သိုင်းသူတော်စင်များ၏ ကတိကဝတ် (အပိုင်း ၂ )
Vol. 22 Ch. 317
~တာအိုဆရာလုံရှန်းသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး၊ အလိုအလျောက် ဝင်ရောက် ကူညီပေးချင်စိတ် ဖြစ်ပေါ်လာသော်လည်း တစ်ခုခု လွဲနေသလို ခံစားလိုက်ရ၏။
ဘာပဲဖြစ်ဖြစ် ဒါက "အစစ်အမှန် နက်ရှိုင်း ဂိုဏ်း" ၏ နယ်မြေ မဟုတ်ပါလား။ "ဝာာ့ကျွယ် ကျောင်းတော်" က ဒီလောက်ထိ စိန်ခေါ်လာသည်ကို ပြင်ပလူများ၏ အကူအညီဖြင့် ဖြေရှင်းရမည် ဆိုပါက သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာကို တစ်နည်းတစ်ဖုံ ထိခိုက်စေနိုင်ပေသည်။
အခြားသူများလည်း ထိုအချက်ကို အနည်းနှင့်အများ ထည့်သွင်း စဉ်းစားမိကြ၏။
အစစ်အမှန် နက်ရှိုင်း ဂိုဏ်းတွင် ယခုမှ အဆင့်တက်ထားသော ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်သစ် တစ်ယောက် ရှိနေသေးသည် မဟုတ်ပါလား။ သူက ယခုအချိန်ထိ လှုပ်ရှားခြင်း မရှိသေးပေ။
တစ်စုံတစ်ယောက်က "တာအိုဆရာပိုင်ရှန်" ဘက်သို့ လှမ်းကြည့်လိုက်ရာ၊ သူက ဒီဘက်ကို လုံးဝ စိတ်ဝင်စားပုံ မရဘဲ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ တခြား ဘုန်းကြီးများကိုသာ လိုက်လံကြည့်ရှုနေသည်ကို တွေ့လိုက်ရ၏။
ယခုအချိန်တွင် 'တာအိုဆရာပိုင်ရှန်'၏ ပုံစံသည် ပုံမှန်နှင့် လုံးဝ ကွဲပြားခြားနားနေ၏။ သူ့မျက်လုံးများထဲတွင် မြင့်မြတ်သော အလင်းရောင်များ တောက်ပနေပြီး အလွန်အမင်း ခန့်ညားထည်ဝါနေလေ၏။
ရုတ်တရက်...၊
သူ့အကြည့်များသည် ဝာာ့ကျွယ် ဘုန်းတော်ကြီးကျောင်းမှ ဘုန်းကြီးအုပ်စုထဲတွင် ပါဝင်နေသော သာမန်ရိုးကျ လူငယ်ဘုန်းကြီးလေး တစ်ပါးအပေါ်သို့ ရောက်ရှိသွားတော့၏။ သူက အေးစက်သော အပြုံးတစ်ခု ပြုံးလိုက်လေ၏။
"ပေါင်ရှု... နှစ်တွေ ဒီလောက်ကြာသွားတာတောင် မင်းက ကလေးကလား ဉာဏ်ဆင်ရတာ ဝါသနာပါတုန်းပဲကိုး"
လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်ကုန်ကြ၏။
ဘုန်းကြီးများထဲမှ ဘယ်သူမှ ပြန်လည် တုံ့ပြန်ခြင်း မရှိကြပေ။
သို့သော် နင်ချီကတော့ မျက်ခုံးပင့်လိုက်မိသည်။ သူက 'တာအိုဆရာပိုင်ရှန်' ကြည့်နေသော နေရာကို လိုက်ကြည့်လိုက်ရာ သူ အကဲခတ်၍ မရနိုင်သော လူတစ်ယောက် ပါဝင်နေသည်ကို တွေ့လိုက်ရ၏။
နင်ချီ့ရင်ထဲတွင် "ဒိန်း" ခနဲ ဖြစ်သွားပြီး အတိတ်နှင့် ပစ္စုပ္ပန်ကို ဆက်စပ်ကြည့်လိုက်သည့်အခါ တစ်စုံတစ်ခုကို ဝိုးတဝါး သဘောပေါက်သွားလေ၏။ 'တာအိုဆရာပိုင်ရှန်'ကို ပြန်ကြည့်လိုက်သည့်အခါ သူ့အထောက်အထားကိုပါ ရိပ်မိသလိုလို ဖြစ်လာသည်။
နင်ချီ့ရင်ထဲတွင် တုန်လှုပ်သွားပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ယှက်သန်းလာသော်လည်း တဖြည်းဖြည်း စိတ်လှုပ်ရှားလာမိသည်။
အကယ်၍ သူ့ထင်ကြေးသာ မှန်ကန်ခဲ့လျှင်... ဒီခရီးစဉ်က တကယ်ကို တန်ဖိုးရှိသွားပြီဟု ဆိုရပေမည်။
မူလက ပျင်းရိနေသော နင်ချီသည် ယခုအခါ အပြည့်အဝ အာရုံစိုက်လိုက်တော့၏။
မည်သည့် တုံ့ပြန်မှုမှ မရရှိသဖြင့် 'တာအိုဆရာပိုင်ရှန်'သည် လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွားပြီး ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေသည်။ ချက်ချင်းပင် ရာသီဥတု ပြောင်းလဲသွားပြီး ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်များ အားလုံး ကြီးမားသော ဖိအားကို ခံစားလိုက်ကြရလေ၏။ အစွမ်းထက်သော ကောင်းကင်ဘုံလူသား အဆင့်များပင် မချွင်းချက် ခံစားလိုက်ရ၏။ သူတို့အားလုံး 'တာအိုဆရာပိုင်ရှန်'ကို အံ့သြတုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်မိကြ၏။
သူ့လက်ဖဝါးထဲတွင် "အင်မော်တယ် နန်းတော်" တစ်ခု ပေါ်ပေါက်နေသကဲ့သို့ ထင်မှတ်ရ၏။
သူက "ဆရာတော်မြောင်ခုန်း" ရှိရာဘက်သို့ လက်ဖဝါးဖြင့် ဖိချလိုက်ရုံမျှနှင့် ဗုဒ္ဓရွှေရောင်အလင်းတန်းများကို အကန့်အသတ်ထိ ဖိချုံ့ပစ်လိုက်နိုင်လေသည်။ 'တာအိုဆရာပိုင်ရှန်'၏ ရှေ့တွင် ဆရာတော်မြောင်ခုန်းသည် ခုခံနိုင်စွမ်းမရှိသော ကလေးလေး တစ်ယောက်လို ဖြစ်နေရှာသည်။
"စစ်မှန်သူပိုင်ရှန်း" နှင့် အခြားနှစ်ယောက်သည် အလိုက်တသိပင် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြပြီး 'တာအိုဆရာပိုင်ရှန်'၏ နောက်တွင် ရိုသေစွာ ဝင်ရပ်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင် လေးစားအားကျမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြလေ၏။
လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
အသစ်စက်စက် အဆင့်တက်ထားသော စစ်မှန်သူပိုင်ရှန် (တာအိုဆရာပိုင်ရှန်) ဆိုသူက အစစ်အမှန် နက်ရှိုင်း ဂိုဏ်း၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ် ဖြစ်နေသည်တဲ့လား။
ဆရာတော်မြောင်ခုန်း၏ မျက်နှာ ပျက်သွားပြီး ထိတ်လန့်ကြောက်ရွံ့သွားရ၏။ စကားပြောချင်သော်လည်း အသံထွက်မလာနိုင်ပေ။
ထိုအချိန်တွင်...၊
လူတိုင်း၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားသော "ဗုဒ္ဓ" ဘွဲ့တော် ရွတ်ဖတ်သံတစ်ခု သဘာဝကျကျ ထွက်ပေါ်လာလေသည်။ အသံက ကြီးကျယ်ခမ်းနားသော်လည်း ဖိနှိပ်မှု မပါဝင်ဘဲ လူအများကို အလိုအလျောက် လေးစားစိတ် ဖြစ်ပေါ်စေသည်။
"အော်မိတော်ဖော်... စစ်မှန်သူ နက်ရှိုင်း ... အကြီးက အငယ်ကို အနိုင်ကျင့်တယ် ဆိုတာ မင်းလောက်ပဲ လုပ်ရက်တာပါကွာ"
သာမန်ဟု ထင်ရသော လူငယ်ဘုန်းကြီးလေး မျက်လုံးပွင့်လာသည်နှင့် သူ့တစ်ကိုယ်လုံးရှိ အရှိန်အဝါများ ပြောင်းလဲသွားတော့၏။
ထိုမျက်ဝန်းများထဲတွင် လောကဓံ၏ အတက်အကျများ၊ နှစ်ထောင်ပေါင်းများစွာသော ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရသည့် သက်သေများ ရှိနေသကဲ့သို့၊ မည်သည့် ပြင်ပအရာကမှ သူ့ဆန္ဒကို မတုန်လှုပ်စေနိုင်တော့သည့် ပုံစံမျိုး ဖြစ်နေလေသည်။
သူက ဖြည်းညှင်းစွာ ရှေ့သို့ တိုးလာသည်။ ဆရာတော်မြောင်ခုန်းမှာ ချက်ချင်း အသက်ရှူချောင်သွားပြီး ထိုလူငယ်ဘုန်းကြီး၏ နောက်သို့ အလျင်အမြန် ဝင်ပုန်းကာ ဘုရားစာ ရွတ်ဖတ်နေရှာတော့၏။
"စစ်မှန်သူ နက်ရှိုင်း" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် နင်ချီ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး သူ့ထင်ကြေးကို ပိုမို သေချာသွားစေသည်။
ထို့နောက် 'တာအိုဆရာပိုင်ရှန်'က လက်ကို ဖြည်းဖြည်းချင်း ရပ်တန့်လိုက်ပြီး လှောင်ပြောင် ရယ်မောလိုက်သံကို ကြားလိုက်ရလေ၏။
"ငါက အကြီးက အငယ်ကို အနိုင်ကျင့်တယ် ဟုတ်လား... ပေါင်ရှု... ဒီဘုန်းကြီးအို ပြောင်ကြီး... နှစ်တွေ ဒီလောက် ကြာသွားတာတောင် မင်းက အရှက်မရှိတုန်းပဲကိုး... ခိုးကြောင်ခိုးဝှက် လုပ်ရတာကို သဘောကျပြီး သဘောထားကလည်း သေးသိမ်လိုက်တာ... နှစ်တွေ ဘယ်လောက်ကြာကြာ မင်းကတော့ သိပ်မတိုးတက်ပါလားကွာ"
သူက "ကောင်းကင်ဘုံ ကြိုးကြာပင်" ကို ပေါ့ပေါ့ပါးပါးပင် သူ့ဆီသို့ ဆွဲယူလိုက်ပြီး သေချာ စစ်ဆေးကြည့်လိုက်သည်။ ပြီးမှ ထပ်မံ လှောင်ပြောင်လိုက်ပြန်သည်။
"မင်းလို သဘောထား သေးသိမ်တဲ့ ဘုန်းကြီးပြောင်က... ဟိုတုန်းက ဒီသစ်ပင်လေး တစ်ပင်တည်းနဲ့ ခုထိ အငြိုးထားနေတုန်းလား... ငါ့ကို စိတ်ဒုက္ခ ရောက်စေချင်လို့ ဒါကို လုယူသွားတာ မလား... ဒါပေမဲ့ မင်း မသိတာ တစ်ခုရှိတယ် ဘုန်းကြီးပြောင်ရေ... ဟိုတုန်းက ဒီသစ်ပင်ပေါ်မှာ ငါ အခင်းအကျင်း တစ်ခု ခတ်ခဲ့သေးတယ်... မင်း ယူသွားလည်း အလကားပဲ... အဲ့တုန်းက မင်း အလကား ဝမ်းသာခဲ့ရတာပေါ့"
"ဒါပေမဲ့... မင်းက ဒီသစ်ပင် သေသွားပြီလို့ ထင်နေတာလား... ငါ နည်းနည်းလောက် ပြုပြင်လိုက်ရင် သဘာဝအတိုင်း ပြန်ရှင်လာမှာပါ... ဒါကို ပြန်ယူလာပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ရဦးမယ်"
သူက ဝါကျင်ကျင် သွားကြီးများကို ဖြီးကာ ပြုံးလိုက်သည်။ သူ့အပြုံးက လူတိုင်းကို ဒေါသထွက်သွား
စေနိုင်လောက်အောင် ကောက်ကျစ်နေလေ၏။
ဗုဒ္ဓပေါင်ရှု ချက်ချင်း တိတ်ဆိတ်သွားသည်။
မူလက "စစ်မှန်သူ နက်ရှိုင်း တာအိုဧကရာဇ်အား စိတ်ဒုက္ခ ရောက်စေချင်၍ လုပ်ခဲ့သော်လည်း၊ ပြန်ပြီး အလုပ်ခံလိုက်ရသည် မဟုတ်ပါလား။ သူက သက်ပြင်းချပြီး ပြောလိုက်သည်။
"စစ်မှန်သူ နက်ရှိုင်း ရယ်... ဘာလို့ ငါ့ရဲ့ စေတနာကို အဆိုးမြင်နေရတာလဲ... ငါတို့ မတွေ့ရတာ နှစ်တွေ ကြာပြီဆိုတော့ မိတ်ဆွေဟောင်းကို လာတွေ့တာပါ... နှစ်တွေ ကြာလာတော့ ဘယ်မိတ်ဆွေဟောင်းတွေ ကျန်နေသေးလဲ ဆိုတာတောင် မသေချာတော့ဘူးလေ... ငါတို့ကြားက အသေးအမွှား ပဋိပက္ခလေးတွေက တောင်ပေါ်က တိမ်တွေလိုပါပဲ... ရယ်မောပြီး ဖြတ်ကျော်လိုက်ကြရအောင်ပါ"
သူတို့နှစ်ယောက်၏ အပြန်အလှန် စကားပြောဆိုမှုသည် မိတ်ဆွေဟောင်းများ စနောက်နေကြသကဲ့သို့ ရှိနေ၏။
အတိတ်အကြောင်းများကို ပြန်လည် ပြောပြနေကြသလိုပင်။
သို့သော် အစစ်အမှန် နက်ရှိုင်း တောင် တစ်ခုလုံး တိတ်ဆိတ်
ငြိမ်သက်သွားခဲ့လေပြီ ဖြစ်၏။
ရောက်ရှိနေသူများက အရူးများ မဟုတ်ကြပေ။
စစ်မှန်သူပိုင်ရှန်းနှင့် အခြားသူများ၏ အမူအရာများ၊ 'တာအိုဆရာပိုင်ရှန်'နှင့် ဗုဒ္ဓပေါင်ရှုတို့၏ စကားပြောဆိုမှုများကို ဆက်စပ်ကြည့်လိုက်သည့်အခါ လူအတော်များများ သူတို့၏ အထောက်အထားကို ခန့်မှန်းမိသွားကြပြီ ဖြစ်သည်။
ဆိုလိုသည်မှာ... ယခု မြင်တွေ့နေရသော 'တာအိုဆရာပိုင်ရှန်' ဆိုသူသည် ဒဏ္ဍာရီလာ "အစစ်အမှန် နက်ရှိုင်း ဂိုဏ်း" ၏ ဘိုးဘေး "စစ်မှန်သူ ဧကရာဇ်" ပင် ဖြစ်နေသည်တဲ့လား။
ပြီးတော့ သူ့တစ်ဖက်တွင် ရှိနေသူမှာ... ဟိုးအရင်တုန်းက စစ်မှန်သူ နက်ရှိုင်း စစ်မှန်သူ ဧကရာဇ်နှင့် ပဋိပက္ခ ဖြစ်ဖူးသည်ဟု ကောလာဟလ ထွက်ခဲ့သော "ဗုဒ္ဓပေါင်ရှု" ပင်။
ဒါကို ခန့်မှန်းမိလိုက်သည့်အခါ အားလုံး ပိုမို ကြောင်အသွားကြပြီး ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားကြရလေ၏။
သူတို့နှစ်ယောက်လုံးက လွန်ခဲ့သော နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် ကြာမြင့်ခဲ့ပြီ ဖြစ်သော ရှေးခေတ် ပုဂ္ဂိုလ်ကြီးများ မဟုတ်ပါလား။ ဘယ်လိုလုပ်ပြီး လက်ရှိခေတ်မှာ ပြန်လည် ပေါ်ထွက်လာနိုင်ရတာလဲ။
ဤ မယုံနိုင်စရာ အဖြစ်အပျက်ကြီးကြောင့် အားလုံး အိပ်မက်မက်နေသလို ခံစားနေကြရ၏။ တချို့ဆိုလျှင် ကိုယ့်ပေါင်ကိုယ် ပြန်ဆွဲဆိတ်ကြည့်ကြပြီး နာကျင်မှ အသံမထွက်ရဲဘဲ ကြိတ်မှိတ်နေကြရရှာသည်။ အစစ်အမှန် နက်ရှိုင်း ဂိုဏ်းသားများပင် ကြက်သေသေနေကြ၏။ 'တာအိုဆရာပိုင်ရှန်'၏ အစစ်အမှန် အထောက်အထားကို သူတို့လည်း ကြိုမသိခဲ့ကြပေ။
နင်ချီ၏ အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်။
ဒီနှစ်ယောက်က တကယ့် ဒဏ္ဍာရီလာ သိုင်းသူတော်စင် အဆင့် ပညာရှင်ကြီးတွေပဲ။
သူ ကြိုးစားပမ်းစား လျှောက်လှမ်းနေသော သိုင်းသူတော်စင် လမ်းကြောင်းသည် ယခုအခါ သူ့ရှေ့တွင် သက်ရှိကျောက်ဖြစ်ရုပ်ကြွင်းကြီး နှစ်ခု အနေဖြင့် ရပ်တန့်နေသည် မဟုတ်ပါလား။
'သိုင်းသူတော်စင် အဆင့် ပညာရှင်တွေက တကယ်ပဲ ဒီလောက် နှစ်ပေါင်းများစွာ အသက်ရှည်နိုင်တာလား... လုံးဝ မဖြစ်နိုင်ဘူး... သူတို့ ပြောစကားအရ ဆိုရင် တစ်စုံတစ်ရာ နည်းလမ်းသုံးပြီး အသက်ဆက်ထားပုံ ရတယ်... အဲ့ဒီနည်းလမ်းကလည်း အန္တရာယ်များပြီး တချို့ သိုင်းသူတော်စင်တွေဆိုရင် ရုပ်ရော နာမ်ပါ ပျက်စီးသွားကြတယ် ထင်တယ်'
'ဒါပေမဲ့... သူတို့ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ကြတာလဲ... ပြီးတော့ ဟိုးအရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာကြီး ပြောင်းလဲမှုနဲ့ ဘယ်လို ဆက်စပ်နေသလဲ'
နင်ချီ၏ ရင်ထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်နေ၏။
သူ အသက်အောင့်ကာ စောင့်ကြည့်နေမိသည်။
အစစ်အမှန် နက်ရှိုင်း တောင်သို့ လာခဲ့သော ဒီခရီးစဉ်က တကယ်ကို တန်ဖိုးရှိလှသည်ဟု သူ ခံစားလိုက်ရ၏။
အားလုံးက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး နှစ်ယောက်ကို မျက်တောင်မခတ်တမ်း ကြည့်နေကြ၏။
ဗုဒ္ဓပေါင်ရှုသည် ဖြည်းညှင်းစွာ ရှေ့သို့ တိုးလာသည်။ ဘယ်အချိန်ကတည်းကမှန်း မသိ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားပြီး၊ သာမန် မျက်နှာထားသည် အလွန်အမင်း ခန့်ညားထည်ဝါလာသည်။ သူက လက်အုပ်ချီလိုက်ပြီး ကျေးဇူးတင်သော ပုံစံဖြင့် ပြောလိုက်သည်။
"စစ်မှန်သူ နက်ရှိုင်း မိတ်ဆွေဟောင်းကြီး... မင်း နိုးမလာသေးဘူး ထင်လို့ ငါ လာကြည့်တာပါ... အခု မင်း ဘေးကင်းလုံခြုံနေတာ သိရတော့ ဒီဘုန်းကြီး စိတ်အေးသွားပါပြီ"
'တာအိုဆရာပိုင်ရှန်'က အေးစက်စွာ ပြန်ပြောလိုက်သည်။
"ငါ့နာမည်က အခု ပိုင်ရှန် ... စစ်မှန်သူ နက်ရှိုင်း ဆိုတာ ကြာပြီ... တိမ်တွေလို လွင့်ပါးသွားခဲ့ပြီ... အခက်အခဲပေါင်းစုံ ဖြတ်ကျော်ပြီးတဲ့နောက်... ငါတို့တွေက အရင်လူတွေ မဟုတ်တော့ဘူး... လက်တွေ့ကို လက်ခံပြီး ရှေ့ဆက်သင့်ပြီ"
ဗုဒ္ဓပေါင်ရှု ခဏတာ တိတ်ဆိတ်သွားသည်။
ထို့နောက် ခေါင်းခါလိုက်၏။
"တောင်ကို တောင်လို့ မမြင်ပေမဲ့... တောင်က တောင်ပါပဲ... မင်းက မင်းပါပဲ... ငါက ငါပါပဲ... မင်းက အရမ်း အဆိုးမြင်လွန်းနေတယ် မိတ်ဆွေဟောင်းရာ... နှစ်ကာလတွေ ဘယ်လောက်ကြာကြာ ငါတို့ရဲ့ ဆန္ဒတွေကို ဖျက်ဆီးလို့ မရပါဘူး"
နင်ချီ နက်နက်နဲနဲ တွေးတောနေမိသည်။
'တာအိုဆရာပိုင်ရှန်'က ပေါ့ပေါ့ပါးပါးပင် လက်ကာပြလိုက်သည်။
"အခြေအနေကို မင်း ကိုယ်တိုင် အသိဆုံးပါ... ထွက်ပြေးဖို့ ကြိုးစားတာက မင်းကိစ္စ... ငါနဲ့ မဆိုင်ဘူး... ပြောစရာ ရှိရင် မြန်မြန် ပြောပြီး ထွက်သွားတော့... ကောင်းကင်ဘုံ ကြိုးကြာပင်ကို ပြန်ယူလာပေးလို့ ငါ မင်းကို မရိုက်တာ... အခု တောင်ပေါ်က ဆင်းသွားတော့... ကောင်းကင်ဘုံလူသား အခမ်းအနားကို မနှောင့်နှေးစေနဲ့"
သူ စိတ်မရှည်တော့ပေ။
ဒီလောက်ကြာအောင် စောင့်ခဲ့ရပြီးမှ ရောက်လာတဲ့ မိတ်ဆွေဟောင်းက ဒီဘုန်းကြီးပြောင် ဖြစ်နေမယ်လို့ ဘယ်သူ ထင်မှာလဲ။ သူ့စိတ်အခြေအနေကို အနည်းငယ် ပျက်စီးသွားစေသည်။
ဗုဒ္ဓပေါင်ရှုက ဘုရားစာ တစ်ပုဒ်ကို တိုးတိုးလေး ရွတ်ဖတ်လိုက်ပြီး လေဟာနယ်ထဲတွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူ့အောက်တွင် ရွှေကြာပန်းကြီး တစ်ပွင့် ပွင့်လန်းလာပြီး ပိုမို မြင့်မြတ်သော ပုံစံ ပေါက်သွားစေသည်။
"ဒီနေ့... မိတ်ဆွေဟောင်းကြီးအတွက် အခွင့်အရေးကြီး တစ်ခု ငါ ယူလာခဲ့တယ်"
'တာအိုဆရာပိုင်ရှန်'က နှာခေါင်းရှုံ့လိုက်ရုံသာ။
သူ တစ်လုံးမှ မယုံပေ။ ဒီကောင်က သစ်ပင်တစ်ပင်တည်းနဲ့တောင် ဒီလောက် ဒေါသထွက်နေတဲ့ကောင်။ အခုကျမှ အခွင့်အရေးကြီး လာပေးတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဗုဒ္ဓပေါင်ရှုက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သိုင်းသူတော်စင်များရဲ့ ကတိကဝတ် ကို မင်း မေ့သွားပြီလား... မင်း ဒီလောက်ကြာအောင် အသက်ရှင်နေတာ ဒီကိစ္စအတွက်ပဲ မဟုတ်ဘူးလား"
သိုင်းသူတော်စင်များ၏ ကတိကဝတ်
ထိုစကားလုံးများကို ကြားလိုက်ရသောအခါ လူအုပ်ကြီး တစ်ခုလုံး တုန်လှုပ်သွားကြ၏။ ကြီးကျယ်ခမ်းနားသော ပန်းချီကားချပ်ကြီး တစ်ချပ် ဖြည်းညှင်းစွာ ဖွင့်ဟလာသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
'တာအိုဆရာပိုင်ရှန်'၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"အဲ့ဒီတော့ ဘာဖြစ်လဲ"
"ဒါဆိုရင်... ဘာလို့ အပြန်အလှန် မကူညီကြမှာလဲ... ငါတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီအခွင့်အရေးကို သေချာပေါက် အရယူနိုင်မှာပါ" ဗုဒ္ဓပေါင်ရှုက လေးနက်စွာ ပြောလိုက်သည်။
သို့သော် 'တာအိုဆရာပိုင်ရှန်'က ခါးကို ကွေးအောင် ဟားတိုက် ရယ်မောလိုက်တော့၏။
သူ့ရယ်သံက ထိန်းချုပ်မရနိုင်အောင် ဖြစ်နေသဖြင့် ဗုဒ္ဓပေါင်ရှု မျက်မှောင်ကြုတ်သွားရ၏။
"ဘာလို့ ရယ်နေတာလဲ မိတ်ဆွေဟောင်း"
တာအိုဆရာပိုင်ရှန်က လက်ကို နောက်ပစ်ကာ မတ်တတ်ရပ်လိုက်ပြီး ဖော်ပြမရနိုင်အောင် သက်တောင့်သက်သာ ဖြစ်နေသော ပုံစံဖြင့် ပြောလိုက်လေ၏။
“မင်းနဲ့ မတန်လို့လေ”