← Chapters

သိုင်းသူတော်စင်များ၏ ကတိကဝတ်

Vol. 22 Ch. 316

သိုင်းသူတော်စင်များ၏ ကတိကဝတ်

Vol. 22 Ch. 316

~အားလုံး သိကြသည့်အတိုင်း...

ဗုဒ္ဓဘာသာဂိုဏ်းနှင့် တာအိုဂိုဏ်းတို့သည် ဘယ်တုန်းကမှ သင့်မြတ်ကြသည် မဟုတ်။ ယေဘုယျအားဖြင့် ဆိုလျှင်၊ မည်သည့် တာအိုဆရာ၏ ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲတွင်မှ ဗုဒ္ဓဘာသာဘက်မှ လူများကို ဖိတ်ကြားလေ့ မရှိ။ အရင်တုန်းက တာအိုဆရာ လုံရှန်း၏ ပွဲတွင် အစွန်းရောက်ဂိုဏ်းမှ လူများကို ဖိတ်ကြားခဲ့သည်က ခြွင်းချက် တစ်ခု သက်သက်သာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင်...

တာ့ကျွယ်ကျောင်းတော် က မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့လေ၏။

လူအချို့၏ မျက်နှာထားများ ထူးဆန်းသွားကြသည်။

သူတို့သည် အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ အတိတ်ဇာတ်လမ်း အနည်းငယ်ကို သိထားကြပြီး၊ အစစ်အမှန် နက်ရှိုင်း စစ်မှန်သူ ဧကရာဇ်သည် တချိန်တုန်းက ဘုရား တစ်ပါးနှင့် ပဋိပက္ခ ဖြစ်ခဲ့ဖူးကြောင်း နားလည်ထားကြ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဂိုဏ်းနှင့် မည်သည့် ဆက်စပ်မှုမှ မရှိနိုင်ပေ။ တာ့ကျွယ်ကျောင်းတော် ဆိုသည်မှာ ဗုဒ္ဓဘာသာဂိုဏ်းများ၏ ခေါင်းဆောင်နေရာတွင် ရှိနေသော ဂိုဏ်းကြီး ဖြစ်၏။

ဒါက ဘယ်လို ဇာတ်လမ်းမျိုး ကပြနေတာလဲ။

အသံလာရာဆီသို့ အကြည့်များ တစ်ခုပြီး တစ်ခု ရောက်ရှိသွားကြပြီး၊ နင်ချီလည်း ခြွင်းချက်မရှိ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး၊ ဒီနေ့ကိစ္စက ရိုးရှင်းမှာ မဟုတ်ကြောင်း သိလိုက်သည်။ ပုံမှန်ဆိုလျှင် ပေါ့ပေါ့ပါးပါး နေတတ်သော 'တာအိုဆရာ ပိုင်ရှန်'တောင်မှ ရှားရှားပါးပါး လေးနက်တည်ငြိမ်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

“အော်မိတော်ဖော်... တာအိုမိတ်ဆွေများ အားလုံး မင်္ဂလာပါ... ဒီဘုန်းကြီးက ဖိတ်စာ မပါဘဲ ရောက်လာမိတဲ့အတွက် ခွင့်လွှတ်ပေးကြပါ”

မြင်ကွင်းထဲတွင် တွေ့လိုက်ရသည်မှာ...

ရွှေနီရောင် သင်္ကန်းများကို ဝတ်ဆင်ထားပြီး ခြေဗလာနှင့် ဘုန်းကြီး တစ်အုပ်။ တစ်ပါးချင်းစီတိုင်းသည် တည်ငြိမ်သောအမူအရာဖြင့် ခေါင်းငုံ့ကာ ဘုရားစာ ရွတ်ဆိုနေကြသည်။

ထို တည်ငြိမ်အေးဆေးသော အရှိန်အဝါက လူများကို ကျောချမ်းသွားစေသည်။

စကားပြောလိုက်သူမှာ ခေါင်းဆောင်လုပ်သူ ဘုန်းကြီးအိုကြီးပင်။

လူအချို့က သူ့ကို မှတ်မိနေကြလေ၏။

တာ့ကျွယ်ကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်၊ ဆရာတော် မျောင်ခုန်း။ သူ့စွမ်းအားက အလွန်အမင်း မြင့်မားလှပြီး၊ စစ်မှန်သူ ပိုင်ရှန်း ထက်ပင် သာလွန်လေသည်။

စစ်မှန်သူ ပိုင်ရှန်း၏ မျက်နှာပေါ်တွင် အပြုံး တစ်ခု ရှိနေသော်လည်း၊ မျက်လုံးထဲတွင်တော့ ခံစားချက် အရိပ်အယောင် လုံးဝ မရှိပေ။

“ဪ... ဆရာတော် မျောင်ခုန်း ပါလား... ဘယ်လေကများ ဒီလို နှိမ့်ချတဲ့ နေရာလေးဆီ တိုက်ခတ်လာရတာလဲ မသိဘူး”

ဆရာတော် မျောင်ခုန်းသည် ကြင်နာသော မျက်လုံးများ၊ သနားကြင်နာတတ်သော မျက်နှာထားဖြင့် ပြုံးကာ ပြန်မိန့်လေသည်။

“သဘာဝကျကျပါပဲ... ဒကာကြီးတို့ ဂိုဏ်းက စစ်မှန်သူ ပိုင်ရှန် ကောင်းကင်ဘုံလူသား အဆင့်ကို တက်လှမ်းနိုင်သွားတဲ့အတွက် လာပြီး ဂုဏ်ပြုတာပါ”

စစ်မှန်သူ ပိုင်ရှန်း အားရပါးရ ရယ်မောလိုက်သည်။

“ဧည့်သည်ဆိုတာ ဧည့်သည်ပါပဲ... ရောက်မှတော့ နေရာယူကြပါဦး... ဘုန်းကြီး ယူလာတဲ့ ဂုဏ်ပြုလက်ဆောင်ကို ကျုပ် သိချင်နေပြီ... ဒီမှာရှိတဲ့ တာအိုမိတ်ဆွေတွေလည်း မြင်ဖူးသွားအောင် ထုတ်ပြလိုက်ပါဦး”

နှစ်ဦးစလုံး အပြန်အလှန် ပြုံးပြနေကြသော်လည်း၊ စကားလုံးများထဲတွင် ယမ်းငွေ့များ ပါဝင်နေသည်ကို လူတိုင်း သတိထားမိလိုက်ကြသည်။

အိမ်ရှင်က အိမ်ရှင်နှင့် မတူ၊ ဧည့်သည်ကလည်း ဧည့်သည်နှင့် မတူ။

ဆရာတော် မျောင်ခုန်း ဆက်လက် ပြုံးနေဆဲ။

“ကျုပ် ရည်ရွယ်ချက်ကလည်း အဲ့ဒါပါပဲ”

ဘုရားစာ ရွတ်ဆိုသံနှင့် အတူ၊ ကိုရင်ငယ် နှစ်ပါးသည် မြင့်မားသော အရာဝတ္ထု တစ်ခုကို သယ်ဆောင်လာကြသည်။

အနီရောင် အဝတ်စဖြင့် ဖုံးအုပ်ထားသဖြင့် ဘာမှန်း မသိရသေးသော်လည်း၊ လူတိုင်း၏ စိတ်ဝင်စားမှုကို တဖြည်းဖြည်း ဆွဲဆောင်သွားလေသည်။

ရွှပ်ခနဲ မြည်သံနှင့်အတူ အနီရောင် အဝတ်စကို ဆွဲလှန်လိုက်သည်။

ချက်ချင်းပင် အံ့သြတကြီး ရေရွတ်သံများ တိုးညင်းစွာ ထွက်ပေါ်လာ၏။

ဆရာတော် မျောင်ခုန်း၏ အသံက ခမ်းနားထည်ဝါနေဆဲ။

“ကျုပ်တို့ မတော်တဆ ရရှိထားတဲ့ 'ကောင်းကင်ကြိုးကြာ ထူးဆန်းသစ်ပင်' ပါ... အစစ်အမှန် နက်ရှိုင်းဂိုဏ်းက တာအိုမိတ်ဆွေများ ခံစားကြည့်ကြပါဦး”

စောစောက တည်ငြိမ်နေခဲ့သော အစစ်အမှန် နက်ရှိုင်းဂိုဏ်းသားများ၏ မျက်နှာများ ပျက်ယွင်းသွားကြပြီး၊ စစ်မှန်သူ အများအပြား၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထားသော ဒေါသများ ပေါ်လာသည်။

နင်ချီ မျက်ခုံးပင့်လိုက်သည်။ အကြောင်းရင်းကို ချက်ချင်း နားလည်လိုက်၏။

ဒီရက်ပိုင်းတွေမှာ 'တာအိုဆရာ ပိုင်ရှန်'နောက် လိုက်ရင်း ဗဟုသုတတွေ အများကြီး ရခဲ့သလို၊ အစစ်အမှန် နက်ရှိုင်းဂိုဏ်းရဲ့ လျှို့ဝှက်ချက် တချို့ကိုလည်း သိခဲ့ရသည်‌လေ။

ယခင်တုန်းက အစစ်အမှန် နက်ရှိုင်း စစ်မှန်သူ ဧကရာဇ်နှင့် ဟို ဘုရား တစ်ပါးတို့ အကြီးအကျယ် တိုက်ခိုက်ခဲ့ရသည့် အကြောင်းရင်းက ဒီ 'ကောင်းကင်ကြိုးကြာပင်' ကြောင့်ပါပင်။

နတ်ကြိုးကြာနှင့် တူ၍ ဒီနာမည် ပေးထားရခြင်း ဖြစ်၏။ ဤအပင်က နှစ်တစ်ရာနေမှ အသီးတစ်ခါ သီးပြီး၊ သိုင်းသူတော်စင်တွေအတွက် အလွန် အကျိုးရှိလေ၏။

နောက်ပိုင်းမှာ အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ သစ္စာဖောက် တစ်ယောက်က ခိုးယူသွားပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့၏။ ယခုတော့ မထင်မှတ်ထားဘဲ တာ့ကျွယ်ကျောင်းတော်မှ ဘုန်းကြီးတွေ လက်ထဲ ရောက်နေ၏။

သို့ရာတွင်...

ဒီ ကောင်းကင်ကြိုးကြာပင်က လုံးဝ ညှိုးခြောက်နေလေပြီ။ မှတ်မိစရာ မရှိလောက်အောင်ကို ခြောက်သွေ့နေပြီ။

ဒါက အစစ်အမှန် နက်ရှိုင်းဂိုဏ်းအတွက် ပါးနှစ်ခါ ဆင့်ရိုက်လိုက်သလိုပါပင်။

ကိုယ့်မိန်းမကို သူများက စော်ကားပြီးမှ၊ လူပုံအလယ်မှာ အဲ့ဒီ ပျက်စီးနေသော ခန္ဓာကိုယ်ကို လာပြနေသလိုမျိုးလေ။

စစ်မှန်သူ ပိုင်ရှန်းနှင့် အခြား စစ်မှန်သူ နှစ်ပါးတို့ အကြီးအကျယ် ဒေါသထွက်သွားကြပြီး ဆရာတော် မျောင်ခုန်းကို အေးစက်စွာ စူးစိုက်ကြည့်နေကြသည်။

စစ်မှန်သူ ပိုင်ယဲ့ လှောင်ပြောင်သရော်လိုက်သည်။

“ဟိုတုန်းက သစ္စာဖောက် တစ်ကောင် ကျုပ်တို့ဂိုဏ်းထဲ ခိုးဝင်ပြီး၊ ဂိုဏ်းရဲ့ ရတနာဖြစ်တဲ့ ကောင်းကင်ကြိုးကြာပင်ကို ခိုးသွားတယ်... ပြီးတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာ... အဲ့ဒါ ခင်ဗျားတို့ ဗုဒ္ဓဘာသာကောင်တွေရဲ့ လက်ချက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ... သူများကျတော့ စည်းကမ်းတင်းကျပ်ပြီး၊ ကိုယ့်ကျတော့ သက်ညှာနေကြပါရောလား”

စစ်မှန်သူ ပိုင်ဟဲ ကလည်း အားမနာတမ်း ဆဲရေးလိုက်သည်။

“ဒီ ပြောင်စပ်စပ်ကောင်တွေ မဖိတ်ဘဲ ရောက်လာကတည်းက ငါ ထင်သားပဲ... ရည်ရွယ်ချက် ကောင်းမှာ မဟုတ်ဘူးလို့... ဒီနေ့ ကိစ္စကို ရှင်းအောင် မပြောရင်၊ တောင်ပေါ်ကနေ ပြန်ဆင်းဖို့ စိတ်မကူးနဲ့”

သူက ဂိုဏ်းချုပ်တစ်ယောက်၏ သိက္ခာကို ထိန်းသိမ်းထားစရာ မလိုတော့၊ စိတ်ထဲရှိတာ အကုန် ဖွင့်ပြောချလိုက်သည်။

ထိုစကားကြောင့်...

အစစ်အမှန် နက်ရှိုင်းဂိုဏ်းသားများ၏ မျက်နှာထားများ လေးနက်သွားကြပြီး၊ အရှိန်အဝါများ ထိုးတက်လာကာ တာ့ကျွယ်ကျောင်းတော်မှ လူများကို ဝိုင်းရံလိုက်ကြသည်။

သို့သော် ဘုန်းကြီးအများစုကတော့ မလှုပ်မယှက် ရှိနေဆဲ။ ဆရာတော် မျောင်ခုန်းက လက်ကို ချလိုက်ပြီး ပြောသည်။

“ဒကာကြီးတို့ အထင်လွဲနေကြပြီ... ဒီ ကောင်းကင်ကြိုးကြာပင်ကို ကျုပ်တို့ တာ့ကျွယ်ကျောင်းတော်က မတော်တဆ ရရှိခဲ့တာပါ... ရတုန်းကလည်း ဒီအတိုင်း ဖြစ်နေတာပါ... ဒီအပင်က ဒကာကြီးတို့ ဂိုဏ်းနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ယူဆလို့ ပြန်လာပို့ပေးတာပါ”

“ဒကာကြီးတို့ သဘောမကျဘူး ဆိုရင်လည်း... ဒီဘုန်းကြီးက အခုချက်ချင်း ဖျက်ဆီးပစ်လိုက်ပြီး တောင်းပန်လိုက်ပါ့မယ်”

ပြောပြီးသည်နှင့်...

တုံ့ဆိုင်းမနေဘဲ လက်ဝါးကို မြှောက်ပြီး ရိုက်ချရန် ပြင်လိုက်သည်။ သူ့လက်ဝါး နှစ်ဖက်ကြားတွင် ရွှေရောင်အလင်းများ ပွင့်ဖူးလာပြီး၊ ဘုရားစာ ရွတ်သံများ သဲ့သဲ့ ထွက်ပေါ်လာသည်။

“သောက်ပြောင်ကြီး... မင်း လုပ်ရဲ လုပ်ကြည့်”

စစ်မှန်သူ ပိုင်ရှန်း၏ မျက်လုံးများ ဒေါသဖြင့် တောက်လောင်နေ၏။

ဒီ တာအိုဆရာအိုကြီးက စိတ်ကို ထိန်းထားဖို့ ကြိုးစားခဲ့သော်လည်း၊ ဆရာတော် မျောင်ခုန်းက ကောင်းကင်ကြိုးကြာပင်ကို ဖျက်ဆီးတော့မည် လုပ်သောအခါ ဆက်ပြီး မထိန်းနိုင်တော့ပေ။ အပင်က ညှိုးခြောက်နေပြီ ဆိုသော်လည်း၊ ယခု စစ်မှန်သူ ဧကရာဇ်ကြီး ပြန်ရောက်လာပြီ ဖြစ်ရာ ပြန်လည် ကုစားနိုင်မည့် နည်းလမ်းကောင်းများ ရှိကောင်း ရှိနိုင်သည် မဟုတ်ပါလော။ ဆရာတော် မျောင်ခုန်း ဖျက်ဆီးတာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း။

သူ့လက်ထဲမှ ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ၊ ကောင်းကင်ပေါ်တွင် ဆင်နှာမောင်းကြီး တစ်ခုအလား ဖြစ်ပေါ်လာပြီး ဆရာတော် မျောင်ခုန်းဆီသို့ ရိုက်ခတ်သွားလေသည်။

“ဘုန်း...”

ဟိန်းဟောက်သံနှင့် အတူ စစ်မှန်သူ ပိုင်ရှန်းသည် ဆရာတော် မျောင်ခုန်းနှင့် စတင် ယှဉ်ပြိုင်နေပြီ ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

စစ်မှန်သူ ပိုင်ရှန်းနှင့် ဆရာတော် မျောင်ခုန်းတို့ မျက်နှာချင်းဆိုင် ရပ်နေကြပြီး၊ အားပြိုင်နေကြသည်။ ကောင်းကင်ကြိုးကြာပင်က သူတို့နှစ်ဦးကြားမှ ကြားခံနယ်မြေ ဖြစ်သွားသည်။ အနည်းငယ် မှားယွင်းသွားသည်နှင့် ကောင်းကင်ကြိုးကြာပင်သည် အမှုန့် ဖြစ်သွားပေလိမ့်မည်။

သို့ရာတွင် သိသာထင်ရှားတာကတော့...

စစ်မှန်သူ ပိုင်ရှန်းက ဆရာတော် မျောင်ခုန်းကို မယှဉ်နိုင်ဘဲ အားနည်းနေ၏။ ဆရာတော် မျောင်ခုန်းက အေးဆေးသက်သာ ရှိနေသော်လည်း၊ စစ်မှန်သူ ပိုင်ရှန်း၏ ဝတ်ရုံများမှာ လေတိုက်ခံရသော ဗုံများအလား ဖောင်းကားနေပြီး ဆံပင်နှင့် မုတ်ဆိတ်မွေးများ လွင့်ပျံနေလေသည်။

ဒါကို မြင်လိုက်ရတော့...

စစ်မှန်သူ ပိုင်ဟယ်နှင့် စစ်မှန်သူ ပိုင်ရီတို့ ရှေ့တိုးလာပြီး အခြေအနေကို ထိန်းပေးလိုက်ကြသည်။

လူတိုင်း အံ့အားသင့်နေကြသည်။

အခြေအနေက ဒီလောက် မြန်မြန်ဆန်ဆန် ဆိုးရွားသွားလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပါ။ မူလက စည်ကားသိုက်မြိုက်နေသော ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲကြီးက မျှော်လင့်စောင့်စားရဆုံး တာအို ချီးမြှင့်သည့် အပိုင်းကို ရောက်တော့မည့် ဆဲဆဲမှာ၊ မထင်မှတ်ထားသော အပြောင်းအလဲတွေ ဖြစ်လာခဲ့ရ၏။

ရောက်ရှိနေသော ဧည့်သည်များသည် အစစ်အမှန် နက်ရှိုင်းဂိုဏ်းနှင့် ရင်းနှီးသူများ ဖြစ်ကြသော်လည်း၊ ဒီအခြေအနေကို မြင်တော့ ဝင်ပါရမလို မပါရမလို တွေဝေနေကြသည်။

All Chapters