← Chapters

ဘဝအမျိုးမျိုး

Vol. 10 Ch. 95

ဘဝအမျိုးမျိုး

Vol. 10 Ch. 95

“သက်တမ်းလား။ အဲဒါက... ဒီလောက်တောင် ကြီးကြီးမားမား ပေးဆပ်ရတာလား...”

လော်၏ပါးစပ် ဟသွားပြီး တစ်ဝက်သောက်ထားသော ဆေးလိပ်က သူ၏ လက်ချောင်းများမှ လျှောကျကာ မြေပြင်ပေါ်သို့ ကျသွားသည်။

ရုတ်တရက် အပြစ်ရှိစိတ် လှိုင်းတစ်ခု သူ့ကို ရိုက်ခတ်သွား၏။

သူ သုံးခဲ့သော အဆောင်၊ ချန်ဟွိုက်အန် အသက်ဖြင့် လဲလှယ်ခဲ့သော အရာက သူ့အတွက် ယွမ်တစ်သိန်းသာ ကုန်ကျခဲ့သည်။

ထိုအချိန်က ချန်ဟွိုက်အန်သည် ၎င်း၏ တကယ့်တန်ဖိုးကိုပင် သဘောပေါက်ခဲ့မည် မဟုတ်ပေ။

ယခု ပြန်ကြည့်ရာ သူ ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့သလို ခံစားရသည်။

“နေပါဦး... ပေးဆပ်ရတာက သက်တမ်းဆိုတာ မင်း ဘယ်လို သိတာလဲ...”

လော် မျက်မှောင်ကြုတ်လိုက်သည်။

“မင်း ဒီ အဆောင်တွေ သုံးလို့ရတယ်ဆိုတာတောင် အရင်က မသိခဲ့ဘူးဆိုတာ ငါ မှတ်မိတယ်။”

ချန်ဟွိုက်အန်က အဖြေကို ကြိုတင်ပြင်ဆင်ထားနှင့်ပြီး ဖြစ်သည်။

အပြစ်အနာအဆာမရှိပေ။

မယိမ်းယိုင်သော မျက်နှာအမူအရာဖြင့် သူ ပြောလိုက်သည်၊။

“ဟုတ်ပါတယ်။ ကျွန်တော် အရင်က မသိခဲ့ဘူး။ ပေးဆပ်ရတာက သက်တမ်းဆိုတာ ဘယ်လို အတည်ပြုခဲ့လဲဆိုတော့...”

သူက ဘောင်းဘီအောက်ပိုင်းကို မလိုက်သည်။

အောက်တွင် သူ၏ အရေပြားက အကျိတ်ကဲ့သို့သော အရိုးအဖုအထစ်များဖြင့် သိပ်သည်းစွာ ဖုံးလွှမ်းနေ၏။

လော်၏ အသက်ရှူသံ ရပ်တန့်သွားခဲ့သည်။

“အမှန်အတိုင်း ပြောရရင် ကျွန်တော်က နောက်ဆုံးအဆင့် ကင်ဆာဝေဒနာရှင်ပါ...”

ချန်ဟွိုက်အန်က ပုံမှန်အတိုင်း ပြောသည်။

“ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်တော် ကင်ဆာ အလယ်အဆင့်မှာပဲ ရှိသေးတယ်။”

လော်၏ စိတ်က တစ်စက္ကန့်မျှ ဗလာဖြစ်သွားသည်။

ထို့နောက် သဘောပေါက်လာသောအခါ သူ၏ မျက်နှာက ထိတ်လန့်မှုဖြင့် တွန့်လိမ်သွား၏။

“ဒါဆို... မင်း ပြောနေတာက အဲဒီအဆောင်တွေ သုံးနေတာက မင်းရဲ့ ကင်ဆာကို အရှိန်မြှင့်လိုက်တာလား...”

“အမှန်ပဲ။”

ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။

“ဆရာဝန်တွေ ပြောတာကတော့ ဒီလောက် ပြင်းပြင်းထန်ထန် ပျံ့နှံ့နေတဲ့ ကင်ဆာမျိုးကို သူတို့ တစ်ခါမှ မတွေ့ဖူးဘူးတဲ့။ ပြီးတော့ အရှိန်မြင့် ဆိုးရွားမှုက ကျွန်တော် အဆောင်တွေ စတင် လဲလှယ်ပြီးနောက် ချက်ချင်း စတင်ခဲ့တာပဲ။”

“ဒါဆို... မင်း အချိန် ဘယ်လောက် ကျန်သေးလဲ...”

“ဘယ်သူသိမှာလဲ...”

ချန်ဟွိုက်အန် ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။

“ကံကောင်းရင် ၆လပေါ့။ မဟုတ်ရင် တစ်လပဲ။”

လော်၏ ဦးနှောက်တစ်ခုလုံး ရပ်တန့်သွား၏။

တောက်ပစွာ ပြုံးနေသော၊ မယုံနိုင်လော်က်အောင် ခန့်ညားသော လူငယ်က တကယ်တမ်း သေလုမြောပါး လူသားတစ်ဦး ဖြစ်နေသည်ကို လက်ခံဖို့ မဖြစ်နိုင်ပေ။

သို့သော် ထိုကြောက်မက်ဖွယ်ကောင်းသော အကျိတ်များက... ၎င်းမှာ အမှန်တရား ဖြစ်ကြောင်း သက်သေပြနေသည်။

ထိုအရာက ဟာသ မဟုတ်ပေ။

“ချီးပဲ။ ငါက တကယ်ကို လူယုတ်မာ တစ်ယောက်ပါလား...”

လော် စိတ်ထဲမှ ကိုယ့်ကိုယ်ကို ရိုက်လိုက်သည်။

သူက ထျန်ဖူ မိစ္ဆာနှိမ်နင်းသူများရဲ့ ခေါင်းဆောင်ဖြစ်သော်လည်း နောက်ဆုံးအဆင့် ဝေဒနာရှင်တစ်ဦးအား အဖိုးမဖြတ်နိုင်သော အဆောင်ကို ယွမ်တစ်သိန်းဖြင့်သာ လှည့်စားခဲ့သည်...

ကိုယ်ချင်းစာတရားကို မေ့ထား။

တခြားနယ်မြေမှ မိစ္ဆာနှိမ်နင်းသူ အဖွဲ့ခွဲများ သိသွားလျှင် သူတို့ သူ့ကို ကွယ်ရာ၌ အရှင်လတ်လတ် ကင်ကြမည် မဟုတ်ပါလား...

“ဟွိုက်အန်၊ ညီလေး။ ငါ မင်းကို ငါ တောင်းပန်ပါတယ်...”

လော်က သူ၏ အပြစ်ရှိစိတ်ကို လျှော့ချရန် ရုတ်တရက် ပြောလိုက်သည်။

“မင်းကို အဆောင်ပေးဖို့ ငါ မလှည့်စားခဲ့သင့်ဘူး။”

“အဟက်... ကိစ္စမရှိပါဘူး..”

ချန်ဟွိုက်အန် ပေါ့ပေါ့ဆဆ သူ့ကို လက်ပြလိုက်သည်။

“ကျွန်တော့်မှာ တခြားဟာတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်က နောက်ဆုံးအဆင့် ဖြစ်နေပြီလေ။ သေဖို့ ကံပါနေပြီပဲ။ သက်တမ်း နည်းနည်း ပိုဆုံးရှုံးတာက ဘာများဖြစ်မှာလဲ...”

လော်က ဘာမှ မပြောဘဲ ချန်ဟွိုက်အန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

သို့တိုင် သူ၏ အပြစ်ရှိစိတ်သာ ပိုပြီး နက်ရှိုင်းလာသည်။

“မင်းကို တစ်သိန်း ထပ်လွှဲပေးမယ်...”

“ကောင်းပြီ...”

လော် ဘာဖြစ်သွားကြောင်း မစဉ်းစားခင်တွင် ချန်ဟွိုက်အန် ဖုန်းကို ထုတ်ပြီး ငွေပေးချေမှု QRကုဒ်ကို အဆင်သင့် ပြုလုပ်ထားနှင့်ပြီးလေပြီ။

လော် - “...”

လွှဲပြောင်းမှုပြီးနောက် သူတို့နှစ်ဦးကြားမှ လေထုက သိသိသာသာ ပိုပြီး ရိုးသားလာသည်။

“ဟွိုက်အန်။ မင်းရဲ့ အစီအစဉ်က ဘာလဲ”

“ကျွန်တော့် အစီအစဉ်လား...”

ချန်ဟွိုက်အန်နှင့် လော် နှစ်ဦးစလုံး ရှေ့မှ အလုပ်များသော ယာဉ်ကြောကို စိုက်ကြည့်နေကြ၏။

တကယ်တမ်း သူ၏ အစီအစဉ် လုံးဝ မပြောင်းလဲခဲ့ပါ။

ပိုက်ဆံ ဆက်ရှာပြီး ဂိမ်းကို ဖြည့်နေဖို့ပင်။

ယခင်က သူ ပုံရိပ်ယောင် ကောင်မလေးအပေါ်တွင် ပိုက်ဆံ သုံးချင်ခဲ့သည်မှာ သုံးချင်ရုံ သက်သက်ကြောင့် ဖြစ်သည်။

ယခု ထိုအရာက မွေးရာပါ ဝိညာဉ်ရတနာ ဖြစ်ကြောင်း သိသွားသောအခါ သူ ပို၍ပင် သုံးချင်လာသည်။

နောက်ဆုံး...

ဂိမ်းက တစ်နေ့ ကင်ဆာကို ကုသပေးနိုင်တဲ့ ပစ္စည်းတစ်ခု ကမ်းလှမ်းလာရင် ဘယ်လို လုပ်မလဲ...

ပြီးတော့ ဂိမ်းထဲမှာရှိတဲ့ ကမ္ဘာက တကယ်ပဲ အစစ်အမှန်လား...

ဒါသာ မဟုတ်ရင် ဘာလို့ သူ့ရဲ့ ပုံရိပ်ယောင် ကောင်မလေးက ဒီလောက် အသက်ဝင်နေရတာလဲ...

ဒါပေမဲ့ ဂိမ်းရဲ့ ကမ္ဘာက အစစ်အမှန်ဆိုရင်... ဒါဆို ဘာလို့ အဲဒီအဖွဲ့အစည်းက ကမ္ဘာမြေကို စိတ်ကူး မယဉ်နိုင်တဲ့ အတိုင်းအတာဖြင့် ကျော်လွန်မနေရတာလဲ...

အခြေခံအဆင့် မိုးကြိုးမီးအဆောင်တောင် ဒီလောက် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးမှု ရှိနေပြီ။

နတ်ဘုရားအဆင့် အဆောင် ဆိုရင်ရော...

ဒါမှမဟုတ် ပိုပြီး မြင့်မားတဲ့ အဆင့်တွေကရော...

သူတို့ထဲက တစ်ခုတည်းကတောင် ဒုံးကျည် ဒါမှမဟုတ် နျူကလီးယားဗုံး စွမ်းအားမျိုး ရှိနေမှာ မဟုတ်ဘူးလား...

ယုတ္တိမရှိဘူး။

သုံးဖက်မြင် ကမ္ဘာတစ်ခုက နှစ်ဖက်မြင် ကမ္ဘာတစ်ခုကို လွှမ်းမိုးနိုင်မယ်ဆိုရင် ဘာလို့ ချင်းယွန်ဘုံက ကမ္ဘာမြေကို မဖျက်ဆီးရတာလဲ...

နောက်ထပ် တစ်ခု ရှိသေးတယ်။

ဂိမ်းထဲမှာ အဓိကစွန့်စားခန်းတွေ၊ ဇာတ်ကွက်တွေနှင့် စကားပြော ရွေးချယ်မှုတွေ ရှိနေတယ်။

ဘယ်လို “အစစ်အမှန်ကမ္ဘာ”မျိုးက ဇာတ်ညွှန်း ရေးထားတဲ့ RPGလို လည်ပတ်နေတာလဲ...

ဒါက တကယ်ပဲ အစစ်အမှန်ဆိုရင် သူက အဲဒါရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့ တကယ့် ဘုရားသခင် ဖြစ်သင့်တယ် မဟုတ်လား...

သူသာ ဒီလို စွမ်းအားမျိုး တကယ် ရှိနေရင် အခုဆို အင်မော်တယ် ဖြစ်နေလောက်ပြီ။

ချင်းယွန်ဘုံအကြောင်း အရာအားလုံးက ဂိမ်းတစ်ခုနှင့် ပိုတူသည်။

ထို့ကြောင့် ချန်ဟွိုက်အန်က ပုံရိပ်ယောင် ကောင်မလေးသည် အမှန်တကယ် သူ၏ မွေးရာပါ ဝိညာဉ် ရတနာ ဖြစ်သည်ဟု သေချာနေလေပြီ။

လော် ခေါ်ဝေါ်ခဲ့သည့် အတိုင်းပင်။

ဂိမ်းအတွင်းမှ ကျင့်ကြံရေး ကမ္ဘာမှာ အစစ်အမှန်ဟုတ်မဟုတ်နှင့် ပတ်သက်၍...

သူသည် စိတ်ထဲမှ မယုံကြည်နိုင်သေးပေ။

မြင်မှ ယုံပေမည်။

မှန်ပေသည်။

ချန်ဟွိုက်အန်က လီချင်းရန် အစစ်အမှန် ဖြစ်ရန် မျှော်လင့်ခဲ့သည်။

သို့သော် တစ်ခါတစ်ရံ၊ အလွန်အကျွံ မျှော်လင့်ခြင်းက အန္တရာယ်ရှိသော အရာဖြစ်သည်။

လက်တွေ့က ကွဲပြားကြောင်း ထွက်ပေါ်လာပါက စိတ်ပျက်မှု၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဖြစ်စေလိမ့်မည်။

လော်သည် ချန်ဟွိုက်အန် ရိုးရိုးရှင်းရှင်း ဆုံးရှုံးနေပြီး ဘယ်လမ်းကို ရွေးချယ်ရမှန်း မသိဖြစ်နေသည်ဟု ယူဆခဲ့သည်။

သူသည ထိုခံစားချက်ကို ကောင်းစွာ နားလည်သည်။

နိုးထသူ အများအပြားလည်း ဒီလို ခံစားခဲ့ရသည်။

ထို့ကြောင့် သူ ချန်ဟွိုက်အန်၏ ပခုံးကို ပုတ်လိုက်သည်။

“ဒီ ကမ္ဘာက ပိုပြီးတော့ ရှုပ်ထွေးလာမှာ။ ငါတို့ ကာကွယ်ဖို့ ကျိန်ဆိုထားတဲ့ အရာအားလုံးက ဘယ်အချိန်မဆို ပျက်စီးသွားနိုင်တယ်။”

လူသွားစင်္ကြံပေါ်တွင် ကျောင်းသားတစ်စု လက်ချင်းတွဲကာ ကလေးသီချင်း သီဆိုနေကြသည်။

ပန်းခြံခုံပေါ်တွင် လူငယ် စုံတွဲတစ်တွဲ စိတ်အားထက်သန်စွာ နမ်းရှုံ့နေကြ၏။

နေရောင်ခြည်က ဈေးဝယ်ခြင်းတောင်းကို သယ်ဆောင်လာသော သက်ကြီးရွယ်အိုတစ်ဦးပေါ် ပြန့်ကျဲနေသည်။

သူ၏ နောက်တွင် စောင့်ဆိုင်းနေသော ပို့ဆောင်ရေး ယာဉ်မောင်းတစ်ဦးက လက်လျှော့လိုက်သော သက်ပြင်းကို ချလိုက်သည်။

အတင်းအကျပ် အရှိန်လျှော့လိုက်ရ၏။

ချန်ဟွိုက်အန် ထိုမြင်ကွင်းများကို ကြည့်နေသည်။

လော်၏ အသံသည် သူ၏ ဘေးမှ တီးတိုး ထွက်ပေါ်လာ၏။

“ညီလေး ဟွိုက်အန်။ မိစ္ဆာနှိမ်နင်းသူဗျူရိုကို ဝင်ပါလား။ မင်းကို ကုသရေးစွမ်းရည်ရှိတဲ့ နိုးထသူတွေနဲ့ မိတ်ဆက်ပေးမယ်။ သူတို့က မင်းရဲ့ ကင်ဆာကို ကူညီရင် ကူညီနိုင်လိမ့်မယ်။”

“မိစ္ဆာနှိမ်နင်းသူတွေက အရင်ကလို မဟုတ်တော့ဘူး။ ငါတို့မှာ ကျင့်ကြံခြင်းတွေ ရှိတယ်။ အသက်ရှူနည်းတွေ လိုမျိုးပေါ့။ ဝတ္ထုတွေထဲက ကျင့်ကြံရေး နည်းလမ်းတွေလို စဉ်းစားလိုက်။ ဒါက ငါတို့ကို စိတ်ဝိညာဉ် ချီစွမ်းအင်ကို စုပ်ယူပြီးတော့ ခန္ဓာကိုယ်ကို အားကောင်းစေတယ်။ အခုချိန်မှာ မိစ္ဆာနှိမ်နင်းသူတွေပဲ ဒါကို ရရှိနိုင်တာ။”

“ဒါပေမဲ့...”

လော် အသက်ပြင်းပြင်း ရှူလိုက်သည်။

“မင်းကို အကျိုးကျေးဇူးတွေအတွက် ဝင်ဖို့ မလိုချင်ဘူး။ မင်းကို ပိုပြီး ကြီးမြတ်တဲ့ မစ်ရှင်အတွက် ဝင်စေချင်တယ်။”

“ငါတို့ရဲ့ ဇာတိမြေကို ကာကွယ်ဖို့...”

“လူသားမျိုးနွယ်ကို ကာကွယ်ဖို့...”

“ငါတို့ရဲ့ ငြိမ်းချမ်းတဲ့ ဘဝတွေကို ကာကွယ်ဖို့...”

လော်က ချန်ဟွိုက်အန်ကို ခိုးကြည့်လိုက်သည်။

၎င်းက စံဖြစ်သော လူ‌ခေါ်စကား ဖြစ်သည်။

မိစ္ဆာနှိမ်နင်းသူများ သင်တန်းပေးထားသော တစ်ခုပင်။

ပုံမှန်အားဖြင့် ဒီအချက်တွင် နိုးထသူ အများစုက တစ်ခုခု တုံ့ပြန်ကြလိမ့်မည်။

အထူးသဖြင့် ချန်ဟွိုက်အန်လို လူငယ်များပင်။

ထိုအရာက သူတို့ ကြားချင်သော သွေးဆူစကားမျိုး ဖြစ်သည်။

သို့သော်..

ချန်ဟွိုက်အန်၏ မျက်နှာက လုံးဝ ဗလာဖြစ်နေဆဲပင်။

“ဒီလို ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”

သူ ပြုံးပြပြီး ခေါင်းကုတ်လျက် ပြောလိုက်သည်။

“ပြီးတော့ ဖိတ်ခေါ်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်။”

ထို့နောက် ပြုံးနေရင်းပင် သူက လုံးဝ ရယ်စရာမကောင်းသော တစ်ခုခုကို ပြောလိုက်သည်။

“ဦးလေး လော် သိပါတယ်... ကျွန်တော့်မိဘတွေက ကျွန်တော် ကလေးဘဝက တောမီးထဲမှာ ဆုံးပါးသွားတယ်။ အစိုးရက ကျွန်တော့်ကို လျော်ကြေးအဖြစ် ယွမ်နှစ်သိန်း ပေးရမှာ။ ဒါပေမဲ့ ကျွန်တော် တကယ် ရခဲ့တဲ့ အချိန်မှာတော့ အရှုပ်ထုတ် အမျိုးမျိုးဖြစ်ပြီးတော့ ယွမ်နှစ်သောင်းပဲ ကျန်တော့တယ်။”

“ကျွန်တော် ရှင်သန်ဖို့ ရုန်းကန်ခဲ့ရတယ်။ ကောလိပ် ဝင်ပြီး ဘွဲ့ရသွားရင် နောက်ဆုံးတော့ အောင်မြင်ပြီလို့ ထင်ခဲ့တာ။”

“အဲဒီနောက် ကျွန်တော်က နောက်ဆုံးအဆင့် ကင်ဆာ ဖြစ်လာခဲ့တယ်။”

“ဆေးရုံက ဂရုမစိုက်ဘူး။ သူတို့က အာမခံ ရှိလား၊ ပိုက်ဆံ ရှိလားလို့ပဲ မေးတယ်။ မရှိရင် အရင် သွားရှာဖို့ ပြောတယ်။ ပိုက်ဆံ မရှိရင် ကုသလို့ မရဘူး။”

“ကျွန်တော့် ရည်းစားက ကျွန်တော့်ကို သစ္စာဖောက်တယ်။ ကျွန်တော့်မှာ ကင်ဆာ ရှိတယ်ဆိုတာ သိတော့ သူ ချက်ချင်းပဲ စွန့်ပစ်သွားခဲ့တယ်။”

လော် တွန့်ဆုတ်သွား၏။

သူ၏ အသံက တင်းမာနေသည်။

“ဒါဆို... ဒီကမ္ဘာက မမျှတဘူးလို့ မင်း ထင်တာလား....”

“မဟုတ်ဘူး...”

ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။

“ဒီကမ္ဘာက အရမ်း မျှတတယ်လို့ ကျွန်တော် ထင်တယ်။”

“ကုသမှု မတတ်နိုင်ရင် သေဖို့ စောင့်နေရုံပဲ။ ဒါက သဘာဝကျတယ်။”

“လျော်ကြေးငွေက နစ်နာသူတွေဆီ မရောက်ဘူးဆိုရင် ဒါက ပုံမှန်အုပ်ချုပ်ရေးပဲ။”

“ရည်းစားတစ်ယောက်က သူ့ရည်းစားကို နောက်ဆုံးအဆင့် ဝေဒနာရှင်ဖြစ်လို့ ထားခဲ့တယ်ဆိုရင် အင်း... ဘယ်သူက သူ့ကို အပြစ်တင်နိုင်မလဲ...”

“ဒါဆို ဘာလို့...”

ချန်ဟွိုက်အန် ညင်သာစွာ သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့...”

“ကျွန်တော် အနိမ့်ဆုံး အခြေအနေမှာ ရှိနေတုန်းက ကျွန်တော့်ကို ဒီကမ္ဘာကြီးက ပွေ့ဖက်ခဲ့ခြင်း မရှိဘူး။”

“ဒီတော့ ခင်ဗျားက အခု ဒီကမ္ဘာကြီးကို ပြန်ပွေ့ဖက်ဖို့ ကျွန်တော့်ကို တောင်းဆိုနေမယ်ဆိုရင်...”

“အဲဒါကို လုံးဝ ရွံစရာကောင်းတယ်လို့ပဲ ထင်တယ်။”

လော် သူ၏ အကြည့်ကို တုံ့ပြန်လိုက်သည်။

ချန်ဟွိုက်အန်၏ မျက်လုံးထဲရှိ အလင်းသည် ဖယောင်းတိုင်ကဲ့သို့ လေထဲတွင် တဖျပ်ဖျပ် လင်းလိုက် မှိန်လိုက် ဖြစ်နေ၏။

သို့တိုင် နွေးထွေးသော နေရောင်ခြည်အောက်တွင် ရပ်နေသော်လည်း လော်က ထိုလူငယ်မှာ အတွင်းစိတ်တွင် လုံးဝ သေဆုံးနေပြီဟူသော ခံစားချက်ကို မဖယ်ရှားနိုင်ခဲ့ပေ။

“ဦးလေး လော်။ ခင်ဗျား ကာကွယ်နေတာက ခင်ဗျားရဲ့ကမ္ဘာပဲ။”

“ဒါပေမဲ့ ကျွန်တော့်ရဲ့ကမ္ဘာက...”

“ကာကွယ်ဖို့ မထိုက်တန်ဘူး။”

လမ်းအဆုံးတွင် ချန်ဟွိုက်အန်၏ ပုံသဏ္ဍာန်က ခရီးဆောင်အိတ်ကို ဆွဲကာ လျှောက်သွားသည်နှင့်အမျှ ပိုသေးလာသည်။

လူအုပ်ထဲ ပျောက်ကွယ်သွားခါနီးတွင် သူ နောက်သို့ လှည့်ကြည့်ကာ အပြုံးပြလိုက်ပြီး နှုတ်ဆက်လိုက်သည်။

ထို့နောက် မဆိုင်းမတွပင် ပျောက်ကွယ်သွားသည်။

မျက်နှာမသိရသော လူသားများ၏ ပင်လယ်ထဲ ရောနှောသွား၏။

လော်က လှေကားထစ်များပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လျက် ဆေးလိပ် တစ်လိပ်ပြီးတစ်လိပ် မီးညှိနေသည်။

ယခုအချိန်အထိပင် ချန်ဟွိုက်အန်၏ နောက်ဆုံး စကားများသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်...

“ကျွန်တော် မိစ္ဆာနှိမ်နင်းသူတွေထဲ ဝင်မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ အခု မဝင်ဘူး။ အကြောင်းပြချက်ကို ကျွန်တော် ရှာမတွေ့ဘူး။ ပြီးတော့ ခင်ဗျားပြောတဲ့ မစ်ရှင်ကိုလည်း ကျွန်တော် မယုံကြည်ဘူး။”

“ဒါပေမဲ့ ခင်ဗျား ကျွန်တော့် အကူအညီ လိုအပ်ရင်တော့ အကူအညီ တောင်းလို့ရပါတယ်။ ကျွန်တော် အသုံးဝင်မလား မသိဘူး။ ဒါပေမဲ့... ကျွန်တော် စဉ်းစားပေးမယ်။”

ယာဉ်မီးပွိုင့်က အနီမှ အစိမ်းသို့ ပြောင်းလဲသွား၏။

လော်က ဆေးလိပ်ကို ခြေထောက်ဖြင့် နင်းလိုက်ပြီး လှုပ်ရှားနေသော လူအုပ်ထဲသို့ ပျောက်ကွယ်သွားသည်။

သူက မိစ္ဆာနှိမ်နင်းသူများ၏ ဌာနချုပ်သို့ ပြန်မသွားခဲ့။

ရိုးရိုးလေးသာ လှည့်လည်နေခဲ့သည်။

တူညီသော ကောင်းကင်အောက်တွင် နေထိုင်ကြသော်လည်း လုံးဝ ကွဲပြားသော ကမ္ဘာများတွင် တည်ရှိနေကြသော လူများကို မြင်တွေ့ရရန် အတွက်ပင်။

All Chapters