အခန်း (၁၉၅၆-၁၀၆၀)
Vol. 101 Ch. 1956-1960
Chapter 1956
နတ်ဆိုးဧကရာဇ်ကျို့ဖုန်း၏စိုက်ကြည့်ခြင်းကို ခံရသည်နှင့် ချောင်ပေနှင့်သိုက်ဖုန်းတို့ထံမှ ညည်းတွားသံများ တပြိုင်နက်တည်းထွက်ပေါ်လာပြီး သူတို့နှစ်ယောက်လုံး ကူကယ်ရာမဲ့စွာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြရသည်။
ဤှသည်က အစွမ်းထက်ကျင့်ကြံသူထံမှလာသော ဖိအားအရှိန်အဝါဖြစ်၍ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်မျှဖြင့် တောင့်ခံနိုင်ခြင်းမရှိချေ။
သို့ရာတွင် လုယွီ၏စိတ်နှလုံးသားတစ်ခုလုံး တည်ငြိမ်အေးဆေးနေဆဲဖြစ်ပြီး သူက တည်ငြိမ်နေသောလေသံဖြင့် ပြောဆိုလိုက်၏။
"အမှန်ပဲ...ငါက ပုန်းကွယ်နဂါးတပ်ခွဲရဲ့တပ်ခွဲမှူးပဲ"
သူသည် နတ်ဆိုးဧကရာဇ်၏ရှေ့သို့ရောက်နေသည့်တိုင် အလွန်တည်ငြိမ်နေနိုင်သေးသလော....
ယခုလက်ရှိနေရာတွင် ရှိနေသူများအားလုံး ကြက်သေသေသွားကြသည်။ဤသည်က သူတို့ စိတ်ကူးယဥ်တွေးတောထားသည်နှင့် များစွာကွဲပြားခြားနားနေသည်။
"သူက နေရာငယ်လေးတစ်ခုကနေလာလို့ နတ်ဆိုးဧကရာဇ် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို မသိတာပဲဖြစ်မယ်"
အရာရှိတစ်ယောက်က ခနဲ့တဲ့တဲ့ ပြောဆိုသည်။
တခြားအရာရှိများကလည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။
သူတို့အားလုံး၏အမြင်တွင် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် ရန်စစော်ကား၍မရသော တည်ရှိမှုကြီးများပင်။
ရွှယ်အင်မော်တယ်တစ်ယောက်နှင့် တန်းတူအဆင့်ရှိသော နတ်ဆိုးဧကရာဇ်တစ်ယောက်ကို သူတို့အားလုံး ထိတ်လန့်ကြောက်ရွံကြသည်မှာ သမားရိုးကျကိစ္စတစ်ခုသာဖြစ်သည်။
လူနည်းစုကသာ အစွမ်းထက်သော နတ်ဆိုးဧကရာဇ်တစ်ယောက်ကို ရန်စစော်ကားဝံ့ပေ၏။
ကျို့ဖုန်း၏မျက်ခုံးများ မြင့်တက်သွားသည်။
"နင်က တော်တော်သတ္တိကောင်းတာပဲ...ငါက လီလုံချင်းကိုရှာဖို့ ဒီလူတွေကိုခိုင်းထားတာ...ဒါကို နင်က တိုက်ခိုက်ရဲတယ်...နင်က ဒီဧကရာဇ်ကို အထင်သေးနေတာလား"
ထိုစကားများကိုပြောဆိုနေစဥ်တွင် ကျို့ဖုန်းက တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို ထုတ်လွှက်ထားသည်။
လုယွီ၏မျက်နှာက တည်ငြိမ်အေးဆေးနေဆဲပင်။
"ငါက ဘာလို့ မင်းကို ကြောက်နေရမှာလဲ...ဒီနေရာက လူသားမျိုးနွယ်တွေရဲ့မြို့တစ်မြို့...မင်းက တာယွီအင်ပါယာရဲ့ပိုင်နက်နယ်မြေထဲကို ရောက်နေတာ...တကယ်လို့ မင်းက ငါ့ကိုသတ်လိုက်မယ်ဆိုရင်...မင်းက နတ်ဆိုးဧကရာဇ်တစ်ယောက် ဖြစ်နေရင်တောင် တော်ဝင်စစ်တပ်ရောက်လာတာနဲ့ မင်း အမှုန်အမွှားဘဝကို ပြောင်းလဲသွားရလိမ့်မယ်"
"ဟမ့်...နင်က တော်ဝင်နန်းတော်ရဲ့နာမည်နဲ့ ငါ့ကိုခြိမ်းခြောက်ချင်တာလား"
ကျို့ဖုန်းက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"ငါက နတ်ဆိုးမျိုးနွယ်တွေရဲ့ဧကရာဇ်တစ်ယောက်....ငါ့ကို ကူညီထောက်ပံပေးနေတဲ့ နတ်ဆိုးမျိုးနွယ်တွေ အများကြီးရှိတယ်...နင့်ပါးစပ်ကနေပြောနေတဲ့ တော်ဝင်နန်းတော်ဆိုတာ အရင်တုန်းကလိုမျိုး အင်အားကောင်းတဲ့တည်ရှိမှုကြီးမဟုတ်တော့ဘူး...တကယ်လို့ သူတို့က ငါ့ကိုသတ်ချင်တယ်ဆိုရင်တောင် တန်ကြေးကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်...နင့်လိုဂျူနီယာတစ်ယောက်အတွက်နဲ့ တော်ဝင်နန်းတော်က ငါ့ကိုလာတိုက်ခိုက်မယ်လို့ နင်ထင်လား"
လုယွီက ခေါင်းခါပြပြီး ဆက်လက်ပြောဆိုသည်။
"ငါ ပြောတာက အကြောင်းအရင်းတွေအများကြီးထဲက တစ်ခုပဲရှိသေးတယ်"
အမ်...
ကျို့ဖုန်း၏မျက်နှာပေါ်၌ ရုတ်တရက် စိတ်ဝင်စားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။သူမသည် လုယွီကို တိုက်ရိုက်တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်းမရှိချေ။သူမက လုယွီသည် မည်သည့်အရာကို မှီခိုအားထား၍ ဤမျှအထိတည်ငြိမ်အေးဆေးနေသည်ကို သိရှိလိုခြင်းပင်။
"ဟား ဟား ဟား...နဝမညီမလေး...လီလုံချင်းက ဒီနေရာမှာလား"
ထိုအချိန်မှာပင် ကြမ်းတမ်းသောအသံတစ်သံက လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။
ထိုအသံသည် မိုးခြိမ်းသံနှင့်တူညီပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်ကိုပင် တုန်ခါသွားစေသည်။ကျင့်ကြံဆင့်နိမ့်ပါးသူတချို့သည် သူတို့၏နားများအူသွားပြီး မူးဝေလာမှုကို ခံစားလိုက်ရ၏။
ကြမ်းတမ်းသောချည်သားဝတ်စုံကို ဝတ်ဆင်ထားသော လူထွားကြီးတစ်ယောက်သည် တိမ်တိုက်များအကြားမှ ထွက်ပေါ်လာသည်ကို လူများအားလုံး တွေ့မြင်လိုက်ရသည်။
ထိုလူထွားကြီးသည် လူသားတစ်ယောက်နှင့်တူညီသော်လည်း လူများသည် ပထမဆုံးအကြိမ် သူ့ကိုမြင်တွေ့မိသည်နှင့် မြင့်မားသောတောင်တစ်လုံးကို မြင်ရသကဲ့သို့ ခံစားမိပေမည်။
ဤမြင့်မားသောတောင်ကြီးသည် လူအများအား ကျော်လွှား၍မရနိုင်ဟူသော စိတ်ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
"နတ်ဆိုးဧကရာဇ်လီရှန်...သူက တကယ်ကြီး ရောက်လာခဲ့တာလား"
"ကောလဟာလတွေအရတော့...သူ့ရဲ့အစစ်အမှန် မူလပုံစံက မြေနဂါးတစ်ကောင်ပဲ...နောက်ပိုင်းမှာ သူက အခွင့်အရေးကြောင့် ဘိုးဘေးမှတ်ဥာဏ်တွေ နိုးထလာပြီးတော့ ဒီအဆင့်ထိတက်လှမ်းလာခဲ့တာပဲ"
"ဒါက တကယ့်ကို တုန်လှုပ်ချောက်ချားစရာပဲ...သူက နတ်ဆိုးဧကရာဇ် ကျို့ဖုန်းထက်တောင် ပိုပြီးသန်မာအားကောင်းတယ်"
လူထွားကြီး ထွက်ပေါ်လာခြင်းကိုမြင်သည်နှင့် ချောင်ပေ၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် ပျက်ယွင်းသွားသည်။
ယခင်က နတ်ဆိုးဧကရာဇ်ကျို့ဖုန်း ထွက်ပေါ်လာသည်ကပင် သူတို့အားလုံး၏စိတ်ဓာတ်များကို ကျဆင်းသွားစေပြီးဖြစ်သည်။
ယခုလက်ရှိချိန်၌ နောက်ထပ်နတ်ဆိုးဧကရာဇ်တစ်ယောက် ထပ်မံ၍ရောက်ရှိလာပေရာ သူတို့ထံ၌ ပြောစရာစကားမရှိတော့ချေ။
ဤသည်က သူတို့အားလုံး အမှန်တကယ် သေဆုံးရတော့မည့် အခြေအနေမျိုးပင်။
ကျို့ဖုန်းက သူမ၏ဆံပင်များကို သူမ၏လက်ဖြင့်ဆော့ကစားရင်း ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ငါက စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်ငယ်လေးတစ်ယောက်ကိုတွေ့လို့ သူ့ကို နည်းနည်းကျီစားနေတာပါ...အဲ့ဒီကောင်လေးက ငါ လီလုံချင်းကိုရှာခိုင်းထားတဲ့လူတွေကို သတ်ဖြတ်ခဲ့တယ်...ငါ သူ့ကို ဘယ်လိုအပြစ်ဒဏ်မျိုးပေးသင့်လဲ"
ဟမ်...
နတ်ဆိုးဧကရာဇ်လီရှန်က လုယွီကို စောင်းငဲ့ကြည့်ပြီး ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုလိုက်၏။
"မင်း ဘယ်လိုအပြစ်မျိုး ပေးစေချင်လဲ...သူ့ရဲ့အရေခွံနဲ့အရွတ်တွေကိုခွာ...သူ့ရဲ့အသားကို အပိုင်းပိုင်းအစစခုတ်ပိုင်းပြီး...သူ့ရဲ့စိတ်ဝိညာဥ်ကို ကျွန်အဖြစ် ခိုင်းစေကြမလား"
Chapter 1957
"နတ်ဆိုးဧကရာဇ်လီရှန်ရဲ့တိုက်ခိုက်မှုကိုသာ ခံယူရရင်...ဒီကောင်လေး သေဆုံးရမှာသေချာတယ်"
"နတ်ဆိုးဧကရာဇ်လီရှန်က အရမ်းရက်စက်ကြမ်းကြုတ်တယ်လို့ ငါ ကြားဖူးတယ်...သူ့ရဲ့လက်ထဲကိုရောက်သွားတဲ့လူအများစုက သေတာထက်ဆိုးတဲ့ဘဝကို ရောက်သွားတာပဲ"
"ဟား ဟား ဟား ..ဒီကောင်လေးက အကောင်းအဆိုးကိုတောင် ခွဲခြားမသိဘဲနဲ့ တည်ငြိမ်ချင်ယောင်ဆောင်နေတယ်...နတ်ဆိုးဧကရာဇ်လီရှန် သူ့ကိုဖမ်းမိတာနဲ့ သူ့ရဲ့အကန့်အသတ်ကို သူ သိသွားလိမ့်မယ်"
ခန်းမအတွင်းမှထွက်လာသော ပုန်ကန်သူအရာရှိများသည် သူတို့ရှေ့ရှိမြင်ကွင်းကို အေးစက်စက်အကြည့်များဖြင့် ကြည့်နေကြ၏။
သူတို့၏အမြင်အရ ဤတစ်ကြိမ်တွင် လုယွီသည်လသေချာပေါက် ဒုက္ခတွေ့ရပေမည်။
"အိုက်ယား...နင်က တိုက်ခိုက်သတ်ဖြတ်ဖို့ကိုပဲ တွေးနေတာပါလား...ဒီကောင်လေးက နည်းနည်းတော့ စိတ်ဝင်စရာကောင်းတယ်...ငါက သူ့ကိုဖမ်းဆီးပြီး ကျွန်အဖြစ်ထားထားတာ ပိုမကောင်းဘူးလား"
နတ်ဆိုးဧကရာဇ်ကျို့ဖုန်းက သူမ၏လှပသောမျက်လုံးများဖြင့် လုယွီကို စုန်ချည်ဆန်ချည်ကြည့်နေသည်။
နတ်ဆိုးဧကရာဇ်ကျို့ဖုန်းက ရယ်မောပြီး သူ၏လည်ပင်းကို အနည်းငယ်အကြောဆန့်ကာ ကောက်ကျစ်ယုတ်မာသောအပြုံးဖြင့် ပြောဆိုလိုက်၏။
"နဝမညီမလေးက သူ့ကို သဘောကျနေတယ်ဆိုတော့လည်း...ငါက မင်းအတွက် သူ့ကိုဖမ်းပေးရမှာပေါ့!
စကားဆုံးသည်နှင့် နတ်ဆိုးဧကရာဇ်လီရှန်က လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်ရာ မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
နတ်ဆိုးဧကရာဇ်လီရှန်၏ခြေထောက်အောက်ရှိ မူလကပြန့်ပြူးနေသောမြေပြင် ရုတ်တရက် အက်ကွဲသွားလေ၏။ထိုအက်ကွဲကြောင်းအကြားမှနေ၍ ရုတ်တရက် ကြီးမားသောကျောက်သားလက်ကြီးတစ်ဖက်ထွက်ပေါ်လာပြီး လုယွီကို ဖမ်းဆုပ်လိုက်သည်။
"ငါ့ရဲ့အရှင်ကို နာကျင်အောင်မလုပ်နဲ့"
အောင်းကွမ်းက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီး လက်သည်းငါးချောင်းရွှေရောင်နဂါးအသွင်သို့ ပြောင်းလဲလိုက်၏။သူသည် နဂါးတစ်ကောင်၏အရှိန်အဝါကို ထုတ်လွှင့်ပြီး ကျောက်သားလက်ကြီးကို ရိုက်နှက်လေသည်။
ကျောက်သားလက်ကြီးပေါ်တွင် မြောက်များစွာသောအက်ကွဲကြောင်းများ ထွက်ပေါ်လာပြီး ထိုအရာ၏အပေါ်ယံရှိ ကျောက်တုံးများအားလုံး ကြေမွပျက်စီးသွားတော့သည်။
သို့ရာတွင် ကျောက်သားလက်ကြီးအတွင်း၌ အလွန်ကြီးမားသောစွမ်းအားများ ပါဝင်နေပြီး ယခုလက်ရှိ အောင်းကွမ်း၏အဆင့်ဖြင့် ခုခံနိုင်မည့်အရာမျိုးမဟုတ်ချေ။
ထိုကျောက်သားလက်ကြီး၏ရိုက်ချက်ကြောင့် အောင်းကွမ်းသည် နာကျင်မှုကိုခံစားလိုက်ရပြီး စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။
"ဒါက လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင် မဟုတ်လား...ဟား ဟား ဟား...ဒီတစ်ကြိမ်ရိတ်သိမ်းနိုင်မှုက မနည်းဘူးပဲ"
အောင်းကွမ်းကိုမြင်သည်နှင့် နတ်ဆိုးဧကရာဇ်လီရှန်၏မျက်လုံးများ တောက်ပသွားသည်။
သူသည် နဂါးမျိုးနွယ်ဝင်ဖြစ်သော်လည်း သူ၏အစစ်အမှန်ပုံစံမှာ မြေနဂါးတစ်ကောင်သာဖြစ်သည်။
အကယ်၍ အောင်းကွမ်းကိုဖမ်းဆီးပြီး အစစ်အမှန်နဂါးသွေးမျိုးဆက်ကို ဝါးမျိုနိုင်ပါက သူ၏ကျင့်ကြံခြင်းတွင် များစွာတိုးတက်မှုများ ရရှိသွားနိုင်သည်။
"နဝမညီမလေး...အဲ့ဒီကောင်လေးက မင်းရဲ့အပိုင်ပဲ...ဒါပေမယ့် ဒီနဂါးကိုတော့ ငါက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မယ်"
နတ်ဆိုးဧကရာဇ်လီရှန်က ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး သူက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလိုက်၏။
ဘုန်း....ဘုန်း...ဘုန်း...
နတ်ဆိုးဧကရာဇ်လီရှန်၏ချဥ်းကပ်လာမှုနှင့်အတူ အစွမ်းထက်သောစွမ်းအားလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ်ပင်လျှင် တဖြည်းဖြည်းတွန့်လိမ်စပြုလာသည်။
သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပတ်ဝန်းကျင်ရှိဥပဒေသများ သက်ရောက်လာပုံရပြီး လူတိုင်း၏စိတ်နှလုံးသားများကို တုန်ရီသွားစေသည်။
"ဒါက ရွှယ်အင်မော်တယ်တစ်ယောက်ရဲ့စွမ်းအားလား...ဒီစွမ်းအားက မိုးကောင်းကင်တာအိုကိုတောင် အပြောင်းအလဲတွေဖြစ်အောင် သက်ရောက်စေနိုင်တာပဲ"
ထိုမြင်ကွင်းကိုကြည့်ပြီး ချောင်ပေနှင့်သိုက်ဖုန်းတို့၏မျက်နှာများ ဖြူရော်နေသည်။
သူတို့သည် လုယွီကို ကူညီလိုသော်လည်း သူတို့ထံ၌ အကူအညီပေးနိုင်သောစွမ်းအားမျိုးမရှိချေ။
နတ်ဆိုးဧကရာဇ်၏ရှေ့တွင် သူတို့၏စိတ်ဝိညာဥ်များကို အပြည့်အဝဖိနှိပ်ခံထားရသဖြင့် သူတို့၏မှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းပင်မရှိချေ။
ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် တည်ရှိမှုကြီးနှင့် ရင်ဆိုင်နေရသဖြင့် လုယွီသည် အစွမ်းထက်သူတစ်ယောက်ဖြစ်သည့်တိုင် အရှုံးပေးအညံခံရုံသာ တက်နိုင်ပေမည်။
အကြွင်းမဲ့စွမ်းအားမျိုးနှင့်ရင်ဆိုင်ရချိန်တွင် မည်သည့်နည်းလမ်းမဆို အလွန်အမင်း အားနည်းနေပေလိမ့်မည်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် ယခင်အတိုင်း မပြောင်းမလဲတည်ငြိမ်နေဆဲဖြစ်မည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။
"နတ်ဆိုးဧကရာဇ်လီရှန်...တကယ်လို့ မင်းနေရာမှာ ငါသာဆိုရင် မဆင်မခြင်လုပ်မှာမဟုတ်ဘူး"
လုယွီက ရုတ်တရက် သူ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။
ထိုမြင်ကွင်းကိုမြင်သော လူများအားလုံးက တပြိုင်နက်တည်း စူးစိုက်၍ကြည့်လိုက်ကြသည်။
ဖြစ်နိုင်သည်က လုယွီထံတွင် နတ်ဆိုးဧကရာဇ်ကိုရင်ဆိုင်နိုင်သော နည်းလမ်းတစ်ခု အမှန်တကယ် ရှိနေသလော....
"သူက တော်ဝင်နန်းတော်ကအရာရှိဆိုတဲ့ အဟန့်အတားက အစွမ်းထက်တဲ့နတ်ဆိုးဧကရာဇ်တွေပေါ်မှာ သက်ရောက်မှုမရှိဘူးဆိုတာကို မသိတဲ့ပုံပဲ...တကယ်လို့ တော်ဝင်နန်းတော်က လူတွေစေလွှက်ပြီး လိုက်လံဖမ်းဆီးရင်တောင် နတ်ဆိုးဧကရာဇ်တွေက ကြယ်မြစ်တွေကို ခုန်ကျော်ထွက်ပြေးပြီး ဝေးလံခေါင်သီတဲ့ကြယ်နယ်မြေတွေမှာ ခိုလှုံပုန်းအောင်းနေလို့ရတယ်"
ပုန်ကန်သူအရာရှိများက ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သရော်တော်တော်ပြောဆိုလိုက်ကြ၏။
သူတို့၏အမြင်အရ လုယွီ၏တံဆိပ်ပြားသည် တော်ဝင်နန်းတော်၏အရာရှိတံဆိပ်ပြားမှလွဲ၍ တခြားအရာမဖြစ်နိုင်ချေ။
သို့ရာတွင် လုယွီ၏လက်အတွင်းရှိ တံဆိပ်ပြားကိုမြင်သည်နှင့် နတ်ဆိုးဧကရာဇ်လီရှန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
"မင်း....မင်းက ဘယ်သူလဲ"
နတ်ဆိုးဧကရာဇ်လီရှန်သည် လုယွီ၏လက်အတွင်းရှိတံဆိပ်ပြားကို စူးစိုက်၍ကြည့်နေပြီး သူ၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
Chapter 1958
မူလက အလွန်စိတ်အားတက်ကြွစွာ လျှောက်လှမ်းသွားသော နတ်ဆိုးဧကရာဇ်လီရှန်၏ခြေလှမ်းများသည် အလွန်ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ရပ်တန့်သွားသည်ကို လူများအားလုံး မြင်တွေ့လိုက်ရ၏။
အမ်...
နတ်ဆိုးဧကရာဇ်ကျို့ဖုန်းထံမှ ရုတ်တရက် အံ့အားတသင့်ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်။သူမက လက်ကိုလက်ကိုဆန့်ထုတ်ပြီးနောက် ပြန်ရုတ်လိုက်ရာ လုယွီ၏လက်အတွင်းမှ တံဆိပ်ပြားက သူမ၏လက်အတွင်းသို့ ရောက်ရှိလာသည်။
နတ်ဆိုးဧကရာဇ်ကျို့ဖုန်းသည် တံဆိပ်ပြားကို ဂရုတစိုက် လေ့လာဆန်းစစ်ပြီးနောက် သူမ၏မျက်နှာအယာသည် များစွာပို၍ တည်ကြည်လေးနက်သွားသည်။
"နင် ဒီတံဆိပ်ပြားကို ဘယ်နေရာက ရလာတာလဲ"
နတ်ဆိုးဧကရာဇ်ကျို့ဖုန်းက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
လုယွီက သူမ၏မျက်နှာကိုစေ့စေ့ကြည့်ပြီး နှိမ့်ချခြင်းမရှိ ဝံ့ကြွားခြင်းလည်းမရှိသောလေသံဖြင့် ပြောဆိုလိုက်၏။
"ဒါက သူ ငါ့ကို ပေးလိုက်တာပဲ"
ထိုတံဆိပ်ပြားသည် အပြစ်သားပင်လယ်ကြယ်နယ်မြေတွင် ပင်လယ်သူတော်စင်မှနေ၍ လုယွီအားပေးလိုက်သော တံဆိပ်ပြားဖြစ်သည်။
အတိတ်တွင် ပင်လယ်သူတော်စင်သည် နတ်ဆိုးသူတော်စင်တစ်ပါးဖြစ်ပြီး မရေမတွက်နိုင်သော နတ်ဆိုးမျိုးနွယ်များသည် သူ၏အမိန့်ကို နာခံကြရသည်။
ပင်လယ်သူတော်စင် ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း မည်သည့်နတ်ဆိုးကမျှ သူ၏အဆင့်အတန်းကို စိန်ခေါ်ဝံ့ခြင်းမရှိချေ။
အမှန်အားဖြင့် မြောက်မြားစွာသောနတ်ဆိုးမျိုးနွယ်တို့သည် ဘိုးဘေးခန်းမများကိုတည်ဆောက်၍ ပင်လယ်သူတော်စင်ကို နေ့စဥ်နေ့တိုင်း အမွှေးတိုင်များ ထွန်းညှိပူဇော်ကာ ဝတ်ပြုကိုးကွယ်ကြသည်။
"ဒီတံဆိပ်ပြားကိုမြင်တွေ့တာက သူ့ကိုမြင်တွေ့တာနဲ့အတူတူပဲလို့ ပင်လယ်သူတော်စင်က ပြောခဲ့ဖူးတယ်....ပင်လယ်သူတော်စင်က ဒီတံဆိပ်ပြားကို လူသားမျိုးနွယ်တစ်ယောက်ဆီ ပေးလိုက်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
နတ်ဆိုးဧကရာဇ်ကျို့ဖုန်းက ရိုသေလေးစားသောအမူအယာဖြင့် တံဆိပ်ပြားကို လုယွီထံပြန်ပေးကာ ချက်ချင်းဆိုသလိုပင် သူမက ဦးညွှတ်၍ အရိုအသေပြုလိုက်၏။
"ကျို့ဖုန်းက အရှင်ငယ်လေးကို အရိုအသေပြုပါတယ်"
နတ်ဆိုးဧကရာဇ်လီရှန်ကလည်း ရိုသေလေးစားစွာ ပြောဆိုသည်။
"လီရှန်က အရှင်ငယ်လေးကို ကြိုဆိုနှုတ်ဆက်ပါတယ်"
ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်းက သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ကာ ကြက်သေသေနေကြသည်။
ဤှသည်က နတ်ဆိုးဧကရာဇ်များ မဟုတ်လော...
နတ်ဆိုးမျိုးနွယ်များ၏ဧကရာဇ်များသည် ရွှယ်အင်မော်တယ်နှင့် ညီမျှသော တည်ရှိမှုကြီးများဖြစ်သည်။
မမျှော်လင့်ဘဲ သူတို့သည် လုယွီအား ဦးညွှတ်၍ အရိုအသေပြုနေကြ၏။
ဤှသည်က ဧကရာဇ်နှစ်ပါးသည် သာမာန်လူတစ်ယောက်ကို ဦးညွှတ်၍အရိုအသေပြုနေသည်နှင့်တူညီပြီး မည်သို့မျှ ကျိုးကြောင်းဆီလျော်ခြင်းမရှိချေ။
"သူ့ရဲ့လက်ထဲက တံဆိပ်ပြားက ဘာများပါလိမ့်...နတ်ဆိုးဧကရာဇ်နှစ်ပါးတောင် သူ့ကိုဦးညွှတ်အရိုအသေပြုပြီး အရှုံးကိုဝန်ခံလိုက်ရတယ်"
ချောင်ပေသည် အံ့အားသင့်တုန်လှုပ်နေပြီး သူ့ထံ၌ ပြောစရာစကားလုံးပင် မရှိတော့ပေ။
သူသည် သူတော်စင်ပင်လယ်ကြယ်နယ်မြေတွင် တပ်စခန်းချထားသူဖြစ်၍ ထိုနတ်ဆိုးဧကရာဇ်နှစ်ပါး၏ခွန်အားကို ကောင်းစွာသိရှိထားသည်။
အကယ်၍ အုပ်ချုပ်သူလီလုံချင်းသာ ဤနေရာ၌မရှိပါက ထိုနတ်ဆိုးဧကရာဇ်နှစ်ပါးသည် သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်ရှိ လူသားမျိုးနွယ်များအားလုံးကို ဝါးမျိုပြီးဖြစ်ပေမည်။
ထိုနတ်ဆိုးဧကရာဇ်နှစ်ပါးသည် သနားကြင်နာတက်သော လူကောင်းများမဟုတ်ချေ။
"ကြည့်ရတာတော့ ဒီတစ်ယောက်က ဘယ်လိုနည်းနဲ့မှ သာမာန်လူမဖြစ်နိုင်ဘူး"
ချောင်ပေက တီးတိုးရေရွတ်လိုက်ပြီး သူ၏စိတ်နှလုံးသားအတွင်းရှိ လုယွီ၏ပုံရိပ်သည် ပို၍ပို၍လျှို့ဝှက်ဆန်းကြယ်လာသည်။
လုယွီက ပြောဆိုသည်။
"မင်းတို့နှစ်ယောက်...မင်းတို့ရဲ့လူတွေကိုခေါ်ပြီး ရှန့်လင်းမြို့ထဲကနေထွက်သွားတော့...ရှုရာနတ်ဘုရားရဲ့အရေးကိစ္စမှာ ဘယ်နတ်ဆိုးမျိုးနွယ်မှ ပါဝင်ပတ်သတ်မှုမရှိရဘူး"
"ကျွန်တော်တို့က အရှင်ငယ်လေးရဲ့အမိန့်ကို လိုက်နာပါ့မယ်"
လီရှန်နှင့်ကျို့ဖုန်းတို့သည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းနေခြင်းမရှိချေ။
နတ်ဆိုးဧကရာဇ်လီရှန်သည် ရုတ်တရက် မိုးကောင်းကင်ယံကို မော့ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်လိုက်သည်။ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော သားရဲဟိန်းသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားလေ၏။
ထိုဟိန်းဟောက်သံကိုကြားသော နတ်ဆိုးမှော်သားရဲများအားလုံးသည် ချက်ချင်းဆိုသလိုပင် နောက်သို့ပြန်လှည့်၍ ရှန့်လင်းမြို့အတွင်းမှ ထွက်ခွာသွားကြသည်။
ရှန့်လင်းမြို့အတွင်း၌ ဆူပူသောင်းကြမ်းနေသည့် မြောက်မြားစွာသော နတ်ဆိုးမှော်သားရဲများသည် မြို့အတွင်းမှ အလျှင်အမြန် ထွက်ခွာသွားကြပြီး နတ်ဆိုးသားရဲဘုရင်များပင် ချွင်းချက်မရှိချေ။
ဤသည်က နတ်ဆိုးဧကရာဇ်၏အမိန့်တော်ဖြစ်ပြီး မည်သည့်နတ်ဆိုးမှော်သားရဲမျှ မလိုက်နာဘဲ မနေဝံ့ပေ။
အမွှေးတစ်တိုင်လောင်ကျွမ်းချိန်စာအတွင်းမှာပင် ရှန့်လင်းမြို့အတွင်း၌ မည်သည့်နတ်ဆိုးမှော်သားရဲအရိပ်အယောင်မျှ မမြင်တွေ့ရတော့ချေ။
နောက်ဆုံး၌ ပုန်ကန်သူအရာရှိများအားလုံး ထိတ်လန့်ကြောက်ရွံစပြုလာသည်။
သူတို့၏ခွန်အားသီးသန့်ဖြင့် ဤကဲ့သို့ မုန်တိုင်းထန်သောကိစ္စမျိုးဖန်တီးရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။
"နတ်ဆိုးဧကရာဇ်...ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့...ကျွန်တော်တို့က မြင့်မြတ်တဲ့နတ်ဘုရားရဲ့ရှေ့မှာ မဟာမိတ်ဖွဲ့ထားကြတာလေ"
ပုန်ကန်သူအရာရှိများအနက်မှတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။
ဟမ့်...
နတ်ဆိုးဧကရာဇ်လီရှန်သည် ထိုအရာရှိကို တစ်ချက်ကြည့်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ကျယ်လောင်သောအသံတစ်သံနှင့်အတူ ကြီးမားသောအားလှိုင်းတစ်ရပ်က ချက်ချင်းဆိုသလိုပင် ထိုအရာရှိ၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစကြေမွှပျက်စီးသွားတော့သည်။
"ဒီဧကရာဇ်က မင်းလိုကောင်မျိုးကို အရာအားလုံးပြောပြနေဖို့ လိုအပ်လို့လား...တကယ်လို့ ငါ့ရှေ့မှာထပ်ပြီး စကားပြောဆိုဝံ့တဲ့ကောင်ရှိရင် ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်"
နတ်ဆိုးဧကရာဇ်လီရှန်က အေးစက်တင်းမာသောလေသံဖြင့် အော်ငေါက်လိုက်ရာ ပုန်ကန်သူအရာရှိများအားလုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်လှုပ်သွားကြ၏။
"အရှင်ငယ်လေး...ကျွန်တော်တို့ ထွက်သွားပါတော့မယ်"
လီရှန်နှင့်ကျို့ဖုန်းတို့သည် လုယွီကို နှုတ်ဆက်၍အရိုအသေပြုပြီးနောက် ထွက်ခွာသွားတော့သည်။
ဤမြင်ကွင်းကိုကြည့်ပြီး လူအများက ကြက်သေသေနေသောအကြည့်များဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ဤကဲ့သို့ ဖြစ်ပျက်သွားမည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
Chapter 1959
"အောင်းကွမ်း...လီကျင်းရှန့်...သိုက်ဖုန်း...အခုချက်ချင်း စစ်တပ်ကိုဦးဆောင်ပြီး ပြင်ဆင်ထားလိုက်...ငါ ပြန်လာတဲ့အချိန်ကျရင် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကို စစ်ကူသွားပေးမယ်"
လုယွီက ပြောဆိုသည်။
"ဟုတ်ကဲ့"
"အမိန့်အတိုင်းပါ အရှင်"
လူသုံးယောက်လုံးက တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြ၏။
လုယွီက ထပ်မံ၍ ချောင်ပေကို ကြည့်လိုက်သည်။
"ဗိုလ်ချုပ်ချောင်...အခုချိန်မှာ သူတော်စင်ပင်လယ်ကြယ်နယ်မြေက ဖရိုဖရဲဖြစ်နေတယ်...မင်း ငါ့ရဲ့အမိန့်အောက်မှာ ယာယီတာဝန်ထမ်းဆောင်တာ ပိုကောင်းလိမ့်မယ်"
ထို့နောက် လုယွီက နဂါးအစောင့်တံဆိပ်ပြားကို ချောင်ပေအား ပြသလိုက်သည်။
"ဒါဆို အရှင်က နဂါးအစောင့်တစ်ယောက်ပေါ့"
ချောင်ပေက ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်၏။
"ကျွန်တော်က အရှင့်ရဲ့အမိန့်ကိုနာခံဖို့ ဆန္ဒရှိပါတယ်"
အထူးသီးသန့်အခြေအနေမျိုးနှင့် ရင်ဆိုင်နေရချိန်တွင် နဂါးအစောင့်များသည် အနီးအနားပတ်ဝန်းကျင်ရှိစစ်တပ်များကို စီမံခန့်ခွဲနိုင်ခွင့်ရှိသည်။
ထို့ပြင် လုယွီ၏နည်းလမ်းများကို ဆက်တိုက်ကြုံတွေ့ရပြီးနောက် ချောင်ပေသည် လုယွီ၏အရည်အချင်းများအပေါ် လေးစားကြည်ညိုနေမိသည်။
ဤကဲ့သို့အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နောက်သို့ လိုက်ခြင်းသည် သူ့အတွက် ဆိုးရွားသောအရာမဖြစ်နိုင်ချေ။
"အရှင်...ဒီပုန်ကန်သူတွေကို ဘာလုပ်ရမလဲ"
သိုက်ဖုန်းက မေးမြန်းသည်။
လုယွီက ပုန်ကန်သူအရာရှိများကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်၏။
"ငါတို့က သူတို့ကို ဂရုစိုက်နေဖို့ မလိုအပ်ဘူး...သူတို့ကံကြမ္မာ သူတို့ ဖန်တီးသွားလိမ့်မယ်"
မည်သို့ပင်ဆိုစေကာမူ ရှုရာနတ်ဘုရားသေဆုံးသွားသောသတင်းသည် မကြာမီမှာပင် ပျံ့နှံ့သွားပေမည်။
ထိုအချိန်ကျလျှင် ဤပုန်ကန်သူတစ်စုသည် သူတို့၏ကံကြမ္မာကို သူတို့ကိုယ်တိုင်ဖန်တီးပြီးဖြစ်သဖြင့် သူတို့နှင့်ထိုက်တန်သောပြစ်ဒဏ်များကို ရရှိသွားပေမည်။
"ဖေးထျန်ကွမ်းက ဘယ်နေရာမှာလဲ"
လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှက်၍ သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်သို့ ဖြန့်ကျက်လိုက်၏။
သူတော်စင်ပင်လယ်ကြယ်နယ်မြေ...ငွေလပင်လယ်အော်...
ဤသည်က မြောက်မြားစွာသော သင်္ဘောကြီးများ ဆိုက်ကပ်ရပ်နားရာ ပင်လယ်ကမ်းရိုးတန်းဆိပ်ကမ်းကြီးဖြစ်သည်။ထိုကုန်းမြေပေါ်၌ အလွန်စည်ပင်သာယာသော မြို့ကြီးတစ်မြို့လည်းရှိသည်။
ထိုမြို့သည် သူတော်စင်ပင်လယ်ကြယ်နယ်မြေအတွင်းရှိ ကုန်သည်အစည်းအရုံးငါးခုမှ ပူးပေါင်းတည်ဆောက်ထားသော မြို့တစ်မြို့လည်းဖြစ်ပေ၏။
သာမာန်အားဖြင့် အမျိုးမျိုးသောရတနာများကို ဤနေရာ၌ ရောင်းချကြသည်။ကုန်သည်များသည် သူတို့၏ကုန်ပစ္စည်းများကိုရောင်းချရန် ဤနေရာကို ရွေးချယ်ကြသဖြင့် အလွန်စည်ပင်သာယာသော နေရာတစ်နေရာဖြစ်သည်။
သို့ရာတွင် နတ်ဆိုးသားရဲများ၏ပုန်ကန်မှုကို ကြုံတွေ့ခဲ့ရသဖြင့် ငွေလပင်လယ်အော်သည် ယခင်နှင့် မတူညီတော့ချေ။
မြို့၏လမ်းများပေါ်တွင် ကင်းလှည့်စစ်သားများက နေရာအနှံ့ရှိနေသည်။စျေးဆိုင်များတွင် ပျံကျစျေးသည်တချို့ရှိနေသော်လည်း မည်သူကမျှ ဝယ်ယူရောင်းချခြင်းမပြုကြချေ။ဤနေရာရှိ ပတ်ဝန်းကျင်တစ်ခုလုံး သတ်ဖြတ်လိုခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေလေ၏။
"တကယ်လို့ မင်း ဒီထက်နည်းနည်း စောရောက်လာမယ်ဆိုရင်...မင်း အပြင်ကို ထွက်နိုင်အုံးမယ်...ကံဆိုးချင်တော့ အခုချိန် အပြင်ဘက်မှာ နတ်ဆိုးသားရဲတွေနဲ့ ပြည့်နှက်နေတယ်...ငါ့ရဲ့ကုန်သင်္ဘောတောင် လမ်းတစ်ဝက်မှာ နတ်ဆိုးသားရဲတွေရဲ့ဟန့်တားခံထားရတယ်...တကယ်လို့ ငါ ပြေးတာသာမမြန်ဘူးဆိုရင်...ဒီတစ်ကြိမ်မှာ ငါ့ရဲ့အသက်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်"
ဆိပ်ကမ်းရှိဆိုင်တစ်ဆိုင်အတွင်း၌ ကူးသန်းသွားလာရေးသင်္ဘောများကို စီမံရသော အုပ်ချုပ်ရေးမှူးတစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုလိုက်၏။တစ်စုံတစ်ယောက်က သင်္ဘောတစ်စီး ဌားရမ်းလိုသည်ကိုကြားချိန်တွင် သူက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
သူ၏ရှေ့တွင် ရှည်လျားသောမုတ်ဆိတ်မွှေးများရှိသော လူလတ်ပိုင်းကြီးတစ်ယောက်က မတ်တတ်ရပ်နေသည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် လူလတ်ပိုင်းကြီးသည် သူ၏ခေါင်းကိုခါယမ်း၍ နောက်သို့ပြန်လှည့်ကာ လမ်းကြားလေးတစ်ခုအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
ထိုလမ်းကြားလေး၏အဆုံး၌ လျှို့ဝှက်တံခါးတစ်ချပ်ရှိနေသည်။လူလတ်ပိုင်းကြီးသည် တံခါးကိုတွန်းဖွင့်ပြီး ဝင်လိုက်သည်နှင့် ခြံဝန်းငယ်လေးတစ်ခုကို တွေ့မြင်လိုက်ရ၏။
ယခုလက်ရှိချိန်၌ ဖေးထျန်ကွမ်းနှင့်ဖေးရှို့ရှို့တို့က ခြံဝန်းအတွင်း၌ စောင့်ဆိုင်းနေကြသည်။
"ဖေးသခင်ကြီး...ငါက အပြင်ကိုထွက်ပြီး မေးမြန်းစုံစမ်းခဲ့တယ်...ခုလတ်တလောအချိန်မှာ ငွေလပင်လယ်အော်ကနေထွက်သွားမယ့်သင်္ဘောဆိုလို့ တစ်စီးမှမရှိဘူး"
လူလတ်ပိုင်းကြီးက ညည်းတွားပြောဆိုလိုက်သည်။
ဖေးထျန်ကွမ်းက ထိုစကားကိုကြားသည်နှင့် တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ကြည့်ရတာတော့...ငါက တခြားနည်းလမ်းတစ်ခု ထပ်ပြီးရှာဖွေရမယ့်ပုံပဲ"
သူသည် အနည်းငယ်မျှပင် အံ့အားသင့်သွားပုံမရချေ။
အကယ်၍ သူတော်စင်ပင်လယ်ကြယ်နယ်မြေမှသာ လွယ်လင့်တကူ ထွက်ခွာနိုင်ပါက သူသည် အလှမ်းကွာဝေးသော ငွေလပင်လယ်အော်ထိ ထွက်ပြေးလာမည်မဟုတ်ပေ။
"ဦးလေးကျန်း...ဦးလေးက မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်တစ်ယောက်လေ...တခြားနည်းလမ်းမရှိတော့ဘူးလား"
ဖေးရှို့ရှို့က အသနားခံတောင်းပန်နေသော မျက်လုံးအကြည့်ဖြင့် လူလတ်ပိုင်းကြီးကိုကြည့်ကာ ပြောဆိုသည်။
ဦးလေးကျန်းဟု အခေါ်ခံရသောလူလတ်ပိုင်းကြီးက သူ၏ခေါင်းကိုခါယမ်း၍ ခါးသည်းစွာပြုံးလိုက်၏။
"ငါက လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်ပေမယ့် အပြင်မှာသန်းရာနဲ့ချီပြီးရှိနေတဲ့ နတ်ဆိုးသားရဲတွေကို အနိုင်ယူနိုင်မှာမဟုတ်ဘူး...သူတို့ကြားမှာ အစွမ်းထက်တဲ့ နတ်ဆိုးသားရဲဘုရင်တွေလည်း ရှိနေတယ်...တကယ်လို့ ငါတို့ အတင်းအကြပ် ထိုးဖောက်မယ်ဆိုရင် အချိန်ခဏလေးအတွင်းမှာ ငါတို့အားလုံး အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရလိမ့်မယ်"
"ငါက မင်းတို့ကို အပြင်ခေါ်ထုတ်မသွားနိုင်ပေမယ့်...ငါ မင်းတို့ကို ကာကွယ်ပေးနိုင်တယ်...ဒီလိုကြီးမားတဲ့ကိစ္စမျိုးဖြစ်နေမှတော့ တော်ဝင်နန်းတော်က ဘယ်လိုနည်းနဲ့မှ လျစ်လျှူရှုထားမှာမဟုတ်ဘူး...တော်ဝင်နန်းတော်ကနေ စစ်သည်တွေစေလွှက်လိုက်တဲ့အချိန်ကျရင် မင်းတို့ ဘေးကင်းလုံခြုံသွားမှာပဲ"
Chapter 1960
"အဲ့ဒီလိုလား...ဒါပေမယ့် မင်းတို့က တော်ဝင်နန်းတော်ကလူတွေလာတဲ့အချိန်ထိ မစောင့်နိုင်မှာကို ငါ စိုးရိမ်မိတယ်"
ခြံဝန်း၏ပြင်ပမှနေ၍ ရုတ်တရက် သရော်တော်တော်ပြောဆိုသံတစ်သံ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
ခြံဝန်အတွင်းရှိ လူသုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဘုန်း...ဘုန်း...ဘုန်း....
ခြံဝန်း၏တံခါးကို ဖောက်ထွင်း၍ ရုတ်တရက် စူးရှချွန်ထက်သောမြှားများက ဝင်ရောက်လာသည်။မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည် ထိုမြင်ကွင်းကိုမြင်သည်နှင့် သူ၏ဓားကိုဝှေ့ယမ်းကာ ပိတ်ဆို့ကာကွယ်လိုက်၏။
တဒေါင်ဒေါင်အသံများနှင့်အတူ မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည် သူ၏ဓားကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်း၍ လေပြင်းများကိုဖြစ်ပေါ်စေကာ သူတို့ထံ တိုးဝင်လာသောမြှားများကို ပျက်စီးသွားစေသည်။
ဝှစ်...ဝှစ်...ဝှစ်...
မြှားများသည် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်၏ဓားဖြင့် ခုတ်ပိုင်းခံရမှုကြောင့် ထက်ပိုင်းပြတ်တောက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
"ဒါက တော်ဝင်စစ်တပ်မှာအသုံးပြုတဲ့ ဒူးလေးတွေပဲ...ဖေးသခင်ကြီး...သွားကြစို့"
မြှားများအားလုံးကို ဖျက်ဆီးပြီးသည့်တိုင် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်၏မျက်နှာထက်၌ အလေးအနက်ထားသောမျက်နှာအမူအယာမျိုးရှိနေသည်။
သူ၏စကားသံ အဆုံးသတ်သွားသောအချိန်မှာပင် ခြံဝန်းတံခါး ရုတ်တရက် ပေါက်ကွဲသွားပေ၏။
ထို့နောက် ခြံဝန်းအတွင်းသို့ လူထွားကြီးနှစ်ယောက် တရကြမ်းတိုးဝင်လာပြီး မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။
ထိုလူထွားကြီးနှစ်ယောက်သည် အလွန်အားကောင်းသန်မာပြီး သူတို့၏မှော်စွမ်းအားများမှာ အလွန်သိမ်မွေ့နက်နဲသည်။သူတို့ တိုက်ခိုက်နေသည့်အချိန်တွင် သူတို့သည် ထက်ရှသောသတ်ဖြတ်ခြင်းလှုပ်ရှားမှုများဖြင့် တိုက်ခိုက်ကြ၏။
မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သူဖြစ်သော်လည်း သူသည် ခုခံနိုင်ရန်ပင် အလွန်အမင်း ခက်ခဲနေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် ဖေးထျန်ကွမ်းသည် ဖေးရှို့ရှို့၏လက်ကိုကိုင်ဆွဲ၍ သူ၏နောက်ရှိ လျှို့ဝှက်တံခါးမှထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
"ဟား ဟား ဟား...ဖေးသခင်ကြီး...မင်းရဲ့စွမ်းအားတွေကို မဖြုန်းတီးတာ ပိုကောင်းလိမ့်မယ်"
ခြံဝန်း၏နောက်ဘက်မှနေ၍ ရုတ်တရက် လူတစ်စု တိုးဝင်လာသည်။
ထိုလူစုကိုဦးဆောင်လာသူသည် သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏ခေါင်းပေါ်၌ သံခမောက်ဆောင်းထားသည်။သူက လက်ပိုက်ထားပြီး သရော်တော်တော်အကြည့်ဖြင့် ဖေးထျန်ကွမ်းကို ကြည့်နေလေ၏။
ထိုလူကိုမြင်သည်နှင့် ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်လိုက်သည်။
"ငါ့ကိုသတ်ဖို့အတွက်နဲ့...မဟာစစ်ဗိုလ်ချုပ်တစ်ယောက် ရောက်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ထိုမဟာစစ်ဗိုလ်ချုပ်က ခနဲ့တဲ့တဲ့အပြုံးနှင့် ပြောဆိုသည်။
"ငါက ဖေးသခင်ကြီးကိုသတ်ဖို့ ဒီနေရာကိုရောက်လာတာ မဟုတ်ဘူး....လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖေးသခင်ကြီးက တရားစီရင်ရေးအမတ်ဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ အရမ်းထူးချွန်တဲ့အရည်အချင်းရှိတယ်...တကယ်လို့ တော်ဝင်နန်းတော်က လူယုတ်မာတွေရဲ့ ဖိအားပေးခံရတာကြောင့်သာမဟုတ်ရင် ဖေးသခင်ကြီးက ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုးထိ နိမ့်ကျသွားရမှာလဲ"
"ဖေးသခင်ကြီးက လိမ္မာပါးနပ်တဲ့သူတစ်ယောက်ပါ...ဒါကြောင့် ငါ စကားအများကြီးမပြောချင်ဘူး...အခုချိန်မှာ တော်ဝင်နန်းတော်က မိသားစုကြီးတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပြီးတော့...ဖေးသခင်ကြီးက ရှမိသားစုရဲ့ ပစ်မှတ်ထားတာကို ခံနေရတယ်...ဘာလို့ တော်ဝင်နန်းတော်အတွက် ဆက်ပြီးအလုပ်လုပ်နေဦးမှာလဲ...ဖေးသခင်ကြီးကြီးက အမှောင်ကိုစွန့်ခွါပြီး အလင်းထဲကို ဝင်လာသင့်တယ်...ဒါဆိုရင် နောင်အနာဂတ်မှာ ဖေးသခင်ကြီးရဲ့အရည်အချင်းတွေကို ထပ်ပြီးပြသနိုင်လိမ့်မယ်"
ဒုတ်...ဒုတ်...
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်သည် နောက်ဆုံး၌ သူ၏အကန့်အသတ်ကို ကျော်လွန်သွားခဲ့သဖြင့် လူထွားကြီးနှစ်ယောက်၏ဓားဖြင့် သူ၏လက်မောင်းကိုထိုးစိုက်ခံရကာ ရှုံးနိမ့်သွားတော့သည်။
လူထွားကြီးတစ်ယောက်သည် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်ကို လက်သီးဖြင့်ထိုးနှက်လိုက်ရာ နောက်သို့လွင့်ထွက်သွားလေ၏။ထို့နောက် သူ၏လက်အတွင်းမှဓားဖြင့် မြောက်ပိုင်းတောင်ရိုးဓားအင်မော်တယ်၏လည်ပင်းကို တေ့ထောက်ထားလိုက်သည်။
"ဖေးသခင်ကြီး...မြန်မြန်ဆုံးဖြတ်ချက်ချပါ...တကယ်လို့ နှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် ဖေးသခင်ကြီးရဲ့မိတ်ဆွေ သေဆုံးသွားလိမ့်မယ်"
မဟာစစ်ဗိုလ်ချုပ်က ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်လိုက်သော်လည်း သူက စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိချေ။
"အဖေ...မြန်မြန်ထွက်သွားတော့...ကျွန်မ သူတို့ကို တားထားလိုက်မယ်"
ဖေးရှို့ရှို့က စိုးရိမ်ပူပန်တကြီးပြောဆိုပြီး သူမ၏ဓားကို ဆွဲထုတ်လိုက်၏။
သူမ၏စကားကိုကြားရှေ့တွင် သူမရှေ့ရှိစစ်သားများက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။
"ဖေးသခင်ကြီး...တကယ်လို့ မင်းရဲ့သမီးသေသွားမယ်ဆိုရင် မင်း သည်းခံနိုင်မယ်လို့ ငါ မထင်ဘူး...ဟုတ်တယ်မလား"
မဟာစစ်ဗိုလ်ချုပ်က ပြောဆိုသည်။
ဤအချိန်တွင် ဖေးထျန်ကွမ်း၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား"
ဖေးထျန်ကွမ်းက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေ၏။
မဟာစစ်ဗိုလ်ချုပ်က ပြက်ရယ်ပြုရယ်မောလိုက်သည်။
"ဖေးသခင်ကြီးက အဲ့ဒီလိုမျိုး ထင်နေတာလား...ဒါပေမယ့် ဒီနေရာက တော်ဝင်မြို့တော်မဟုတ်ဘူးနော်...မင်းမှာ တခြားနည်းလမ်းရှိသေးတယ်လို့ ထင်နေတာလား"
"မင်းတို့ ငါ့ကို မခြိမ်းခြောက်သင့်ဘူး"
ဖေးထျန်ကွမ်းသည် ဖေးရှို့ရှို့ကို သူ၏နောက်သို့ပို့၍ ကာကွယ်ပေးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ရှိ အရှိန်အဝါသည် တဖြည်းဖြည်း မြင့်တက်လာပေ၏။
မဟာစစ်ဗိုလ်ချုပ်၏မျက်နှာပေါ်ရှိအပြုံး တောင့်တင်းသွားသည်။
သူသည် ဖေးထျန်ကွမ်းထံမှ ထွက်ပေါ်နေသော အလွန်ပြင်းထန်သည့် ဖိအားအရှိန်အဝါကို ခံစားမိသည်။
ထိုဖိအားအရှိန်အဝါသည် သူ့အား လွယ်လင့်တကူ ဆုတ်ဖြဲပစ်နိုင်သော ရှေးဟောင်းမှော်သားရဲကြီးတစ်ကောင် သူ့ရှေ့တွင်လဲလျောင်းနေရာမှ နိုးထလာသကဲ့သို့ပင်။
"ငါက ကောင်းကင်ဘုံပြက္ခဒိန်၃၇၈ခုနှစ် တော်ဝင်စာမေးပွဲမှာ ပထမရခဲ့တဲ့ကျောင်းတော်သားတစ်ယောက်...ငါလိုလူမျိုးက ခုချိန်ထိ လောကီအင်မော်တယ်နယ်ပယ်မှာပဲရှိနေအုံးမယ်လို့ မင်း ထင်နေတာလား"
ဖေးထျန်ကွမ်း၏လက်အတွင်း၌ ရုတ်တရက် အဖြူရောင်ဓားချီတစ်လှိုင်း ထွက်ပေါ်လာသည်။