံ မစားဖြစ်တာ ကြာပြီဖြစ်တဲ့အတွက် စားဖိုချောင်ကနေ အထူးတလည် စီမံခိုင်းပြီး ပွဲတော်ကြီးကို ပြင်ဆင်လာခဲ့တယ်။ အတူတူ စားသောက်လိုက်ကြရင်ကော ဘယ်လိုလဲ”
“ကောင်းတာပေါ့။ နာခံလိုက်တာထက် ပိုကောင်းတဲ့ လေးစားမှုက မရှိတော့ဘူး” ဟု ထိုနှစ်ဦးက လက်ခုပ်တီးကာ သဘောတူလိုက်ကြသည်။
ထို့ကြောင့် ပွဲတော်ကို ခင်းကျင်းလိုက်ပြီး သုံးဦးသား စားပွဲဝိုင်းတွင် ထိုင်ကာ ဟင်းပွဲများကို စားရင်း၊ တစ်ယောက်နှင့်တစ်ယောက် အရက်ကို ငှဲ့ပေးခဲ့ကြသည်။
လင်းပိုင်ဖန်၏ စိတ်အခြေအနေ ကောင်းမွန်နေသည်ကို မြင်သောအခါ ဝန်ကြီးချုပ်နှင့် စစ်သူကြီးချုပ်တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဝန်ကြီးချုပ် ရှောင်ကော်လျန်က- “အရှင်မင်းကြီး၊ ကျွန်တော်မျိုးမှာ စိတ်ထဲ မတင်မကျဖြစ်နေတဲ့ စကားအချို့ကို ပြောကို ပြောမှ ရပါတော့မယ်”
“ဒီနေ့ ထမင်းဝိုင်းက မိသားစု ဆုံစည်းတာ ဖြစ်တဲ့အတွက်၊ ဒီနေရာမှာ အရှင်မင်းမြတ် နဲ့ အမတ်တွေအကြား ခွဲခြားမှုတွေ မရှိဘူး။ ဦးလေး၊ စိတ်ထဲရှိတာကို လွတ်လပ်စွာ ပြောပါ”
“ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော်မျိုးက ရဲရဲဝံ့ဝံ့ပဲ ပြောပါရစေ”
ဝန်ကြီးချုပ်က သတ္တိကို မွေးပြီး မေးလိုက်သည် - “အရှင်မင်းကြီး၊ ဘာကြောင့် ပုန်ကန်တတ်တဲ့သူတွေကို အားပေးပြီး သစ္စာရှိသူတွေကို ဝေးဝေးမှာ ထားနေရတာလဲ”
လင်းပိုင်ဖန်က တုံ့ပြန်မှုတစ်စုံတစ်ရာ မပြသည်ကို မြင်သောအခါ ဝန်ကြီးချုပ်က ဆက်ပြောလိုက်သည် - “ဟီရှန်းကို ဥပမာအနေနဲ့ ကြည့်ပါ။ သူဟာ ဖြောင့်မတ်ပြီး ရိုးသားပုံရပေမယ့် ကျွန်တော်မျိုး သီးသန့်စုံစမ်းကြည့်တဲ့အခါမှာ သူဟာ ငွေ သန်းပေါင်းများစွာကို အလွဲသုံးစားလုပ်ထားတာ တွေ့ရပါတယ်”
“လီလင်းဖူလည်း ရှိပါသေးတယ်၊ သူ့နှုတ်ခမ်းမှာက ပျားရည်သုတ်ထားပေမယ့် ဗိုက်ထဲမှာတော့ ဓားကိုဆောင်ထားပြီး အထက်လူကြီးတွေကို မျက်နှာချိုသွေးကာ အောက်ကလူတွေကို နှိပ်စက်နေတဲ့ သူပါ။ အရှင်မင်းကြီးရဲ့ မျက်နှာသာကို ရဖို့အတွက် သူဟာ ပွဲတော်ကြီးကို ကျင်းပရုံနဲ့တင် ငွေတေး ၃၀၀,၀၀၀ ကျော်တောင် သုံးစွဲပြီး အလွန်အမင်း ဇိမ်ခံမှုတွေကို လုပ်ဆောင်နေပါတယ်”
“ဒါ့အပြင် ချင်ဟွေ့၊ ယန်စန်း၊ ချောင်ချောင်း၊ အန်လုရှန်နဲ့ တခြားသူတွေကလည်း မကောင်းပါဘူး။ သူတို့အားလုံးဟာ မြှောက်ပင့်တတ်တဲ့သူတွေ၊ အခွင့်အရေးသမားတွေ၊ အုပ်စုဖွဲ့ပြီး ကိုယ်ကျိုးစီးပွား လိုက်စားနေတဲ့ သူတွေပါ။ တရားရုံးတစ်ခုလုံး ညစ်ညမ်းနေပါပြီ။ ဒီအတိုင်း ဆက်သွားရင် ကျွန်တော်မျိုးတို့ မဟာရှ နိုင်ငံဟာ ပျက်စီးရတော့မှာပါ”
ဝန်ကြီးချုပ်က ရိုသေစွာ ဦးညွှတ်ပြီး လေးလေးနက်နက် ပြောလိုက်သည် - “အရှင်မင်းကြီး၊ နောက်မကျခင်မှာ အမှားတွေကို ပြင်ဆင်လိုက်ပါ၊ ပညာရှိသူနဲ့ သီလသမာဓိရှိသူတွေကို အားပေးအားမြောက်လုပ်ပြီး၊ အခွင့်ရေးသမားတွေနဲ့ ဝေးဝေးနေပါလို့ ကျွန်တော်မျိုး တောင်းပန်ပါတယ်”
စစ်သူကြီးချုပ်က ခေါင်းညိတ်၍ အလေးအနက် ပြောလိုက်သည် - “ဝန်ကြီးချုပ်ပြောတာကလည်း ကျွန်တော်မျိုး ပြောချင်တာနဲ့ အတိအကျပါပဲ”
လင်းပိုင်ဖန်က သူ့ကိုယ်သူ အရက်တစ်ခွက် ငှဲ့လိုက်ပြီး အလွန်အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည် - “ဦးလေးတို့ နှစ်ယောက်ရဲ့ စိုးရိမ်မှုတွေကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ အခု ကျွန်တော် ဦးလေးတို့ကို မေးရမယ်၊ သစ္စာရှိတဲ့ အမတ်ဆိုတာ ဘာလဲ၊ ပုန်ကန်တတ်တဲ့ အမတ်ဆိုတာ ဘယ်လိုသူလဲ”
“နိုင်ငံနဲ့ လူထုကို အလုပ်အကျွေးပြုသူကို သစ္စာရှိတဲ့ အမတ်လို့ ခေါ်ဆိုနိုင်ပါတယ်။ ဆန့်ကျင်ဘက်မှာရှိတဲ့ သူကတော့ ပုန်ကန်တတ်တဲ့သူပဲ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောလိုက်သည်။
လင်းပိုင်ဖန်က - “မှားတယ်။ လုံးဝ လုံးဝကို မှားတယ်”
ဝန်ကြီးချုပ်နဲ့ စစ်သူကြီးချုပ်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံ့သြသွားခဲ့ကြသည်။ “အရှင်မင်းကြီး၊ ဘယ်နေရာမှာ မှားနေတာလဲ”
“သစ္စာရှိတဲ့ အမတ်နဲ့ ပုန်ကန်တတ်တဲ့ အမတ်ကို အဲဒီလို ခွဲခြားတာ မဟုတ်ဘူး။ ကျွန်တော့် အတွက်ကတော့ ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေနိုင်ပြီး ပြဿနာတွေကို ဖြေရှင်းပေးနိုင်သူတွေကို သစ္စာရှိတဲ့ အမတ်လို့ သတ်မှတ်တယ်။ သူတို့မှာ ဘယ်လို ပြဿနာတွေ ရှိပါစေ၊ သူတို့က လာဘ်စားပြီး အကျင့်ပျက် ခြစားနေပါစေ၊ ဘယ်လို မြှောက်ပင့်ပြီး မျက်နှာချို သွေးနေပါစေ၊ ဖြောင့်မတ်သူတွေကို ဘောင်ခတ်ပြီး လူတွေကို ဖိနှိပ်နေပါစေ၊ သူတို့က ကျွန်တော့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေခံစားနိုင်သရွေ့တော့ သူတို့က သစ္စာရှိ အမတ်တွေပဲ”
“ဆန့်ကျင်ဘက်မှာရှိတဲ့ အဲဒီသူတွေကတော့ ပုန်ကန်တတ်တဲ့ အမတ်တွေပဲ။ သူတို့က ဘယ်လောက်ပဲ အရည်အချင်းရှိရှိ၊ ဘယ်လောက်ပဲ သစ္စာရှိပြီး ဖြောင့်မတ်ဖြောင့်မှန်နေပါစေ၊ နိုင်ငံနဲ့ လူထုကိုလည်း ဘယ်လောက်ပဲ အကျိုးပြုနေပါစေ၊ သူတို့က ကျွန်တော့်အတွက် အသုံးမဝင်ဘူးဆိုရင်တော့ သူတို့ဟာ ပုန်ကန်တဲ့ အမတ်တွေပဲ၊ တကယ့်ကို ပုန်ကန်တတ်တဲ့ အမတ်တွေပဲ”
အရက်ကို သောက်ရင်း လင်းပိုင်ဖန်က ရယ်မောကာ ပြောလိုက်သည် - “ဦးလေးတို့ နှစ်ယောက်၊ ဒီရှင်းပြချက်နဲ့ဆိုရင် နားလည်သွားလောက်ပြီလို့ ထင်ပါတယ်”
ဝန်ကြီးချုပ်နဲ့ စစ်သူကြီးချုပ်တို့ရဲ့ အမြင်တွေဟာ လင်းပိုင်ဖန်ကြောင့် ပျက်စီးသွားခဲ့ရသည်။
သူတို့ နှလုံးသားထဲတွင် နိုင်ငံအပေါ် သစ္စာရှိသူတွေလို့ ယူဆထားတဲ့ အမတ်တွေကို လင်းပိုင်ဖန်က ပုန်ကန်တတ်သူတွေလို့ သတ်မှတ်လိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပေ။
သူတို့ရဲ့ အမြင်မှာ ပုန်ကန်နိုင်တဲ့ အမတ်က လင်းပိုင်ဖန်ရဲ့ အမြင်မှာတော့ သစ္စာရှိတဲ့ အမတ်တွေ ဖြစ်နေတာပါပဲ။
ဒါပေမဲ့ လင်းပိုင်ဖန်ရဲ့ ရှင်းပြချက်ကို နားထောင်ကြည့်တဲ့ အခါမှာတော့ အကြောင်းပြချက်အချို့ ရှိနေသလိုလိုပါပဲ။
“ဦးလေးတို့၊ ဦးလေးတို့ပြောနေတဲ့ သစ္စာရှိတဲ့ အမတ်တွေကို အားပေးအားမြောက်မလုပ်ဘဲ ဘာလို့ ဦးလေးတို့ပြောတဲ့ ပုန်ကန်တတ်တဲ့ အမတ်တွေကို ကျွန်တော်က ဘာလို့ မျက်နှာသာပေးနေရတာလဲဆိုတာ ဦးလေးတို့ သိလား”
“အရှင်မင်းကြီး၊ ဘာကြောင့်များလဲ” ဟု ဝန်ကြီးချုပ်နဲ့ စစ်သူကြီးချုပ်တို့က တစ်ပြိုင်နက် မေးလိုက်ကြသည်။
“ဘာကြောင့်လဲဆိုတော့ သူတို့က အသုံးဝင်တယ်၊ အရမ်းကို အသုံးဝင်တယ်”
လင်းပိုင်ဖန်က ပြုံးကာ ပြောလိုက်သည် - “ကျွန်တော် အမိန့်ပေးလိုက်တာနဲ့ သူတို့က အဲ့ဒီအတိုင်း မသွေမတိမ်း လိုက်နာဆောင်ရွက်ကြပြီး အလုပ်ကိုလည်း ကောင်းကောင်းလုပ်ကြတယ်။ ကျွန်တော်က တူးမြောင်း ဆောက်ချင်တဲ့အခါမှာ သူတို့က မြစ်တူးဖို့အတွက် အလုပ်သမား တစ်သန်းကို ချက်ချင်း စုဆောင်းပေးခဲ့တယ်”
“ကျွန်တော် နန်းတော်တစ်ခု ဆောက်ချင်တဲ့အခါမှာလည်း အလုပ်သမား သိန်းပေါင်းများစွာကို ချက်ချင်း ခေါ်ပြီး နန်းတော်ကို တည်ဆောက်ခဲ့တယ်။ ကျွန်တော် စစ်ပွဲကို ဆင်နွှဲတဲ့အခါမှာလည်း ကျွန်တော် ညွှန်ပြတဲ့ နေရာတိုင်းကို သူတို့က တိုက်ခိုက်ကြတယ်။ ကျွန်တော် ရွေးချယ်တဲ့ ဘယ်သူ့ကိုမဆို သူတို့က တစ်ခွန်းတစ်ပါဒမှ မညည်းညူဘဲ တိုက်ခိုက်ကြတယ်”
လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး မေးလိုက်တယ် - “ဦးလေးတို့ ပြောတဲ့ သစ္စာရှိတဲ့ အမတ်တွေက ဒီလိုအရာတွေကို သဘောတူပါ့မလား။ သူတို့ ကျွန်တော့်ကို ဆန့်ကျင်ကြမှာပဲ မဟုတ်ဘူးလား။ ကျွန်တော့်ကို မိုက်မဲတဲ့ ဧကရာဇ်လို့ မခေါ်ရင်တောင်မှ တော်တော်ကို ကောင်းနေပြီ”
ဝန်ကြီးချုပ်ရဲ့ အသံက တိုးသွားပြီး - “သူတို့တွေ ဆန့်ကျင်တာကလည်း မဟာရှ အတွက် အကောင်းဆုံးကို လိုချင်လို့ပဲလေ”
လင်းပိုင်ဖန်က အသံကျယ်လောင်စွာြဖင့်- “သူတို့သာ တကယ်ပဲ မဟာရှအတွက် အကောင်းဆုံးတွေကို လိုချင်တယ်ဆိုရင် သူတို့တွေ ဆန့်ကျင်တာတွေ မလုပ်ဘဲ အစအဆုံး လိုက်နာသင့်တယ်။ ကျွန်တော် နန်းတက်ပြီးကတည်းက ဘာတွေ လုပ်ခဲ့လဲဆိုတာ ကြည့်လိုက်ပါဦး၊ ကျွန်တော် ဘာတွေများ မှားယွင်းခဲ့လို့လဲ။ မဟာရှရဲ့ နယ်မြေကို နှစ်ဆနီးပါး ချဲ့ထွင်ခဲ့တာလည်း ကျွန်တော်ပဲ။ သာမန်ပြည်သူ သန်းပေါင်းများစွာရဲ့ ဘဝတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ပေးခဲ့တာလည်း ကျွန်တော်ပဲ။ ကျွန်တော့်ကို ဘယ်သူမှ ရန်မလုပ်ရဲလောက်အောင်ထိ မဟာရှကို အလွန် အင်အားကြီးမားအောင် လုပ်ခဲ့တာလည်း ကျွန်တော်ပဲ”
“တစ်ချို့လုပ်ရပ်တွေက အစပိုင်းမှာ မိုက်မဲပုံရပေမယ့် နောက်ဆုံးမှာတော့ အားလုံးက မှန်ကန်နေကြောင်းကို သက်သေပြခဲ့တာပဲလေ။ ကျွန်တော်သာ မရှိရင်၊ ကျွန်တော်တို့ မဟာရှက နေ့စဉ်နဲ့အမျှ မရေမရာ မသေချာတဲ့ အခြေအနေနဲ့ အသက်ရှင်သန်နေရတဲ့ နိုင်ငံငယ်လေး တစ်ခုအဖြစ် ရှိနေဦးမှာပဲ”
လင်းပိုင်ဖန်က စားပွဲပေါ် ခေါက်လိုက်သည်၊ သူ၏ စကားလုံးတွေကတော့ အားမာန်အပြည့်ဖြင့် - “ဦးလေးတို့၊ ဦးလေးတို့ရဲ့ အကြံဉာဏ်ကို ကျွန်တော် နားထောင်ပြီး အဲ့ဒီ သစ္စာရှိတဲ့၊ ပညာရှိတဲ့ အမတ်တွေကို ခန့်အပ်ခဲ့မယ်ဆိုရင်၊ ကျွန်တော်တို့ မဟာရှက ဒီနေ့လိုမျိုး သာယာဝပြောတဲ့ ဘဝကို ရရှိဦးမှာလား”
“ဒါကတော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး” ဟု ဝန်ကြီးချုပ်နှင့် စစ်သူကြီးချုပ်တို့ နှစ်ဦးစလုံးက အသံတိုးတိုးဖြင့် ပြောလိုက်ကြသည်။
လင်းပိုင်ဖန်က ခေါင်းယမ်းလိုက်ကာ- “လုံးဝကို မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အတွေးအခေါ်တွေက အရမ်းကို ရှေးရိုးစွဲဆန်လွန်းလို့ပဲ၊ သူတို့က ကျွန်တော့်ကို နောက်ပြန်ဆွဲနေရုံပဲ ရှိလိမ့်မယ်။ အဲဒီလိုဆိုရင် သူတို့က ကျွန်တော့်ကို ခေါင်းကိုက်အောင် လုပ်နေရုံကလွဲလို့ ဘာအကျိုးရှိတော့မှာလဲ”
စစ်သူကြီးချုပ်က စိုးရိမ်တကြီး ပြောလိုက်သည် - “ဒါပေမဲ့ အရှင်မင်းကြီး၊ အရှင်မင်းကြီး မျက်နှာသာပေးတဲ့သူတွေက အကျင့်ပျက်ခြစားတဲ့ အမတ်တွေနဲ့ မြှောက်ပင့်တတ်တဲ့ သူတွေချည်းပဲလေ၊ သူတို့က အစိုးရကို ပျက်စီးစေလိမ့်မယ်…”
“ဦးလေးက အရမ်းကို ပြင်းပြင်းထန်ထန်ကြီး ပြောလွန်းနေပြီ။ လူတိုင်းမှာ အပြစ်အနာအဆာဆိုတာ ရှိမှာပဲ၊ သူတို့က အကျင့်ပျက်ခြစားတဲ့ အမတ်တွေပဲ ဖြစ်ဖြစ် သစ္စာရှိတဲ့ အမတ်တွေပဲ ဖြစ်ဖြစ်၊ သူတို့တွေ အားလုံးက နာမည်ဂုဏ်သတင်း၊ အကျိုးအမြတ် ဒါမှမဟုတ် အာဏာကြောင့်ပဲ လုပ်ဆောင်နေကြတာပဲ၊ ဘယ်သူက ပိုပြီး မြင့်မြတ်တယ်လို့ ပြောနိုင်မှာလဲ”
လင်းပိုင်ဖန်က မထေမဲ့မြင်ပြုသလိုဖြင့် ပြောလိုက်သည် - “သူတို့ရဲ့ ဆိုးကျိုးတွေထက် သူတို့ရဲ့ အကျိုးပြုမှုတွေက ပိုများနေသရွေ့တော့ ကျွန်တော်က သူတို့ရဲ့ အပြစ်တွေကို သည်းခံနိုင်တယ်”
“ဟီရှန်းကိုပဲ ဥပမာယူကြည့်ပါ၊ ဥိီးလေးပြောတာက သူက ငွေတေး သန်းပေါင်းများစွာကို အလွဲသုံးစား လုပ်တယ်လို့ ပြောပေမယ့် သူက သာမန်လူထု သန်းပေါင်းများစွာကို ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ပြီး ချမ်းသာကြွယ်ဝလာအောင် ကူညီပေးခဲ့တယ်။ ပြောပါဦး၊ သူ့ရဲ့ အကျိုးပြုမှုက ပိုများလား၊ ဒါမှမဟုတ် ရိုးသားတဲ့ အမတ်တစ်ဦးရဲ့ အကျိုးပြုမှုက ပိုများလား”
“ဦးလေးတို့ ဘယ်လိုထင်လဲ၊ သာမန်ပြည်သူလူထုက သူ့ကို လိုအပ်တာလား၊ ဒါမှမဟုတ် သစ္စာရှိတဲ့ အမတ်တွေကို ပိုလိုအပ်တာလား”