ငါ အင်မော်တယ်ချန် အသက်ရှင်ချင်တယ်
Vol. 10 Ch. 98
[ ချင်းရန်၊ မင်းတို့နှစ်ယောက် ဘယ်ကို သွားဖို့ စီစဉ်ထားတာလဲ ]
“အား... ဆရာ...”
ယွဲ့ချန်ချီနှင့်အတူ တောင်လမ်းအတိုင်း ဆင်းလာစဉ် လီချင်းရန် ရုတ်တရက် ရပ်တန့်သွား၏။
သူ၏ မျက်လုံးအကြီးကြီးများကို ပတ်ပတ်လည် ကြည့်လိုက်သည်။
သူ၏ ဆရာ တကယ်တမ်း ထိုနေရာတွင် မရှိသည်ကို နောက်ကျမှ သိလိုက်ရသောအခါ သူ၏ အကြည့်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။
သူ၏ မျက်နှာက ပျော်ရွှင်မှုဖြင့် လင်းသွား၏။
“ဆရာ။ စီနီယာအစ်မနဲ့ ကျွန်မက ဆေးရှာဖို့ လင်းရှီးတောင်ကြားကို သွားဖို့ စီစဉ်ထားပါတယ်။”
[ လင်းရှီးတောင်ကြား.... အဲဒီလောက် အဝေးကြီးလား ]
“တခြား ရွေးချယ်စရာ မရှိလို့ပါ။”
လီချင်းရန်က ရှင်းပြသည်။
“အကြီးအကဲ လျို့က ဆေးဖက်ဝင် အပင် ဥယျာဉ်တစ်ခုလုံးကို ရှာဖွေခဲ့ပေမဲ့ ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ စုဆောင်းနိုင်ခဲ့တယ်။ ကျန်တာတွေကို လင်းရှီးတောင်ကြားမှာပဲ တွေ့နိုင်တာမို့ ကျွန်မ အဲဒီကို သွားပြီး ရှာဖို့ စီစဉ်ထားပါတယ်။”
ထိုသို့ ပြောပြီးနောက် သူ လုံးဝ စိတ်ရှုပ်ထွေးနေပုံရသော ယွဲ့ချန်ချီကို ရှေ့သို့ ဆွဲခေါ်လိုက်သည်။
“ဆရာ၊ ဒါက စီနီယာအစ်မ ယွဲ့ချန်ချီပါ။ ဂိုဏ်းချုပ်က သူကို ကျွန်မနဲ့အတူ လိုက်ပါဖို့ စီစဉ်ပေးခဲ့တာပါ။ သူက ကျွန်မကို စောင့်ကြည့်ပေးနေတာဆိုတော့ ဒီခရီးက ပိုပြီးတော့ ချောမွေ့နေမှာပါ။”
ယွဲ့ချန်ချီ ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း သူ မည်သို့ပင် ကြည့်ကြည့် လီချင်းရန် စကားပြောနေသော ဆရာကို မမြင်ရပေ။
မသက်မသာဖြင့် သူ လီချင်းရန်၏ အကြည့်ကို လိုက်ကာ ယဉ်ကျေးသော အပြုံးကို အတင်းအကျပ် ထုတ်ဖော်လိုက်သည်။
သူ၏ လက်များကို ဆုပ်ထားရင်း နှုတ်ဆက်လိုက်၏။ “စီနီယာမ... အဲ၊ မင်္ဂလာပါ...”
၎င်းက အလွန် ထူးဆန်းနေသည်။
လီချင်းရန် မည်သူနှင့် စကားပြောနေကြောင်း သူ အသံ တစ်ချက်မျှ မကြားရပေ။
တစ်စုံတစ်ယောက်က လီချင်းရန်၏ စိတ်ထဲသို့ တိုက်ရိုက် စကားပြောနေသည်လား...
ထိုသို့ဆိုလျှင် ၎င်းက အဆင်မပြေလွန်းရာ ကျပေသည်။
ယွဲ့ချန်ချီက သူ၏ ခြေချောင်းများကို မြေကြီးထဲသို့ တူးလိုက်ပြီး လုံးဝ ရှက်ရွံ့နေသည်။
သူက ဓားကျောင်းတော်၏ လေးစားရသော စီနီယာအစ်မ ဖြစ်သော်လည်း ဂိုဏ်းအပြင်ဘက်တွင် သူက တကယ်တမ်း ရှက်တတ်သည်။
[ သင့်ရဲ့ ပုံရိပ်ယောင် ကောင်မလေးက ဓားကျောင်းတော်မှ ထွက်ခွာသွားပါတယ်။ အဖွဲ့မုဒ် အသက်ဝင်ပါပြီ ]
ချန်ဟွိုက်အန်၏ မျက်နှာပြင်၏ ဘယ်ဘက် အပေါ်ထောင့်တွင် သေးငယ်သော အဖွဲ့အင်တာဖေ့စ်တစ်ခု ပေါ်လာ၏။
လီချင်းရန်က ခေါင်းဆောင်ဖြစ်သည်။
အနီရောင် အလံလေးပါသော ချီဘီကိုယ်ပွားဖြင့် မှတ်သားထား၏။
ချန်ဟွိုက်အန်သည် ဒုခေါင်းဆောင်အဖြစ် ဒုတိယ အကွက်တွင် ရှိနေသည်။
ဆံပင်ဖြူ အင်မော်တယ် ကိုယ်ပွားဖြင့် ကိုယ်စားပြုထားသည်။
သို့သော် သူ၏ နာမည်တွင် ဘာမှန်းမသိသော [ဝိညာဉ်အသွင်ပြောင်း]တိုးမြှင့်မှု တစ်ခု ပါလာသည်။
ယွဲ့ချန်ချီက အဖွဲ့တွင် အလိုအလျောက် ပါဝင်ခြင်း မရှိပေ။
သူ၏ နာမည်က ဆိုင်းငံ့နေသော တောင်းဆိုမှုအဖြစ် ပေါ်လာ၏။
[ ယွဲ့ချန်ချီကို အဖွဲ့အသံစကားဝိုင်းတွင် ပါဝင်ခွင့်ပြုမည်လား ]
“အင်း.. ကောင်းပြီလေ။”
ချန်ဟွိုက်အန်က နှုတ်ခမ်းကို တွန့်လိုက်သည်။
မုတ်ဆိတ်မွေးနှင့်သူက နိုးထသူအချို့မှာ သူ၏ စွမ်းရည်နှင့် ဆင်တူသော [နတ်မှင်တံ]ဟု ခေါ်သော အဖော်ဝိညာဉ်များ ရှိသည်ဟု ပြောခဲ့သည်။
သို့သော် တခြား နိုးထသူတွင် သူ့ကဲ့သို့ ဖျော်ဖြေမှု ပေးနိုင်သော အဖော်ဝိညာဉ်ရှိမည်ဟု သူ မထင်ပေ။
[ ဓားကျောင်းတော် စီနီယာအစ်မ ယွဲ့ချန်ချီ အဖွဲ့ထဲ ဝင်လာပါပြီ ]
ထိုအသိပေးချက်ဖြင့် ချန်ဟွိုက်အန်က ယခုတွင် ယွဲ့ချန်ချီ၏ အခြေခံ အချက်အလက်များကို ရယူနိုင်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
[ ယွဲ့ချန်ချီ၊ ဓားကျောင်းတော်၏ စီနီယာအစ်မ ]
[ စရိုက်လက္ခဏာများ - အရက်စွဲ၊ သစ္စာရှိသူ၊ အကာအကွယ်ပေးသူ ]
[ ကိုယ်ရေးအကျဉ်း - ကလေးဘဝတွင် မိဘများ မီးလောင်မှုဖြင့် ဆုံးပါးသွားသည်ကို မြင်တွေ့ခဲ့ရသည်။ ကိုယ်တိုင်လည်း သေလုနီးပါး ဖြစ်ခဲ့သည်။ သူ့ကို နောက်ပိုင်းတွင် ဓားကျောင်းတော် ဆရာ စုချီနျန်က ကယ်တင်ခဲ့သည်။ ရွှေဓာတ်သီးသန့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူ၊ သူက ရွှမ်ဝူ ဓားအသိကို ကျင့်သုံးပြီး ဓားကျောင်းတော်၏ စစ်မှန်သော ကိုယ်ပိုင်တပည့် ဖြစ်သည် ]
တစ်စုံတစ်ဦးသည် မဟာမိတ် ဖြစ်လာသည်နှင့် သူတို့၏ အသေးစိတ် အချက်အလက်များ ပိုမို မြင်နိုင်လာသည်။
အတိုချုံး ဘဝ ရာဇဝင်ပင် ပါဝင်၏။
ချန်ဟွိုက်အန်က ထိုလုပ်ဆောင်ချက်ကြောင့် အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။
“အိုး... မဆိုးပါဘူး။ ဒါက MMOထဲက နောက်လိုက်တစ်ယောက် ရှိတာနဲ့ အတူတူပဲ ဟုတ်လား”
သူက ယွဲ့ချန်ချီကို အနည်းငယ် စိုးရိမ်ခဲ့သည်။
လီချင်းရန်နှင့် နီးစပ်ရန်အတွက် မရိုးသားသော ရည်ရွယ်ချက်များ ရှိနေမည်ကို စိုးရိမ်သည်။
သူ၏ ပုံရိပ်ယောင် ကောင်မလေးက လမ်းလျှောက်နေသော ရတနာသိုလှောင်ရုံဖြစ်ပြီး သူက ၂၄နာရီ စောင့်ကြည့်နိုင်မည် မဟုတ်ပေ။
သို့သော် ကျေးဇူးတင်စရာက ၎င်းမှာ ဂိမ်းတစ်ခုသာ ဖြစ်သည်။
ရိုးရှင်းသော အချက်အလက် ပြသမှုတစ်ခုဖြင့် သူ၏ စိုးရိမ်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။
ရုတ်တရက် ယွဲ့ချန်ချီက စိတ်ထဲတွင် တိုက်ရိုက် အသံတစ်သံကို ကြားလိုက်ရ၏။
[ ဒီတော့ မင်းက ယွဲ့ချန်ချီပေါ့။ ငါ့တပည့်က မင်းအကြောင်း ခဏခဏ ပြောတယ် ]
ထိတ်လန့်သွားသော ယွဲ့ချန်ချီ အနည်းငယ် ခုန်သွားခဲ့သည်။
သို့သော် သူ၏ လိုက်လျောညီထွေမှုက အားကောင်းသည်။
သူ အလျင်အမြန် လီချင်းရန်ဘက်သို့ လှည့်ကာ နောက်ပြောင်လိုက်သည်။
“ဂျူနီယာညီမက ကျွန်မအကြောင်း တော်တော်လေး ပြောတာနဲ့ တူတယ်...”
လီချင်းရန်၏ မျက်နှာက ချက်ချင်း သွေးရောင်လွှမ်းသွားသည်။
သူ လက်ချောင်းများကို ပွတ်နေပြီး ယွဲ့ချန်ချီ၏ အကြည့်ကို မတုံ့ပြန်နိုင်ပေ။
“ကျွန်မ အစ်မအကြောင်း အဲဒီလော်က် မပြောပါဘူး... ဆရာက ချဲ့ကားပြောနေတာပါ...”
[ မင်း ချင်းရန်ကို စောင့်ကြည့်ပေးနေလို့ ငါ စိတ်ချရပါပြီ ]
ချန်ဟွိုက်အန် ၎င်းကို ချီးကျူးစကားအဖြစ် ရည်ရွယ်သော်လည်း သူ၏ စကားများ မမျှော်လင့်သော အကျိုးသက်ရောက်မှု ရှိသည်။
လီချင်းရန်၏ မျက်လုံးများ နီရဲလာ၏။
“ဆရာ ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ...”
သူ က လက်သီးများကို ဆုပ်ထားလိုက်ပြီး ဝတ်စုံ အနားစကို တွန့်ကြေစေသည်။
သူ၏ အသံပင် တုန်ယင်နေ၏။
“ကျွန်မက မိုက်မဲပြီး အရည်အချင်းမရှိပေမဲ့ ဆရာ့အတွက် ကုသမှု ရှာဖို့အတွက် ဝေးလံတဲ့ ခရီးကို သွားဖို့ ဆန္ဒရှိပါတယ်။ ညည်းညူတာမျိုး မရှိပါဘူး။ မနေ့ညက ကျွန်မ ဆေးဖက်ဝင် အပင်တွေကို ကြိတ်ခွဲပြီး စီဖို့ မအိပ်ဘဲ နေခဲ့ရတယ်။ အမှား တစ်ခုမှ မဖြစ်အောင် မျက်လုံးတွေကို အားစိုက်ခဲ့ရတယ်... ဆရာက ကျွန်မရဲ့ အားထုတ်မှုအတွက် ကိုယ်တိုင် ပိုပြီးတော့ ကြိုးစားလို့ မရဘူးလား။ ကျေးဇူးပြုပြီးတော့ ကျွန်မကို တခြားတစ်ယောက်ဆီ အပ်နှင်းနေသလိုမျိုး ဒီလိုစကားတွေ မပြောပါနဲ့...”
ပြောပြီးသွားသောအခါ သူက မျက်လုံးများကို သုတ်လိုက်ပြီး ခေါင်းကို ငုံ့ထားကာ တိတ်ဆိတ်စွာဖြင့် ခြေထောက်များကို စိုက်ကြည့်နေခဲ့သည်။
သူ၏ ဆရာကို ထိုကဲ့သို့ အတင့်ရဲလျက် စကားပြောခြင်းက မသင့်လျော်သော်လည်း သူ ထိန်းချုပ်ထား၍ မရပေ။
အပြစ်ပေးခံရရင်လျှင်ပင် ၎င်းကို ပြောရပေမည်။
ယွဲ့ချန်ချီ ကောင်းကင်ကို မော့ကြည့်သည်။
ထို့နောက် လီချင်းရန်ကို ကြည့်လိုက်သည်။
ခဏတာ တွန့်ဆုတ်ပြီးနောက် သူ နောက်ဆုံး လက်မောင်းတစ်ဖက်ကို လီချင်းရန်၏ ပခုံးပတ်လည်တွင် ပတ်လိုက်ပြီး နွေးထွေးသော ပွေ့ဖက်မှုထဲသို့ ဆွဲသွင်းလိုက်၏။
သူ လီချင်းရန်၏ ဆရာ ကောင်းကင်ပေါ်မှာ ရှိသည်ဖြစ်စေ၊ တခြားနေရာမှာ ရှိသည်ဖြစ်စေ ဂရုမစိုက်ပေ။
သူ မျက်မှောင်ကြုတ်ပြီး ပြောသည်။
“စီနီယာ၊ ကိုယ့်တပည့်ကို ကိုယ် ဂရုစိုက်ပါ။ ကျွန်မက ၂၈နှစ်ပဲ ရှိသေးတယ်။ ရုတ်တရက် ကလေးတစ်ယောက် မလိုချင်ဘူး... ဒါက ကျွန်မအတွက် တာအိုအဖော် ရှာဖို့ အခွင့်အရေးကို ပျက်စီးစေလိမ့်မယ်...”
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ချင်းရန်၊ မငိုပါနဲ့တော့။”
သူ လီချင်းရန်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“နားထောင်။ နင့်ရဲ့ ဆရာက မင်းကို စွန့်ပစ်ဖို့ ရဲရင် ငါ နင့်ကို သားရဲတစ်သောင်း တောင်ပေါ် ပစ်ချပြီး မိစ္ဆာတွေကို ကျွေးပစ်မယ်။ အဲဒီအခါ သူ စွန့်ပစ်ရဲမလား ကြည့်တာပေါ့...”
လီချင်းရန် - “...”
တစ်ချိန်တည်းမှာပင် လူ့လောကမျ ချန်ဟွိုက်အန် တိတ်ဆိတ်သွား၏။
သူ ယွဲ့ချန်ချီ၏ နောက်ပြောင် ခြိမ်းခြောက်မှုကို အာရုံမစိုက်ခဲ့ပေ။
သူ၏ စိတ်က လီချင်းရန်၏ စကားများကို ပြန်လည် ကြားနေဆဲပင်။
အမှန်အတိုင်း ပြောရလျှင် သူက ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးကို ဂိမ်းစွန့်စားခန်းတစ်ခုသာ ဖြစ်သည်ဟု အမြဲတမ်း ယူဆခဲ့သည်။
သူ အဆိပ်သင့် နေသည်ဟု ပေါ့ပေါ့ဆဆ ပြောခဲ့သောကြောင့် လီချင်းရန် သူ့အတွက် အကောင်းဆုံး အဆိပ်ဖြေဆေးကို ရှာဖို့ ထွက်သွားခဲ့သည်။
သို့သော် သူ အမှန်တရားကို သိသည်။
ကင်ဆာသည် အဆိပ် မဟုတ်ပေ။
၎င်းသည် ပိုပြီး ဆိုးရွားသောအရာ ဖြစ်သည်။
စိတ်ဝိညာဉ် ချီစွမ်းအင် ပြန်လည်နိုးထလာခြင်းနှင့်ပင် မုတ်ဆိတ်မွေးနှင့်သူက ကုသမှုကို အာမခံခြင်း မရှိခဲ့ပေ။
နိုးထသူတစ်ဦးက ကြိုးစားကြည့်နိုင်သည်ဟုသာ ပြောခဲ့သည်။
“ဒီတော့... တစ်စုံတစ်ယောက်က ငါ့ကို တကယ် ဂရုစိုက်တာလား။ ငါ့ကို စိုးရိမ်နေတာလား။ ငါ အသက်ရှင်နေဖို့ တိုက်ခိုက်နေတာလား...”
ချန်ဟွိုက်အန် တီးတိုးပြောလိုက်သည်။
သူ၏ တစ်ချိန်က မှေးမှိန်နေသော မျက်လုံးများ ယခုတွင် အလင်းရောင် အသစ်ဖြင့် တဖျပ်ဖျပ် လင်းနေ၏။
“အဖော်ဝိညာဉ် ဖြစ်ရင်တောင်မှပဲ...”
မုတ်ဆိတ်မွေးနှင့်သူက ပြောခဲ့သည်။
အဖော်ဝိညာဉ်များက ပိုင်ရှင်နှင့်အတူ ရှင်သန်ပြီး သေဆုံးကြသည်။
သူ၏ အဖော် ဝိညာဉ်က သူ အသက်ရှင်ရန် လိုလားနေသည်။
သူ၏ အဖော် ဝိညာဉ်က ထိုဂိမ်းကို အသုံးပြုသည်။
လီချင်းရန်၏ အသံကို အသုံးပြုနေသည်။
သူ့ကို ပြောပြန်ရန် အတွက်ပင်...
ချန်ဟွိုက်အန်... အသက်ဆက်ရှင်... လက်မလျှော့နဲ့...
[ ကောင်းပြီလေ... ]
သူ၏ အသံ ကောင်းကင်မှ ပဲ့တင်ထပ်သည်ကို ကြားရသော လီချင်းရန် သူ၏ ခေါင်းကို အနည်းငယ် မြှင့်လိုက်သည်။
လုံးဝ ကွဲပြားသော ကမ္ဘာနှစ်ခုကို ဖြတ်၍ သူတို့၏ အကြည့်များ တွေ့ဆုံသွားကြ၏။
ချန်ဟွိုက်အန်က ဆက်သွယ်ရေးအဆောင်ကို ဖိပြီး ပင့်သက်ရှိုက်လိုက်သည်။
[ ငါ မသေဘူး။ ငါ... အသက်ရှင်မယ်... ]
သူ ချန်ဟွိုက်အန်က အသက်ဆက်ရှင်တော့မယ်။
“ချီးထုပ်ကောင်းကင်ဘုံ၊ ငါ့ကို ဒီဒုက္ခတွေအားလုံး ပေးပြီးတော့ ငါ့ကို သေစေချင်နေတုန်းလား...”
“ကောင်းပြီလေ။ လဗြွတ်ပဲ... ငါ အသက်ရှင်တော့မယ်.....”
ထောင့်တွင် ကွေးနေသော ပါ့ကျီက ချန်ဟွိုက်အန် မျက်နှာကျက်ကို အော်ဟစ်နေသည်ကို ကြည့်ရင်း တုန်ယင်နေခဲ့သည်။
ဆရာကြီး... ခင်ဗျား အစွမ်းထက်တာက ထက်လို့ရတယ်။ ဒါပေမဲ့ ခင်ဗျား ရှင်သန်ရင် ကျုပ် သေလိမ့်မယ်...
သူ ခေါင်းခါလိုက်သည်။
[ သူ ရူးသွားပြီ။ ဆရာကြီး လုံးဝ ရူးသွားပြီ... ]
[ မှတ်ဉာဏ် ပြန်ရတာက အမြဲတမ်း ယာယီ ရူးသွပ်မှု ဖြစ်စေတာ ထင်တယ်။ သူ လုံးဝ နိုးထဖို့အတွက် နီးနေပြီနဲ့ တူတယ်... ]
[ ငါ ပြေးရမယ်... ငါ လွတ်မြောက်ရမယ်... ]
တစ်ချိန်တည်းမှာပင် ချန်ဟွိုက်အန် တည်ငြိမ်သွား၏။
ယခင်က သူသည် ပိုက်ဆံ သုံးခြင်း၊ မိစ္ဆာဝံပုလွေများကို တိုက်ခိုက်ခြင်း၊ အမည်းရောင် အမွေးထူထူ ကြွက်များကို ရင်ဆိုင်ခြင်းတို့မှာ အသက်ကြာကြာ မရှင်နိုင်ဟု ယုံကြည်ထားသောကြောင့် လျစ်လျူရှုခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတွင်တော့...
အသက်ဆက်ရှင်ရန်အတွက် သူ ဘာမဆို လုပ်ပေလိမ့်မည်။
မိစ္ဆာတွေကို သတ်မယ်။
ပိုက်ဆံ ရှာမယ်။
အကောင်းဆုံး ဆေးရုံကို ရှာမယ်။
တစ်လုံးကို ၁၅သိန်းတန် အံ့ဖွယ်ဆေး ရှိတယ်လို့ မပြောဘူးလား။
တစ်လုံး မလုံလောက်ရင် ၁၀လုံး ယူမယ်...
၁၀လုံးနဲ့ အလုပ်မဖြစ်ရင် အလုံး ၁၀၀ သောက်မယ်...
တကယ်လို့ အဲဒါတွေ မရသေးရင် နွေဦးပြန်လည်နိုးထခြင်းအပ်နဲ့ သွေးကြောဖွင့်အပ် လိုမျိုး အပ်စိုက်ကုသမှု ပညာရပ်တွေ ရှိနေသေးတယ်။
ပိုက်ဆံ ရှိနေသရွေ့ ကုသမှု ရတဲ့အထိ အဆင့်မြှင့်နေလို့ရတယ်။
ချန်ဟွိုက်အန် မတ်တပ်ရပ်လိုက်သည်။
သူ၏ နှလုံးက ဆုံးဖြတ်ချက်ဖြင့် တောက်လောင်နေ၏။
သူက တံခါးသို့ ချီတက်လိုက်ပြီး ၎င်းကို ပစ်ဖွင့်လိုက်သည်။
ထိုနေရာတွင် သေးငယ်သော ပုံသဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။
ရုတ်တရက် လှုပ်ရှားမှုကြောင့် ထိုမိန်းကလေး ထိတ်လန့်သွား၏။
သူက အော်ဟစ်ကာ နောက်သို့ ခြေချော်ပြီး ဖင်ထိုင်လျက် လဲကျသွားခဲ့သည်။
ချန်ဟွိုက်အန် သူ့ကို ချက်ချင်း မှတ်မိလိုက်သည်။
သူက မျက်ခုံးပင့်ကာ တီးတိုး ပြောလိုက်၏။
“သုညသုံးလုံးလား...”
...