အခန်း (၁၉၄၆-၁၀၅၀)
Vol. 101 Ch. 1946-1950
Chapter 1946
ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သင်္ဘောထွက်ခွာသွားပြီးနောက် အချိန်တစ်နာရီမပြည့်မီမှာပင်....
ကျွန်းပေါ်၌ မြောက်များစွာသောပုံရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုလူများ၏မျက်နှာအမူအယာများသည် အေးစက်တင်းမာနေပြီး သူတို့၏ခန္ဓာကိုယ်များမှ အစွမ်းထက်သောအရှိန်အဝါများ ထွက်ပေါ်နေသဖြင့် သာမာန်လူများသည် သူတို့ကို စေ့စေ့ပင်ကြည့်ဝံ့မည်မဟုတ်ချေ။
ထိုလူစုကိုဦးဆောင်လာသူသည် ခရမ်းရောင်အရာရှိဝတ်စုံကိုဝတ်ဆင်ထားသော လော့ရွှေကြယ်မြစ်အုပ်ချုပ်သူ လီလုံချင်းဖြစ်သည်။
သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်တွင် ကြီးမားစွာ ဖရိုဖရဲဖြစ်နေသော်လည်း လော့ရွှေကြယ်မြစ်အုပ်ချုပ်သူသည် အိမ်တော်တွင်ရှိမနေဘဲ ပျောက်ကွယ်နေခဲ့သည်။
လီလုံချင်းသည် ထိုကိစ္စ တစတစပို၍ကြီးထွားလာပါက တော်ဝင်နန်းတော်မှနေ၍ သူ့အားအရေးယူမည်ကို ထိတ်လန့်ကြောက်ရွံသဖြင့် ထွက်ပြေးတိမ်းရှောင်သွားသည်ဟုသာ လူအများက တွေးထင်ထားကြ၏။
လီလုံချင်းသည် သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်၌သာ ရှိနေမည်ဟု မည်သူမျှ မျှော်လင့်ထားခြင်းမရှိချေ။
"ရှုရာနတ်ဘုရားက တကယ့်ကို သတိကြီးတာပဲ...သူက သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်မှာ အတုအယောင်ယဇ်ပလ္လင်၁၈ခုကို တည်ဆောက်ထားပြီးတော့ အဲ့ဒီနေရာတွေမှာ သေမင်းထောင်ချောက်တွေကိုတောင် ခင်းကျင်းထားခဲ့တယ်...ကံကောင်းထောက်မပြီး ငါတို့ မြန်မြန်ထွက်ပြေးနိုင်ခဲ့လို့သာပဲ...မဟုတ်ရင် ငါတို့ရဲ့အသက်တွေကို အဲ့ဒီနေရာမှာ ထားခဲ့ရလိမ့်မယ်"
လီလုံချင်း၏နောက်လိုက်တစ်ယောက်က တုန်လှုပ်ချောက်ချားနေသောလေသံဖြင့် ပြောဆိုသည်။
ဤနေရာ၌ရှိနေသော လူနည်းစုသည် အလွန်အစွမ်းထက်ပုံရသော်လည်း ယခုလက်ရှိအချိန်၌ သူတို့အားလုံးသည် ဆိုးဆိုးရွားရွားအခြေအနေမျိုး၌ရှိနေသည်။သူတို့သည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲခဲ့ရသည်မှာ သိသာထင်ရှားလှ၏။
လီလုံချင်း၏မျက်နှာအမူအယာသည် သုန်မှုန်နေပြီး သူက ချက်ချင်းဆိုသလိုပင် ကျိုးပဲ့နေသောယဇ်ပလ္လင်ထံသို့ ရောက်ရှိလာသည်။
ဤနေရာရှိယဇ်ပလ္လင်သည် လုယွီ၏ နက်နဲသိမ်မွေ့မိုးကောင်းကင်တာအိုခန္ဓာကိုယ်မှ လက်ဝါးရိုက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေပြီး မူလပုံသဏ္ဌာန်မျိုးမရှိတော့ချေ။
မူလကထူထပ်သိပ်သည်းနေသော ယင်ချီများသည်လည်း ရှုရာနတ်ဘုရား၏သေဆုံးခြင်းနှင့်အတူ လွင့်ပြယ်သွားလေပြီ။
"ငါတို့ နောက်ကျသွားတယ်...ခုဏလေးကတင် တစ်ယောက်ယောက်က ရှုရာနတ်ဘုရားကို သတ်ဖြတ်သွားခဲ့တယ်"
လီလုံချင်း၏မျက်နှာပေါ်၌ တည်ကြည်လေးနက်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူ၏နောက်လိုက်များအားလုံး ထိတ်လန့်တုန်လှုပ်သွားပေ၏။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ရှုရာနတ်ဘုရားက ဒီကိစ္စကို အချိန်အတော်ကြာယူပြီး ကြံစည်ထားခဲ့တာ...တော်ဝင်နန်းတော်ကလွှက်လိုက်တဲ့ ဦးရီးတော်ရှားဟိုလီတောင် ထောင်ချောက်ထဲမှာ ပိတ်မိနေတုန်းပဲ...ကျွန်တော်တို့အပြင် ဒီနေရာကို ဘယ်သူက လက်ဦးမှုယူပြီး လာနိုင်မှာလဲ"
နောက်လိုက်တစ်ယောက်က မေးမြန်းသည်။
"အရှင်...ရှုရာနတ်ဘုရား ပြန်ရှင်သန်သွားတာများ ဖြစ်နေမလား"
"မဖြစ်နိုင်ဘူး...တကယ်လို့ သူသာ ပြန်ရှင်သန်လာခဲ့ရင် အကြီးစားသွေးယဇ်ပူဇော်မှုမျိုးလုပ်မှာသေချာတယ်...အဲ့ဒီအချိန်ကျရင် သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်မှာရှိတဲ့ ဘယ်သက်ရှိမျိုးနွယ်မှ အသက်ရှင်သန်နိုင်မှာမဟုတ်ဘူး"
လီလုံချင်းက သူ၏ခေါင်းကိုခါယမ်း၍ ဆက်လက်ပြောဆိုသည်။
"ဒါပေမယ့် အခုချိန်မှာ...သူတော်စင်ပင်လယ်ကြယ်နယ်မြေက ဘေးကင်းလုံခြုံနေပြီးတော့ အသံဗလံတွေ ကြားနေရတယ်...ရှုရာနတ်ဘုရားရဲ့အရှိန်အဝါတောင် ပျောက်ကွယ်သွားခဲ့ပြီ...ဒါက ရှုရာနတ်ဘုရား အကြွင်းမဲ့သေသွားပြီဆိုတာကို ပြသနေတာပဲ"
ရှုရာနတ်ဘုရား အမှန်တကယ် သေဆုံးသွားခဲ့သလော...
ယခုလက်ရှိနေရာရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ရှုရာနတ်ဘုရား မည်မျှထိအစွမ်းထက်သည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိရှိပေ၏။
သူသည် ယခုလက်ရှိအချိန်ထိတိုင် ပြန်ရှင်သန်လာခြင်းမရှိသော်လည်း နယ်မြေတစ်ခုကို လွှမ်းမိုးချုပ်ကိုင်နိုင်သော နတ်ဘုရားတစ်ပါးဖြစ်သဖြင့် ရှုရာနတ်ဘုရားသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်ပြီး သူ့ကိုသတ်ဖြတ်ရန်မှာ အလွန်အမင်းခက်ခဲပေမည်။
"ဖြစ်နိုင်တာတော့ ဒီကိစ္စကို တော်ဝင်နန်းတော်က ကြိုတင်ပြီးရိပ်မိသွားလို့ အစွမ်းထက်ကျင့်ကြံသူတွေကိုများ လွှက်လိုက်တာများလား"
အတွေးတစ်ခုက လူတိုင်း၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ဤသည်ကသာ ရှုရာနတ်ဘုရား မည်သည်ကြောင့် ရုတ်တရက်သေဆုံးသွားခဲ့သည်ကို ရှင်းပြနိုင်သော နည်းလမ်းပင်။
ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိလေဟာနယ်တွင် ရုတ်တရက် ပြင်းထန်သောတုန်ခါမှုများ ဖြစ်ပေါ်လာသည်။
ပုံပျက်သွားသောလေဟာနယ်အတွင်းမှနေ၍ ဝိုးတဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာပေ၏။သူသည် မိန်းမစိုးဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာအမူအယာမှာ အေးစက်တင်းမာနေသည်။
"မိန်းမစိုးကောင်းကို ဂါရဝပြုပါတယ်"
ထိုပုံရိပ်ကိုမြင်သည်နှင့် လီလုံချင်း၏နောက်လိုက်များအားလုံးက အရိုအသေပြုလိုက်ကြ၏။
မိန်းမစိုးကောင်းက လီလုံချင်းကိုကြည့်၍ ပြောဆိုသည်။
"အရှင်မင်းကြီးက ရှုရာနတ်ဘုရားနဲ့ပတ်သတ်တဲ့ အမိန့်တော်ကို ပြောင်းလဲလိုက်ပြီ...တော်ဝင်ဦးရီးတော်ကို ခုချက်ချင်း တော်ဝင်မြို့တော်ကိုပြန်လာဖို့ အမိန့်ပေးလိုက်တယ်"
လီလုံချင်းက မျက်မှောင်ကြုတ်၍ ပြောဆိုလိုက်၏။
"ရှုရာနတ်ဘုရားရဲ့အမြူတေမရှိရင် အရှင်မင်းကြီးရဲ့ခွန်အား ပြန်လည်ကောင်းမွန်လာဖို့ အရမ်းခက်ခဲမယ်မဟုတ်လား"
"ဒါက ပြဿနာမရှိတော့ဘူး...ကျွန်တော်တို့က တောင်ပိုင်းမိုးကောင်းကင်ကြယ်မြစ်ထဲက နတ်ဘုရားတွေကို သတ်ဖြတ်ပြီးတော့ အရှင်မင်းကြီးကျင့်ကြံဖို့အတွက် သူတို့ရဲ့နတ်ဘုရားအမြူတေတွေကို ယူဆောင်လာခဲ့တယ်...အရှင်မင်းကြီးရဲ့ခန္ဓာကိုယ်က နိုးထလာပြီးတော့ စိတ်ဝိညာဥ်နဲ့ပေါင်းစပ်ဖို့ကို စောင့်ဆိုင်းနေတယ်"
မိန်းမစိုးကောင်းက ရိုသေလေးစားစွာ ပြောဆိုသည်။
လီလုံချင်း၏နောက်လိုက်များအားလုံးတွင် စိတ်လှုပ်ရှားသောမျက်နှာအမူအယာများ ရှိနေသည်။
လီလုံချင်း၏မျက်လုံးများသည်လည်း စူးရှတောက်ပနေပေ၏။
"အရှင်မင်းကြီး တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်မှာ သူ့ကိုကာကွယ်ပေးဖို့ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများ လိုအပ်နေတယ်...ကျေးဇူးပြုပြီး တက်နိုင်သမျှမြန်မြန် ထွက်ခွာလာခဲ့ပါ"
စကားဆုံးသည်နှင့် မိန်းမစိုးကောင်း၏ပုံရိပ်သည် တဖြည်းဖြည်းနှင့် လေထုအတွင်းမှ လွင့်ပြယ်သွားတော့သည်။
နောက်လိုက်တစ်ယောက်က ချက်ချင်းဆိုသလိုပင် ပြောဆိုလိုက်၏။
"အရှင်...တွေဝေမနေသင့်ဘူး...ဒါက ဆုံးဖြတ်ချက်ချရမယ့်အချိန်ပဲ"
လီလုံချင်းက ခေါင်းညိတ်ပြပြီးနောက် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ အားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ သူ၏အရာရှိဝတ်စုံ ကြေမွပျက်စီးသွားတော့သည်။
သူ၏ တာယွီအင်ပါယာအရာရှိဝတ်စုံအောက်၌ လင်းလက်တောက်ပနေသော ရွှေရောင်မြွေရေခွံဝတ်စုံ ရှိနေသည်။
Chapter 1947
သူတော်စင်ပင်လယ်ကြယ်နယ်မြေ...ရှန့်လင်းမြို့...
ဤသည်က သူတော်စင်ပင်လယ်ကြယ်နယ်မြေ၏အကြီးမားဆုံးမြို့ဖြစ်ပြီး ယခုလက်ရှိချိန်၌ ဖရိုဖရဲဖြစ်နေကာ နေရာအနှံ့အပြား၌ အော်ဟစ်သံများ ညည်းတွားသံများဖြင့် ပြည့်နှက်နေသည်။
ယခုလက်ရှိချိန်၌ လော့ရွှေကြယ်မြစ်မှအရာရှိအများစုသည် ရှုရာနယ်မြေနှင့် ပူးပေါင်းထားလေ၏။
သူတော်စင်ပင်လယ်ကြယ်နယ်မြေမှ နတ်ဆိုးသားရဲများ၏ကူညီထောက်ပံမှုကို ရရှိစေရန်အလို့ငှါ ထိုအရာရှိများသည် နတ်ဆိုးသားရဲဧကရာဇ်များနှင့်နတ်ဆိုးသားရဲဘုရင်များကို လူသားမျိုးနွယ်မြို့များအတွင်းသို့ဝင်ခွင့်ပြုပြီး ထင်ရာစိုင်းသတ်ဖြတ်ခွင့် ပေးထားလေသည်။
လူသားမျိုးနွယ်မြို့များတွင် ကျင့်ကြံသူများရှိသော်လည်း အကန့်အသတ်မရှိသော နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရချိန်တွင် လူသားများ၏ခုခံကာကွယ်မှုမှာ အလွန်အားနည်းနေပေ၏။
အုပ်ချုပ်သူအိမ်တော်အတွင်း၌....
"သခင်လေး...လဖက်ရည်လေး သောက်လိုက်ပါအုံး"
အစေခံများသည် လဖက်ရည်ပူတစ်ခွက်ကို လက်ကမ်းပေးပြီးသည်နှင့် သူတို့အားလုံး ချက်ချင်းဆိုသလိုပင် ခန်းမ၏ပြင်ပသို့ မောင်းထုတ်ခံလိုက်ရသည်။
ရှန့်လင်းမြို့အရှင်၏သားဖြစ်သူ ဟယ်ကောင်းဖေးသည် သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် အုပ်ချုပ်သူ၏ပလ္လင်ပေါ်၌ထိုင်နေသည်။
သူ၏ရှေ့၌ ပုန်ကန်မှုတွင်ပါဝင်ခဲ့ကြသော အရာရှိများအားလုံး မတ်တတ်ရပ်နေပြီး သူတို့အားလုံး၏မျက်နှာများမှာလည်း အုံ့မှိုင်းနေကြ၏။
ရှပ်...ရှပ်...
ထိုအချိန်မှာပင် စစ်သားတချို့က ခန်းမအတွင်းသို့ အလျှင်အမြန် ဝင်ရောက်လာသည်။
"မင်းတို့ ခုချိန်ထိ လီလုံချင်းကို ရှာမတွေ့သေးဘူးလား"
ဟယ်ကောင်းဖေးက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ထိုစစ်သားများသည် ကြမ်းပြင်ပေါ်၌ အလျင်စလိုဒူးထောက်လိုက်ပြီး သူတို့၏မျက်နှာများပေါ်၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
"သခင်လေး...ကျွန်တော်တို့က သူတော်စင်ပင်လယ်ကြယ်နယ်မြေရဲ့ ချောင်ကြိုချောင်ကြားတွေပါမကျန် ရှာဖွေပြီးပါပြီ...အနီးအနားကြယ်နယ်မြေတွေကိုတောင် ကင်းထောက်တွေလွှက်ပြီး စုံစမ်းခိုင်းထားတယ်...ဒါပေမယ့် အုပ်ချုပ်သူ ဘယ်နေရာမှာရှိနေလဲဆိုတာကို ခုထိ ရှာမတွေ့သေးဘူး"
"သောက်သုံးမကျတဲ့ အမှိုက်ကောင်တွေ...ဆက်ပြီးရှာဖွေကြစမ်း"
ဟယ်ကောင်းဖေးက ခက်ထန်တင်းမာသောလေသံဖြင့် အော်ဟစ်လိုက်၏။
သူတို့၏အစီအစဥ်အရ လှုပ်ရှားမှုစတင်သည်နှင့် လီလုံချင်းကို တက်နိုင်သမျှ အမြန်ဆုံးသတ်ဖြတ်ရပေမည်။
သို့ရာတွင် သူတို့အားလုံး အုပ်ချုပ်သူအိမ်တော်သို့ ရောက်ရှိချိန်တွင် အိမ်တော်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။
အရာရှိများ စစ်သားများအပြင် အုပ်ချုပ်သူလီလုံချင်းပင်လျှင် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးနေသည်။
လီလုံချင်းအား သတ်ဖြတ်ရန်မှာ ဤစစ်ဆင်ရေးတစ်ခုလုံး၏ အဓိကသော့ချက်ပင်။
လီလုံချင်း အသက်ရှင်နေသရွေ့ သူတို့၏လှုပ်ရှားမှုများ နှိမ်နင်းခံရနိုင်သည့်အပြင် ဂုဏ်သတင်းကျဆင်းကာ သူတို့၏စကားများကို မည်သူမျှ လွယ်လင့်တကူလိုက်နာမည်မဟုတ်ချေ။
"လီလုံချင်းက မြင့်မြတ်တဲ့နတ်ဘုရား ပြန်ရှင်သန်လာမှာကို ကြိုသိသွားလို့...အချိန်မီ တိမ်းရှောင်သွားတာများလား"
တစ်စုံတစ်ယောက်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
လီလုံချင်းသည် အစွမ်းထက်သောရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ရှုရာနတ်ဘုရား၏ရှေ့တွင်မူ သူသည် ကောင်းကင်ယံရှိကြယ်တစ်လုံးနှင့်တူညီပြီး နေမင်းကြီးကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
"ငါစိုးရိမ်နေတာက...လီလုံချင်း တော်ဝင်နန်းတော်ကနေ အကူအညီတောင်းခံမှာကိုပဲ...အဲ့ဒီအချိန်ကျရင် ငါတို့အားလုံး ပုန်ကန်မှုဆိုတဲ့ပြစ်ဒဏ်ကနေ လွတ်မြောက်မှာမဟုတ်ဘူး"
"မင်းတို့ ဘာတွေကြောက်နေကြတာလဲ.....နတ်ဘုရား ပြန်ရှင်သန်လာတာနဲ့ တကယ်လို့ တော်ဝင်နန်းတော်ကလူတွေရောက်လာရင်တောင် ငါတို့က ကြောက်စရာမလိုဘူး"
ခန်းမအတွင်းရှိ ငြင်းခုံနေကြသော မြင်ကွင်းကိုကြည့်ပြီး ဟယ်ကောင်းဖေးက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်၏။
ဤနေရာရှိလူအများစုသည် ကျင့်ကြံဆင့်နယ်ပယ်အရဖြစ်စေ အဆင့်အတန်းအရဖြစ်စေ သူ့ကဲ့သို့ ဂျုနီယာမျိုးဆက်သခင်လေးတစ်ယောက်ထက် များစွာပို၍သာလွန်သည်။
ထိုလူများ သူ၏အမိန့်ကိုနာခံရသည့်အကြောင်းအရင်းမှာ ဟယ်ကောင်းဖေး၏ဖခင်သည် ရှန့်လင်းမြို့အရှင် ဖြစ်နေသောကြောင့်ပင်။
ရှန့်လင်းမြို့အရှင်သည် ရှုရာနတ်ဘုရားခန့်အပ်ထားသော နတ်ဘုရားသံတမန်များအနက်မှတစ်ယောက်ဖြစ်သည်။
ရှုရာနတ်ဘုရား ပြန်လည်ရှင်သန်လာသည်နှင့် သူတို့၏ဟယ်မိသားစုသည် ကောင်းကင်ဘုံနယ်မြေရှိထိပ်သီးမိသားစုကြီးများအနက်မှတစ်ခုဖြစ်လာပေမည်။
ဟယ်ကောင်းဖေး စိတ်ကူးယဥ်ကမ္ဘာအတွင်း နစ်မြောနေစဥ်တွင် နောက်ထပ်စစ်သားတစ်စုဝင်ရောက်လာပြီး သူ့ထံသတင်းပို့လေ၏။
"သခင်လေး...အဲ့ဒီချောင်ပေဆိုတဲ့ကောင်က အရမ်းခေါင်းမာတယ်...ကျွန်တော်တို့ သူ့ကို ဘာမှစစ်မေးလို့မရဘူး"
"ဒါပေမယ့် ကျွန်တော်တို့က သူ့ရဲ့လက်အောက်ငယ်သားတွေဆီကနေ ဖော်ထုတ်နိုင်ခဲ့တယ်...သူ ဒီနေရာကို ဝင်ရောက်လာနိုင်ခဲ့တာက သူ့ရဲ့ခွန်အားကြောင့်မဟုတ်ဘူး...တခြားတစ်ယောက်ကြောင့်ပဲ"
ဟယ်ကောင်းဖေး၏မျက်ခုံးများ ပင့်တက်သွားသည်။
"သူက ဘယ်သူ့ဆီက အကူအညီကိုယူခဲ့တာလဲ"
ပတ်ဝန်းကျင်ရှိအစောင့်တပ်များမှ မနှောက်ယှက်နိုင်စေရန်အလို့ငှါ စစ်ဆင်ရေးမစတင်မီ ပုန်ကန်သူများသည် နတ်ဆိုးသားရဲများနှင့်ပူးပေါင်း၍ သူတော်စင်ပင်လယ်ကြယ်နယ်မြေ၏ပြင်ပတွင် ထူထပ်သိပ်သည်းသော တားဆီးဟန့်တားမှုများ ခင်းကျင်းထားခဲ့သည်။
ချောင်ပေ၏လူများသက်သက်ဖြင့် တားဆီးဟန့်တားမှုများကိုဖျက်ဆီး၍ ဝင်ရောက်လာနိုင်မည်မဟုတ်ချေ။
"သူတို့ဆီကရခဲ့တဲ့ သတင်းတွေအရတော့...ရှားဟိုလီရဲ့လက်အောက်က လူငယ်စစ်ဗိုလ်ချုပ်တစ်ယောက်က သူ့ရဲ့လူတွေနဲ့အတူ တားဆီးဟန့်တားမှုတွေကို အရင်ထိုးဖောက်ဝင်ခဲ့တာတဲ့...သူတို့က အဲ့ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး နောက်ကနေလိုက်လာခဲ့တာ...ဒါကြောင့်မို့ ဒီကြယ်နယ်မြေထဲကိုဝင်လာတဲ့အချိန်မှာ သူတို့ရဲ့စစ်သားတစ်ယောက်တောင် ဆုံးရှုံးမှုမဖြစ်ခဲ့ဘူး"
စစ်သားက တုံ့ပြန်၍ ဖြေဆိုလိုက်၏။
လူငယ်စစ်ဗိုလ်ချုပ်ဟုဆိုသလော...
"ထူးဆန်းတယ်...ငါသိသလောက်တော့ ရှားဟိုလီရဲ့လက်အောက်က စစ်ဗိုလ်ချုပ်တွေထဲမှာ လူငယ်တစ်ယောက်မှမရှိဘူး"
တစ်စုံတစ်ယောက်က သရော်တော်တော်လေသံဖြင့်ပြောဆိုသည်။
Chapter 1948
ယခုလက်ရှိနေရာတွင်ရှိသော အရာရှိများအားလုံးကလည်း ထိုလူ၏စကားကို လေးလေးနက်နက် ထောက်ခံလိုက်ကြ၏။
သားရဲဒီရေလှိုင်း၏ပိတ်ဆို့မှုကိုဖြတ်ကျော်နိုင်ရန် အနည်းဆုံးအနေဖြင့် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်၏ခွန်အားမျိုး ရှိရပေမည်။
သို့ရာတွင် ထိုကဲ့သို့အစွမ်းထက်ပုဂ္ဂိုလ်မျိုးသည် ဖီးနစ်ဌက်မွှေးနှင့်ချီလင်ဦးချိုကဲ့သို့ရှားပါးလေ၏။မည်သည်ကြောင့် လူငယ်တစ်ယောက် ဖြစ်နေနိုင်မည်နည်း။
"ဦးရီးတော်ရှားဟိုလီက သူ့ရဲ့အဓိကအင်အားစုတွေအားလုံးကို ခေါ်ဆောင်သွားခဲ့တယ်...အခုချိန်မှာ သူက သတ်ဖြတ်ခြင်းဝင်္ကပါထဲမှာ ပိတ်မိနေပြီးတော့ သူကိုယ်သူတောင် မကာကွယ်နိုင်ဘူး...ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်ကို သူက ဒီနေရာဆီ စေလွှက်နိုင်မှာလဲ...အဲ့ဒီကောင်တွေက နှိပ်စက်ညှင်းပန်းခံရမှာကိုကြောက်ပြီး ပေါက်ကရစကားတွေ လျှောက်ပြောတာပဲဖြစ်မယ်"
လက်ရှိနေရာတွင်ရှိနေသော အရာရှိများအားလုံး၏အတွေးများသည်လည်း ထိုစကားပြောဆိုသူနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
ဟယ်ကောင်းဖေးက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ဆက်ပြီး စစ်မေးထားကြစမ်း...တကယ်လို့ ဦးရီးတော်ရှားဟိုလီက ဒီနေရာကို မဟာစစ်ဗိုလ်ချုပ်တစ်ယောက် စေလွှက်လိုက်တယ်ဆိုရင် ဒါက အရမ်းတန်ဖိုးရှိတယ်"
ထိုစစ်သားသည် ထွက်ခွာသွားခြင်းမရှိသေးချေ။ထို့အစား သူက စစ်ဆေးမေးမြန်းမှုမှတ်တမ်းတချို့ကို ဟယ်ကောင်းဖေးထံ လက်ကမ်းပေးလေသည်။
"ဒါက သူတို့ကို စစ်ဆေးမေးမြန်းထားတဲ့ မှတ်တမ်းတွေပါ...သူတို့ပြောသလိုပဲ ဒါက တကယ့်ကို လူငယ်စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပုံရတယ်"
အမ်...
အကယ်၍ လူအများကိုစစ်မေးရာတွင် ရလဒ်တစ်ခုတည်းထွက်လာပါက ဤကဲ့သို့လူငယ်စစ်ဗိုလ်ချုပ်မျိုး အမှန်တကယ်ရှိနေနိုင်သည်။
ဟယ်ကောင်းဖေးသည် စုံစမ်းစစ်ဆေးမှုမှတ်တမ်းမှ ပုံတူကိုကြည့်ပြီး ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွားသည်။
ပုံတူစာရွက်ပေါ်တွင် လူငယ်တစ်ယောက်၏ပုံရှိနေသည်။
ထိုလူအား ဟယ်ကောင်းဖေး မည်သို့မျှမေ့လျော့သွားမည်မဟုတ်ချေ။
ပြန်တွေးကြည့်ပါက ကျင်းထျန်းမျှော်စင်တွင် လုယွီသည် ဟယ်ကောင်းဖေးထံမှ အင်မော်တယ်ကျောက်တုံးအမြောက်အများကို အနိုင်ရရှိသွားခဲ့သည်။ထို့ကြောင့် မည်သည့်နည်းဖြင့် သူ မေ့ဖျောက်နိုင်မည်နည်း။
နောက်ပိုင်းတွင် ဟယ်ကောင်းဖေးသည် လူများစေလွှက်၍ လိုက်လံဖမ်းဆီးစေသော်လည်း မမျှော်လင့်ဘဲ လုယွီက ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
"အရင်က မင်း ကံကောင်းပြီး ငါ့လက်ထဲကနေ လွတ်သွားခဲ့တယ်...မင်းက အဆင်အခြင်မဲ့ပြီး ဒီနေရာကိုပြန်လာရဲမယ်လို့ ငါ မျှော်လင့်မထားခဲ့မိဘူး"
ဟယ်ကောင်းဖေးက ကောက်ကျစ်ယုတ်မာသော အပြုံးနှင့်အတူ သူ၏လက်အတွင်းရှိလဖက်ရည်ခွက်ကို ချေမွှလိုက်သည်။
အတိတ်တွင် သူသည် လုယွီ၏ရွှမ်းဝူစစ်ဗိုလ်ချုပ်ဟူသောရာထူးကို ထိတ်လန့်ကြောက်ရွံခဲ့ရသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ ထိုကိစ္စကိုဂရုစိုက်နေရန် မလိုအပ်တော့ချေ။
ယခုချိန်၌ သူတော်စင်ပင်လယ်ကြယ်နယ်မြေတစ်ခုလုံး သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေလေပြီ။
"လာကြစမ်း...ဒီကောင်လေးကို အရင်ဆုံး ရှာဖွေဖမ်းဆီးကြစမ်း"
ဟယ်ကောင်းဖေးက ပုံတူစာရွက်ကို အောက်သို့ပစ်ချပြီး ပြောဆိုလိုက်၏။
ခန်းမအတွင်းရှိ ဗိုလ်ချုပ်တစ်ယောက်က ပုံတူစာရွက်ကိုကောက်ယူကာ တစ်ချက်ကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီကောင်လေးက ဘယ်သူလဲ...ယေဘုယျကျကျပြောမယ်ဆိုရင် ကျွန်တော်တို့က လီလုံချင်းကို အရင်ဆုံး ရှာဖွေဖမ်းဆီးရမှာ မဟုတ်ဘူးလား"
"လီလုံချင်းက အချိန်အကြာကြီးနာမည်ကျော်ကြားခဲ့တဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်...တကယ်လို့ သူ ထွက်သွားချင်တယ်ဆိုရင် ဘယ်သူက သူ့ကိုဟန့်တားနိုင်မှာလဲ...ဒီကောင်လေးက အဆင့်နိမ့်စစ်ဗိုလ်ချုပ်တစ်ယောက်...ငါတို့ သူ့ကိုဖမ်းမိတာနဲ့ ဦးရီးတော်ရှားဟိုလီရဲ့အစီအစဥ်တွေကိုသိနိုင်တယ်...အဲ့ဒီအချိန်ကျရင် တကယ်လို့ ဦးရီးတော်ရှားဟိုလီမှာ ဝှက်ဖဲတချို့ရှိနေသေးရင်တောင် ငါတို့ အလွယ်တကူရင်ဆိုင်နိုင်လိမ့်မယ်"
ဟယ်ကောင်းဖေးသည် လုယွီအားဖမ်းဆီးရန် လမ်းညွှန်ချက်များကို သူ၏လူများအား စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။သူ စကားပြောဆိုနေစဥ်တွင် သူ၏မျက်လုံးများအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဟမ့်....ဗိုလ်ချုပ်လေးတစ်ယောက်ကိုများ...ငါက တစ်ယောက်ယောက်ကိုစေလွှက်ပြီး ဖမ်းဆီးခိုင်းလိုက်မယ်...ဒီလောက်ထိ ပုံကြီးချဲ့နေစရာ မလိုအပ်ပါဘူး"
အရာရှိတစ်ယောက်က ခနဲ့တဲ့တဲ့လေသံဖြင့် ပြောဆိုသည်။
ထိုအချိန်မှာပင် အုပ်ချုပ်သူအိမ်တော် ပင်မခန်းမ၏တံခါးမကြီးကို ရုတ်တရက် ကန်ကျောက်ဖွင့်ခြင်းခံလိုက်ရ၏။
ဘုန်း...ဘုန်း...ဘုန်း...
စစ်သားအမြောက်အများ လွင့်ထွက်လာကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားပြီး ဆူညံသံများထွက်ပေါ်လာသည်။
မြေပြင်ပေါ်သို့ လွင့်ကျလာသော စစ်သားများအားလုံးသည် ပုန်ကန်မှုအတွင်း၌ ပါဝင်ပတ်သတ်ခဲ့ကြသူများဖြစ်ပေ၏။သူတို့သည် မူလက တံခါးမကြီးအား စောင့်ကြပ်နေသော်လည်း ယခုချိန်တွင်မူ လျှပ်စီးဖြင့်ရိုက်နှက်ခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေကာ သူတို့၏ပါးစပ်မှ သွေးများယိုစီးကျနေသည်။
"ဘယ်သူလဲ...ဘယ်ကောင်က ဒီနေရာကိုလာပြီး ပြဿနာလာရှာရဲတာလဲ"
ခန်းမအတွင်းရှိအရာရှိများက အသံထွက်ပေါ်ရာဘက်သို့လှည့်ကြည့်၍ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် ဘန်းခနဲအသံများနှင့်အတူ ခန်းမအတွင်းရှိ ပြတင်းပေါက်များအားလုံး ကြေမွပျက်စီးသွားသည်။
အုပ်ချုပ်သူအိမ်တော်သည် စစ်သားတစ်စု၏ဝိုင်းရံခြင်းခံထားရ၏။
ထိုမြင်ကွင်းကိုမြင်သည်နှင့် ဟယ်ကောင်းဖေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက ဘယ်သူ့ရဲ့လက်အောက်ငယ်သားလဲ...ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကို ပြဿနာလာရှာရဲတာလဲ...ခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း"
သူ၏စကားကိုတုံ့ပြန်သည့်အလား စူးရှချွန်ထက်သောမြှားများက မုန်တိုင်းအလား သူ့ထံတိုးဝင်လာသည်။
ဟယ်ကောင်းဖေးသည် ထိတ်လန့်တုန်လှုပ်သွားပြီး စားပွဲခုံအောက်သို့ ဝင်ရောက်၍ပုန်းအောင်းလိုက်၏။
"တော်သင့်ပြီ...ဒီနေရာက အုပ်ချုပ်သူအိမ်တော်ရဲ့ပင်မခန်းမ...ရုတ်တရက်ကြီး မင်းတို့က ဒီနေရာကို ဘာလို့ လာတိုက်ခိုက်နေတာလဲ"
ခန်းမအတွင်းရှိစစ်ဗိုလ်ချုပ်တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီး သူ၏မှော်စွမ်းအားများကို ထုတ်လွှက်လိုက်ရာ မြှားများအားလုံး ကြေမွှပျက်စီးသွားတော့သည်။
"ပုန်ကန်သူတွေနဲ့သစ္စာဖောက်ကောင်တွေကများ...မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ အုပ်ချုပ်သူအိမ်တော်ထဲကိုဝင်နေပြီးတော့ အမိန့်တွေပေးနေတာလဲ"
လုယွီက အေးစက်တင်းမာသောမျက်နှာအမူအယာဖြင့် ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
Chapter 1949
လုယွီက ရုတ်တရက် ခန်းမအတွင်းသို့ရောက်ရှိလာသဖြင့် လူတိုင်း၏မျက်လုံးအကြည့်များက သူ့ထံသို့ စူးစိုက်၍ကျရောက်လာသည်။
လုယွီ၏သံချပ်ကာဝတ်စုံကိုမြင်ချိန်တွင် သူတို့အားလုံး၏မျက်လုံးများအတွင်း၌ အံ့အားသင့်သွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
စတုတ္ထအဆင့်စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသလော....
သူတော်စင်ပင်လယ်ကြယ်နယ်မြေတွင် စတုတ္ထအဆင့်စစ်ဗိုလ်အရေအတွက် အမြောက်အများမရှိသည့်အပြင် ဤှကဲ့သို့လူငယ်စစ်ဗိုလ်ချုပ်တစ်ယောက် ရှိနေကြောင်းကိုလည်း သူတို့အားလုံး တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။
"မဟုတ်သေးဘူး...မင်းက ပိတ်ဆို့ထားမှုကိုဖြတ်ကျော်လာတဲ့ ရှားဟိုလီရဲ့လက်အောက်ငယ်သားမဟုတ်လား"
တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်၏။
ဘာ...
လူတိုင်းက ပုံတူစာရွက်ကို ထပ်မံ၍ကြည့်လိုက်ကြသည်။ထိုပုံတူသည် ယခုဝင်ရောက်လာသော လူငယ်နှင့် ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေသည်။
သူတို့သည် လုယွီအား ရှာဖွေရန်ကြံရွယ်နေကြစဥ်မှာပင် တစ်ဖက်လူသည် သူတို့၏ရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
"ဟား ဟား ဟား...အချိန်ကုန်ခံစရာမလိုတော့ဘူး...မင်းက ဒီနေရာကို ရောက်လာမှတော့ ငါတို့က မင်းကို လိုက်ရှာနေစရာမလိုတော့ဘူး"
"ကောင်လေး...မင်း လိမ်လိမ်မာမာနဲ့ ဒီနေရာကိုလာပြီး အသေခံလိုက်စမ်း...မင်းခေါ်လာတဲ့ကောင်တွေအကုန်လုံးကိုလည်း ငါတို့သတ်ပေးမယ်"
ခန်းမအတွင်း၌ရှိနေသော အရာရှိများက လှောင်ပြောင်ရယ်မောလိုက်ကြ၏။
သူတို့ထံတွင် အခိုင်အမာယုံကြည်ချက်ရှိနေရသောအကြောင်းအရင်းမှာ ပင်မခန်းမအတွင်း၌ မဟာစစ်ဗိုလ်ချုပ်သုံးယောက်ရှိနေခြင်းကြောင့်ပင်။
ထိုမဟာစစ်ဗိုလ်ချုပ်သုံးယောက်လုံးသည် မြေကမ္ဘာအင်မော်တယ်များဖြစ်သည့်အပြင် ရှန့်လင်းမြို့ရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများလည်းဖြစ်သည်။
သူတို့အတွက် စတုတ္ထဆင့်စစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်ဖြတ်ရန်မှာ သူတို့၏လက်ချောင်းများအား လှုပ်ခတ်လိုက်ရုံပင်။
ဟယ်ကောင်းဖေးသည် ထိတ်လန့်ကြောက်ရွံနေရာမှ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
သူသည် လုယွီကြောင့် ထိတ်လန့်ကြောက်ရွံပြီး စားပွဲခုံအောက်၌ပုန်းအောင်းခဲ့ရသည်ကို တွေးတောရင်း ဟယ်ကောင်းဖေး၏မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။
"အတင့်ရဲလှချည်လား...ဒီနေရာက အုပ်ချုပ်သူအိမ်တော်ရဲ့ အရေးကြီးတဲ့နေရာတစ်ခု...မင်းတို့လိုကောင်တွေ လက်နက်တွေကိုင်ပြီး လာကစားနေမယ့်နေရာမျိုး မဟုတ်ဘူး...မင်းရဲ့လူတွေအားလုံးကို နောက်ဆုတ်ခိုင်းလိုက်...ပြီးတာနဲ့ မင်း အပြစ်ဒဏ်ကိုခံယူရမယ်"
ဟယ်ကောင်းဖေးက သူ၏ရှေ့ရှိစားပွဲကို သူ့လက်ဖြင့်ရိုက်ပုတ်၍ ဒေါသတကြီးအော်ဟစ်လိုက်၏။
လုယွီက ခေါင်းမော့၍ ဟယ်ကောင်းဖေးကို စူးစိုက်၍ကြည့်လိုက်သည်။
"မင်းက အမိန့်ပေးနေတာလား...မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ"
ဟယ်ကောင်းဖေးက ထပ်မံ၍ ဒေါသတကြီး အော်ဟစ်လေသည်။
"မင်း ဘာစကားပြောတာလဲ"
"ငါက တော်ဝင်နန်းတော်ကနေခန့်အပ်ထားတဲ့ ရွှမ်းဝူစစ်ဗိုလ်ချုပ်တစ်ယောက်...ငါ့ဆီမှာ တော်ဝင်စစ်တပ်ရဲ့အရာရှိတံဆိပ်ပြားရှိတယ်...တခြားအရာရှိတွေတောင် ခုထိဘာမှမပြောသေးဘူး...မင်းက ဒီနေရာမှာ စကားဝင်ပြောဖို့ ဘာအရည်အချင်းရှိနေလို့လဲ...မင်းက လော့ရွှေကြယ်မြစ်ရဲ့အုပ်ချုပ်သူလား"
လုယွီ၏အသံက အေးစက်တင်းမာနေသည်။
ဟယ်ကောင်းဖေးသည် အလွန်ဒေါသထွက်နေပြီး သူ၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသော်လည်း သူ စကားတစ်ခွန်းမျှ ချေပပြောဆိုနိုင်ခြင်းမရှိချေ။
ဤသည်က အမှန်တရားပင်။
ဟယ်ကောင်းဖေးသည် အုပ်ချုပ်သူပလ္လင်ပေါ်တွင် ထိုင်နိုင်ခြင်းမှာ သူ၏ဖခင်သည် ရှုရာနတ်ဘုရား၏သံတမန်ဖြစ်နေသောကြောင့်ဖြစ်သည်။
ရှန့်လင်းမြို့၏ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်ဖြစ်သော ဟယ်ကောင်းဖေးသည် မြင့်မားသောအဆင့်အတန်းရှိသော်လည်း သူထံတွင် အရာရှိရာထူးအဆင့်အတန်း ရှိမနေချေ။
ယေဘုယျကျကျပြောဆိုရလျှင် သူသည် လုယွီကို အော်ငေါက်ရန်မဆိုထားနှင့် အုပ်ချုပ်သူအိမ်တော်အတွင်းသို့ ခြေတစ်လှမ်းချရန်ပင် အရည်အချင်းမပြည့်မီချေ။
ဟမ့်...
ဟယ်ကောင်းဖေးက အေးစက်စက်နှာမှုတ်ပြီး ပလ္လင်ပေါ်၌ ပြန်ထိုင်လိုက်၏။
ထိုအချိန်မှာပင် အရပ်ရှည်ပြီး တုတ်ခိုင်သန်မာသော သံမျက်နှာဖုံးဝတ်ဆင်ထားသည့် စစ်ဗိုလ်ချုပ်တစ်ယောက်သည် ရှေ့သို့ထွက်လာပြီး တင်းမာခက်ထန်သောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"သူက အရည်အချင်းမမှီဘူးဆိုရင်...ဒီဗိုလ်ချုပ်ကရော အရည်အချင်းပြည့်မီလား"
"မင်းက ဘယ်သူလဲ"
လုယွီက မေးမြန်းသည်။
"ငါက ရှန့်လင်းမြို့စောင့်တပ်ရဲ့မဟာစစ်ဗိုလ်ချုပ် ထန်ကျင်း"
ထန်ကျင်းက ခေါင်းမော့၍ ပြောဆိုလိုက်၏။
ပတ်ဝန်းကျင်ရှိ တခြားအရာရှိများသည် ထန်ကျင်းကို ကြည်ညိုလေးစားသောအကြည့်ဖြင့် ကြည့်နေကြသည်။
ယခင်က ထန်ကျင်းသည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုအတွင်းသို့ဝင်ရောက်ပြီး ထိုနေရာတွင်နေထိုင်သည့် ရက်စက်ကြမ်းကြုတ်သောမှော်သားရဲများနှင့်တိုက်ခိုက်ခဲ့သည်။သူသည် ထိုနေရာ၌ ချောင်ပိတ်မိနေခဲ့သော်လည်း အသက်သေဆုံးသွားခြင်းမရှိချေ။
အဆုံးသတ်၌ သူ၏ပုံပန်းသွင်ပြင်ပျက်စီးသွားခဲ့သော်လည်း အသက်သေဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ရာ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် ထန်ကျင်းသည် သူ၏ထူးချွန်ပြောင်မြောက်သော စစ်ရေးအောင်မြင်မှုများကြောင့် မဟာစစ်ဗိုလ်ချုပ်အဆင့်သို့ ရာထူးတိုးသွားခဲ့သည်။
ကောလဟာလများအရ မဟာစစ်ဗိုလ်ချုပ်ထန်ကျင်းသည် မှော်သားရဲများ၏ဝိုင်းရံပိတ်ဆို့ထားမှုအောက်မှ လွတ်မြောက်လာနိုင်ခဲ့ခြင်းမှာ သူ့ထံ၌ ရှေးဟောင်းကောင်းကင်ဘုံအမွေအနှစ်တစ်ခု ရှိနေခြင်းကြောင့်ဟု ဆိုကြ၏။
ထန်ကျင်းနှင့် ရာထူးအဆင့်တူသော မဟာစစ်ဗိုလ်ချုပ်များပင်လျှင် သူ့အား ထိတ်လန့်ကြောက်ရွံကြသည်။
ထန်ကျင်း၏စကားကိုကြားသည်နှင့် ခန်းမအတွင်းရှိလူများသည် ပို၍ယုံကြည်ချက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။
"ထန်ကျင်း...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...ခုချက်ချင်း မင်း အရှုံးပေးအညံခံလိုက်...ဒါဆိုရင် ငါ မင်းကို အသက်ချမ်းသာခွင့်ပေးမယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
လုယွီ၏စကားကိုကြားချိန်တွင် လူတိုင်းနီးပါးသည် သူ့အား နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ စူးစိုက်၍ ကြည့်လိုက်ကြ၏။
ထိုကောင်လေး အသိစိတ်ကင်းလွတ်သွားသလော....
Chapter 1950
ထန်ကျင်း၏နာမည်ကိုကြားသည်နှင့် လုယွီသည် သူ့အကန့်သတ်ကိုသူသိသွားမည်ဟု လူတိုင်းက မျှော်လင့်ထားကြသည်။
သို့ရာတွင် မမျှော်လင့်ဘဲ လုယွီသည် ထန်ကျင်းကိုထိပ်တိုင်ရင်ဆိုင်၍ စိန်ခေါ်နေခဲ့သည်။
ဤသည်က သေလမ်းရှာခြင်း မဟုတ်လော...
"ဟား ဟား ဟား...ငါက ရှန့်လင်းမြို့ထဲမှာပဲနေပြီး အပြင်မထွက်တာကြာလှပြီ....ကြည့်ရတာတော့ အပြင်မှာရှိတဲ့လူငယ်တွေက ပိုပိုပြီး မောက်မာဝံ့ကြွားလာကြပုံပဲ"
သံမျက်နှာဖုံးအောက်ရှိ ထန်ကျင်း၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။
ထန်ကျင်းက ခြေတစ်လှမ်းရှေ့တက်လိုက်သည်နှင့် အိမ်မောကျနေသော ကြောက်မက်ဖွယ်မှော်သားရဲကြီးတစ်ကောင် နိုးထလာသကဲ့သို့ သူ၏ခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောအရှိန်အဝါများ ပွင့်အံထွက်လာသည်။
သူ၏ခန္ဓာကိုယ်မှနေ၍ ပူပြင်းလောင်ကျွမ်းနေသော မီးတောက်များထွက်ပေါ်လာပြီး ရှည်လျားသောမီးတောက်နဂါးကြီးအဖြစ် ဖွဲ့စည်းသွားကာ ထန်ကျင်း၏ခန္ဓာကိုယ်ကိုလှည့်ပတ်၍ ရှေ့နောက် ပျံဝဲနေသည်။
အပူလှိုင်းများသည် အဘက်ဘက်သို့ ပျံ့နှံ့သွားသဖြင့် ခန်းမအတွင်းရှိအရာရှိတချို့သည် ကူကယ်ရာမဲ့စွာ နောက်သို့ဆုတ်လိုက်ကြရ၏။
"ဒါက ဗိုလ်ချုပ်ထန်ကျင်းရဲ့ခွန်အားလား"
"ဘယ်လောက်တောင် ပြင်းထန်တဲ့မီးတောက်လဲ...ဒါက သာမာန်မြေကမ္ဘာအင်မော်တယ်တစ်ယောက်ရဲ့အဆင့်ကို ကျော်လွန်သွားပြီ"
အရာရှိများသည် အံ့အားသင့်တုန်လှုပ်နေကြပြီး ထန်ကျင်းကို လေးစားကြည်ညိုသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။
"ကောင်လေး...မင်းက ငယ်ရွယ်ပြီး အစွမ်းထက်တဲ့သူပဲ...ဒါပေမယ့် မင်းရဲ့ထက်မြက်မှုကြောင့်ပဲ မင်း ဒုက္ခတွေ့ရတော့မယ်...ငါက ဒီနေ့ မင်းရဲ့ခြေထောက်တွေကို ရိုက်ချိုးပစ်တယ်...တကယ်လို့ မင်း ဒီနေရာကို ဘာလာလုပ်တာလဲဆိုတာ အမှန်အတိုင်း ငါ့ကိုပြောပြမယ်ဆိုရင်...ငါ မင်းရဲ့အသက်ကိုချမ်းသာပေးမယ်"
ထန်ကျင်းက သရော်တော်တော် ပြောဆိုလိုက်၏။သူက ခြေဆောင့်နင်းလိုက်ရာ မြေပြင်ပေါ်၌အက်ကွဲကြောင်းကြီးများ စွဲထင်ကျန်ရစ်ခဲ့သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြောက်တက်သွားပြီး ချက်ချင်းဆိုသလိုပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
ဘုန်း...
ပြင်းထန်သောလေတိုးသံများနှင့် အတူယှဥ်တွဲ၍ ထန်ကျင်းက လုယွီထံဦးတည်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ဤှကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်လက်သီးချက်မျိုးကို မြင်တွေ့ရချိန်တွင် ခန်းမအတွင်းရှိလူများသည် သူတို့အား ပစ်မှတ်ထား၍တိုက်ခိုက်နေသကဲ့သို့ ကြီးမားသောဖိအားအရှိန်အဝါကို ခံစားနေရသည်။
"ထန်ကျင်းက ငါ ကြားထားတဲ့အတိုင်းပါပဲလား...သူရဲ့စိတ်နှလုံးသားထဲမှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေနဲ့ပြည့်နေတယ်...အဲ့ဒီလူငယ်စစ်ဗိုလ်ချုပ်ကတော့ ဒုက္ခတွေ့တော့မှာပဲ"
"အမှန်ပဲ...ထန်ကျင်းက နှစ်တွေအကြာကြီးတိတ်ဆိတ်ငြိမ်သက်နေပေမယ့် အစွမ်းထက်တဲ့ ဘယ်မြေကမ္ဘာအင်မော်တယ်မဆို သူတို့ရဲ့စိတ်နှလုံးသားထဲမှာ မောက်မာဝံ့ကြွားမှုတွေရှိနေမှာပဲ...တကယ်လို့ သူက ဒီဂျုနီယာမျိုးဆက်လေးကို နည်းနည်းလေးတောင် ငဲ့ညှာမပေးဘူးဆိုရင်...နောင်အနာဂတ်မှာ သူ လူထုကို ဘယ်လိုဆွဲဆောင်စည်းရုံးနိုင်မှာလဲ"
လူအများထံမှ တိုင်ပင်ဆွေးနွေးသံအမြောက်အများထွက်ပေါ်လာသော်လည်း လူတိုင်းနီးပါးသည် လုယွီအပေါ် အထင်ကြီးခြင်းမရှိချေ။
တုန်လှုပ်ချောက်ချားဖွယ်ထိုးနှက်ချက်နှင့် ရင်ဆိုင်နေရသည့်တိုင် လုယွီက တစ်ချက်သာစောင်းငဲ့ကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။
"ကြည့်ရတာတော့ မင်းက တခြားနည်းလမ်းတစ်ခုကို ရွေးချယ်လိုက်ပုံပဲ"
စကားဆုံးသည်နှင့် လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ထိုလက်သီးချက်သည် ရိုးရှင်းပြီး သာမာန်ဆန်ကာ မည်သည့်ထူးခြားချက်မျှရှိပုံမရချေ။
ဘန်းခနဲမြည်သံနှင့်အတူ လက်သီးအားလှိုင်းနှစ်ခု ဖီလာဆန့်ကျင်ထိတွေ့သွားသည်။
သို့ရာတွင် လက်သီးချင်းထိတွေ့မိသော အချိန်အခိုက်အတန့်တွင် ထန်ကျင်း၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားပေ၏။
'ခရက် ခရက်'ဟူသော အသံများထွက်ပေါ်လာပြီး ထန်ကျင်း၏ညာဘက်လက်မှ လက်ကောက်ဝတ် ချက်ချင်းဆိုသလိုပင် ကျိုးပဲ့သွားသည်။သူ၏အရိုးအရွတ်နှင့်ကြွက်သားများသည် လိမ်ယှက်နေသည့်အလား တွန့်လိမ်ကောက်ကွေးသွားကာ ပုံပျက်သွားလေ၏။
ပြင်းထန်သောနာကျင်မှုကြောင့် ထန်ကျင်း၏နဖူးမှ ချွေးစေးများ ယိုစီးကျနေသည်။
"ထွက်သွားစမ်း"
လုယွီက လက်ဝါးတစ်ချက်ထပ်မံ၍ ရိုက်ထုတ်လိုက်ရာ ထန်ကျင်းသည် နောက်သို့ လေးမီတာ ငါးမီတာအကွာအဝေးထိ လွင့်ထွက်သွားသည်။
"ဒါက...ဘာတွေဖြစ်ကုန်တာလဲ"
"အဲ့ဒီကောင်လေးက လက်သီးတစ်ချက်တည်းနဲ့ ထန်ကျင်းကို လွင့်ထွက်သွားစေတာလား...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ပတ်ဝန်းကျင်ရှိလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ထန်ကျင်း၏ခွန်အားကြီးပုံကို သိရှိထားသူများအားလုံး၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားပေ၏။
ထန်ကျင်းက အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"မင်း ဒီလောက်ထိမောက်မာနေတာ အံ့အားသင့်စရာမရှိတော့ဘူး...မင်းက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကိုး"
"ရုပ်ခန္ဓာကိုယ်ကို ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်တဲ့သူတွေက ကောင်းကင်ဘုံရဲ့ချီးမြှောက်ခံပါရမီရှင်တွေပဲ...ကြည့်ရတာတော့ မင်းက မောက်မာဝံ့ကြွားပေမယ့် မောက်မာနိုင်တဲ့အရည်အချင်းမျိုး မင်းမှာရှိပုံရတယ်"
"ဒါပေမယ့် ငါ မင်းကို ပြောစရာရှိတယ်...မင်းနဲ့ငါကြားမှာရှိတဲ့ ကျင့်ကြံဆင့်နယ်ပယ်ကွာဟချက်ကို ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်နဲ့ မင်း ဘယ်လိုမှအနိုင်ယူနိုင်မှာမဟုတ်ဘူး"
ထျန်ကျင်းက ရုတ်တရက် ကျယ်လောင်စွာအော်ငေါက်လိုက်ပြီးနောက် ထိတ်လန့်ကြောက်ရွံဖွယ်မီးတောက်များက သူ၏ခန္ဓာကိုယ်မှထပ်မံ၍ မြင့်တက်လာသည်။
တစ်ချိန််တည်းမှာပင် သူ၏အရပ်အမြင့်သည် ယခင်ထက်နှစ်ဆနီးပါး မြင့်တက်လာပေ၏။