← Chapters

အကုန်လုံး အစစ်တွေပဲ

Vol. 10 Ch. 96

အကုန်လုံး အစစ်တွေပဲ

Vol. 10 Ch. 96

“လခွမ်း...ငါ လုံးဝ မေ့သွားတယ်...”

ချန်ဟွိုက်အန်က တစ်လ ယွမ် ၂သောင်း ကျသင့်သော ရေကန်ပန်းခြံအနီးရှိ နှစ်ထပ်အိမ်ယာသို့ ပြောင်းပြီးချိန် ရုတ်တရက် အသိဝင်လာခဲ့သည်။

“မိစ္ဆာတွေကိုသတ်ရင် ဆုလာဒ်တွေ ရမယ်လို့ အဲဒီ ဦး‌လေးကြီး ပြောခဲ့တယ်မလား။ ငါက မိစ္ဆာနှိမ်နင်းသူများကို မဝင်ရသေးဘူး။ ဒါပေမဲ့ အလွတ်တန်း မိစ္ဆာမုဆိုးအနေနဲ့ ပိုက်ဆံတော့ ရဦးမယ်မလား။”

သူ ထို အမည်းရောင် အမွေးထူသော ကြွက်သည် တန်ဖိုး မည်မျှ ရှိသည်ကို မသိခဲ့ပေ။

ထိုမျှ အားနည်းသော မိစ္ဆာသည် တန်ဖိုး မကြီးလောက်ပေ။

အလွန်ဆုံး ယွမ် ထောင်ဂဏန်း အနည်းငယ်သာ ဖြစ်နိုင်သည်။

“အင်း...ဘာပဲဖြစ်ဖြစ်ပါ။ မိစ္ဆာတွေက အခု နေရာတိုင်းမှာ ရှိနေပြီ။ တစ်ကောင်ချင်းစီက ထောင်ဂဏန်းလောက်ပဲ တန်တယ်ဆိုရင်တောင်၊ ငါ အလုံအလောက် သတ်နိုင်သရွေ့ ပိုက်ဆံတွေက အလိုလို စုပုံလာလိမ့်မယ်...”

ထိုအတွေးကို တွေးလိုက်ရုံဖြင့်ပင် ချန်ဟွိုက်အန် စိတ်လှုပ်ရှားသွားသည်။

နောက်ဆုံးတော့ သူ့အတွက် သင့်တော်သော နည်းလမ်းဖြင့် ပိုက်ဆံ ရှာနိုင်ပြီ ဖြစ်သည်။

သူ နဂါးပျံအင်တာနက်ကဖေးတွင် ဆုငွေ တောင်းခံရန် မိစ္ဆာနှိမ်နင်းသူများထဲ မဝင်ချင်ပေ။

လွတ်လပ်မှု၊ အမြတ်အစွန်းနှင့် အပိုအကျိုးကျေးဇူး...

ထိုထက် ပိုကောင်းသောအရာ ဘာများ ရှိနိုင်မည်နည်း။

သူ ထိုအတွေးကို သဘောကျနေစဉ်..

ကလင် ကလင်...

ဖုန်း မြည်လာသည်။

အမည်မသိ နံပါတ်တစ်ခုပင်။

“ဟယ်လို...ဘယ်သူလဲ မသိဘူး။”

[ ညီလေး ဟွိုက်အန် ]

ရင်းနှီးသော အသံတစ်သံ ဝင်လာသည်။

“ဦးလေး လော်။ ကျွန်တော့် နံပါတ်ကို ခင်ဗျား ဘယ်လို ရတာလဲ...”

[ သြော်... လုံခြုံရေးဗျူရိုက မင်းရဲ့ ဖုန်းကို စစ်ဆေးတုန်းက ငါ သိမ်းထားလိုက်တာ... အရေးမကြီးပါဘူး။ ငါ မင်းကို ကုသသူတစ်ယောက် စီစဉ်ပေးထားတယ်လို့ ပြောဖို့ ခေါ်တာပါ။ သုံးရက်နေရင် လာခဲ့လိုက် ]

“နေပါဦး။ ဘာလို့လဲ။ ကျွန်တော် မိစ္ဆာနှိမ်နင်းသူဗျူရိုထဲ မဝင်ခဲ့ဘူးလေ။”

[ အရေးမကြီးဘူး။ ငါ မင်းကို သေတာ ထိုင်ကြည့်နေလို့ မရဘူးလေ၊ မဟုတ်ဘူးလား။ ငါ မင်းကို ညီလေး လို့တောင် ခေါ်နေပြီပဲ ]

“ဒီလိုမျိုး တခြားသူကို ဒုက္ခပေးတာ ယဉ်ကျေးမှု မရှိဘူးလား...”

[ ပိုက်ဆံပေးစရာ မလိုဘူး.. ]

“ကောင်းပြီလေ။ လာခဲ့မယ်...”

ချန်ဟွိုက်အန် ချက်ချင်း သဘောတူလိုက်သည်။

တွန့်ဆုတ်ခြင်း လုံးဝ မရှိပေ။

အခမဲ့ ဖြစ်သရွေ့ တခြား ဘာမှ အရေးမကြီးပေ...

[ ဒါဆို မနက်ဖြန် မနက် ၉ နာရီ နဂါးပျံအင်တာနက်ကဖေးရဲ့ တတိယထပ်မှာ တွေ့မယ် ]

လော်က ချန်ဟွိုက်အန်ကို မည်သို့ ကိုင်တွယ်ရမည်ကို တိတိကျကျ သိနေပုံရသည်။

သူ၏ အသံသည် ပျော်ရွှင်မှု အနည်းငယ်ကို သယ်ဆောင်ထား၏။

“ရတယ်။ ပြဿနာမရှိဘူး...”

သူတို့က အမည်းရောင် အမွေးထူထူ ကြွက်အတွက် ဆုငွေကိုလည်း ဆွေးနွေးခဲ့ကြသည်။

ချန်ဟွိုက်အန်သည် ၎င်းကို လုံးဝ အထင်သေးခဲ့ခြင်း ဖြစ်သည်။

ဆုငွေက ယွမ် ၂သောင်း ဖြစ်သည်။

၎င်းမှာ မိစ္ဆာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး ပြန်မရနိုင်သောကြောင့်သာ ဖြစ်သည်။

အလောင်းသာ ကောင်းကောင်း ရှိနေပါက ဆုငွေမှာ နှစ်ဆ ဖြစ်ပေလိမ့်မည်။

ပိုက်ဆံကို တောင်းခံမှု ပြီးသွားလျှင် လော်ထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး သူက ၎င်းကို ချန်ဟွိုက်အန်ထံ တိုက်ရိုက် ပို့ပေးမည် ဖြစ်သည်။

[ ကောင်းပြီ၊ ဒါပဲ။ ငါ ဖုန်းချလိုက်ပြီ ]

လော်သည် တခြား ဘာမှ အများကြီး မပြောဘဲ ဖုန်းချလိုက်သည်။

သူက အလုပ်များသော မြို့လမ်းများပေါ်တွင် လမ်းလျှောက်နေဆဲပင်။

သို့သော် သူ လူအုပ်များကြားမှ ဖြတ်သွားစဉ် သူ အရာရာကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာသည်။

ချန်ဟွိုက်အန်က မိစ္ဆာနှိမ်နင်းသူအဖွဲ့ထဲ ဝင်ရန် ငြင်းဆိုခြင်းက စိတ်ပျက်စရာ ကောင်းသော်လည်း သူက လူသားမျိုးနွယ်တွင် နွေးထွေးမှု၊ ကြင်နာမှု ရှိနေသေးသည်ကို ပြသနိုင်ပါက တစ်နေ့တွင် ချန်ဟွိုက်အန် စိတ်လှုပ်ရှားလာလိမ့်မည်။

တစ်နေ့ သူက မိစ္ဆာနှိမ်နင်းသူအဖွဲ့ထဲ ဝင်လာပေလိမ့်မည်။

“ကျွတ်...ကျွတ်...အသက်ကြီးလေ ပညာရှိလေပဲ...အဟက်... ငါက ပါရမီရှင်ပဲ...”

လော်က သူ၏ ထူးချွန်မှုအတွက် ကိုယ့်ကိုယ်ကို ပခုံးပုတ်လိုက်သည်။ သူ၏ စိတ်ဓာတ် အနည်းငယ် ကျဆင်းနေရာမှ ရုတ်တရက် တက်လာခဲ့သည်။

သူ၏ အတွေးများက အကြီးအကဲလီ ခေါ်ယူရန် မျှော်လင့်နေသော ဓားသမား ပါရမီရှင်ထံ ရောက်ရှိသွားသည်။

“ချန်ဟွိုက်အန်ကို အခုတော့ ဆုံးရှုံးနေပေမဲ့ အဲဒီ ဓားသမားကို ငါတို့ လွဲချော်လို့ မဖြစ်ဘူး... သူက ထျန်ဖူရဲ့ အနာဂတ်ပဲ...”

လော်က လက်သီးကို ဆုပ်လိုက်သည်။

ချန်ဟွိုက်အန်မှာ ဝန်ထုပ်ဝန်ပိုး များလွန်းသည်။

ဝမ်းနည်းဖွယ် အတိတ်၊ နောက်ဆုံးအဆင့် ကင်ဆာနှင့် သစ္စာဖောက်ခဲ့သော ရည်းစား...

သို့သော် သေချာသည်မျာတော့ ထိုဓားသမားလည်း ကံဆိုးသော မိသားစု၊ သေလုမြောပါးခန္ဓာကိုယ်နှင့် ဖောက်ပြန်သော ရည်းစားဖြင့် ကျိန်စာသင့်နေမည် မဟုတ်လောက်ပေ...

...ဟုတ်တယ်မလား။

“ကမ္ဘာကြီးက တကယ်ပဲ ဒီလောက်တောင် တိုက်ဆိုင်နေမယ်ဆိုရင် ငါ လေးဖက်ထောက်ပြီး ချီးစားပြမယ်...”

“အဟက်။ ကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီး ရှိတာပဲ။”

ချန်ဟွိုက်အန်က သက်ပြင်းချပြီး ဖုန်းကို ချလိုက်သည်။

ဝမ်းနည်းစရာမှာ ထိုလူကောင်းတွေက သူ နိုးထလာသူ ဖြစ်လာပြီးနောက်မှသာ ပေါ်လာကြခြင်း ဖြစ်သည်။

အကယ်၍ ထိုမတိုင်ခင် ပေါ်လာခဲ့လျှင် သူ အမှန်တကယ် စိတ်လှုပ်ရှားခဲ့မိမည် ဖြစ်သည်။

သူ ဖုန်းကို အားသွင်းလိုက်၏။

ထို့နောက် သူ၏ နေရာသစ်ကို အလျင်အမြန် ရှင်းလင်းလိုက်သည်။

ပထမဆုံး လုပ်ခဲ့သည်မှာ အဆောင်များကို သေတ္တာမှ ခွာပြီး တံခါးပေါ်တွင် ကပ်လိုက်ခြင်း ဖြစ်သည်။

ယခင်က ၎င်းတို့မှာ အလှဆင်ရန်သာ ဖြစ်သည်။

အခု သူတို့၏ စစ်မှန်သော စွမ်းအားကို သိသွားပြီဖြစ်၍ သူ ၎င်းတို့ကို မိစ္ဆာကျူးကျော်မှုများမှ ကာကွယ်ရန် မြေမြှုပ်မိုင်းများကဲ့သို့ သဘောထားလိုက်သည်။

ထို့နောက် သူ သေတ္တာကို ဖွင့်လိုက်သည်။

အတွင်း၌ ပါ့ကျီသည် စိတ်မကောင်းစရာ ပုံစံဖြင့် ကိုယ်လုံး လုံးဝ ပျော့ခွေနေသည်။

မျက်လုံးများ တစ်ဝက်ပိတ်ထားပြီး စွမ်းအင် လုံးဝကို ကုန်ခန်းနေသည်။

“အထဲမှာ အသက်ရှူကျပ်သွားတဲ့ပုံပဲ။ နောက်မှ အပ်စိုက် ကုသပေးမယ်နော်။”

ချန်ဟွိုက်အန်က ပါ့ကျီကို မယူလိုက်ပြီး ဘေးသို့ ချလိုက်သည်။

ထို့နောက် မလှုပ်မယှက်ဖြစ်နေသော ငါးကြင်းစိမ်းကို ဆွဲထုတ်ရန် လက်လှမ်းလိုက်သည်။

သူက ၎င်းက သေသွားပြီဟု ထင်ခဲ့သည်။

သို့သော် သူ၏ လက်ချောင်းများက အမြီးကို ထိလိုက်သည့်အခါ...

ဖတ်...

ငါးကြင်းစိမ်း ရုတ်တရက် လေထဲသို့ ပစ်လှန်လိုက်သည်။

မီတာဝက်ခန့် မြင့်မားသော အပြစ်အနာအဆာမရှိသည့် ငါးခုန်ခြင်းကို ပြုလုပ်လိုက်ကာ ချန်ဟွိုက်အန်ကို လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားစေသည်။

“ဘုရားရေ... ဒီငါးက အသိဉာဏ် ရှိနေတာလား...”

သူ ကြမ်းပြင်ပေါ် လဲလျောင်းနေသော မျက်လုံးကျယ်ကျယ်နှင့် စူးရှသော ငါးကို စိုက်ကြည့်သည်။

၎င်း၏ ဟနေသော ပါးစပ်က သူ့ကို ကျိန်ဆဲနေသကဲ့သို့ပင် အပြင်းအထန် ပွင့်လိုက် ပိတ်လိုက် လုပ်နေ၏။

ရေထဲကနေ သုံးနာရီနီးပါး ကြာနေပြီ ဖြစ်သည်။

ဟိုတယ်မှသည် သူ၏ ငှားရမ်းထားသော တိုက်ခန်းအထိ၊ အိမ်ရှာခြင်းနှင့် ဈေးဆစ်ခြင်းအတွက် တစ်နာရီ အပို အချိန်ဖြုန်းခဲ့သည်။

ထို့အပြင် ၎င်းက မသေသေးဘူးလား...

ထို့အပြင် ၎င်းတွင် စွမ်းအင် အလွန်များနေသလိုပင်...

“...ဒါက မိစ္ဆာလား။”

ချန်ဟွိုက်အန် မျက်မှောင်ကျုံ့လိုက်ပြီး အိတ်ကပ်ထဲမှ အဆောင်တစ်ခုကို ဆွဲထုတ်လိုက်သည်။

လော်က သူ့ကို ပုံမှန်မဟုတ်သော သတ္တဝါများက မိစ္ဆာ ဖြစ်နိုင်ခြေ အများဆုံးဟု ပြောခဲ့သည်။

မိစ္ဆာ မဟုတ်လျှင် မကောင်းဆိုးဝါး ဝိညာဉ်များ ဖြစ်ပေလိမ့်သည်။

မည်သို့ပင် ဆိုစေကာမူ...

ဖြေရှင်းချက်က ရိုးရှင်းလှသည်။

သတ်လိုက်ရုံပင်။

အနည်းဆုံး ဆုငွေ ယွမ် ၂သောင်း ရပေလိမ့်မည်။

[ ဒီငါး သောက်ရူးတော့...]

ပါ့ကျီသည် ငါးကြင်းစိမ်းကို ဓားကဲ့သို့ စူးစိုက်ကြည့်လိုက်သည်။

အဆောင် ပေါက်ကွဲမှုကြောင့် အားမနည်းခဲ့ရင် ဒီငါးသောက်ရူးကို ငါ ကြိတ်ပစ်လိုက်ပြီ...

ငါးကြင်းစိမ်း အေးခဲသွားပြီး ချက်ချင်း သေဟန်ဆောင်လိုက်သည်။

၎င်း၏ ဖောင်းနေသော ငါးမျက်လုံးများ နောက်သို့ လှိမ့်သွားသည်။

၎င်း၏ ကိုယ်ခန္ဓာတစ်ခုလုံး တင်းမာသွားပြီး ဆားနယ်ထားသော ငါးနံ့ကို စတင် ထုတ်လွှတ်လာ၏။

“...ဘာလို့ သူ တစ်ဝက်သေနေသလို ပြန်ဖြစ်သွားတာလဲ။ သေခါနီး စွမ်းအင် ထွက်လာတာလား...”

ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်သည်။

ထို့နောက် လုံးဝ ပျော့ခွေနေသော ငါးကြင်းစိမ်းကို ဆွဲယူပြီး ရေချိုးခန်း ရေချိုးကန်ထဲ ပစ်ထည့်လိုက်သည်။

ရေကို တစ်ဝက်ဖြည့်လိုက်သည်။

၎င်းက ဗိုက်ပေါ်နေပြီး ပေါလော်မျောနေကာ အသက်ရှူရုံသာ ရှိသည်ကို မြင်သောအခါမှ သူ နောက်ဆုံး စိတ်လျှော့လိုက်တော့သည်။

“တကယ် သေခါနီးလို့ နေမယ် ထင်တယ်။ အနည်းဆုံးတော့ တကယ် မသေသေးဘူးပေါ့။”

သူ အဆောင်ကို ပြန်ထည့်လိုက်သည်။

“ငါက သွေးဆာနေတာတော့ မဟုတ်ဘူး။ မင်း ရှင်သန်နိုင်ရင် မင်းကို ချမ်းသာပေးမယ်။ ဒီည ငါးဟင်း မဟုတ်တော့ဘူး။”

သို့သော်လည်း....

သူ ရေချိုးခန်း တံခါး ပိတ်လိုက်သည်နှင့်...

ရေချိုးကန်အတွင်း၌ ငါးကြင်းစိမ်း ချက်ချင်း လှန်လိုက်သည်။

၎င်း၏ မျက်လုံးများက ဆုံးဖြတ်ချက်ဖြင့် တောက်လောင်နေ၏။

ထို့နောက် ၎င်းက ရေကို အရူးအမူး မြိုချနေသည်။

အလွန် မြန်လွန်းသောကြောင့် ပူဖောင်းများ ရေချိုးကန်တစ်ခုလုံး လျှံသွားခဲ့သည်။

“ညှောင်...”

ချန်ဟွိုက်အန် ဧည့်ခန်းသို့ ပြန်လာသောအခါ ပါ့ကျီက သူ၏ ခြေသည်းကို လျက်နေပြီး သူ့ကို အော်နေသည်။ သိသိသာသာ ပိုကောင်းလာပုံရ၏။

“လိမ္မာတဲ့ ကြောင်လေး။ ဗိုက်ဆာနေလား။ မင်းအတွက် ကောင်းတာ တစ်ခုခု ယူပေးမယ်။”

ပါ့ကျီ ပုံမှန် ပြန်ဖြစ်သွားသည်ကို မြင်သောအခါ သူက အပ်စိုက် ကုသမှုကို မလုပ်တော့ဘဲ မိန်တွမ်းပေါ်တွင် ကြောင်စာ အိတ်တစ်အိတ်ကို မှာလိုက်သည်။

ထို့နောက် သူ ဆိုဖာပေါ် ပြိုလဲကျသွားသည်။

သူ၏ ရှုပ်ထွေးသော အတွေးများကို ရှင်းလင်းရန် နောက်ဆုံး စိတ်ကို လျှော့ချလိုက်သည်။

တစ်ချိန်တည်းမှာပင် ပါ့ကျီက သက်ပြင်းချလိုက်၏။

[ ထင်ထားတဲ့ အတိုင်းပဲ။ ဆရာကြီးက တံခါးနဲ့ ပြတင်းပေါက်တွေကို ထပ်ပြီးတော့ ချိပ်ပိတ်လိုက်ပြီ။ ထွက်ပြေးလို့ မရတော့ဘူး။ လုံးဝ ထွက်ပြေးလို့ မရတော့ဘူး... ]

ထိုအချိန် သူက ကံကြမ္မာကို လက်ခံလိုက်လေပြီ။

ဘာလို့ အပ်စိုက် ကုသမှု မလိုချင်တာလဲ ဟုတ်လား...

သူက ခြေထောက်တစ်ဖက်ကို သေဟန်ဆောင်ပြီးသား။ ထပ်အပ်စိုက်ခံရပြီး တကယ် ခြေသေသွားမယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ...

နောက်ခြေထောက် နှစ်ဖက်လုံးကို ဆွဲပြီး တွားသွားရမှာလား...

အဲဒါက ငရဲလိုပဲ...

ချန်ဟွိုက်အန်က ပုံရိပ်ယောင် ကောင်မလေးမှ ရရှိခဲ့သော ပစ္စည်းများ အားလုံးကို ကော်ဖီစားပွဲပေါ်တွင် တန်းစီထားလိုက်သည်။

• စိတ်ဝိညာဉ်ကျောက်တုံး လက်ကောက်

• အကာအကွယ် အဆောင်

• အိုးစိုက်အပင်

• မိုးကြိုးမီးအဆောင်

• ကြေးခွံနက်ဓား

• နွေဦးအပ်ပညာရပ်

• သွေးကြောဖွင့် အပ်စိုက် ကုသမှု

• ကြာပန်းစိမ်း ဓားကျမ်း

ထို့ပြင် သူ ထုတ်ယူမရသော အရာများကို စက္ကူပေါ်တွင် ချရေးလိုက်သည်။

စုစည်းမှုကို စိုက်ကြည့်ရင်း သူက မျက်လုံးကျဉ်းလိုက်သည်။

အခုချိန်ထိ သူ အတည်ပြုခဲ့သည်မှာ...

ပုံရိပ်ယောင်ကောင်မလေးဂိမ်းက မွေးရာပါ ဝိညာဉ်ရတနာပင်။ ၎င်းမှ အဆောင်များက အစစ်အမှန်ဖြစ်ပြီး အသုံးပြုနိုင်သည်။

ဒါဆို... ဂိမ်းထဲက တခြားအရာအားလုံးကလည်း အစစ်အမှန် မဟုတ်ဘူးလား...

သူ ပစ္စည်းပုံကို စိုက်ကြည့်ပြီး နက်ရှိုင်းစွာ စဉ်းစားနေ၏။

“ဒီတော့ မင်းတို့က ဘာလျှို့ဝှက်ချက်တွေ သိမ်းဆည်းထားလဲ။ ပိုပြီးတော့ အနီးကပ် ကြည့်ပါရစေ... ခွီးဟီးဟီးဟီး...”

သူ၏ အကြည့်က ထက်မြက်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်၏။

စားပွဲပေါ်ရှိ ပစ္စည်းတိုင်းကို အိတ်စ်ရေး ကိရိယာကဲ့သို့ပင် သူက လှည့်ပတ် ကြည့်ရှုနေလိုက်သည်။

All Chapters